News @ M-Media

Blog

  • ကိုဗစ်ကုသရေးအတွက် အာဆီယံက မြန်မာကို အကူအညီများပေးပို့

    ကိုဗစ်ကုသရေးအတွက် အာဆီယံက မြန်မာကို အကူအညီများပေးပို့

    စက်တင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါ ကုသရေးအတွက် အထောက်အကူဖြစ်စေမယ့် ဆေးဝါးပစ္စည်း စုစုပေါင်း ကန်ဒေါ်လာ ၁.၁ သန်းဖိုးကို အာဆီယံအဖွဲ့က မြန်မာနိုင်ငံဆီ ပေးပို့လိုက်ပါတယ်။

    မြန်မာနိုင်ငံက ကြက်ခြေနီအဖွဲ့ကို ပေးအပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု ပြုလုပ်သွားမယ်လို့ ဩဂုတ်လ ၁၈ ရက်နေ့မှာ အာဆီယံအဖွဲ့က ကတိပြုခဲ့ပြီးတဲ့နောက် ပထမဆုံး ပေးပို့မှုဖြစ်တယ်လို့ အာဆီယံ အတွင်းရေးမှူးရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အခုပေးပို့လိုက်တဲ့ အကူအညီတွေဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနဲ့ Temasek Foundation International တို့က လှူဒါန်းတာဖြစ်ပါတယ်။

    အာဆီယံ အထွေထွေအတွင်းရေးမှူး ဒါတွန် လင်ဂျွတ်ဟိုက အကူအညီဟာ အာဆီယံအဖွဲ့အစည်းရဲ့ စည်းလုံးမှုစိတ်ဓာတ်ကို ဖော်ညွှန်းတာဖြစ်ပြီး ပြည်သူအခြေပြု အာဆီယံအသိုင်းအ၀ိုင်းဖြစ်ရေး ဆောင်ရွက်ရာမှာ မြန်မာပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လှူဒါန်းတဲ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ဒါတွန်လင်ဂျွတ်ဟိုကပြောကြားခဲ့ပြီး အကူအညီတွေဟာ အတိဒုက္ခရောက်နေတဲ့အချိန်မှာ မြန်မာပြည်သူတွေ ထိခိုက်ခံစားရမှုတွေ လျော့ကျဖို့ အထောက်ဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အဆင့် ၁ ချက်ခြင်းပေးဖို့ပို့နဲ့ နောက်ပိုင်း အဆင့် ၂ ကိုပါ ဆောင်ရွက်သွားဖို့လည်း အထွေထွေအတွင်းရေးမှူးက တိုက်တွန်းခဲ့ပါတယ်။

    အဆင့် ၂ အကူအညီပေးရေးမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ အခြား အလှူရှင်နိုင်ငံတွေ အဖွဲ့အစည်းတွေကနေ ပေးပို့လှူဒါန်းမှာ ဖြစ်ပါတယ်။

    Ref: The Star

  • ဆော်ဒီကျောထောက်နောက်ခံပြု ကားကုမ္ပဏီ လျှပ်စစ်ကားလောကတွင် စံချိန်သစ်တစ်ခု ရရှိ

    ဆော်ဒီကျောထောက်နောက်ခံပြု ကားကုမ္ပဏီ လျှပ်စစ်ကားလောကတွင် စံချိန်သစ်တစ်ခု ရရှိ

    စက်တင်ဘာ ၁၈၊ ၂၀၂၁
    M-Media


    -ဆော်ဒီအာရေဗျက ကျောထောက်ခံပြု လျှပ်စစ်ကားကုမ္ပဏီ Lucid Motors က ထုတ်လုပ်တဲ့ ကားမော်ဒယ်သစ်တစ်ခုဟာ လျှပ်စစ်ကားနယ်ပယ်မှာ အဝေးဆုံး မောင်းနိုင်တဲ့စံချိန်ကို ရရှိခဲ့ပါတယ်။

