News @ M-Media
Blog
  • ခြစားမှုစွဲချက်ဖြင့် အစ္စရေးအစိုးရ တာဝန်ရှိသူအချို့အား ရဲတပ်ဖွဲ့ ဖမ်းဆီး
    ဒီဇင်ဘာ ၂၆၊ ၂၀၁၄
    M-Media
    10382984_815564098486062_1610493549628392394_n
    – ယခုလက်ရှိ အစိုးရအဖွဲ့အတွင်း တာဝန်ထမ်းဆောင်နေသူများနှင့် ယခင်ဝန်ထမ်းဟောင်းများ အပါအ၀င် လူပေါင်း ၂ ဒါဇင်ကျော်ကို ချစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
    အဆိုပါ ဖမ်းဆီးမှုတွင် နိုင်ငံခြားရေးဝန်ကြီး အာဗစ်ဂ်ဒေါရ် လီဘာမန်၏ ပါတီမှ အများအပြား ပါဝင်ပြီး နိုင်ငံသမိုင်းတွင် ချစားမှုတိုက်ဖျက်ရေးအတွက် အရေးပါဆုံး စုံစမ်းစစ်ဆေးမှုများထဲမှ တစ်ခုလည်းဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ဒီဇင်ဘာ ၂၅ ရက် ကြာသာပတေးနေ့တွင် ဖော်ပြခဲ့သည်။
    ရဲတပ်ဖွဲ့၏ ပြောကြားမှုအရ ပြည်သူ့ဘဏ္ဍာ သန်းပေါင်းများစွာကို လီဘာမန်၏ Yisrael Beitenu ပါတီက လွှဲပြောင်းရယူခဲ့သည်ဟု သံသယရှိနေပြီး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးခဲ့ကာ အခြား ၄ ဦးကို နေအိမ်အကျယ်ချုပ် ချထားသည်ဟု သိရသည်။
    အဆိုပါ ချစားမှုတွင် ယခုလက်ရှိ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခြင်း ခံနေရသည့်
    ဒုတိယပြည်ထဲရေးဝန်ကြီး ဖိုင်နာ ကီရ်ရှန်ဘောင်ပါအ၀င် အာဏာပိုင်တစ်ချို့လည်း ပါဝင်ပတ်သက်နေပြီး ကီရ်ရှန်ဘောင်၏ သမီးဖြစ်သူကိုလည်း တနင်္ဂနွေနေ့အထိ ထိန်းသိမ်းထားမည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    အခြား ဖမ်းဆီးခံရသူများမှာ ယခင်ခရီးသွားလာရေးဝန်ကြီဟောင်း၊ Yisrael Beitenu ပါတီမှ မဲဆွယ်စည်းရုံးမှု အကြီးအကဲဟောင်း၊ ဘက်စကတ်ဘောအဖွဲ့ချုပ် ဥက္ကဌဟောင်းများနှင့်
    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းတို့တွင် အခြေချအိမ်ရာများ ဆောက်လုပ်မှုကို တာဝန်ယူနေသာ အရာရှိ အများအပြားလည်း ပါဝင်သည်။
    ချစားမှု ပြဿနာများကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ရာထူးမှ နှုတ်ထွက်ရန် ဖိအားပေး ခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ရာထူးပြန်လည်ရယူနိုင်ခဲ့သည့် လီဘာမန်ကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။
    Source : Agencies
    ဓာတ်ပုံ – အစ္စရေး နိုင်ငံခြားရေးဝန်ကြီး လီဘာမန်
  • အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ဇကာတင် ၃ ဦးတွင် မန်စီးတီးမှ ယာယာတိုးယေး ပါဝင်
    ဒီဇင်ဘာ ၂၆၊ ၂၀၁၄
    M-Media
    1907922_815532785155860_1196473748889136396_n
    – ၂၀၁၄ ခုနှစ် အာဖရိက တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဇကာတင် ၃ ဦး စာရင်းကို ထုတ်ပြန်ခဲ့ရာ အိုက်ဗရီကို့စ်မှ ယာယာတိုးယေး၊ ဂါနာမှ အဘီဒဲလ်ပီလီနှင့် နိုက်ဂျီးရီးယားမှ အန်ယီမာ အူဘာမေယန်တို့ ပါဝင်လာသည်ဟု သိရသည်။
