News @ M-Media

Blog

  • ပါစ္စတန်စစ်တပ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လျှို့ဝှက်လာရောက်

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -ပါကစ္စတန်စစ်တပ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ လျှို့ဝှက် လာရောက်ခဲ့တယ်လို့ သိရပါတယ်။

    ဒီခရီးစဉ်အတွင်း ထောက်လှမ်းရေးနည်းပညာ၊ စစ်လေယာဉ် ပြုပြင်ထန်းသိမ်းမှုကိစ္စ၊ ရေတပ်လက်နက်ခဲယမ်းကိစ္စတွေအပါအဝင် အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

    ပါကစ္စတန်စစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ အရင်ကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ပါကစ္စတန်နဲ့ တရုတ် ပူးပေါင်းထုတ်လုပ်တဲ့ TJF-17 တိုက်လေယာဉ်တွေကို မြန်မာလေတပ်က ဝယ်ယူအသုံးပြုနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ ပါကစ္စတန်မှာ မိုင်းရှင်းလင်းရေးသင်တန်း တက်ရောက်နေကြပါတယ်။

    ပါကစ္စတန်စစ်တပ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အခုလို မြန်မာနိုင်ငံကို လာရောက်မှုဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေးနွေးထွးအောင်လုပ်ဖို့ တရုတ်နိုင်ငံရဲ့ စေ့ဆော်မှုကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Zee

  • ၉/၁၁ တိုက်ခိုက်မှုတွင် ပါဝင်သူနှစ်ဦးနှင့်ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက်ကို အမေရိကန် ထုတ်ပြန်

    ၉/၁၁ တိုက်ခိုက်မှုတွင် ပါဝင်သူနှစ်ဦးနှင့်ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက်ကို အမေရိကန် ထုတ်ပြန်

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -၂၀၀၁ ခုနှစ် ၉/၁၁ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲသူနှစ်ဦး အကူအညီရရှိခဲ့မှုနဲ့သက်ဆိုင်တဲ့ FBI ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို အမေရိကန်အစိုးရက တိုက်ခိုက်မှု နှစ် ၂၀ ပြည့်တဲ့ စနေနေ့မှာ အများပြည်သူထံ ချပြလိုက်ပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန်က ၉/၁၁ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ FBI ရဲ့ တွေ့ရှိချက်တွေကို ပြည်သူထံချပြဖို့ တရားရေးဌာနကို ညွှန်ကြားပြီး တစ်ပတ်အကြာမှာ စာမျက်နှာ ၁၆ မျက်နှာပါတဲ့ ဒီထိပ်တန်းလျှို့ဝှက်ချက် ပထမဆုံး ထွက်လာတာပါ။

    လေယာဉ်တွေကို ပြန်ပေးဆွဲပြီး တိုက်ခိုက်မှုလုပ်သူ ၁၉ ဦးမှာ ၁၅ ဦးက ဆော်ဒီနိုင်ငံသားတွေဖြစ်ပြီး၊ တိုက်ခိုက်မှုကို ဆော်ဒီအစိုးရက ပူးပေါင်းကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အရင်ကတည်းက ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

    မနေ့က ထုတ်ပြန်မှုမှာ လေယာဉ်ပြန်ပေးဆွဲသူတွေထဲက နှစ်ဦးကို ​ထောက်ပံ့ကူညီပေးခဲ့တဲ့ ဆော်ဒီနိုင်ငံသား နှစ်ဦးအကြောင်း ပါဝင်ပါတယ်။ တစ်ဦးက အိုမာ အလ် ဘေယိုမီဆိုသူဖြစ်ပြီး နောက်တစ်ဦးက လော့စ်အိန်ဂျလိစ် ဆော်ဒီကောင်စစ်ဝန်ရုံးက တာဝန်ရှိသူ ဖာဟဒ် အလ် သူမိုင်ရီ ဖြစ်ပါတယ်။

    အလ် ဘေယိုမီဟာ ဆော်ဒီအစိုးရနဲ့ အဆက်အသွယ်ရှိသူပါ။ လေယာဉ်ပြန်ပေးဆွဲသူတွေဖြစ်တဲ့ နာဝက်ဖ် အလ် ဟဇ်မီ၊ ခါလစ် အလ် မစ်ဒ်ဟာရ်တို့ကို ဆန်ဒီယေဂိုမြို့မှာ သူကတိုက်ခန်းငှားပေးခဲ့ပါတယ်။ ဒီလူနှစ်ဦးကို ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလက သူ့ရဲ့စားသောက်ဆိုင်မှာ တွေ့ဆုံမှုဟာ အမှတ်မထင် တွေ့ဆုံမှုဖြစ်တယ်လို့ အလ် ဘေယိုမီက ပြောခဲ့ကြောင်း FBI ရဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရပါတယ်။

