News @ M-Media

Blog

  • မွတ်စလင်လူငယ်များ အကြမ်းဖက်အဖွဲ့များနှင့် မပတ်သက်စေရေး  ပညာပေး ဝဘ်ဆိုဒ် လန်ဒန်မှ ဗလီရှေ့ဆောင်များ ပြုလုပ်

    မွတ်စလင်လူငယ်များ အကြမ်းဖက်အဖွဲ့များနှင့် မပတ်သက်စေရေး ပညာပေး ဝဘ်ဆိုဒ် လန်ဒန်မှ ဗလီရှေ့ဆောင်များ ပြုလုပ်

    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media

    Imams_Online_-_2014-12-17_22.35.42
    – ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်ထားသည့် IS အဖွဲ့သို့ လူငယ်များ သွားရောက်ပူးပေါင်းခြင်းကို တားမြစ်ရန်အတွက် ရည်ရွယ်သော ၀ဘ်ဆိုက်တစ်ခုကို ဗြိတိန်ရှိ ရှေ့ဆောင်အီမာမ်များက ဖန်တီးပြုလုပ်လိုက်သည်ဟု သိရသည်။

    အဆိုပါ ၀ဘ်ဆိုက်ကို Imams Online ဟု အမည်ပေးထားပြီး လန်ဒန်၊ လက်စတာ၊ လိဒ်၊ လန်ကက်စ်ရှိုင်းယား၊ ၀က်စ်မစ်ဒ်လန်းနှင့် ဘက်ကင်ဟမ်ရှိုင်းယားတို့ရှိ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင်အီမာမ်များ စုပေါင်းကာ လွှင့်တင်ထားခြင်းဖြစ်ပြီး IS အဖွဲ့၏ အွန်လိုင်းမှ သွေးဆောင်မှုများကို တွန်းလှန်မည့် လှုပ်ရှားမှုများလည် ပါဝင်မည်ဖြစ်သည်။

    `ဆိုးရွားတဲ့ အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုတို့ရဲ့ ပုံရိပ်တွေဟာ အမုန်းမျိုးစေ့ကို စိုက်ပျိုးနေခြင်းပါ။ ဒီလို ထိခိုက်စေတဲ့ အကြောင်းအရာတစ်ခုတိုင်း၊ တစ်ခုတိုင်းဟာ ကျွန်တော်တို့အားလုံးကို နာကျင်စေမယ့် အလားအလာတွေ ရှိနေပါတယ်´ ဟု Imams Online ၀ဘ်ဆိုက်၏ အယ်ဒီတာဖြစ်သူ ရှောင်ကသ် ၀ါရာအစ်ခ်ျက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် The Sunday Times သတင်းစာသို့ ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းရှိ စစ်သွေးကြွအဖွဲ့များသို့ မွတ်စလင်လူငယ်များ သွားရောက်ပူးပေါင်းကြသည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းက အဆိုပါ Imams Online ၀ဘ်ဆိုက် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းအရင်းဖြစ်သည်။

    အဆိုပါဝဘ်ဆိုက်တွင် အကြမ်းဖက်မှုများကို ရှုတ်ချသည့် အစ္စလာမ်သာသနာ၏ သင်ကြားမှုများ၊ လူငယ်များအတွက် လမ်းညွှန်ချက်များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး စသည့် ကဏ္ဍမျိုးစုံပါဝင်ပြီး အစ္စလာမ့်ဓမ္မပညာရှင်ပေါင်း ၁၄ ဦး၏ အစ္စလာမ့်ရေးရာ ဟောပြောပို့ချချက်များ၊ အသိပညာပေးဆောင်းပါးများနှင့် သတင်းများကိုလည်း ဖော်ပြထားသည်။

