News @ M-Media
Blog
  • ရုရှား၏ အကူအညီဖြင့် အိန္ဒိယတွင် နျူဓာတ်ပေါင်းဖိုများ တည်ဆောက်မည်
    ရုရှား၏ အကူအညီဖြင့် အိန္ဒိယတွင် နျူဓာတ်ပေါင်းဖိုများ တည်ဆောက်မည်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၄
    M-Media
    Vladimir Putin, Narendra Modi
    – နိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးမြှင့်ရေး အတွက် အနည်းဆုံး နျူကလီးယား ဓာတ်ပေါင်းကို ၁၀ ခုကို ရုရှား၏ အကူအညီဖြင့် ဆောက်လုပ်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆွေးနွေးမှု အပြီးတွင် အိန္ဒိယ ၀န်ကြီးချုပ် နရန်ဒါ မိုဒီက ပြောကြားလိုက်သည်။
    ရုရှားသမ္မတ ပူတင်နှင့် မိုဒီတို့ ယမန်နေ့က တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ ဓာတ်ပေါင်းဖိုများ ဆောက်လုပ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်ပြီး အာရှတွင် ကာကွယ်ရေးနှင့် မဟာဗျူဟာ နည်းလမ်း ခိုင်မာရေးတို့အတွက်လည်း ဆွေနွေးခဲ့ကြသည်။
    `အခုအချိန်မှာ အိန္ဒိယဟာ ဖွံဖြိုးတိုးတက်ဖို့ အတွက်သာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စနည်းများနဲ့ ပတ်သက်ပြီး နည်းပညာတွေကို မျှဝေဖို့ ရုရှားဆီက မျှော်လင့်နေပါတယ်´ ဟု ဒေလီအခြေစိုက် Observer Research Foundation မှ အကြီးတန်း ပညာရှင် အန်နီကရစ်ရှ်နန်က ပြောကြားခဲ့သည်။
    အာဏာရပြီးနောက်ပိုင်း မိုဒီမှာ အမေရိကန်နှင့် နီးကပ်သော ဆက်ဆံရေးရှိအောင် ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ရုရှားအပေါ် ပိတ်ဆို့မှုကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
    ပူတင်၏ အိန္ဒိယသို့ လာရောက် လည်ပတ်မှုအတွင်း ခရိုင်းမီယား၏ ယာယီခေါင်းဆောင် ဆာဂျီ အက်ဆယိုနောဗ့်ကလည်း ဒေလီတွင် အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
    Agencies
  • အီဘိုလာ တိုက်ဖျက်ရေး အတွက် ဆော်ဒီမှ ဒေါ်လာ ၃၅ သန်း လှူဒါန်း
    အီဘိုလာ တိုက်ဖျက်ရေး အတွက် ဆော်ဒီမှ ဒေါ်လာ ၃၅ သန်း လှူဒါန်း
    ဒီဇင်ဘာ ၁၂၊ ၂၀၁၄
    M-Media
    Liberia Ebola
    – အာဖရိက နိုင်ငံများတွင် ပြန့်နှံ့နေသည့် အီဘိုလာကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံမှ ဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က ကန်ဒေါ်လာ ၃၅ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။