    ပရီးမီးယားလိဂ်နှင့် လိဂ်ဖလားချန်ပီယံ မန်စီးတီးအသင်း၏ အဓိက
    ကွင်းလယ်ကစားသမားဖြစ်သူ တိုးယေးမှာ ပြီးခဲ့သည့်နှစ်အပါအ၀င် သုံးနှစ်ဆက်တိုက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားပြီး ဂါနာမှ အဘီဒီ ပီလီနှင့် အကြိမ်အရေအတွက် တူနေသည်။ ထို့ကြောင့် တိုးယေးမှာ ယခုနှစ်တွင် ထပ်မံရရှိပါက အာဖရိကအကောင်းဆုံး ကစားသမားဆုကို အများဆုံးရရှိသည့် စံချိန်တင်နိုင်မည်ဖြစ်သည်။
    အူဘာမေယန်မှာလည်း ဂျာမန်ကလပ် ဒေါ့မွန်အသင်းတွင် ခြေင်စွမ်းပြနေသူဖြစ်ပြီး အသင်းအတွက် ၁၃ ဂိုး သွင်းပေးခဲ့သူဖြစ်သည်။
    ဇကာတင်စာရင်းတွင် ပါဝင်သူ နောက်ဆုံးတစ်ဦးမှာ ပြင်သစ်ကလပ် လိုင်လီတွင် ကစားနေသည့် နိုက်ဂျီးရီးယားအသင်းခေါင်းဆောင် အန်ယီမာဖြစ်သည်။ အန်ယီမာမှာ ပြီးခဲ့သည့်နှစ် ပြင်သစ်လီဂူးတွင် အဆင့် ၃ ရခဲ့သည့် လိုင်လီအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။
    အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ကြေညာခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီ ၈ ရက်နေ့တွင် နိုက်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
    Ref Goal.com
  • ခရစ်ယာန်သာသာဝင်အများစုရှိရာ မြို့ရှိ စာသင်ကျောင်းများ၌ ခရစ္စမတ်ပွဲတော်ကျင်းပမှုအား တရုတ်အစိုးရ ပိတ်ပင်
    ဒီဇင်ဘာ ၂၆၊ ၂၀၁၄
    M-Media
    1503896_815488828493589_7457686922118985931_n
    – နိုင်ငံရပ်ခြားမှ သန္ဓေတည်လာသည့် ပွဲတော်ဖြစ်ပြီး လူကြိုက်များလာသည်ကို
    မနှစ်သက်သောကြောင့် တရုတ်နိုင်ငံရှိ မြို့တစ်မြို့တွင် ကျောင်းများ၌
    ခရစ္စမတ်ပွဲတော်ဆင်နွှဲမှုများအား ပိတ်ပင်ခဲ့သည်ဟုသိရသည်။
    ခရစ်ယာန်ဘာသာဝင် များပြားမှုကြောင့် တရုတ်နိုင်ငံ၏ ဂျေရုစလင်ဟုခေါ်သည့် နိုင်ငံအရှေ့ပိုင်း ၀မ်ဇူးမြို့ရှိ ပညာရေးဗျူရိုက ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပြီး ခရစ္စမတ်နှင့် ပတ်သက်သည့် ပွဲတော်များအားလုံးလည်း ထိုပိတ်ပင်မှုတွင် အကျုံးဝင်သည်။
    ထို့ပြင် နိုင်ငံအလယ်ပိုင်း ရှန်ဇီပြည်နယ်ရှိ တက္ကသိုလ်တစ်ခုတွင်လည်း ကျောင်းသားများ ခရစ္စမတ်ပွဲတော် မဆင်နွှဲနိုင်ရန် တရုတ်သုခမိန် ကွန်ဖြူးရှပ်၏ အကြောင်းကို ပြသကာ မကြည့်မနေရအဖြစ် သတ်မှတ်ခဲ့သည်။
    တရုတ်နိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်ဦးရေမှာ လာရှိအချိန်တွင် သန်း ၆၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး လျင်မြန်စွာ ကြီးထွားလျက်ရှိနေသည်။ ထို့ပြင် ဘာသာမဲ့ ကွန်မြူနစ်များ အုပ်စိုးသည့် တရုတ်နိုင်ငံတွင် ခရစ္စမတ်ပွဲတော် ကျင်းပမှုများမှာလည်း အထင်ကရ ဖြစ်လာခဲ့သည်။