    ထို့ပြင် ပညာရေးနှင့်ပတ်သက်သည့် ကဏ္ဍနှင့် လူမှုရေးနှင့် ပတ်သက်သည့် ကဏ္ဍတို့ကိုလည်း ထည့်သွင်းထားသည်။ ထိုဝဘ်ဆိုက်မှတစ်ဆင့် အစွန်းရောက် ၀ဘ်ဆိုက်များကိုလည်း သတင်းပေးပို့နိုင်မည် ဖြစ်သည်။

    အစွန်းရောက်ဝါဒအား ဆန့်ကျင်သည့် ထိုကဲ့သို့ လှုပ်ရှားမှုမျိုးမှာ ယူကေတွင် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် ဇွန်လကလည်း စစ်ပွဲဖြစ်ပွားနေသည့် ဒေသများသို့ မသွားရန် ဗြိတိန်မွတ်စလင်များအား တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို နောက်ခံပေါင်းစုံမှ အစ္စလာမ်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် ၁၀၀ ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

    ဗြိတိန်တွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေ ခန့်မှန်းခြေ ၂.၇သန်းခန့် ရှိသည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ အကြမ်းဖက်မှုတုံ့ပြန်ရေး ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ဗြိတိန်မှလူငယ်များ စစ်သွေးကြွအဖွဲ့များသို့ သွားရောက်ခြင်းကို တားမြစ်ရန် ကြိုးစားခဲ့သည်။

    ထိုဥပဒေအရ နိုင်ငံရပ်ခြား စစ်သွေးကြွအဖွဲ့များနှင့် သွားရောက်ပူးပေါင်းသူများမှာ ဗြိတိန်သို့ ပြန်လာပါက ဖမ်းဆီးခြင်းကို ခံရမည်ဖြစ်သည်။ သို့သော်လည်း အချို့သော ဥရောပနိုင်ငံများတွင်ုထိုကဲ့သို့ ဖမ်းဆီးခြင်းမရှိဘဲ ပညာပေးမှုများကိုသာပြုလုပ်ပြီး အဆိုပါ နည်းလမ်းက ပိုမိုအောင်မြင်နေသည်။

    ဆီးရီးယားမှပြန်လာသော မွတ်စလင်လူငယ်အချို့ကလည်း မိမိတို့မှာ အာဏာရှင် အာဆတ်ကို ဖြုတ်ချရန် ဆီးရီးယားပြည်သူများ၏ ကြိုးစားမှုအား သွားရောက်ပံ့ပိုးပေးခြင်းဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များလုပ်ရန် ဆန္ဒဖြင့် သွားရောက်ခြင်းမဟုတ်ကြောင်း၊ ဗြိတိန်၏ ဥပဒေမှာ လူငယ်များအား အစွန်းတစ်ဘက်သို့ တွန်းပို့ခြင်းသာဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

    Imams Online  ဝဘ်ဆိုဒ်လိပ်စာ => http://imamsonline.com/

    ref: OnIslam

  • ပီအက်စ်ဂျီ တိုက်စစ်မှူး အီဗရာဟီမိုဗစ် အားကစား အ၀တ်အထည် ထုတ်မည်

    ပီအက်စ်ဂျီ တိုက်စစ်မှူး အီဗရာဟီမိုဗစ် အားကစား အ၀တ်အထည် ထုတ်မည်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media

    Ibrahimovic
    – ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဘောလုံးကစားသမားဘ၀နောက်ပိုင်း ဘ၀အထိုင်ချရန်အတွက် ၎င်း၏ ကိုယ်ပိုင်တံဆိပ်နှင့် အားကစားအ၀တ်အစားများ ထုတ်လုပ်ရောင်းချမည်ဟု သိရသည်။

    အီဗရာဟီမိုဗစ်မှာ ဆွီဒင်အ၀တ်အစားကုမ္ပဏီဖြစ်သော Dressmann နှင့် အကျိုးတူပူးပေါင်းကာ ထုတ်လုပ်သွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာVarner Ibrahimovic AS အမည်ဖြင့် ကုမ္ပဏီကိုလည်း ထူထောင်ခဲ့သည်။

