News @ M-Media

ဖိနှိပ်ခံ ရိုဟင်ဂျာနှင့် အာဖဂန်ပြည်သူများကို ကူညီမည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

စက်တင်ဘာ ၂၂၊ ၂၀၂၁
M-Media

-ဖိနှိပ်ခံရမှုကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေနဲ့ အာဖဂန်ပြည်သူတွေကို အကူညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ ဗီဒီယိုသတင်းစကားမှာ ဒူတာတေးက ပြောလိုက်တာပါ။ ဒီလိုကူညီပေးဖို့ မိမိတို့မှာ ရင်းမြစ်တွေ အကန့်အသတ်ရှိပေမယ့် လူသားတန်ဖိုးကို မြှင့်တင်ပေးဖို့ အကောင်းဆုံးဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

“ကိုယ်လိုချင်သလို သူများကို သွတ်သွင်းတာဟာ ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းနေပါစေ အလုပ်မဖြစ်ပါဘူး။ အတိတ်ကလည်း ဒါမျိုး အလုပ်မဖြစ်သလို၊ အနာဂတ်မှာလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး”

မြန်မာနိုင်ငံမှာ စစ်ပွဲတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် လက်ခံသွားမယ်လို့ ဒူတာတေးက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက လုပ်ဆောင်ပေးနိုင်တဲ့ အကန့်အသတ်နဲ့အညီ ရိုဟင်ဂျာတစ်ချို့ကို လက်ခံနိုင်ရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR နဲ့ အနီးကပ်ဆောင်ရွက်ဖို့ တရားရေးဌာနကို ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလာတဲ့ အာဖဂန် ဒုက္ခသည်တစ်ချို့ကို ကြိုဆိုလက်ခံထားတယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

ဒူတာတေးက တာလီဘန်ရန်​ကြောင့် ထွက်ပြေးလာတဲ့ အာဖဂန်ပြည်သူတွေအတွက် တံခါးတွေ ဆက်လက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

“အရင်ကတည်းကရှိခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းအရ အာဖဂန်ပြည်သူတွေအတွက် တံခါးတွေ ဖွင့်ထားပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေကြောင့် ထွက်ပြေးလာရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ပါ”

ဖိလစ်ပိုင်ဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ၁၉၄၀ တရုတ်ပြည်တွင်းစစ်၊ ဗီယက်နမ်စစ် စတဲ့ စစ်ပွဲတွေ၊ပဋိပက္ခတွေမှာ ထွက်ပြေးလာရသူတွေကို လက်ခံကူညီပေးတဲ့ သမိုင်းတွေ ရှိနေပါတယ်။

ဒူတာတေးရဲ့ မူးယစ်နှိမ်နှင်းရေးစစ်ပွဲအတွင်း လူထောင်ချီသေဆုံးခဲ့တဲ့ကိစ္စအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေးဖို့ ဆောင်ရွက်နေတဲ့အချိန် ဒူတာတေးရဲ့ ဒီလိုပြောကြားမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref: Reuters