News @ M-Media

Blog

  • လူမျိုးခွဲခြားသည့် Instagram မှတ်ချက်ကြောင့် ဘာလော့တယ်လီ တစ်ပွဲပယ်ခံရပြီး ဒဏ်ငွေဆောင်ရ

    လူမျိုးခွဲခြားသည့် Instagram မှတ်ချက်ကြောင့် ဘာလော့တယ်လီ တစ်ပွဲပယ်ခံရပြီး ဒဏ်ငွေဆောင်ရ

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    Mario Balotelli
    – Instagram စာမျက်နှာတွင် ရေးသားခဲ့သည့် အငြင်းပွားဖွယ် လူမျိုးရေးခွဲခြားမှု မှတ်ချက်ကြောင့် လီဗာပူးလ်တိုက်စစ်မှူး မာရီယိုဘာလော့တယ်လီအား FA မှ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ဘာလော့တယ်လီမှာ နီတန်းဒိုးကုမ္ပဏီ၏ ကမ္ဘာကျော်ဂိမ်းဇာတ်ကောင် မာရီယိုကို အသုံးပြုကာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့် မှတ်ချက်ကို ရေးသားခဲ့သော်လည်း အဆိုပါမှတ်ချက်တွင် ဂျူးလူမျိုးများအား ထိခိုက်စေသည့် အသုံးအနှုန်းပါဝင်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

    ထို့ကြောင့် FA မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေ ပေါင် ၂၅၀၀၀ ကိုလည်း ဒဏ်တပ်ခဲ့သည်။ ထို့ပြင် ပညာပေးအစီအစဉ်တစ်ခုကိုလည်း ဘာလော့တယ်လီက တက်ရောက်ရမည်ဖြစ်သည်။

    ထိုမှတ်ချက်အတွက် ဘာလော့တယ်လီက ချက်ချင်းပင် တောင်ပန်ခဲ့ပြီး မိမိမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်အနေဖြင့် ဟာသနှောကာ ရေးသားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    FA ၏ ထိုပြစ်ဒဏ်ကြောင့် စနေနေ့တွင် ကစားမည့် အာဆင်နယ်အသင်းနှင့် အရေးပါသောပွဲတွင် ဘာလော့တယ်လီမှာ ပါဝင်နိုင်မည်မဟုတ်ပေ။

    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ စတင်ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ရုန်းကန်ခဲ့ရပြီး ပြဿနာအချို့လည်း ဖြစ်ပွားခဲ့ကာ ယခုအချိန်အထိ အသင်းအတွက် ၂ ဂိုးသာ သွင်းယူပေးထားနိုင်သည်။

  • မြောက်ကိုရီးယားကို ICC တင်ဖို့ ဆုံးဖြတ်ချက် ကုလ အတည်ပြု

    မြောက်ကိုရီးယားကို ICC တင်ဖို့ ဆုံးဖြတ်ချက် ကုလ အတည်ပြု

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    3A91FAD0-791C-4D25-9D48-AA4ACBB5C6E5_w640_r1_s
    – လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် မြောက်ကိုရီးယားအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ ပို့ရန် တိုက်တွန်းထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြုလိုက်ပြီဟု သိရသည်။

    အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က ထောက်ခံမဲ ၁၁၆ မဲ၊ ကန့်ကွက်မဲ ၂၀ နှင့် ကြားနေမဲ ၅၃မဲတို့ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ထိုဆုံးဖြတ်ချက်တွင် မြောက်ကိုရီးယားအား ICC သို့ ပို့ဆောင်ရေးအတွက် လုံခြုံရေးကာင်စီကို တောင်းဆိုထားပြီး နိုင်ငံသားများအား ဖိနှိပ်ချုပ်ချယ်မှုအတွက် မြောက်ကိုရီးယားခေါင်းဆောင်များအပေါ် ပစ်မှတ်ထားသည့် ပိတ်ဆို့မှုများကို ပြန်လည်စဉ်းစားရန်လည်း ဆော်သြထားသည်။

    အကျဉ်းစခန်းများတွင် နှိပ်စက်ခြင်း၊ စနစ်တကျ ညှင်းပန်းခြင်း၊ အစာရေစာ ပြတ်လပ်စေခြင်းနှင့် သတ်ဖြတ်ခြင်းတို့အပါအ၀င် မြောက်ကိုရီးယားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ကျယ်ပြန့်သော ညှင်းပန်းနှိပ်စက်မှုများအတွက် အသေးစိတ်အချက်အလက်များ ဖော်ပြထားသော အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားအား ICC သို့ပို့ဆောင်ရေး ကုလက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ထိုဆုံးဖြတ်ချက်အတွက် ထွေထွေညီလာခံကော်မတီတွင် ပထမဆုံးပြုလုပ်ခဲ့သည့် မဲပေးမှုတွင်လည်း ထောက်ခံမဲ ၁၁၁ မဲဖြင့် အတည်ပြုခဲ့သည်။

    ကွန်မြူနစ်နိုင်ငံ မြောက်ကိုရီးယား၏ လူ့အခွင့်ရေးများကို ချိုးဖောက်နေမှု တိုးပွားလာသည့် အချိန်တွင် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်လာမှုအတွက် ချီးကျူးမှုများလည်း ရှိခဲ့ပြီး ဥရောပ သမဂ္ဂမှ ထုတ်ပြန်သော ကြေညာချက်တွင် ထိုဆုံးဖြတ်ချက်က အခြားသောနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေကို တိုးတက်အောင် ဆောင်ရွက်ရန်အတွက် ခိုင်မာသော ဆော်သြမှုလည်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    Agencie

  • ဆင်ဂျာတောင်တွင် ၀ိုင်းထားသော IS တပ်များကို တိုက်ထုတ်ကာ ယာဇီဒီ လူမျိုးများကို ကာဒ့်တပ်များ ကယ်တင်

    ဆင်ဂျာတောင်တွင် ၀ိုင်းထားသော IS တပ်များကို တိုက်ထုတ်ကာ ယာဇီဒီ လူမျိုးများကို ကာဒ့်တပ်များ ကယ်တင်

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media

    2014121955515889734_20– အီရတ်နှင့် ဆီးရီးယားနယ်စပ်အနီး ဆင်ဂျာတောင် ပတ်ဝန်းကျင်ရှိ ရာပေါင်းများစွာသော ယာဇီဒီလူမျိုးများအား IS တပ်များက ၀န်းရံပိတ်ဆိုမှုကို ကာ့ဒ်တပ်ဖွဲ့ဖြစ်သော Peshmerga တပ်က ဇြိုခွဲနိုင်ခဲ့သည်ဟု သိရသည်။

    `Peshmerga တပ်တွေက ဆင်ဂျာတောင်ကို ရောက်ခဲ့ပါတယ်။ ပိတ်ဆို့ထားမှုကိုလည်း ဖယ်ရှားနိုင်ခဲ့ပါတယ်´ ဟု ကာ့ဒ်ဒေသ လုံခြုံရေးအကြီးအကဲ မက်စ်ရိုအာ ဘာဇနီက စစ်ဆင်ရေး ပြုလုပ်နေစဉ် ယမန်နေ့က ပြောကြားခဲ့သည်။

    ကာဒ့်တပ်များမှာ ဆင်ဂျာတောင်ရှိ IS တပ်များအား ဗုဒ္ဓဟူးနေ့မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ထိုထိုက်ခိုက်မှုတွင် အမေရိကန် ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ပစ်ကူပေးခဲ့ကာ ယာဇီဒီလူမျိုးများမှာ လွတ်မြောက်ခဲ့ပြီဖြစ်သည်။

    `တောင်ပေါ်မှာ ပိတ်မိနေတဲ့ ယာဇီဒီ လူမျိုးတွေ အားလုံး အခု လွတ်မြောက်သွားပါပြီ´ ဟု ဘာဇနီကဆိုခဲ့ပြီး မိမိတို့တပ်များမှာ ၎င်းတို့အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ မပေးရသေးကြောင်း၊ ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမား ၁၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါဆင်ဂျာဒေသကို IS တပ်များက ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ ၀န်းရံ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

    အစ္စလာမ် ဘာသာဝင်များဖြစ်သည့် ကာ့ဒ်တပ်ဖွဲ့များမှာ ၎င်းတို့၏ နယ်မြေအတွင်း IS အဖွဲ့အား ခုခံတိုက်ခိုက်နေကြသူများဖြစ်ပြီး လူနည်းစုများဖြစ်သည့် ခရစ်ယာန်များ၊ ယာဇီဒီ လူမျိုးများကို ကာကွယ်စောင့်ရှောက်ပေးလျက် ရှိနေသည်။

    Al Jazeera and agencies

  • နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက်များသည် သတင်းရေးသားသူမှစကာ ပြည်ထောင်စု ၀န်ကြီးအထိ တာဝန်ရှိ

    နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက်များသည် သတင်းရေးသားသူမှစကာ ပြည်ထောင်စု ၀န်ကြီးအထိ တာဝန်ရှိ

    ရန်ကုန်၊ ဒီဇင်ဘာ ၁၇

    muslim ka lar 10

    နိုင်ငံပိုင် သတင်းစာများ၏ သတင်းရေးသား ဖော်ပြချက်များသည် သတင်းရေးသားသူမှ စကာ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဆင့်အထိ တာဝန်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြန်ကြားရေးဝန်ကြီးဌာနနှင့် Eleven Media Group တို့၏ (၆)ကြိမ်မြောက် ရုံးချိန်း၌ ဖြေကြားခဲ့ကြောင်း Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ဒီဇင်ဘာလ (၁၇) နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

    ပြန်ကြားရေးဝန်ကြီးဌာနနှင့် Eleven Media Group တို့၏ (၆) ကြိမ်မြောက် ရုံးချိန်းအား ဒီဇင်ဘာ လ(၁၆) ရက်နေ့တွင် ပုဗ္ဗသီရိတရားရုံး၌ စစ်ဆေးခဲ့ပြီး ပုဒ်မ (၅၀၀) အသရေဖျက်မှုဖြင့် တရားစွဲခံ ထားရသော Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်၏ ရှေ့နေ ဦးသိန်းသန်းဦးက သတင်း တစ်ပုဒ်၏ တာဝန်ယူမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ““ကျွန်တော်တို့က တရားစွဲဆိုထားတာက (၅) ယောက်အထိ တရားစွဲဆိုထားတာကိုး။ အဲ့ကြောင့် သတင်း တစ်ပုဒ်ရဲ့ တာဝန်ယူမှုဆိုရင် များသောအားဖြင့်တော့ ကျွန်တော်တို့ အယ်ဒီတာတွေ သိထားတဲ့ မူဝါဒက ရေးသားသူက အဓိက တာဝန်ရှိသူပြီးတော့ အယ်ဒီတာအဖွဲ့ အဆင့်ဆင့်ပေါ့။ ဒါနဲ့ပတ်သက်လို့ မေးမြန်းတဲ့ အခါမှာ ၂၀၁၂ ခုနှစ် ဇွန်လ (၅) ရက်နေ့ထုတ် ပြန်ကြားရေးကထုတ်တဲ့ သတင်းစာမှာ သံတွဲမှာ အစ္စလာမ် ဘာသာဝင် သတ်ခံရတဲ့နေရာမှာ မွတ်ဆလင်ကုလားဆိုတဲ့ အသုံးအနှုန်းက သက်ဆိုင်ရာ အစ္စလာမ် ဘာသာဝင်တွေကို သူတို့ရဲ့ဘာသာဝင်တွေကို ထိခိုက်တာမျိုးတွေ ရှိတာပေါ့။ ဒါကို ဦးသိန်းသန်းဦး က ထောက်ပြီးတော့ မေးမြန်း တဲ့ အခါမှာ ဦးကျော်စိုးက ထည့်ဖြေသွားတာပါ””ဟု Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

    Eleven Media Group မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် အပါအ၀င် မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဒုတိယအယ်ဒီတာချုပ် ဦးမြတ်သစ်နှင့် အမှုဆောင် အယ်ဒီတာ ဦးနေထွန်းနိုင် တို့ကို ပြန်ကြားရေး ၀န်ကြီးဌာနက ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းစာ ပုံနှိပ်စက်များ ၀ယ်ယူသည့် ဈေးနှုန်း လွန်စွာ မြင့်မားနေကြောင်း ရေးသား မှုကြောင့် ပုဒ်မ ၅၀၀ အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်များ၏ ကျင့်ဝတ်ဖောက် ဖျက် ရေးသားဖော်ပြ ချက်ကြောင့် ထိခိုက် နစ်နာမှု များ ဖြစ်ပေါ်လျှင် စာနယ်ဇင်း ကောင်စီသို့ တိုင်ကြားနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက ကြေညာ ထားသော် လည်း အစိုးရပိုင် သတင်းစာများ ကျင့်ဝတ်ဖောက်ဖျက် ရေးသားမှုများရှိပါက တိုင်ကြားနိုင်ရန် အစိုးရဘက်က အသိပေး ကြေညာထားခြင်း မရှိသည့်အပေါ် မီဒီယာအကြား၌ ဝေဖန်မှုများ လည်း ဖြစ်ပေါ်လျက် ရှိသည်။

    ““တာဝန်မဲ့ရေးတဲ့ အရေးအသားတွေကို လူတစ်ယောက်ကို ထိခိုက်နစ်နာစေ လိုတဲ့ သဘောဆန္ဒနဲ့ အသုံးအနှုန်း တွေကို ဆင်ဆင်ခြင်ခြင် မသုံးနှုန်း ဘူးပေါ့နော်။ ဒီလို အလေ့အထတွေကို ၁၉၆၂ ခုနှစ် မဆလလက်ထက် ၁၉၈၈ စစ်အစိုးရ လက်ထက်မှာ ပိုပြီး သိသာလာတယ်။ ဒီအရေးအသားတွေ ဖြစ်လာရတဲ့ အဓိကတရားခံကို ပြပါ ဆိုရင် ရှေ့က လူတွေလို့ပဲ ပြောရမှာပဲ။ တစ်လျှောက်လုံးက ဒီဟာကို မြင်ရတွေ့ခဲ့ရ ကြားခဲ့ရတဲ့ အခါကျ တော့ ဒီလိုပဲ လုပ်ရကောင်းတယ်လို့ အောက်မေ့တာပေါ့။ အခုထိလည်း နိုင်ငံပိုင် သတင်းစာတွေရဲ့ အရေး အသားမှာ ဘယ်လောက်အထိ တာဝန်ယူမှု တာဝန်ခံမှု ရှိနေလဲဆိုတာလည်း မေးခွန်းထုတ်စရာပေါ့””ဟု ပဲ့တင်သံဂျာနယ်မှ တာဝန်ခံအယ်ဒီတာ မသီတာ(စမ်းချောင်း)က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

    ကိုကိုလွင်၊ ၀ိုင်းမော်

    မြန်မာသံတော်ဆင့်သတင်းဌာန မှ ကူးယူဖော်ပြသည်။

    https://www.facebook.com/myanmarherald/posts/743478205747141:0

  • ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အတွက် မာလာဝီ မွတ်စလင်များ လှုံဆော်မှုပြုလုပ်

    ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အတွက် မာလာဝီ မွတ်စလင်များ လှုံဆော်မှုပြုလုပ်

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media

    mangochi-ijtma
    နိုင်ငံအတွင်း မိုးခေါင်မှုကြောင့် မိုးဆုပန် ဆုတောင်းပွဲ ပြုလုပ်နေသည့် မာလာဝီ မွတ်စလင်များ

    – နိုင်ငံအတွင်း ကြီးထွားလာသည့် ဘာသာရေးဆိုင်ရာ သည်းမခံမှုများနှင့် အစ္စလာမ်သာသနာအပေါ် တစ်ဖက်သက်မလိုမုန်းထားမှုများကို တုန့်ပြန်ရန်၊ အခြားသော ဘာသာတရားများနှင့် ပဋိပက္ခဖြစ်ခြင်းမှ တားဆီးရန်နှင့် `ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး´ တို့အတွက် အခြားသော ဘာသာတရားများအား လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ခုကို မာလာဝီ မွတ်စလင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    `နိုင်ငံရဲ့ ဒေသအချို့မှာရှိတဲ့  အချို့သော ဘာသာရေးအုပ်စုတွေကနေ မွတ်စလင်တွေအပေါ် သည်းမခံမှုအဆင့်က တိုးလာပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ အစ္စလာမ်ရဲ့ ကဏ္ဍအချို့ကို နားမလည်လို့ပါ။ ပြီးတော့ တကယ်မဟုတ်တဲ့ အရာတွေအတွက် ကျွန်တော်တို့ကို မုန်းကြပါတယ်´ ဟု ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်မှ ဥက္ကဌ အလ်ဟဂ်ျ ဂျာဖာလီ ကာဝင်ဂါက OnIsam.net သို့ ပြောကြားခဲ့သည်။

    ထို့ပြင် `မကြာမကြာနားလည်မှုလွဲကြတဲ့ အစ္စလာမ့်ရဲ့ပညတ်အချို့နဲ့ ပတ်သက်ပြီး ပြည်သူတွေကို ပညာပေးဖို့ လှုပ်ရှားမှုကို ကျွန်တော်တို့ အဖွဲ့က ဆောက်ရွက် ခဲ့ပါတယ်။ ဒါမှသာ ဒီနည်းလမ်းနဲ့ တင်းမာမှုတွေ အထင်အမြင်လွဲမှားမှုတွေကို လျော့ချနိုင်ပါလိမ့်´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ လှုပ်ရှားမှုမှာ မာလာဝီတောင်ပိုင်း ရွာတစ်ရွာရှိ အစ္စလာမ်အဖွဲ့တစ်ခုမှ ပိုင်ဆိုင်သော မြေကွက်နှင့်ပတ်သက်၍ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအား တုံ့ပြန်သောအားဖြင့် ပြုလုပ်ရန် ကာဝင်ဂါက အကြံပြုခဲ့ခြင်းဖြစ်သည်။

    အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အစ္စလာမ်ဘာသာဝင် ဒါဇင်နှင့်ချီ၍ ဖမ်းဆီးခဲ့ပြီး ဘိုကိုဟရမ်နှင့် ပတ်သက်သောသူများဟု စွပ်စွဲခဲ့ပြီးနောက် နိုင်ငံ အတွင်း မွတ်စလင် ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ဖြစ်ပေါ်လာခဲ့သည်။

    အစ္စလာမ် ဘာသာဝင်များကမူ ရဲတပ်ဖွဲ့၏ အဆိုပါလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး မိမိတို့သာသနာ၏ စစ်မှန်သောသဘာဝကို အခြားသူများအား ပညာပေးခြင်းကသာ အပြန်အလှန်နားလည်မှု အတွက် အကောင်းဆုံး အာမခံချက်ဖြစ်သည်ကို သိရှိခဲ့ကြသည်။

    `ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ပညာပေးမှုတွေကို ပြုလုပ်နေပြီး ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီဝတ်ကျောင်းတော်တွေကနေတစ်ဆင့် ခရစ်ယာန်နဲ့ မွတ်စလင် ခေါင်းဆောင်တွေဆီကိုလည်း ရောက်ရှိနေပါပြီ။ တစ်ယောက်ချင်းစီရဲ့ အယူဝါဒတွေကို သည်းခံဖို့ လိုအပ်ချက်နဲ့၊ အဆုံးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သတိပြုမိနေပါတယ်´ ဟု ကာဝင်ဂါက ထပ်လောင်းပြောကြားခဲ့သည်။

    ပဋိပက္ခ

    ကာဝင်ဂါကဲ့သို့ပင် အစ္စလာမ့် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေး ကော်မရှင်မှ အထွေထွေအတွင်းရေးမှူး ဟာဆန် ချင်မ်ဝါလာကလည်း ဘာသာမတူသူများ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ်ရှိရန် ထိုကဲ့သို့သော ဆောင်ရွက်မှုများ မလုပ်လျှင် တိုင်ပြည်မှာ တစ်နေ့နေ့၌ ဘာသာရေး ပဋိပက္ခအတွင်းသို့ သက်ဆင်းရမည်ဟု ပြောကြားခဲ့သည်။

    `ကျွန်တော်တို့ဟာ ဘိုကိုဟရမ်အဖြစ် တံဆိပ်ကပ်ခြင်း ခံနေရပါတယ်။ ဒါဟာ တမင်တကာ ရန်စမှုဖြစ်ပြီး အစ္စလာမ်ကို တိုက်ခိုက်တာပါပဲ။ ဒီလိုစော်ကားမှုတွေ ကျွန်တော်တို့အပေါ် ကျရောက်လာတဲ့အခါ ကျွန်တော်တို့ နာကျင်ရပါတယ်။ ကျွန်တော်တို့ဘာသာတရားဟာ တိုင်းပြည်မှာ ဒုတိယအကြီးဆုံး ဘာသာတရားတစ်ခုပါ´ ဟု ချင်မ်ဝါလာက ဆိုသည်။

    ထို့ပြင် မာလာဝီနိုင်ငံသားအားလုံး အတူတကွ ညီညီညွတ်ညွတ်ရှိနေကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

    မတူညီသော အယူဝါဒများအကြား အတူတကွ ယှဉ်တွဲနေထိုင်ရေးနှင့် အစ္စလာမ်နှင့် ပတ်သက်သည့် လွဲမှားမှုများအား ဖြေရှင်းခြင်းတိုကဲ့သို့ မွတ်စလင်လူ့အဖွဲ့အစည်း၏ ထိုလုပ်ဆောင်ချက်များ ကို မာလာဝီရှိ အခြားသော လူမှုရေးနှင့် ဘာသာရေး အဖွဲ့အစည်းများကလည်း ချီးကျူးအားပေးခဲ့ကြသည်။

    OnIslam