    `ကမ္ဘာ့အကြီးအကျယ်ဆုံး အားကစားသမားတွေထဲက တစ်ယောက်နဲ့ အဆက်အသွယ်တစ်ခု ဖန်တီးနိုင်ခဲ့တဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်။ ဘောလုံးလောကမှာ သူရဲ့ စွမ်းဆောင်ရည်က စကားပြောသွားတာပါ။ သူရဲ့ နှစ်မြှုပ်မှုနဲ့ အရည်အသွေးတွေအတွက် ကျွန်တော်တို့ အရမ်းကို လေးစားပါတယ်´ ဟု Dressmann မှ မန်းနေးဂျင်းဒါရိုက်တာ ပီတာ ဗာနာက ပြောကြားခဲ့သည်။

    အီဗရာဟမိုဗစ်ကလည်း Dressmann နှင့် ကုမ္ပဏီတစ်ခု စတင်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ ထိုကုမ္ပဏီ၏ အယူအဆနှင့် အောင်မြင်ရန် စိတ်ဆန္ဒက မိမိနှင့် လိုက်ဖက်ကြောင်း၊ ပြည်သူများကြိုက်နှစ်သက်သည့် တံဆိပ် တစ်ခုဖြစ်ခြင်းက Dressman ကို မိတ်ဖက် အဖြစ်ရွေးချယ်ရန် မိမိအတွက် လွယ်ကူစေခဲ့ကြာင်း ပြောကြားခဲ့သည်။

    Dressmann မှာ စကင်ဒီနေးဗီးယားနိုင်ငံများတွင် လူကြိုက်များသည့် တံဆိပ် တစ်ခုဖြစ်ပြီး နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ အိုက်စလန်နှင့် ဂျာမနီနိုင်ငံများတွင် ဆိုင်ခွဲပေါင်း ၃၈၀ ကျော် ရှိသည်။

  • မြတ်ဗုဒ္ဓ ဘယ်သူ့ကိုမှ တရား မစွဲခဲ့ပါ။ (သူ့အမြင်)

    မြတ်ဗုဒ္ဓ ဘယ်သူ့ကိုမှ တရား မစွဲခဲ့ပါ။ (သူ့အမြင်)

    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသည်။
    10849839_1566909283521174_6959120524991980263_n
    ဒီနေ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထဲမှာ မြန်မာနိုင်ငံမှာ မြတ်စွာဘုရားကိုယ်တော်တိုင် သက်တော်ထင်ရှားရှိနေမယ်ဆိုရင် ဦးထင်လင်းဦး တရားစွဲခံရမယ်၊ အဖမ်းခံရမယ်၊ လက်ထိပ်ခတ်ခံရမယ် မထင်မိပါ။

    စိတ်ကူးယဉ် imaginary မေးခွန်းဖြစ်လွန်းပေမယ့် တွေးစရာတွေ နည်းနည်းလောက် ထပ်ပေးချင်ပါသေးတယ်။

    ဗုဒ္ဓဘာသာဝင်တိုင်းသိကြတဲ့ အခြေခံအကျဆုံး အောင်ခြင်းရှစ်ပါးကိုပဲ ကိုးကားချင်ပါတယ်။

    ‪‎ဦးထင်လင်းဦးလုပ်ရပ်ကိုတရားစွဲဖမ်းဆီးမယ်ဆိုရင်‬….

