News @ M-Media

အလုပ်ခိုင်းသည်ကို မကျေနပ်၍ အမေရိကန်တွင် မိခင်ဖြစ်သူအား သားက ခေါင်းဖြတ်သတ်

ဇန်န၀ါရီ ၂၊ ၂၀၁၅
M-Media

10418993_820584941317311_364137281325967456_n
– အလုပ်များခိုင်းလွန်းသည်ကို မကျေနပ်သည့်အတွက် သားဖြစ်သူက မိခင်အား ခေါင်းဖြတ်သတ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့ညက ဖလော်ရီဒါပြည်နယ် အိုလ်ဒ်စ်မာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ အသက် ၄၈ နှစ်အရွယ်ရှိ မာရီယာ ဆွာရက်ဇ် ကက်ဆက်နီဆိုသူ ဖြစ်သည်။

ကက်ဆက်နီ၏ သား မာရီယိုဂိုးမက်စ်ဇ်က မိခင်ဖြစ်သူမှာ အသတ်ခံထားရသည်ဟု တိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က သွားရောက် ကြည့်ရှုခဲ့ရာ တမ်ပါရာဒေသရှိ ၎င်းတို့နေအိမ်အပြင်ဘက် အမှိုက်ပုံးများအနီးတွင် ကက်ဆက်နီ၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ရကာ အမှိုက်ပုံး တစ်ခုတွင် ဦးခေါင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

မာရီယိုကမူ ၎င်း၏ညီဖြစ်သူ ခရစ္စတီယန်ဂိုးမက်ဇ်က ထိုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ထွက်ပြေးနေ သည်ဟု ပြောကြား ခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ စက်ဘီးဖြင့် ထွက်ပြေးနေသည့် အသက် ၂၃ နှစ်အရွယ် ခရစ္စတီယန်အား နာရီဝက် အကြာတွင် ဖမ်းဆီးရမိခဲ့သည်။

ခရစ္စတီယန်ကလည်း မိခင်ဖြစ်သူအား သတ်ဖြတ်ခဲ့သည်ကို ၀န်ခံခဲ့ပြီး ပြီးခဲ့သည့် ၂ ရက်အတွင်း သေတ္တာအချို့အား အထပ်ခိုးပေါ်သို့ရွှေ့ရန် တစ်ကျီကျီလုပ်ခြင်းကြောင့် သတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ ၎င်းအား လက်ရှိအချိန်တွင် ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။

Source : CNN

ဓာတ်ပုံ – မိခင်ဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သူ ခရစ္စတီယန် ဂိုးမက်ဇ်

Comments

Leave a Reply