    သို့သော်လည်း တရုတ်အာဏာပိုင်များကမူ တရုတ်နိုင်ငံရှိ ကျောင်းများမှာ နိုင်ငံရပ်ခြား ပွဲတော်များထက် တရုတ်လူမျိုးတို့၏ ရိုးရာပွဲတော်များကိုသာ ပိုမိုအာရုံထားရန် မျှော်လင့်နေသည်ဟု ကွန်မြူနစ်ပါတီနှင့် နီးစပ်သော စာစောင်တစ်ခုတွင် ဖော်ပြထားသည်။
    ဧပြီလကလည်း ၀မ်ဇူးမြို့ဆင်ခြေဖုံးတွင် တည်ဆောက်ထားသည် The Sanjiang အမည်ရ ခရစ်ယာန်ဘုရားကျောင်းကြီးတစ်ခုကိုလည်း သတ်မှတ်သည့် အကျယ်အ၀န်းထက် ပိုမိုဆောက်လုပ်သည်ဟု စွပ်စွဲကာ တရုတ်အစိုးရက လုံးဝ ဖြိုချဖျက်ဆီးခဲ့ပြီး ဒေသခံ ခရစ်ယာန်များနှင့် အာဏာပိုင်းများအကြား တင်းမာမှုများဖြစ်ပွားခဲ့သည်။
    ကွန်မြူနစ်အစိုးရ ကြီးစိုးသည့် တရုတ်နိုင်ငံတွင် ခရစ်ယာန်အပါအ၀င် အခြားသော
    ဘာသာတရာများမှာ တရုတ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရသည်။
    Source : AFP, Xinhua
    ဓာတ်ပုံ- ဧပြီလက ဖြိုချဖျက်ဆီးခံလိုက်ရသည့် The Sanjiang ခရစ်ယာန် ဘုရားရှိခိုးကျောင်း
  • စတော့အိတ်ချိန်း လုပ်ငန်းဆောင်ရွက်ရန် မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်ကုမ္ပဏီတို့ လက်မှတ်ရေးထိုး
    ဒီဇင်ဘာ ၂၅၊ ၂၀၁၄
    M-Media
    10891461_815166755192463_3200871669463568600_n
    – မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိတ်ချိန်း၏ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သဘောတူစာချုပ်ကို ဂျပန်ကုမ္ပဏီနှစ်ခုနှင့် မြန်မာ့စီးပွားရေဘဏ်တို့ ဒီဇင်ဘာ ၂၃ ရက် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
    သဘောတူစာချုပ်ချုပ်ခဲ့သည့် ကုမ္ပဏီများမှာ Japan’s Daiwa Securities Group နှင့် Japan Exchange Group တို့ ဖြစ်ကြပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ရန်ကုန်၌ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည့် စတော့အိတ်ချိန်းအတွက် နောက်ဆုံးပေါ်ထွက်လာသည့် သဘောတူညီချက်တစ်ခုလည်း ဖြစ်သည်။
    အဆိုပါ ကုမ္ပဏီနှစ်ခုမှာ မြန်မာနိုင်ငံ၏ ဈေးကွက်ဖွံ့ဖြိုးမှုနှင့် စတော့အိတ်ချိန်း တည်ထောင်မှုမှတစ်ဆင့် မြန်မာ-ဂျပန် စီးပွားရေး ချဲ့ထွင်မှုအတွက်လည်း
    ဆက်လက်ကူညီသွားမည်ဟု မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    မြန်မာနိုင်ငံတွင် ပထမဆုံးစတော့အိတ်ချိန်း ဖွင့်လှစ်ရန် သဘောတူညီချက်ကို Daiwa Securities နှင့် တိုကျိုစတော့အိတ်ချိန်းတို့က ၂၀၁၂ ခုနှစ် မေလကတည်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