    ဟဇ်မီနဲ့ မစ်ဒ်ဟာရ်တို့ကို ဘေယိုနီ ကူညီပေးခဲ့တာတွေက ဘာသာပြန်ကိစ္စ၊ ခရီးသွားလာမှု၊ တည်းခိုမှု၊ ငွေကြေးထောက်ပံ့မှုတွေ ဖြစ်ပါတယ်။ အလ်ဘေယိုနီဟာ တစ်ခါတစ်ရံမှာ ‘ဂျီဟတ်’ ကိစ္စအကြောင်း ပြောတတ်တယ်လို့ FBI ရင်းမြစ်က ဆိုပါတယ်။

    ၉/၁၁ တိုက်ခိုက်မှုမဖြစ်ခင်ကာလ လော့စ်အိန်ဂျလိစ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အရေးပါအရာရောက်ခဲ့တဲ့ ဖာဟဒ် အလ် သူမိုင်ရီဟာ သဘောထားတင်းမာသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ပိုင်း ဂွါတာနာမိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆော်ဒီညီအစ်ကိုနှစ်ဦးရဲ့ ဆော်ဒီက အိမ်ဖုန်းကို ၁၉၉၉ ခုနှစ်က အလ် သူမိုင်ရီ ဖုန်းဆက်ပြီး ၇ မိနစ် ပြောကြားမှုကို FBI ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    အလ် ဘေယိုမီရော အလ် သူမိုင်ရီပါ ၉/၁၁ တိုက်ခိုက်မှုမဖြစ်ခင် သီတင်းပတ်အနည်းငယ်အရင် အမေရိကန်ကနေ ထွက်ခွာသွားကြတာပါ။

    ဆော်ဒီကငြင်းထား

    ၉/၁၁ တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဆော်ဒီအစိုးရက တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။

    ဝါရှင်တန်က ဆော်ဒီသံရုံးကလည်း ၉/၁၁ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု အချက်အလက်တွေ အများပြည်သူထံချပြမယ့် ဂျိုးဘိုင်ဒန်အစိုးရရဲ့ အစီအစဉ်ကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ထားပါတယ်။

    တိုက်ခိုက်မှုမှာ ဆော်ဒီအစိုးရ ပါဝင်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လုံး၀မှားယွင်းတယ်လို့ ဆော်ဒီသံရုံးက ထပ်မံပြောကြားခဲ့ပါတယ်။

    “၉/၁၁ ကော်မရှင်က ထုတ်ပြန်မှု၊ စာမျက်နှာ ၂၈ မျက်နှာပါ ထုတ်ပြန်မှုတွေလို အရင်က စုံစမ်းစစ်​ဆေးမှု ထုတ်ပြန်ချက်တွေမှာ ဆော်ဒီအစိုးရ ဒါမှမဟုတ် အရင်အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်တဲ့ ဆော်ဒီအာဏာပိုင်တွေ ပါဝင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားမျိုး လုံး၀ မတွေ့ရပါဘူး” လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကျန်ရစ်သူတွေ ချီးကျူး

    ၉/၁၁ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ အခုလို ပထမဆုံး ထုတ်ပြန်မှုအတွက် ကျန်ရစ်သူ မိသားစုတွေက အမေရိကန်အစိုးရကို ချီးကျူးခဲ့ကြပါတယ်။

    ဒီလိုထုတ်ပြန်မှုဟာ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်ဖို့ မိမိတို့ရဲ့ ကြိုးစားမှုကို တွန်းအားပေးလိုက်တာဖြစ်ပြီး ဆော်ဒီအစိုးရရဲ့ ပံ့ပိုးမှုနဲ့ အလ်ကိုင်းဒါးအဖွဲ့ အမေရိကန်နိုင်ငံအတွင်း ဘယ်လို လှုပ်ရှားခဲ့လဲဆိုတာ ရေးရေးပေါ်လာတာဖြစ်တယ်လို့ ကျန်ရစ်သူမိသားစုတွေက ပြောပါတယ်။