    မဘသလက်ချက်နဲ့ သစ္စကပရိဗိုဇ်လည်း ထောင်ကျပါလိမ့်မယ်။ အတ္တလား အနတ္တလား အယူပြိုင်တဲ့ဆီတောင် ရောက်မယ်မထင်မိပါဘူး။.. ဗုဒ္ဓရှင်တော်ကတော့ အနတ္တဖြစ်တယ်ဆိုတာကို နားလည်အောင်ရှင်းပေးနိုင်တဲ့အတွက် သစ္စကပရိဗိုဇ်ကို အနိုင်ယူကာ အောင်ခြင်းတစ်ပါး ဖြစ်လာခဲ့ပါတယ်။

    နန္ဒေပနန္ဒနဂါးမင်းလည်း မဘသကို ပြိုင်ဆိုင်မှုနဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးလက်ချက်နဲ့ သေချာပေါက် ခုတ်ထစ်သတ်ဖြတ်ခံရပါလိမ့်မယ်။ ဗုဒ္ဓရှင်တော်ကတော့ ရှင်မဟာမောဂ္ဂလန်ကို ခန္ဓာကိုယ်နှစ်ဆကြီးခိုင်းပြီး နဂါးကို မေတ္တာသက်သက်နဲ့ပဲ အနိုင်ယူခဲ့တဲ့အတွက် အောင်ခြင်းတစ်ပါး တိုးခဲ့ပါရဲ့…

    ဗကဗြဟ္မာကြီးလည်း ဗြဟ္မာဘုံ မြဲ၏ မမြဲ၏ ခေါင်းစားတာနဲ့ မဘသလက်ချက်နဲ့ အသက်ထွက်သွားပါလိမ့်မယ်။ ဗုဒ္ဓရှင်တော်ကတော့ ဗြဟ္မာတွေ အမေးကို သေချာ ရှင်းနိုင်တဲ့ အတွက် အောင်ခြင်းတစ်ပါး တိုးခဲ့ပြန်ပါတယ်။

    တိတ္ထိဆိုတာ အယူဝါဒလွဲသူ… တိတ္ထိတွေကို မြတ်ဗုဒ္ဓက တန်ခိုးချင်းပြိုင်ပြီး အနိုင်ယူခဲ့တယ်။ သရက်ဖြူသီးကိုဘုန်းပေး၊ အစေ့ကို ချက်ချင်းစိုက်၊ အပင်ပေါက်စေပြီး အသီးပြန်ဘုန်းပေးပြကာ တန်ခိုးပြာဋိဟာနဲ့ မေတ္တာရှေ့ထား အကြမ်းမဖက်ဘဲ အနိုင်ယူခဲ့တယ်။ ခုခေတ် မဘသတွေက တိတ္ထိတွေကို မီးနဲ့ရှို့၊ အိမ်တွေက မောင်းထုတ်၊ မဆက်ဆံရ၊ မရောင်းရ မ၀ယ်ရ အမိန့်ထုတ်ကာ အမုန်းတရားတန်ခိုးပြာဋိဟာနဲ့ အနိုင်ယူကြတယ်။ အမုန်းတရား ထားနေသရွေ့ ဘယ်တိတ္ထိမှ ဗုဒ္ဓ၀ါဒကို သက်ဝင် ယုံကြည် လာကြမယ် မထင်မိပါဘူး။ မေတ္တာဝါဒီဘုရားရှင်ကတော့ မေတ္တာသက်သက်နဲ့ပဲ အားလုံးကိုအနိုင်ယူကာ ဗုဒ္ဓ၀ါဒီတွေ ဖြစ်လာစေခဲ့ပါတယ်။

    စိဉ္စမာဏ၀ီကာပရိဗိုဇ်မဆိုရင် သေချာပါပြီ။ တရားပွဲထဲမှာတင် မဘသတပည့်တပန်းတွေ လက်ချက်နဲ့ ဗိုက်ကြီးပြုတ်ထွက်ရုံမကဘဲ အသက်လည်း ဘယ်အပေါက်က ထွက်သွားမယ် မသိ။ နတ်သားလေးဦး ကြွက်ယောင် မဆောင်ခင် စိဉ္စမာဏ သေနေပါပြီ။ မဘသခေတ်မှာဆိုရင် အောင်ခြင်းတစ်ပါးလည်း ပျောက်သွားလိမ့်မယ် ထင်မိပါတယ်။ မြတ်ဗုဒ္ဓကတော့ မေတ္တာနဲ့ပဲ စွပ်စွဲတာကို ချေပခဲ့ပြန်တယ်။

