ရန်ကုန်၊ ဒီဇင်ဘာ ၁၇
နိုင်ငံပိုင် သတင်းစာများ၏ သတင်းရေးသား ဖော်ပြချက်များသည် သတင်းရေးသားသူမှ စကာ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဆင့်အထိ တာဝန်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြန်ကြားရေးဝန်ကြီးဌာနနှင့် Eleven Media Group တို့၏ (၆)ကြိမ်မြောက် ရုံးချိန်း၌ ဖြေကြားခဲ့ကြောင်း Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ဒီဇင်ဘာလ (၁၇) နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် Eleven Media Group တို့၏ (၆) ကြိမ်မြောက် ရုံးချိန်းအား ဒီဇင်ဘာ လ(၁၆) ရက်နေ့တွင် ပုဗ္ဗသီရိတရားရုံး၌ စစ်ဆေးခဲ့ပြီး ပုဒ်မ (၅၀၀) အသရေဖျက်မှုဖြင့် တရားစွဲခံ ထားရသော Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်၏ ရှေ့နေ ဦးသိန်းသန်းဦးက သတင်း တစ်ပုဒ်၏ တာဝန်ယူမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
““ကျွန်တော်တို့က တရားစွဲဆိုထားတာက (၅) ယောက်အထိ တရားစွဲဆိုထားတာကိုး။ အဲ့ကြောင့် သတင်း တစ်ပုဒ်ရဲ့ တာဝန်ယူမှုဆိုရင် များသောအားဖြင့်တော့ ကျွန်တော်တို့ အယ်ဒီတာတွေ သိထားတဲ့ မူဝါဒက ရေးသားသူက အဓိက တာဝန်ရှိသူပြီးတော့ အယ်ဒီတာအဖွဲ့ အဆင့်ဆင့်ပေါ့။ ဒါနဲ့ပတ်သက်လို့ မေးမြန်းတဲ့ အခါမှာ ၂၀၁၂ ခုနှစ် ဇွန်လ (၅) ရက်နေ့ထုတ် ပြန်ကြားရေးကထုတ်တဲ့ သတင်းစာမှာ သံတွဲမှာ အစ္စလာမ် ဘာသာဝင် သတ်ခံရတဲ့နေရာမှာ မွတ်ဆလင်ကုလားဆိုတဲ့ အသုံးအနှုန်းက သက်ဆိုင်ရာ အစ္စလာမ် ဘာသာဝင်တွေကို သူတို့ရဲ့ဘာသာဝင်တွေကို ထိခိုက်တာမျိုးတွေ ရှိတာပေါ့။ ဒါကို ဦးသိန်းသန်းဦး က ထောက်ပြီးတော့ မေးမြန်း တဲ့ အခါမှာ ဦးကျော်စိုးက ထည့်ဖြေသွားတာပါ””ဟု Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
Eleven Media Group မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် အပါအ၀င် မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်၊ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဒုတိယအယ်ဒီတာချုပ် ဦးမြတ်သစ်နှင့် အမှုဆောင် အယ်ဒီတာ ဦးနေထွန်းနိုင် တို့ကို ပြန်ကြားရေး ၀န်ကြီးဌာနက ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းစာ ပုံနှိပ်စက်များ ၀ယ်ယူသည့် ဈေးနှုန်း လွန်စွာ မြင့်မားနေကြောင်း ရေးသား မှုကြောင့် ပုဒ်မ ၅၀၀ အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်များ၏ ကျင့်ဝတ်ဖောက် ဖျက် ရေးသားဖော်ပြ ချက်ကြောင့် ထိခိုက် နစ်နာမှု များ ဖြစ်ပေါ်လျှင် စာနယ်ဇင်း ကောင်စီသို့ တိုင်ကြားနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက ကြေညာ ထားသော် လည်း အစိုးရပိုင် သတင်းစာများ ကျင့်ဝတ်ဖောက်ဖျက် ရေးသားမှုများရှိပါက တိုင်ကြားနိုင်ရန် အစိုးရဘက်က အသိပေး ကြေညာထားခြင်း မရှိသည့်အပေါ် မီဒီယာအကြား၌ ဝေဖန်မှုများ လည်း ဖြစ်ပေါ်လျက် ရှိသည်။
““တာဝန်မဲ့ရေးတဲ့ အရေးအသားတွေကို လူတစ်ယောက်ကို ထိခိုက်နစ်နာစေ လိုတဲ့ သဘောဆန္ဒနဲ့ အသုံးအနှုန်း တွေကို ဆင်ဆင်ခြင်ခြင် မသုံးနှုန်း ဘူးပေါ့နော်။ ဒီလို အလေ့အထတွေကို ၁၉၆၂ ခုနှစ် မဆလလက်ထက် ၁၉၈၈ စစ်အစိုးရ လက်ထက်မှာ ပိုပြီး သိသာလာတယ်။ ဒီအရေးအသားတွေ ဖြစ်လာရတဲ့ အဓိကတရားခံကို ပြပါ ဆိုရင် ရှေ့က လူတွေလို့ပဲ ပြောရမှာပဲ။ တစ်လျှောက်လုံးက ဒီဟာကို မြင်ရတွေ့ခဲ့ရ ကြားခဲ့ရတဲ့ အခါကျ တော့ ဒီလိုပဲ လုပ်ရကောင်းတယ်လို့ အောက်မေ့တာပေါ့။ အခုထိလည်း နိုင်ငံပိုင် သတင်းစာတွေရဲ့ အရေး အသားမှာ ဘယ်လောက်အထိ တာဝန်ယူမှု တာဝန်ခံမှု ရှိနေလဲဆိုတာလည်း မေးခွန်းထုတ်စရာပေါ့””ဟု ပဲ့တင်သံဂျာနယ်မှ တာဝန်ခံအယ်ဒီတာ မသီတာ(စမ်းချောင်း)က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
ကိုကိုလွင်၊ ၀ိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန မှ ကူးယူဖော်ပြသည်။
https://www.facebook.com/myanmarherald/posts/743478205747141:0
Leave a Reply
You must be logged in to post a comment.