    လေယာဉ်ပြန်ပေးဆွဲတိုက်ခိုက်သူတွေ အမေရိကန်ရောက်ပြီးနောက်ပိုင်း အဆက်အသွယ်ရှိတဲ့ ဆော်ဒီ သံရုံး တာဝန်ရှိသူတွေ၊ ဆော်ဒီအစိုးရ တာဝန်ရှိသူတွေအကြောင်းကို FBI က စုံစမ်းစစ်ဆေးမှုတွေ ရှိခဲ့ပေမယ့် ၉/၁၁ ကော်မရှင်ရဲ့ အရင်က ထုတ်ပြန်ချက်မှာတော့ တိုက်ခိုက်မှုမှာ ဆော်ဒီအာဏာပိုင်တွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

    ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

    စက်တင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ထပ်ပြီး သရုပ်ဆောင်ချင်သေးတယ်လို့ ဟောလီး၀ုဒ် နာမည်ကျော်မင်းသမီး မီရှဲလ်ယိုက ပြောကြားလိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုဘ၀ကို အခြေခံရိုက်ကူးထားပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Lady မှာ မီရှဲလ်ယိုဟာ ဒေါ်အောင်ဆန်းစုကြည်နေရာကနေ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    The Guardian သတင်းစာနဲ့ မနေ့ကအင်တာဗျူးမှာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀အဖြစ်အပျက်တွေကို နောက်ဆက်တွဲဇာတ်လမ်း ရိုက်ကူးမယ်ဆိုရင် ပါဝင်ချင်တယ်လို့ အသက် ၅၉ နှစ်အရွယ် ယိုက ဖွင့်ဟခဲ့ပါတယ်။

    “နောက်ဆက်တွဲဇာတ်လမ်းရိုက်မယ်ဆိုတာမျိုးက သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ချပြစရာအကြောင်းတွေ ထပ်ရှိနေတာပဲမဟုတ်လား။ အခုပြောနေရင်းနဲ့တောင် ဖြစ်ပျက်နေတာပဲ”

    သူမ သူရဲကောင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ပေးခဲ့သူတစ်ယောက်ကို လူမျိုးတုန်းသတ်ဖြတ်မှုမှာ ကြံရာပါအဖြစ် ပြောဆိုစွပ်စွဲနေကြတာတွေကို စိတ်ပျက်မိတယ်လို့လည်း မီရှဲလ်ယိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားနိုင်ငံသူဖြစ်တဲ့ယိုဟာ အသက် ၂၀ အရွယ် ၁၉၈၃ ခုနှစ်မှာ Miss Malaysia ဘွဲ့ ရခဲ့ပြီးတဲ့နောက် ဟောင်ကောင်ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း ဟောလီး၀ုဒ်မှာပါ အောင်မြင်လာသူ ဖြစ်ပါတယ်။

    သူမအရင်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေအတွက် နောက်ဆက်တွဲဇာတ်လမ်း ရိုက်ရတာမျိုးကို ကြိုက်နှစ်သက်တယ်လို့လည်း ယိုက The Guardian သတင်းစာကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Guardian

  • တာလီဘန်မူဝါဒကို လက်ခံကြောင်း အာဖဂန်အမျိုးသမီးများ ဆန္ဒထုတ်ဖော်

    တာလီဘန်မူဝါဒကို လက်ခံကြောင်း အာဖဂန်အမျိုးသမီးများ ဆန္ဒထုတ်ဖော်

    စက်တင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    -တာလီဘန်အစိုးရရဲ့ မူဝါဒတွေကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို အာဖဂန်အမျိုးသမီးတွေက ဒီကနေ့မနက် ကဘူးလ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

    ဒီဆန္ဒထုတ်ဖော်ပွဲမှာ အမျိုးသမီး ၃၀၀ လောက်ပါဝင်ပြီး တာလီဘန်က ထုတ်ထားတဲ့ စည်းကမ်းအတိုင်း မျက်နှာပါအဝင် တစ်ကိုယ်လုံးကိုဖုံးထားတဲ့ ဝတ်ရုံတွေ ဝတ်ဆင်ထားကြကာ တာလီဘန်အလံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

    ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ် တာလီဘန်ရဲ့ အုပ်ချုပ်မှုကာလအတွင်း အာဖဂန်အမျိုးသမီးတွေဟာ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်၊ တစ်ယောက်တည်း အပြင်သွားလာခွင့် ပိတ်ပင်ခံရတာလို ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အခုတစ်ခေါက်အာဏာရပြီးတဲ့နောက် ကန့်သတ်ချုပ်ချယ်မှုတွေကို ဖြေလျော့ပေးပြီး အမျိုးသမီးတွေကို ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်ပေးမယ်လို့ တာလီဘန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    တာလီဘန်ရဲ့ ပညာရေးအာဏာပိုင်အဖွဲ့က တက္ကသိုလ်တွေမှာ ကျောင်းတက်ရင် အမျိုးသမီးတွေ တစ်ကိုယ်လုံးဖုံးထားတဲ့ဝတ်ရုံတွေ ဝတ်ရမှာဖြစ်ပြီး၊ အနည်းဆုံး ယောကျ်ားလေးနဲ့ မိန်းကလေး သီးသန့်ခွဲကာ အလယ်မှာ လိုက်ကာ ကာထားရမယ်လို့ ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ကာဘူးလ်တက္ကသိုလ်က တာလီဘန်ထောက်ခံပွဲမှာ အမျိုးသမီးတစ်ချို့က အနောက်နိုင်ငံတွေကိုရှုတ်ချကြောင်း တာလီဘန်ကို ထောက်ခံကြောင်း ဟောပြောခဲ့ကြပါတယ်။ နိုင်ငံတစ်ဝှမ်း တာလီဘန်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒပြမှုဟာ အာဖဂန်အမျိုးသမီးအားလုံးကို ကိုယ်စားမပြုဘူးလို့လည်း သူတို့က ဆိုပါတယ်။

    ဟောပြောမှုတွေပြီးတဲ့နောက် အဲဒီအမျိုးသမီးတွေဟာ တက္ကသိုလ်အပြင်ကလမ်းမှာ တာလီဘန်အလံတွေဝှေ့ယမ်းပြီး ချီတက်ခဲ့ကြပါတယ်။

    Ref: AFP

  • မဟာမိတ်ဆော်ဒီတွင် ချထားသည့် ဒုံးခွင်းစနစ်များကို အမေရိကန်က ပြန်သိမ်း

    မဟာမိတ်ဆော်ဒီတွင် ချထားသည့် ဒုံးခွင်းစနစ်များကို အမေရိကန်က ပြန်သိမ်း

    စက်တင်ဘာ ၁၁၊ ၂၀၂၁
    M-Media

    -ဆော်ဒီအာရေဗျမှာ ထားရှိတဲ့ အဆင့်မြင့်ဒုံးခွင်းစနစ်တွေကို အမေရိကန်က ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပြန်သိမ်းလိုက်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ယီမင်က ဟူသီသူပုန်တွေက ဆော်ဒီကို ဒုံးကျည်နဲ့တိုက်ခိုက်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အချိန် ဘာ့ကြောင့် ဒီလိုရုပ်သိမ်းလိုက်လဲဆိုတာ အတိအကျ မသိရပါဘူး။ အမေရိကန်က အရှေ့အလယ်ပိုင်းထက် ခြိမ်းခြောက်မှုပိုများလာတဲ့ အာရှမှာ ဒီဒုံးခွင်းစနစ်တွေ လိုအပ်လာတယ်လို့ ရှုမြင်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ၂၀၁၉ ခုနှစ်က ဆော်ဒီရဲ့ရေနံထုတ်တဲ့ အဓိကစက်ရုံတွေကို ဟူသီတွေက တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မြို့တော်ရီယာ့ဒ်အပြင်ဘက် ပရင့်စ်ဆူလ်တန်လေတပ်စခန်းမှာ တပ်ဖွဲ့ဝင် ထောင်ချီနဲ့ ဒုံးခွင်းစနစ်တွေကို အမေရိကန်က ချထားခဲ့တာဖြစ်ပါတယ်။

    ဒုံးခွင်းနစ်တွေက Patriot နဲ့ နောက်ဆုံးပေါ် THAAD စနစ်တွေ ဖြစ်ပါတယ်။ ဆော်ဒီကနေ ဒီဒုံးခွင်းနစ်တွေ ရုပ်သိမ်းမယ်ဆိုတဲ့သတင်း ထွက်လာတာ လနဲ့ချီရှိနေပါပြီ။

    အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက ဒုံးခွင်းစနစ်တွေ ရုပ်သိမ်းကြောင်း အတည်ပြုခဲ့ပေမယ့် အရှေ့အလယ်ပိုင်းက မဟာမိတ်အတွက် မိမိတို့ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီဖက်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး၊ မိမိတို့နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ အရင်ကအတိုင်း ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်ကြောင်း၊ ဆော်ဒီစစ်တပ်ဟာ မိမိတို့ရဲ့ ပိုင်နက်နဲ့ ပြည်သူတွေကို အပြည့်အ၀​ ကာကွယ်နိုင်စွမ်းရှိကြောင်း ဖော်ပြထားပါတယ်။

    Ref: Aljazeera