    ဆော်ဒီဘုရင်ကြီး၏ ထိုကဲ့သို့ လှူဒါန်းမှုကို အစ္စလာမ်ဖွံ့ဖြိုးရေးဘဏ် IDB ဥက္ကဌ ဒေါက်တာ အဟ်မဒ် မိုဟာမက် အလီက ယမန်နေ့တွင်ကြေညာခဲ့ခြင်းဖြစ်ပြီး Saudi Press သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
ုဘုရင်ကြီး၏ ထိုလှူဒါန်းငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ရောဂါပိုးရှိမရှိ စစ်ဆေးသည့် ကိရိယာများကို အီဘိုလာပြန့်နှံ့နေသော နိုင်ငံများရှိ စာသင်ကျောင်းများတွင် တပ်ဆင်မှုလည်း ပါဝင်ပြီး ထိုသို့ တပ်ဆင်မှုက ရောဂါပိုးရှိသူများကို ဖော်ထုတ်နိုင်မည်ဖြစ်ကာ အခြားသူများအား ကူးစက်ခြင်းမရှိမီ ကုသမှုကို စောစီးစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
    ထိုအစီအစဉ်များအား အကောင်အထည်ဖော်မှုများကို IDB က ဆောင်ရွက်သွားမည်ဟု အလီက ထည့်သွင်း ပြောကြားခဲ့သည်။
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အီဘိုလာ ပြန့်နှံ့မှုအား ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ထိန်းချုပ်နိုင်ရမည်ဟု မျှော်မှန်းထားခဲ့သော်လည်း ပြည့်မီခဲ့ခြင်းမရှိဘဲ  ရောဂါပိုး ကူးစက်ပြန့်နှံ့မှုနှင့် သေဆုံးမှုများမှာ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသည်။ ထို့ပြင် မိမိတို့၏ အီဘိုလာ တိုက်ဖျက်ရေး လှုပ်ရှားမှုများ နှေးကွေးနေသည်ဟုလည်း WHO က မကြာသေးမီကပင် ၀န်ခံခဲ့သည်။
  • လီဗာပူးလ် မတိုးတက်ပါက ရော်ဂျာထွက်ရမည်ဟု ကစားသမားဟောင်းဆို
    လီဗာပူးလ် မတိုးတက်ပါက ရော်ဂျာထွက်ရမည်ဟု ကစားသမားဟောင်းဆို
    ဒီဇင်ဘာ ၁၂ ။ ၂၀၁၄
    M-Media
    23EBF1E700000578-0-image-a-20_1418259639103
    – အသင်း၏ ရလဒ်များ သိသိသာသာ တိုးတက်လာခြင်း မရှိပါက နည်းပြ ဘရန်ဒန်ရော်ဂျာအား ထုတ်ပယ်ရန်အတွက် လီဗာပူးလ်မှာ ဖိအားပေးခံရမည်ဟု အသင်း၏ ဂန္တ၀င်ကစားသမား စတီဗ် နီကိုးလ်က ပြောကြားလိုက်သည်။
    လီဗာပူးလ်မှာ ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးဝါးနေပြီး ချန်ပီယံလိဂ်တွင်လည်း နောက်တစ်ဆင့်မည့် အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ စိတ်ပျက်ဖွယ် ခြေစွမ်းဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
    ထို့ကြောင့် နည်းပြအပေါ် ဝေဖန်မှုများ ရှိနေပြီး စတီဗ်နီကိုးလ်ကမူ အသင်းတွင် ရွေးချယ်စရာမရှိဟု ဆိုသည်။