    မြန်မာနိုင်ငံရှိ ယခင်မြ၀တီဘဏ် ရုံးချုပ်အား စတော့အိတ်ချိန်းရုံးအဖြစ် ဆောင်ရွက်ရန် ပြီးခဲ့သည့်နိုဝင်ဘာလက ရွေးချယ်ခဲ့ပြီး ပြင်ဆင်မှုလုပ်ငန်းများကို လုပ်ဆောင်နေကာ လာမည့်နှစ် ဇွန်လသို့မဟုတ် ဇူလိုင်လတို့တွင် ပြီးစီးမည်ဖြစ်သည်။
    ထိုကဲ့သို့ တိုးတက်မှုများ ရရှိနေသော်လည်း ကျွမ်းကျင်သူများကမူ မြန်မာနိုင်ငံတွင် တစ်ချိန်က ကြီးစိုးခဲ့သည့် စစ်တပ်၏ ဘဏ္ဍရေးစနစ်ကြောင့် စတော့အိတ်ချိန်းအောင်မြင်မှုနှင့်ပတ်သက်၍
    သံသယရှိနေသည်။
    Ref: Wall Street Journal
  • အင်္ဂလန်နည်းပြရာထူး မယူရန် ဇနီး၏ တိုက်တွန်းမှု မှန်ကန်ခဲ့သည်ဟု မော်ရင်ဟိုဆို
    ဒီဇင်ဘာ ၂၅၊ ၂၀၁၄
    M-Media
    10885422_815155335193605_6353224258783027119_n
    – ချယ်ဆီးအသင်းမှ ထွက်ခွာခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် မဆောင်ရွက်ရန် ဇနီးသည်၏ တားမြစ်မှုမှာ မှန်ကန်ခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ယူရို ၂၀၀၈ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် မက္ကလာရင်၏ နေရာအား အစားထိုးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က မော်ရင်ဟိုအား ကမ်းလှမ်းခဲ့ပြီး မော်ရင်ဟိုကလည်းထိုရာထူးအား ရယူရန် စိတ်တိမ်းညွှတ်ခဲ့သေးသည်။
    သို့သော်လည်း ဇနီးဖြစ်သူ မာတီလ်ဒီ ဖာရီယာကမူ နိုင်ငံတကာပွဲများအကြားတွင် ၎င်းမှာ ပျင်းလာနိုင်သည်ဟု တားမြစ်ခဲ့သောကြောင့် ထိုရာထူးကို လက်မခံခဲ့ခြင်းဟု မော်ရင်ဟိုက ဖွင့်ဟခဲ့သည်။
    `သူ(ဇနီးဖြစ်သူ) မှန်ခဲ့ပါတယ်။ အဲဒီအချိန်က သိပ်စောနေပါသေးတယ်။ (ကလပ်အသင်းကို) နေ့စဉ်နေ့တိုင်း စီမံခန့်ခွဲရတာကို ကျွန်တော်ကြိုက်ပါတယ်။ နောက်ပြီး နေ့စဉ်ဖိအားတွေ၊ လေ့ကျင့်တာတွေ၊ ခရီးသွားတာတွေ၊ ပွဲစဉ်တွေ၊ ယှဉ်ပြိုလိုစိတ်တွေကိုလည်း ကျွန်တော် နှစ်သက်ပါတယ်။ နောက်ပြီး ကျွန်တော် သေသေချာချာမှတ်မိတာက အဲဒီအချိန် အင်္ဂလန်ရဲ့ နောက်ထပ်ပွဲဟာ ပြင်သစ်နဲ့ ခြေစမ်းပွဲပါ။ ဘယ်သူတွေကို ရွေးရမယ်၊ ဘယ်သူတွေကို ကစားခိုင်းမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာအထိ ကျွန်တော် စဉ်းစားခဲ့ပါတယ်´ ဟု မော်ရင်ဟိုက
    BT Sport နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    ထိုအချိန်တွင် ဇနီးဖြစ်သူက အင်္ဂလန်အသင်း၏နောက်ထပ်ပွဲမှာ နှစ်လခန့်လိုသေးကြောင်း၊ ထိုနှစ်လအတွင်း ဘာလုပ်မလဲဟု မေးခဲ့ကြာင်း၊ အင်္ဂလန်နည်းပြ ရာထူးမှာ မိမိအတွက် နောက် နှစ် ၂၀ လောက်အထိပင် ဆောင်ရွက်ရန်မသင့်ကြောင်း သတိပေးခဲ့သည်ဟု မော်ရင်ဟိုက
    ထပ်လောင်းပြောကြားခဲ့သည်။
    ထို့နောက်မော်ရင်ဟိုမှာ အင်တာမီလန်အသင်းအား ကိုင်တွယ်ခဲ့ပြီး ဖလားသုံးလုံးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ရီးယဲလ်၊ ထို့နောက် ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
    Ref: Goal.com