News @ M-Media

Blog

  • တရုတ်ရန်ကို ကာကွယ်ရန် ဂျပန်နှင့် ဗီယက်နမ် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

    တရုတ်ရန်ကို ကာကွယ်ရန် ဂျပန်နှင့် ဗီယက်နမ် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

    စက်တင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    ဗီယက်နမ်သမ္မတ Nguyen Xuan Phuc နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီ

    -ဒေသတွင်းမှာ အင်အားကြီးပြီး အန္တရာယ်ရှိလာတဲ့ တရုတ်ကို တန်ပြန်မယ့် ခြေလှမ်းအတွက် ဂျပန်ဟာ ဗီယက်နမ်နိုင်ငံနဲ့ ထူးခြားတဲ့ ကာကွယ်ရေးဆိုင်ရာ စာချုပ်တွေကို ချုပ်ဆိုလိုက်ပါတယ်။

    ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ပြီးခဲ့တဲ့တစ်ပတ် ဂျပန် ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီနဲ့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂန်တို့ နှစ်နိုင်ငံစစ်တပ်အကြား လက်နက်ရောင်းချဖို့၊ ကာကွယ်ရေးနည်းပညာ အပြန်အလှန်ဖလှယ်ဖို့အတွက် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

    သဘောတူညီချက်တွေထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့၊ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့အပြင် နှစ်နိုင်ငံဆက်ဆံရေး အဆင့်တစ်ခုကို တက်လှမ်းဖို့ စတာတွေလည်း ပါဝင်ပါတယ်။ အထူးခြားဆုံးက သိပ်မကြာခင်ကာလမှာ ဗီယက်နမ်ဟာ ဂျပန်ထုတ် ရေတပ်သင်္ဘောတွေ ရရှိမယ့် လမ်းကြောင်းမျိုး ဖောက်လိုက်တာပါ။

    ၂၀၂၀ ခုနှစ် မတ်လကလည်း ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ ရေတပ်သင်္ဘောတည်ဆောက်တဲ့ နည်းပညာမျှဝေရေး၊ နှစ်ဖက်ကြည်းတပ်တွေ ပူး​ပေါင်းဆောင်ရွက်ရေး၊ ဂျပန်က စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ ဗီယက်နမ်ကို သွားရောက်ရေး သဘောတူညီခဲ့ကြပြီး အခုတစ်ခေါက်က နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနွေးထွေးစေမှာ ဖြစ်ပါတယ်။

    ဂျပန်ဟာ တရုတ်ရန်ကို သတိထားနေရတဲ့နိုင်ငံဖြစ်ပြီး ဗီယက်နမ်ကလည်း တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်နဲ့ ပိုင်နက်အငြင်းပွားမှု ရှိနေပါတယ်။

    ဟနွိုင်းခရီးစဉ်မှာ ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီက ဒေသတွင်း လက်ရှိအနေအထားကို အတင်းအကြပ်ပြောင်းလဲတဲ့ တစ်ဖက်သက် ဆောင်ရွက်ချက်မျိုး မိမိတို့ လက်ခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဒါဟာ တရုတ်ကို ရည်ညွှန်းတယ်ဆိုတာ ထင်ရှားပါတယ်။

    ဗီယက်နမ်လို ဒေသတွင်း အင်အားရှိတဲ့ နိုင်ငံမျိုးတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးဆိုင်ရာ လွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ ကီရှီက စိတ်ဆန္ဒရှိနေတာပါ။ အခုလို ဗီယက်နမ်နဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိတာဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအခြေခံကို အားကောင်းစေဖို့နဲ့ နိုင်ငံလုံခြုံရေးကို တိုးမြှင့်ဖို့ဖြစ်တယ်လို့လည်း ကီရှီက ဆိုပါတယ်။

    ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်ထားပါတယ်။

    Ref: Asia Times

  • အာဖဂန်နစ္စတန်တွင် ပြည်တွင်းစစ် ဖြစ်လာနိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ် သတိပေး