    `တကယ်လို့များ ပြောင်းလဲမှု ရှိမလာဘူးဆိုရင် ဘရန်ဒန်ဟာ ပေးဆပ်ရမှာပါ။ အခုလို ပုံစံအတိုင်း ဆက်သွားလို့ကတော့ သူတို့မှာ ရွေးချယ်စရာရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ ဇယားရဲ့ အလယ်မှာတောင် ရှိမနေပါဘူး။ လူအများစုကလည်း လီဗာပူးလ်ဟာ ထိပ်ဆုံး လေးသင်း ၀င်မယ်လို့ မထင်တော့ပါဘူး´ ဟု နီကိုးလ်က ပြောကြားလိုက်သည်။
    ရော်ဂျာမှာ ယခုနှစ် ဘောလုံးရာသီအစကမှ အသင်းနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သော်လည်း ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် ရော်ဂျာအား ထုတ်ပယ်ရန် တောင်းဆိုမှုများ များပြားလာခဲ့သည်။
    နီကိုးလ်ကမူ ရော်ဂျာမှာ အသင်း ပိုမိုကောင်းမွန်လာရန် ကစားသမားသစ်ဖြည့်တင်းရမည် ဖြစ်ကြောင်း သို့မှသာ လမ်းကြောင်းတစ်ခု ပြောင်းသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
  • အဂူရိုနှင့် တိုးယေး မပါသော်လည်း အနိုင် ကစားနိုင်သည်ဟု မန်စီးတီး ကွင်းလယ်လူ နာဆရီဆို
    အဂူရိုနှင့် တိုးယေး မပါသော်လည်း အနိုင် ကစားနိုင်သည်ဟု မန်စီးတီး ကွင်းလယ်လူ နာဆရီဆို
    ဒီဇင်ဘာ ၁၂ ။ ၂၀၁၄
    M-Media
    708692_heroa
    – အဂူရိုနှင့် ယာယာတိုးယေးတို့ မပါဝင်သော်လည်း မိမိတို့အသင်းမှာ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည်ကို ရိုးမားနှင့်ပွဲတွင် ပြသနိုင်ခဲ့ကြောင်း မန်တီးတီးကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။
    ယနေ့နံနက် ရောမတွင် ကစားခဲ့သော ရိုးမားနှင့်ပွဲတွင် အသင်း၏ အဓိက ကစားသမားများဖြစ်သည့် တိုးယေးနှင့် အဂူရိုတို့ မပါဝင်နိုင်ခဲ့သော်လည်း မန်စီးတီးမှာ ၂ ဂိုး ပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ တက်ရောက်ခဲ့သည်။
    ထိုပွဲတွင် နာဆရီမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါသည့် ဦးဆောင်ဂိုးကိုလည်း ဧရိယာအပြင်မှ လှပစွာ ကန်သွင်းပေးခဲ့သည်။
    `အသင်းရဲ့စွမ်းဆောင်ရည်ကတော့ အံ့သြစရာပါပဲ။ ခွဲစိတ်ပြီးတဲ့နောက် ပြည့်ဝတဲ့အဆင့်ကို ပြန်ရောက်ဖို့အတွက် အချိန်အနည်းငယ် ယူခဲ့ရတာကြောင့် ဒီလို ဂိုးသွင်းနိုင်တာဟာ ကျွန်တော့်အတွက် အရေးပါပါတယ်။ ယာယာ (တိုးယေး) မပါဘူး။ ကွန် (အဂူရို) မပါဘူး။ အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာ ပြသနိုင်ပြီး အကောင်းဆုံး လုပ်နိုင်ခဲ့တာက ကျွန်တော်တို့အတွက် အရေးပါပါတယ်´ ဟု နာဆရီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ၁ ဂိုး ဂိုးမရှိဖြင့် မန်စီးတီးက ဦးဆောင်နေချိန်တွင် ရိုးမားအသင်း၏ အပိုင်ဂိုးသွင်းခွင့်အချို့ကို ကာကွယ်နိုင်ခဲ့သည့် ဂိုးသမား ဂျိုးဟတ်ကိုလည်း နာဆရီက ချီးကျူးခဲ့သည်။
    ရိုးမားနည်းပြ ဂါစီယာကမူ ချန်ပီယံလိဂ်အရှုံးကို မေ့ပစ်ပြီး စီးရီးအေတွင် အာရုံစိုက်ရန်အတွက် ကစားသမားများအား တိုက်တွန်းခဲ့သည်။
  • မွတ်ဆလင်တွေဘက်ကလိုက်သည့် အမှုလိုက်ရှေ့နေ ခြိမ်းခြောက်ခံရ
    မွတ်ဆလင်တွေဘက်ကလိုက်သည့် အမှုလိုက်ရှေ့နေ ခြိမ်းခြောက်ခံရ
    477x315xTaung-Gyi.jpg.pagespeed.ic.5vROPwDqTL
    မွတ်ဆလင် သတို့သား သတိုးသမီးအပါအ၀င် မင်္ဂလာပွဲသွားရင်း ဖမ်းဆီးတရားစွဲခံရသူတွေရဲ့ အမှုကို လိုက်ပါတဲ့အတွက် အပုပ်ချခြိမ်းခြောက် မှုတွေ ရင်ဆိုင်နေရတယ်လို့ ရှမ်းပြည်နယ် တောင်ကြီးမြို့ က ရှေ့နေ ဒေါ်ခင်မို့မို့က ဒီဗွီဘီကို ပြောပါတယ်။
    လွန်ခဲ့တဲ့ ၄ လခန့်က ကွန်ဟိန်းမြို့မှာ မင်္ဂလာဆောင်သွားတဲ့ အစ္စလာမ်ဘာသာဝင် အဖွဲတဖွဲ့ကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ကွန်ဟိန်းမြို့အ၀င်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
    ဖမ်းဆီးခံရသူတွေဟာ တောင်ကြီးမြို့မှာနေထိုင်သူ ၆ ဦးပါဝင်ပြီး ကျန်သူတွေကတော့ ကျောက်ဆည်မြို့နယ် လက်ပံရွာသားတွေအပါအ၀င် အားလုံး ၁၄ ဦးပါဝင်ပါတယ်။ ဒီနောက် သတို့သမီးနဲ့ သတို့သားအပါအ၀င် ၆ ဦး ထပ်မံဖမ်းဆီးခဲ့ပြီး သူတို့တတွေကို လက်နက်တစုံတရာနဲ့ တိုင်းပြည်ဆူအောင် လုပ်ဆောင်မှုပုဒ်မ ၅ (ဋ္ဌ) နဲ့ ပြည်ထောင်စု ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅(ည) နဲ့ တရားစွဲ ပြီး ရုံးထုတ် စစ်ဆေးနေတာပါ။
    မွတ်ဆလင်တွေဘက်က ရှေ့နေလိုက်လို့ တိုက်ခိုက်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ရတယ်လို့ တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှေ့နေ ဒေါ်ခင်မို့မို့က ပြော ပါတယ်။
    “ရုံးချိန်းရှိတဲ့နေ့မှာ တရားရုံးရှေ့မှာ ဘုန်းကြီးတွေ လာတယ်။ ရှေ့ပိုင်းတုန်း ကဆိုရင် စာရွက်တွေပါဝေတယ်။ နောက်တခါ စွမ်းအားရှင်အဖွဲ့တွေကလည်း ရုံးချိန်းမှာဆိုရင် ရုံးရှေ့လာပြီး တော့ ဒီအမှုက မိသားစုတွေကို ရန်စချင်တာမျိုးတွေ၊ ဒီ ဖေ့ဘုတ်တွေမှာတော့ ပေါ်ပေါ်တင်တင်ကို အပုပ်ချတာတွေ လုပ်နေတယ်။ ဒီ ဒီဇင်ဘာအကုန်မှာ ဒီအမှုက လုံးဝ ပြီးသွားတော့မှာ အဲဒီအချိန်မှာက တရားမျှတမှုမရအောင် တရားရုံးကို စောင့်ကြည့်နေတယ်။ ဒီအမှုမှာ ပြစ်ဒဏ်နည်းရင်တော့ ငါတို့က ဆူမှာပဲဆိုပြီး စာတွေပို့တာတွေ ရှိတယ်။”