    ဒီကားကို Lucid Air Dream Edition R လို့ အမည်ပေးထားပြီး မိုင်ပေါင်း ၅၂၀ အထိ ဘထ္ထရီအားသွင်းစရာမလိုဘဲ မောင်းနိုင်တဲ့ မှတ်တမ်းကို နိုင်ငံတကာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီ (EPA) ကနေ ရရှိခဲ့တာဖြစ်ပါတယ်။

    ဒါဟာ လျှပ်စစ်ကားလောကကို ဦးဆောင်နေတဲ့ Tesla ရဲ့ မိုင် ၁၀၀ ကျော်မောင်းနိုင်တဲ့ စံချိန်ကို ကျော်သွားတာလည်း ဖြစ်ပါတယ်။

    Lucid Motors ဟာ အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလမှာ ဆော်ဒီ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (PIF) က ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကာ ရှယ်ယာ ၆၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၂၄ ခုနှစ်ရောက်ရင် Lucid Motors က ဆော်ဒီအာရေဗျမှာ ကားတွေထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

    Lucid Motors ရဲ့ စီအီးအိုး ပီတာ ရော်လင်ဆန်က EPA ကနေ ဒီလို အသိအမှတ်ပြုမှုမျိုး ရရှိတဲ့အတွက် အလွန်အမင်း ဝမ်းမြောက်မိကြောင်း၊ ဘထ္ထရီကြီးကြီးထည့်နိုင်ရင် ဝေးဝေးသွားနိုင်မယ်ဆိုတဲ့ သဘောတရားကို ကျော်ဖြတ်စွမ်းဆောင်ပြနိုင်တဲ့ ဒီအောင်မြင်မှုဟာ လျှပ်စစ်ကားလောကမှာ မှတ်တိုင်သစ် စိုက်ထူလိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Lucid Air Dream Edition R ကားဟာ လော့စ်အိန်ဂျလိစ်ကနေ ဆန်ဖရန်စစ္စကို၊ အဲဒီကမှတစ်ဆင့် Lucid ရုံးချုပ်ရှိရာ နယူးဂျာစီက နီ၀ါ့က်မြို့ စုစုပေါင်း ၄၄၅ မိုခရီးကို အဲကွန်းတောက်လျှောက်ဖွင့်ကာ တစ်နာရီ ၆၇ မိုင် အမြန်နှုန်းအထိ စမ်းသပ်မောင်းနှင်ပြခဲ့တာ ဖြစ်ပါတယ်။

    ဒီကားကို လာမယ့်နှစ်မှာ စျေးကွက်တင်ဖို့ စီစဉ်ထားပြီး တန်ဖိုး ဒေါ်လာ ၇ သောင်း ကျသင့်မှာဖြစ်ကာ လက်ရှိအချိန်အထိ ကြိုတင်အမှာ ၁၁၀၀၀ သာ ရရှိထားပါတယ်။ EPA ရဲ့ အခု အသိအမှတ်ပြုမှုကြောင့် အမှာတွေ ပိုရလာလိမ့်မယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

    Ref: Arab News

  • ကာဘူလ်းမြို့မှ အရပ်သား ၁၀ ဦးသေဆုံးသည့် တိုက်ခိုက်မှုအတွက် အမေရိကန် ပြန်တောင်းပန်

    ကာဘူလ်းမြို့မှ အရပ်သား ၁၀ ဦးသေဆုံးသည့် တိုက်ခိုက်မှုအတွက် အမေရိကန် ပြန်တောင်းပန်

    စက်တင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့လနှောင်းပိုင်း အာဖဂန်နစ္စတန် မြို့တော် ကာဘူးလ်မှာ အရပ်သား ၁၀ ဦးသေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မှားယွင်းလုပ်ဆောင်မိတာဖြစ်ပြီး ဒီအတွက်တောင်းပန်တယ်လို့ အမေရိကန်က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဩဂုတ်လ ၂၉ ရက် ကာဘူးလ်လေဆိပ်ကအနီးက အိမ်တစ်အိမ်ကို ပစ်မှတ်ထားတဲ့ အဲဒီတိုက်ခိုက်မှုဟာ လေဆိပ်ကို အသေခံဗုံးခွဲမယ့် IS အဖွဲ့ဝင်တစ်ဦးကို တားဆီးဖို့ ပြုလုပ်တာဖြစ်တယ်လို့ အစောပိုင်းမှာ အမေရိကန်က ထုတ်ပြန်ထားတာပါ။