    အာဖဂန်နစ္စတန်တွင် ပြည်တွင်းစစ် ဖြစ်လာနိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ် သတိပေး

    စက်တင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -တာလီဘန်အနေနဲ့ အားလုံး ပူးပေါင်းပါဝင်တဲ့ အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူးဆိုရင် ပြည်တွင်းစစ်ဖြစ်ကာ ပါကစ္စတန်ကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက သတိပေးလိုက်ပါတယ်။

    ဩဂုတ်လ အလယ်ပိုင်းမှာ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ တာလီဘန်ဟာ အခုလအစောပိုင်းမှာ အစိုးရအဖွဲ့ကို ကြေငြာခဲ့ပေမယ့် နိုင်ငံအတွင်းက လူမျိုးစုတွေ မပါဝင်ပါဘူး။ အခုတစ်ပတ်အစောပိုင်း ဒုဝန်ကြီးတွေ ခန့်အပ်ရာမှာလည်း လူနည်းစုတွေထဲက ၃ ဦးကို ထည့်ထားပေမယ့် ပါဝင်သင့်သလောက် မပါဝင်လာဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    မနေ့က BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ အင်မရန်းခန်းက တာလီဘန်အနေနဲ့ ​အားလုံးပါဝင်တဲ့အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူးဆိုရင် ပြည်တွင်းစစ်ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “အားလုံးပါဝင်တဲ့ အစိုးရမျိုး မဖွဲ့စည်းနိုင်ဘူး၊ မတူညီတဲ့အဖွဲ့အစည်းတွေကလူတွေကို မထည့်ဘူးဆိုရင် တစ်ဖြည်းဖြည်းနဲ့ ပြည်တွင်းစစ်ဖြစ်လာမယ်။ အဲဒီပြည်တွင်းစစ်က ပါကစ္စတန်ကို ထိခိုက်လာပါလိမ့်မယ်”

    အာဖဂန်နစ္စတန်မှာ ပြည်တွင်းစစ်ဖြစ်လာရင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ၊ ဒုက္ခသည်ပြဿနာတွေ ဖြစ်လာမှာနဲ့ အာဖဂန်မြေကိုအသုံးချပြီး ပါကစ္စတန်အစိုးရကို တိုက်ခိုက်မယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်လာမှာ စိုးရိမ်တယ်လို့လည်း အင်မရန်းခန်းက ပြောပါတယ်။

    လက်ရှိ တာလီဘန်အစိုးရကို ပြင်ဆင်ဖွဲ့စည်းဖို့ အင်မရန်းခန်းက တိုက်တွန်းဆော်ဩဖူးပြီး တာလီဘန်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဟာမက် မိုဘင်းက အားလုံးပူးပေါင်းပါဝင်တဲ့အစိုးရ ဖွဲ့စည်းရေး တိုက်တွန်းဖို့ ဘယ်သူ့ကိုမှ မိမိတို့အဖွဲ့က အခွင့်အရေး မပေးထားဘူးလို့ တုန့်ပြန်ထားပါတယ်။

    ၁၉၉၆-၂၀၀၁ ခုနှစ်က တာလီဘန်အုပ်စိုးမှုတုန်းကလို အာဖဂန်နစ္စတန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမှာကို နိုင်ငံကာအသိုင်းအ၀ိုင်းက စိုးရိမ်နေပြီး တာလီဘန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က မိမိတို့ကို နိုင်ငံကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုပြီးနောက်ပိုင်းမှ ဒီစိုးရိမ်မှုတွေအတွက် အဖြေပေးမယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဖိနှိပ်ခံ ရိုဟင်ဂျာနှင့် အာဖဂန်ပြည်သူများကို ကူညီမည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

    ဖိနှိပ်ခံ ရိုဟင်ဂျာနှင့် အာဖဂန်ပြည်သူများကို ကူညီမည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