    ကပိလ၀တ်နဲ့ ကောလိယနှစ်ပြည်ထောင်ကြား ရောဟီဏီမြစ်ကိစ္စဆိုရင်လည်း မြတ်ဗုဒ္ဓက စစ်မဖြစ်အောင် မေတ္တာရှေ့ထား တားနိုင်ခဲ့ပါတယ်။ သွေးသံ တစ်စက် မြေ မကျခဲ့စေရပါဘူး။ မြန်မာဗုဒ္ဓ အမျိုးစောင့် မဘသ အဖွဲ့ကြီးသာ ရောဟီဏီမြစ် အရေး ကိုင်တွယ်လိုက်ရင်… မြစ်ရေဟာ သွေးရေ ဖြစ် သွားပါလိမ့်မယ်။ မြတ်ဗုဒ္ဓဟာ အလည်မှာပဲ ရပ်ခဲ့တယ်။ ဘက်မလိုက်ခဲ့ပါဘူး။ မျှတခဲ့ပါတယ်။

    အင်္ဂုလိမာလကတော့ အဖြစ် အဆိုးဆုံးဖြစ်လိမ့်မယ်။ လက်ညိုးဖြတ်တာနဲ့တင် သူ့ကို လည်ပင်းဖြတ်မယ့် အရိုးစည်းရိုးထိုးမယ့်ပုဂ္ဂိုလ်တွေနဲ့တွေ့ရင် ကြွပါပြီ။ မြတ်ဗုဒ္ဓရဲ့ လူသတ်သမား အပေါ်မှာတောင် မေတ္တာထားခဲ့တဲ့ အတွက် အဂုင်္လိမာလဟာ ရဟန်းဖြစ်လာခဲ့ပါတယ်။ အောင်ခြင်းတစ်ပါးလည်း တိုးခဲ့ရပြန်တယ်။

    အခုခေတ်မှာဆိုရင် မဘသလက်ချက်နဲ့ အရက်တန်ခိုးနဲ့ ဆိုးချင်တိုင်းဆိုးခဲ့တဲ့ နာလာဂိရိဆင်လည်း လမ်းပေါ်မှာတင် အသတ်ခံရမှာ အသေအချာပါပဲ။ အောင်ခြင်း တစ်ပါးကတော့ ပျောက်ပြန်ပါပြီ။

    အဓိကဆိုချင်တဲ့အချက်က မြတ်ဗုဒ္ဓက မေတ္တာရှေ့ထားပြီး အားလုံးကို မေတ္တာသက်သက်နဲ့ အနိုင်ယူခဲ့ပေမယ့် မြန်မာပြည်က ဗုဒ္ဓသားတော်တွေက အမုန်းတရားနဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးကို ထောင်မကျကျအောင် အဖမ်းမခံရ ခံရအောင် ဖိအားအမျိုးမျိုးပေးပြီး အနိုင်ယူခဲ့တာက အင်မတန် အံ့သြစရာပါ။

    အောင်ခြင်းရှစ်ပါးထဲက ပုဂ္ဂိုလ်တွေဟာ မြတ်ဗုဒ္ဓကို တိုက်ရိုက် လူချင်း မျက်နှာချင်းဆိုင်ပြီး စော်ကားပြိုင်ဆိုင်ခဲ့ကြပေမယ့် မြတ်ဗုဒ္ဓက အပြုံးမပျက် မေတ္တာသက်သက်နဲ့ တရားမစွဲခဲ့တဲ့အပြင် မြတ်ဗုဒ္ဓကိုလည်း တောင်းပန်စရာ မလိုဘဲ အပြုံးရဲရဲနဲ့ အံ့ဖွယ်သရဲ ခွင့်လွှတ်ခြင်းဖြင့် အနိုင်ယူခဲ့ပါတယ်။

    အခုဦးထင်လင်းဦးဟာ သူမှားတဲ့အတွက် အင်းစိန်ဆရာတော်ကြီး အပါအ၀င် ဘုန်းကြီးပေါင်းများစွာကို ကိုယ်တိုင်ဖြစ်စေ၊ စာရေးပြီးဖြစ်စေ ခြေဖ၀ါး ဦးခိုက် တောင်းပန် ခဲ့ပေမယ့် မကျေအေးနိုင် ဒေါသတွေ မငြိမ်းနိုင်ဖြစ်နေရတာကလည်း အံ့သြစရာပါ။

    မတူပါဘူး။ သေချာပါတယ်။ မြတ်ဗုဒ္ဓလမ်းစဉ်နောက်ကိုသာ လိုက်တဲ့ ဗုဒ္ဓသားတော်တွေသာဆိုရင်

    ‪‎တိတ္ထိမဟုတ်တဲ့‬…

    သစ္စကပရိဗိုဇ်လိုဗုဒ္ဓနဲ့အယူမပြိုင်တဲ့‬

    ‪‎စိဉ္စမာဏလိုဗုဒ္ဓကိုသိက္ခာမချတဲ့‬

    ‪‎အဂုၤလိမာလလို လူသတ္သမားမဟုတ္တဲ့‬

    ဦးထင်လင်းဦးလို သာမန် ဗုဒ္ဓဘာသာဝင် တစ်ဦးကို ဘုရားသားတော် မေတ္တာဝါဒီတွေက မေတ္တာရှေ့ထား ဘာကြောင့်များ ခွင့်မလွှတ်နိုင်သလဲ အကြိမ်ကြိမ်သာ တွေးနေမိပါတော့တယ်။

    ဆွေမွန်
    ၁၇ ဒီဇင်ဘာလ ၂၀၁၄

  • ဘိုကိုဟရမ် ကျဆုံးတော့မည်ဟု နိုင်ဂျီးရီးယား မွတ်စလင်ခေါင်းဆောင် ပြော

    ဘိုကိုဟရမ် ကျဆုံးတော့မည်ဟု နိုင်ဂျီးရီးယား မွတ်စလင်ခေါင်းဆောင် ပြော

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media

    Emir of Kano, Muhammed Sanusi II, leads evening prayers at Kano Central Mosque as part of his visit to inspect the premises in Kano
    – နိုင်ဂျီးရီးယားမြောက်ပိုင်းတွင် အကြမ်းဖက်မှုများ ပြုလုပ်နေသည့် ဘိုကိုဟရမ် လက်နက်ကိုင် အဖွဲ့မှာ ကျဆုံးတော့မည်ဟု နိုင်ဂျီးရီးယားရှိ သြဇာကြီးမားသော မွတ်စလင်ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ မုဟမ္မဒ် ဆာနူဆီ က ပြောကြားလိုက်သည်။

    `အကူအညီတွေလာနေပြီလို့ ကျွန်တော်ပြောပါတယ်။ အကြမ်းဖက်မှုဟာ ကျဆုံးတော့မှာပါ။ အားလုံးအတွက် လိုအပ်နေတာက ခေါင်းဆောင်ကောင်းတွေ၊ ထူးခြားတဲ့ သတ္တိတွေနဲ့ မတွန့်ဆုတ်တဲ့ ဆုံးဖြတ်ချက်တွေပါပဲ။ အောင်နိုင်မှုဟာ ကျွန်တော်တို့အတွက် ဖြစ်မှာပါ´ ဟု ဆာနူဆီက ပြီးခဲ့သည့် စနေနေ့တွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသား ဖော်ပြခဲ့သည်။

    နိုင်ဂျီးရီးယား ဗဟိုဘဏ် အကြီးအကဲဟောင်းဖြစ်ခဲ့သည့် ဆာနူဆီမှာ နိုင်ဂျီးယားမြောက်ပိုင်း ကာနိုပြည်နယ်ရှိ မွတ်စလင်ခေါင်းဆောင် အဖြစ် ယခုနှစ် အစောပိုင်းက ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်သည်။