    ဒီတိုက်ခိုက်မှုအတွင်း ၁၀ ဦး သေဆုံးခဲ့ကာ အများစုက ကလေးငယ်တွေ ဖြစ်ပြီး သူတို့တွေဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပြီးတဲ့နောက် အမေရိကန်စစ်တပ်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တာပါ။

    အမေရိကန် အလယ်ပိုင်းစစ်ဌာနအကြီးအကဲ ဗိုလ်ချုပ် ဖရန့် မက်ကန်ဇီက သေဆုံးသွားသူတွေဟာ IS အဖွဲ့နဲ့ သက်ဆိုင်မှုမရှိဘူးလို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    “စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေ၊ အဖွဲ့အစည်းအသီးသီးရဲ့ လေ့လာဆန်းစစ်မှုတွေကို သေသေချာချာ လေ့လာသုံးသပ်ပြီးတဲ့နောက် တိုက်ခိုက်မှုအတွင်း ကလေးငယ် ၇ ဦးအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်ဆိုတာကို ကျွန်တော် လက်ခံအတည်ပြုလိုက်ပါတယ်”

    ကျန်ရစ်သူမိသားစုတွေကို တောင်ပန်ကြောင်း ဗိုလ်ချုပ်မက်ကင်ဇီက ပြောကြားခဲ့ပြီး အာဖဂန်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ကာဘူးလ်လေဆိပ်က အမေရိကန်စစ်တပ် တိုက်ခိုက်ခံရမယ့်အန္တရာယ်ကို တားဆီးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့မှားသွားတယ်။ အဲ့ဒီအတွက်လည်း နှစ်နှစ်ကာကာကို တောင်းပန်ပါတယ်။ ဒီတိုက်ခိုက်မှု၊ နောက်ဆက်တွဲရလဒ်တွေအတွက် စစ်ဆင်ရေးဆိုင်ရာ တပ်မှူးဖြစ်တဲ့ ကျွန်တော့်မှာသာ အပြည့်အ၀တာဝန်ရှိပါတယ်”

    အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း တိုက်ခိုက်မှုအတွက် မနေ့က တောင်းပန်ခဲ့ပြီး နောက်ပိုင်းပြုလုပ်မယ့် အလားတူတိုက်ခိုက်မှုတွေမှာ ဒီလို မှားယွင်းမှု မဖြစ်စေဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဒီဆိုးရွားတဲ့ အမှားကနေ သင်ခန်စာလည်း ယူသွားမှာပါ”

    Ref: Aljazeera

  • အာဖဂန်မှထွက်ပြေးလာသည့် ၃ နှစ်အရွယ်ကလေးငယ် က​နေဒါရောက်လာ

    အာဖဂန်မှထွက်ပြေးလာသည့် ၃ နှစ်အရွယ်ကလေးငယ် က​နေဒါရောက်လာ

    စက်တင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -တာလီဘန်တွေ သိမ်းပိုက်ပြီးတဲ့နောက် အာဖဂနစ္စတန်ကနေ မိတကွဲဖတကွဲ ထွက်ပြေးလာရတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်လေးဟာ ၂ ပတ်တာ ကြာမြင်ခဲ့ပြီးတဲ့နောက် ကနေဒါကို ရောက်လာပြီလို့ သိရပါတယ်။