    စက်တင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -ဖိနှိပ်ခံရမှုကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေနဲ့ အာဖဂန်ပြည်သူတွေကို အကူညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။

    ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုသတင်းစကားမှာ ဒူတာတေးက ပြောလိုက်တာပါ။ ဒီလိုကူညီပေးဖို့ မိမိတို့မှာ ရင်းမြစ်တွေ အကန့်အသတ်ရှိပေမယ့် လူသားတန်ဖိုးကို မြှင့်တင်ပေးဖို့ အကောင်းဆုံးဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    “ကိုယ်လိုချင်သလို သူများကို သွတ်သွင်းတာဟာ ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းနေပါစေ အလုပ်မဖြစ်ပါဘူး။ အတိတ်ကလည်း ဒါမျိုး အလုပ်မဖြစ်သလို၊ အနာဂတ်မှာလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး”

    မြန်မာနိုင်ငံမှာ စစ်ပွဲတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် လက်ခံသွားမယ်လို့ ဒူတာတေးက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက လုပ်ဆောင်ပေးနိုင်တဲ့ အကန့်အသတ်နဲ့အညီ ရိုဟင်ဂျာတစ်ချို့ကို လက်ခံနိုင်ရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR နဲ့ အနီးကပ်ဆောင်ရွက်ဖို့ တရားရေးဌာနကို ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလာတဲ့ အာဖဂန် ဒုက္ခသည်တစ်ချို့ကို ကြိုဆိုလက်ခံထားတယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

    ဒူတာတေးက တာလီဘန်ရန်​ကြောင့် ထွက်ပြေးလာတဲ့ အာဖဂန်ပြည်သူတွေအတွက် တံခါးတွေ ဆက်လက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

    “အရင်ကတည်းကရှိခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းအရ အာဖဂန်ပြည်သူတွေအတွက် တံခါးတွေ ဖွင့်ထားပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေကြောင့် ထွက်ပြေးလာရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ပါ”

    ဖိလစ်ပိုင်ဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ၁၉၄၀ တရုတ်ပြည်တွင်းစစ်၊ ဗီယက်နမ်စစ် စတဲ့ စစ်ပွဲတွေ၊ပဋိပက္ခတွေမှာ ထွက်ပြေးလာရသူတွေကို လက်ခံကူညီပေးတဲ့ သမိုင်းတွေ ရှိနေပါတယ်။

    ဒူတာတေးရဲ့ မူးယစ်နှိမ်နှင်းရေးစစ်ပွဲအတွင်း လူထောင်ချီသေဆုံးခဲ့တဲ့ကိစ္စအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးဖို့ ဆောင်ရွက်နေတဲ့အချိန် ဒူတာတေးရဲ့ ဒီလိုပြောကြားမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Reuters

  • IS နှင့် အလ်ကိုင်းဒါးအဖွဲ့များကို မိမိတို့ လက်ခံထားမည်မဟုတ်ဟု တာလီဘန်ပြော

    IS နှင့် အလ်ကိုင်းဒါးအဖွဲ့များကို မိမိတို့ လက်ခံထားမည်မဟုတ်ဟု တာလီဘန်ပြော

    စက်တင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်

    -အာဖဂန်နစ္စတန်မှာ IS နဲ့ အလ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းကို တာလီဘန်အဖွဲ့က ငြင်းဆိုလိုက်ပြီး ဒီအဖွဲ့အစည်းတွေကို လက်ခံထားမှာမဟုတ်ဘူးလို့ ထပ်မံပြောကြားလိုက်ပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တာလီဘန်အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ခိုရာဆန်ဒေသ IS အကြမ်းဖက်အဖွဲ့က ကြေငြာပြီးတဲ့နောက်ပိုင်း တာလီဘန်ရဲ့ ဒီပြောဆိုချက် ထွက်ပေါ်လာတာပါ။

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာ မူဂျာဟစ်က အာဖဂန်နစ္စတန်မှာ အလ်ကိုင်းဒါးနဲ့ IS လို စစ်သွေးကြွအဖွဲ့အစည်းတွေ ရှိမနေဘဲ နောက်လည်း လက်ခံသွားမှာမဟုတ်ကြောင်း၊ ဒီလိုအဖွဲ့အစည်းတွေက အာဖဂန်မြေကို အသုံးပြုပြီး အခြားနိုင်ငံတွေအပေါ် တိုက်ခိုက်တာကို ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ အရင်က ကတိကဝတ်ကို ဆက်လက်စောင့်ထိန်းသွားမှာဖြစ်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    တာလီဘန်ဟာ အရင်က အာဖဂန်နစ္စတန်မှာ အလ်ကိုင်းဒါးအဖွဲ့ကို လက်ခံထားဖူးပြီး ၂၀၀၁ ခုနှစ် ၉/၁၁ တိုက်ခိုက်မှုအတွက် အလ်ကိုင်းဒါးခေါင်းဆောင်ကို အမေရိကန်က တောင်းရာမှာ ဖမ်းမပေးတဲ့အတွက် အာဖဂန်ကို အမေရိကန်က ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိ တာလီဘန်က အာဖဂန်ကို အုပ်စိုးထားတာကြောင့် IS နဲ့ အလ်ကိုင်းဒါးလို အဖွဲ့အစည်းတွေဟာ အာဖဂန်နစ္စတန်ကို ခြေကုပ်ယူပြီး ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်မှာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ဆူဒန်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်

    ဆူဒန်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်

    စက်တင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -အင်္ဂါနေ့မနက်ပိုင်းမှာ အာဏာသိမ်းဖို့ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်အစိုးရက ထုတ်ပြန်ပါတယ်။

    အာဏာသိမ်းမယ့်အဖွဲ့ဟာ ဝန်ကြီးများကောင်စီ ရုံးထိုင်ရာ အဆောက်အဦး၊ နိုင်ငံပိုင် ရေဒီယိုအပါအဝင် အဓိကကျတဲ့ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ဖို့ ကြိုးစားစဉ်မှာ နှိမ်နှင်းခံလိုက်ရတာ ဖြစ်ပါတယ်။

    ဖမ်းဆီးခံထားရတဲ့ အာဏာရှင်ဟောင်း အိုမာ ဘရှီးကို ထောက်ခံတဲ့ စစ်ဖက်၊ အရပ်ဖက် အရာရှိတွေက ပူးပေါင်းကြံစည်တာဖြစ်ပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်လို့ ဆူဒန်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး ဟမ်ဇာ ဘာလူလ်က ပြောပါတယ်။

    အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားသူဟာ အယောက် ၄၀ လောက်ရှိနေပြီး ထွက်ပြေးနေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

    နှစ်ပေါင်း ၃၀ ကြာ တိုင်းပြည်ကို အုပ်စိုးလာတဲ့ အာဏာရှင် ဘရှီးကို ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း ဆူဒန်နိုင်ငံရေးက တည်ငြိမ်မှု မရှိသေးပါဘူး။ ဘရှီးကို သစ္စာခံတဲ့အဖွဲ့က အာဏာသိမ်းဖို့ အကြိမ်ကြိမ်ကြိုးစားမှုဖြစ်ခဲ့တယ်လို့ အသွင်ကူးပြောင်းရေးအစိုးရက အရင်အကြိမ်တွေမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ် အလ်ဒဲလာ ဟမ်ဒေါ့ လုပ်ကြံခံခဲ့ရပေမယ့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

    အာဏာရှင်ဟောင်း ဘရှီးကို ၂၀၀၀ ပြည့်နှစ်တွေက နိုင်ငံအနောက်ပိုင်း ဒါဖာဒေသမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် ဆူဒန်အစိုးရက ဖမ်းဆီးထားပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    Ref: Reuters