    ဆာနူဆီမှာ ဘိုကိုဟရမ်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချသူ တစ်ဦး ဖြစ်ပြီး နိုင်ဂျီးယားပြည်သူများက ဘိုကိုဟရမ်အဖွဲ့အား တွန်းလှန်တိုက်ခိုက်မှုကိုလည်း အားပေးသူတစ်ဦးဖြစ်သည်။

    ငါးနှစ်တာကြာမြင့်နေပြီဖြစ်သည့် ဘိုကိုဟရမ်အဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်မှုများ အတွင်း လူပေါင်း ၁၃၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

    AFP

    ဓါတ်ပုံအညွှန်း- ကိုနိုပြည်နယ် ဗဟိုဗလီဝတ်ကျောင်းတွင် ဦးဆောင်ဝတ်ပြုနေသည့်  မုဟမ္မဒ် ဆာနူဆီ

  • ပါကစ္စတန်တွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သော အမှုများ အတွက် သေဒဏ်ပြစ်ဒဏ် ဆိုင်းငံခြင်း အဆုံးသတ်

    ပါကစ္စတန်တွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သော အမှုများ အတွက် သေဒဏ်ပြစ်ဒဏ် ဆိုင်းငံခြင်း အဆုံးသတ်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media
    c625da93-a609-4ea8-ad95-4bcb0ae7df11_16x9_600x338
    – အကြမ်းဖက်မှုနှင့် ဆက်စပ်သော အမှုများအတွက် သေဒဏ်များ ဆိုင်းငံ့ထားခြင်းကို အဆုံးသတ်တော့မည်ဟု ပါကစ္စတန် ၀န်ကြီးချုပ်ရုံးက ယနေ့တွင် ကြေညာလိုက်သည်။

    ယမန်နေ့က ပါကစ္စတန်မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို တာလီဘန်များက ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့် ကလေး ၁၂၀ အပါအ၀င် လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပြီးနောက် ၀န်ကြီးချုပ်က သေဒဏ်ဆိုင်းငံ့ထားမှုကို ရုပ်သိမ်းရန် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    `အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ သေဒဏ်ချမှတ်မှုတွေနဲ့ပတ်သက်ပြီး ဆိုင်းငံ့ထားခြင်းကို ပယ်ဖျက်ဖို့အတွက် ၀န်ကြီးချုပ်က အတည်ပြုလိုက်ပါပြီ´ ဟု ၀န်ကြီးချုပ် နာဝက်ဇ်ရှရှစ်ဖ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ သေဒဏ်ဆိုင်းငံ့မှု ပယ်ဖျက်ခြင်းမှာ အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် အမှုများအတွက်သာ အကျုံးဝင်မည်ဖြစ်ပြီး သာမန်ပြစ်မှုများအတွက်မူ ယခင်အတိုင်း သေဒဏ်ဆိုင်းငံ့မှု ဆက်လက်ရှိနေမည် ဖြစ်သည်။

    စာသင်ကျောင်းအား တိုက်ခိုက်မှုအတွက် ပါကစ္စတန် တာလီဘန်အဖွဲ့က တာဝန်ယူခဲ့ပြီး၊ အာဖဂန်ရှိ တာလီဘန်အဖွဲ့ကမူ ထိုလုပ်ရပ်အား ကြေညာချက်ထုတ်ကာ ရှုတ်ချခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် ၃ ရက်တာဝမ်းနည်ဖွယ်နေ့အဖြစ် ၀န်ကြီးချုပ်က သတ်မှတ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ပါကစ္စတန်ပြည်သူများ ကလည်း သေဆုံးသွားသူအားလုံး အတွက် ဆုမွန်ကောင်းတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

    Al Arabiya News