    အာဖဂန်မှာ ကျန်ခဲ့တဲ့ မိသားစုတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရတာကြောင့် ဒီကလေးငယ်ကို အလီလို့သာ သတင်းဌာနတွေက ဖော်ပြပါတယ်။ တာလီဘန်လက်ကနေ လွတ်ရာကျွတ်ရာ ထွက်ပြေးရကြတဲ့ အာဖဂန်ပြည်သူတွေထဲမှာ အဖော်မပါဘဲ တစ်ယောက်တည်းဖြစ်နေတဲ့ အလီလေးရဲ့သတင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိတ်ဝင်စားခဲ့ကြတာပါ။

    ပြီးခဲ့တဲ့လက ကာဘူးလ် လေဆိပ်နားမှာဖြစ်ပွားပြီး ၁၇၅ ဦးသေဆုံးခဲ့တဲ့ အလ်ကိုင်းဒါးရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကနေ အလီတစ်ယောက် လွတ်မြောက်လာခဲ့ပေမယ့် မိသားစု၊ ညီအစ်ကိုမောင်နှမတွေနဲ့ တကွဲတပြားစီဖြစ်ခဲ့ရပါတယ်။

    ကယ်ဆယ်ရေးလေယာဉ်နဲ့ ကာတာနိုင်ငံကို ရောက်သွားခဲ့ပြီးတဲ့နောက် အဲဒီကနေတစ်ဆင့် ဖခင်ရှိရာ ကနေဒါနိုင်ငံကို တနင်္လာနေ့က ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ဖခင်ဟာ ကနေဒါနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေတာ ၂ နှစ်ရှိနေပါပြီ။ တစ်ကိုယ်တည်းဖြစ်နေတဲ့ အလီရဲ့ ခရီးစဉ်တစ်ခုလုံးကို နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများ အကူအညီပေးရေးအဖွဲ့ (IOM) က ကူညီဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

    ၂၀၀၁ ခုနှစ် အာဖဂန်ကို ကျူးကျော်တိုက်ခိုက်မှုမှာ အမေရိကန်နဲ့အတူ ပါဝင်ခဲ့တဲ့ ကနေဒါက တာလီဘန်လက်ကနေလွတ်အောင် ထွက်ပြေးလာတဲ့ အာဖဂန်ပြည်သူ ၂ သောင်းကို လက်ခံအခြေချခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

    “ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး တိုးတက်ကောင်းမွန်အောင် ကနေဒါရဲ့ ကြိုးပမ်းမှုမှာ အာဖဂန်ပြည်သူတွေက အသက်နဲ့ရင်းပြီး ကူညီပေးခဲ့ကြတာပါ။ ကျွန်တော်တို့အပေါ်မှာ ဒီကျေးဇူးတွေရှိပါတယ်။ သူတို့တွေ ဘေးအန္တရာယ်ကင်းရေး ကျွန်တော်တို့ ဆက်လက်ပြီး ကြိုးပမ်းအားထုတ်သွားမှာပါ” လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး မာ့ခ် ဂါနူရဲ့ ​ပြီးခဲ့တဲ့လ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဩဂုတ်လ ၁၅ ရက်နေ့ တာလီဘန်က အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ထောင်သောင်းချီတဲ့ အာဖဂန်ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက ကာဘူးလ်မြို့လေဆိပ်မှာ ဩဂုတ်လ ၃၀ ရက်နေ့အထိ ကယ်ဆယ်ရေးလေယာဉ်တွေ ပျံသန်းပေးခဲ့သလို၊ အာဖဂန်နဲ့ နယ်စပ်ချင်းထိနေတဲ့ ပါကစ္စတန်၊ ဥစဘက်ကစ္စတန် စတဲ့နိုင်ငံတွေကလည်း ခိုလှုံလာတဲ့ အာဖဂန်ပြည်သူတွေကို လက်ခံပေးခဲ့ပါတယ်။