    တောင်ကြီးခရိုင်တရားရုံးမှာ အပတ်စဉ် တနင်္လာနေ့နဲ့ ကြာသာပတေးနေ့တွေမှာ စစ်ဆေးနေ ပါတယ်။ တောင်ကြီးမြို့မရဲစခန်းကတော့ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး လူစုလူဝေးလည်းမရှိသလို အားလုံးကတော့ အေးအေးချမ်းချမ်းပဲလို့ ပြောပါတယ်။
    တရားစွဲဆိုခံရတဲ့ တောင်ကြီးမြို့ခံတဦးရဲ့ အမည်မဖော်လိုသူ ဖခင်ကတော့ အာဏာပိုင်တွေဟာ သားကို စဖမ်းသွားကတည်းက ဘယ်မှာထားတယ်ဆိုတာ မပြောဘဲ ထောင်ရမန်ယူတဲ့အချိန် တလကြာမြင့်မှ သားနဲ့ တွေ့ခွင့်ရတယ်လို့ ပြောပါတယ်။ တရားစွဲခံမွတ်ဆလင်တွေဘက်က အမှုလိုက်မယ့်ရှေ့နေ ခက်ခက်ခဲခဲ ရှာဖွေရတယ်လို့ သူက ပြောပါတယ်။
    “တွေ့တော့ ကလေးတွေက ငိုကြတာပေါ့ဗျာ။ သူတို့ကို ရှေ့နေငှားပေးပါ သိပ်ဒုက္ခ ရောက်တာပေါ့။ ကျနော်လည်း ရှေ့နေငှားတယ် ဒါပေမယ့် ရှေ့နေတွေက မလိုက်ရဲကြဘူး ဗျာ။ ဘယ်သူ့မှမလိုက်ရဲတော့ ကျနော်က မဖြစ်ဖြစ်အောင်တော့ ဒေါ်ခင်မို့မို့ကို သွားပြီး အကူအညီတောင်းရတာပေါ့။ ဘယ်သူကမှလည်း မလိုက်ရဲကြဘူးဆိုတော့ ဒေါ်ခင်မို့မို့က လိုက်ပေးပါတယ်။”
    ဒါ့အပြင် တရားလိုထွက်ဆိုချက်အရ ဖမ်းဆီးခံထား ရသူတွေဟာ ပြစ်ချက်မရှိတဲ့အတွက် လွှတ်ပေးဖို့လည်းတောင်းဆိုပါတယ်။
    “အမှန်ကတော့ သူတို့ ပြစ်ချက်ကလည်း မရှိဘူးဗျာ။ ဗိုလ်ကြီးဇေယျာလင်းဆိုတာ တရား လိုပေါ့ဗျာ။ သူ့ရဲ့ထွက်ဆိုချက်ထဲမှာလည်း ဘာစာရွက်စာတန်းမှလည်း မမိဘူး။ ဘာလက်နက် ပစ္စည်းမှလည်း မမိခဲ့ဘူး။ ဆိုတော့ ဒီကလေးတွေမှာ အပြစ်မရှိဘဲ ဒီလိုပုဒ်မကြီး တပ်ထားတာ လည်း မသင့်လျော်ဘူးပေါ့ဗျား။ ပုဒ်မကို ပြန်ပြောင်းရင်လည်းပြောင်း မပြောင်းရင်လည်း လွတ်ပေးပေါ့ ကလေးတွေက အပြစ်မှ မရှိဘဲ။” မင်္ဂလာဆောင်ကို အကြောင်းပြုပြီး လူ ၂၀ က အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်မယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီး တရားစွဲခံနေကြရတာဖြစ်ပါတယ်။
    DVB မှ ကူးယူဖော်ပြသည်။
    တောင်ကြီးမြို့ (ဓာတ်ပုံ – Shan News)
    http://burmese.dvb.no/archives/73343
    ဆက်စပ်သတင်းများ ဖတ်ရန်။
    —————————-
    အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့ စွဲဆိုထားတဲ့ တောင်ကြီးက အမှုအခြေအနေ (ဆက်သွယ်မေးမြန်းချက် အသံဖိုင်)
    https://soundcloud.com/bbcburmese/daw_khin_moe_moe_8_dec
    တောင်ကြီးမှာ ဖမ်းခံထားရတဲ့ မွတ်စလင်၂၀ဦး အကြောင်း ၄င်းတို့ ရှေ့နေနှင့်တွေ့ဆုံခန်း
    http://www.m-mediagroup.com/news/32824
    မွတ်စလင် ၂၀ ဦး အကြမ်းဖက် ဆက်နွှယ်မှုဖြင့် တရားရင်ဆိုင်နေရ
    http://www.m-mediagroup.com/news/35114