    ကုလသမဂ္ဂ ကလေးသူငယ်များအဖွဲ့ UNICEF က ဩဂုတ်လအတွင်း ကဘူးလ်လေဆိပ်ကနေ မိဘအုပ်ထိန်းသူ မပါတဲ့ ကလေးငယ် ၃၀၀ လောက်ကို ကယ်တင်ပေးခဲ့ရပြီး ကာတာ၊ ဂျာမနီနဲ့ အခြားနိုင်ငံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီကလေးငယ်တွေဟာ ကမ္ဘာပေါ်က အချို့တဲ့ဆုံးကလေးငယ်တွေဖြစ်ကာ မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်အောင် ဆောင်ရွက်ပေးကြဖို့ UNICEF အကြီးအကဲ ဟန်ရီယက်တာ ဖိုးက တိုက်တွန်းခဲ့ပါတယ်။

    “လေဆိပ်မှာ ၀ရုန်းသုန်းကားဖြစ်တဲ့အချိန်၊ ကယ်ဆယ်ရေးလေယာဉ်နဲ့ ရုတ်တရက် ပါသွားတဲ့အချိန်မှာ မိတကွဲ ဖတကွဲဖြစ်သွားတာကြောင့် ဒီကလေးတွေ ဘယ်လောက်အထိ စိုးရိမ်ထိတ်လန့်နေမလဲဆိုတာ ကျွန်မ စဉ်းစားလို့တောင် မရပါဘူး”

    အခုလအစောပိုင်း ဂျာမနီက Ramstein လေတပ်စခန်းကို သွားရောက်စဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က မိတကွဲ ဖတကွဲဖြစ်နေတဲ့ အာဖဂန်ကလေးငယ်တွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။

    “သားတို့သမီးတို့ အမေရိကန်ကို လာဖို့အတွက် အမေရိကန်ပြည်သူတွေက လက်ကမ်းကြိုဆိုနေကြပါတယ်”

    အမေရိကန်က အာဖဂန်ပြည်သူ ၅ သောင်းကို လက်ခံနေရာချပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • မြန်မာကိစ္စ ကိုယ်စားလွှတ်ပြီး အမြန်ဆုံးဆွေးနွေးညှိနှိုင်းရန် အာဆီယံကို ကန်တွန်းအားပေး

    မြန်မာကိစ္စ ကိုယ်စားလွှတ်ပြီး အမြန်ဆုံးဆွေးနွေးညှိနှိုင်းရန် အာဆီယံကို ကန်တွန်းအားပေး

    စက်တင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရေးအတွက် အထူးကိုယ်စားလှယ်ကို အမြန်ဆုံး မြန်မာနိုင်ငံလွှတ်ပြီး စေ့စပ်ဆွေးနွေးဖို့ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ ကက်သရင်းတိုင်က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ဒီပြဿနာကိုဖြေရှင်းဖို့အတွက် သဘောတူညီချက် ၅ ချက် ရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ကိုယ်စားလှယ်တစ်ဦးခန့်ပြီး စေ့စပ်ဆွေးနွေးပေးရေး ပါဝင်ပါတယ်။

    ဩဂုတ်လအတွင်း ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ခန့်အပ်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံကို သွားရောက်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။

    ဘရူနိုင်း ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီး အေမင်လျူ အဘ်ဒူလာနဲ့ အစည်းအဝေးမှာ ဝန်ကြီး ကန်သရင်းတိုင်က ဒီကိစ္စ ထည့်ပြောခဲ့တယ်လို့ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဝန်ကြီးတိုင်က ပြောကြားခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ကာ သက်ဆိုင်သူတွေအကြား ညှိနှိုင်းဆွေးနွေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်”

    ဘိုင်ဒန်အစိုးရဟာ အာဆီယံနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရေးတွေကို တိုးမြှင့်ဖို့ စိတ်ဆန္ဒရှိတယ်လို့လည်း ဝန်ကြီးတိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters