News @ M-Media

Blog

  • မိမိတို့ဝန်ကြီးအား အစ္စရေးစစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်း သမ္မတပြော

    မိမိတို့ဝန်ကြီးအား အစ္စရေးစစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်း သမ္မတပြော

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media

    filistinli-bakan-killed
    – အနောက်ဖက်ကမ်း ဆန္ဒပြမှုအတွင်း သေဆုံးသွားခဲ့သည့် မိမိတို့၏ ၀န်ကြီး ဇိုင်အဒ် အဘူအင်အား အစ္စရေးစစ်သားက သတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်မှာ ရာဇ၀တ်မှုမြောက်ပြီး ရိုင်းစိုင်းသော လုပ်ရပ်ဖြစ်သည်ဟု ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်က ပြောကြားလိုက်သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးက တရားမ၀င်အိမ်ရာများ ဆောက်လုပ်မှုကို ကန့်ကွက်သည့်အနေဖြင့် ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုအတွင်း အစ္စရေး စစ်တပ်မှ အရာရှိတစ်ဦးက ပါလက်စတိုင်း ကတ်ဘိနတ် အဖွဲ့ဝင်ဖြစ်သော အဘူအင်၏ လည်မြိုကို ညှစ်ခဲ့ပြီးနောက် အဘူအင်မှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

    ထိုကိစ္စအတွက် တုံ့ပြန်မှုပြုလုပ်ရန် အဘတ်စ်မှာ အစိုးရအရာရှိများ၊ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့တို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး နည်းလမ်းအားလုံးကို ဖွင့်ထားသည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းများနှင့် နိုင်ငံရပ်ခြားမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သော အဆိုပါ ဆန့်ကျင်ဆန္ဒပြမှုကို အစ္စရေးရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့သည်။

    ထိုအဖြစ်အပျက်ကို ရိုက်ထားသော ဗီဒီယိုတွင် အဘူအင်မှာ ရဲတပ်ဖွဲ့အား မည်သည့် တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့ဘဲ ရဲအရာရှိတစ်ဦးက ၎င်း၏ လည်ပင်းကို ညှစ်ခဲ့ပြီးနောက် မူးမေ့လဲကျသွားခဲ့ကာ ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း သေဆုံးခဲ့ရသည်။

    ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးကမူ အစ္စရေးရဲများမှာ အဘူအင်ကို ဆိုင်ကယ်ဦးထုပ်ဖြင့် ရိုက်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်တွက် အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေ ယာလွန်က တောင်းပန် ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    Al Jazeera and agencies

  • မာလာလာနှင့် ဆက်ယာသီတို့ နိုဘယ်ဆု လက်ခံရယူ

    မာလာလာနှင့် ဆက်ယာသီတို့ နိုဘယ်ဆု လက်ခံရယူ

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media

    7F9C802A-3B05-407C-8A21-10380CBC4D03_mw1024_s_n
    – ယခုနှစ် ငြိမ်ချမ်းရေး နိုဘယ်ဆုရရှိခဲ့သော ပါကစ္စတန်မှ မာလာလာ ယူစွဖ်ဇိုင်နှင့် အိန္ဒိယမှ ကိုင်လက်ရှ် ဆက်ယာသီတို့မှာ ယမန်နေ့က နိုဘယ်ဆုကို လက်ခံရယူခဲ့ကြသည်ဟု သိရသည်။

    တာလီဘန်တို့၏ လုပ်ကြံမှုမှ လွတ်မြောက်လာခဲ့သည့် မာလာလာမှာ အမျိုးသမီးငယ်များ၏ ပညာရေးအတွက် ဦးဆောင်လှုပ်ရှားမှုကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ဆက်ယာသီမှာ အိန္ဒိယရှိ ချို့တဲ့သော ကလေးငယ်များ၏ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုအတွက် ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    `မိန်းကလေးငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက်၊ တစ်ယောက်က ပါကစ္စတန်က မွတ်စလင်၊ နောက်တစ်ယောက်က အိန္ဒိယ ဟိန္ဒူ၊ ဒီနှစ်ယောက်စလုံးဟာ ကမ္ဘာကြီးက လိုအပ်နေတဲ့ ညီညွတ်ရေး လက္ခဏာတွေပါပဲ။ နိုင်ငံတွေအကြား ညီရင်းအကိုလို ချစ်ကျည်ရင်းနှီးမှုပါပဲ´ ဟု ယမန်နေ့က နော်ဝေနိုင်ငံ အော်စလိုတွင် ကျင်းပပြုလုပ်ခဲ့သော နိုဘယ်ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီမှ သော့ဘ်ဂျိုအာန်း ဂျာဂ်လန်က ပြောကြားခဲ့သည်။

    အိန္ဒိယမှ အသက် ၆၀ အရွယ်ရှိ ဆက်ယာသီမှာ ကလေးငယ် ထောင်ပေါင်း များစွာကို ကျေးကျွန်ဆန်ဆန် အလုပ်သမားဘ၀မှ လွတ်မြောက်စေခဲ့သူဖြစ်သည်။

    `ကမ္ဘာကြီးဟာ အရမ်းဆင်းရဲတယ်ဆိုတာ ကျွန်တော် လက်မခံပါဘူး။ ကမ္ဘာတစ်ဝှမ်းက တစ်ပတ်တာ စစ်အသုံးစားရိတ်ဟာ ကလေးတွေအားလုံးကို စာသင်းခန်းထဲရောက်ဖို့ အတွက် လုံလောက်ပါတယ်´ ဟု ဆက်ယာသီက ဆုလက်ခံရယူပြီနောက် ပြောကြားခဲ့သည်။

    အသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်သည့် မာလာလာမှာ ကမ္ဘာ့အသက် အငယ်ဆုံး နိုဘယ်ဆုရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူမ၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုများအတွက် ကုလနှင့် ဘက်ကင်မ်ဟမ် နန်းတော်တို့အပါအ၀င် ကမ္ဘာတစ်လွှားမှ ဂုဏ်ပြုဆုများကိုလည်း ရရှိခဲ့သူဖြစ်သည်။

    နိုဘယ်ဆု လက်ခံမရယူခင်အလျင် မာလာလာမှာ အော်စလိုမြို့၌ ကလေးငယ်ပေါင်း ၇၀၀၀ နှင့်လည်း တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံခြင်းက မိမိအား ခွန်အားများရရှိစေသည့် ကျွဲရိုင်းဘူးထက်ပင် ပိုမိုသည်ဟု ပြောကြားခဲ့သည်။

    Al Jazeera And Reuters

  • ဘေဆယ် ပရိတ်သတ်များ ဆိုရှယ်မီဒီယာများမှ တစ်ဆင့် လီဗာပူးလ် အား လှောင်ပြောင်

    ဘေဆယ် ပရိတ်သတ်များ ဆိုရှယ်မီဒီယာများမှ တစ်ဆင့် လီဗာပူးလ် အား လှောင်ပြောင်

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media

    23ECF18C00000578-2867795-image-a-3_1418171532244
    – ယနေ့နံနက်က အန်ဖီးလ်ကွင်းတွင် ၁ ဂိုးစီ သရေကစားခဲ့ပြီး လီဗားပူလ်အား ချန်ပီယံလိဂ်မှ ထွက်စေခဲ့ပြီးနောက် ဘေဆယ်ပရိတ်သတ်များမှာ ဆိုရှယ်မီဒီယာများတွင် လီဗာပူးလ်အား လှောင်ပြောင်သည့် ကာတွန်များ၊ မှတ်ချက်များကို ရေးသား ဖော်ပြခဲ့ကြသည်။

    အဆိုပါပွဲတွင် ဘေဆယ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားပုံလည်း ကောင်းမွန်ခဲ့ကာ လီဗာပူးလ်အား အခက်တွေ့စေခဲ့သည်။ လီဗာပူးလ်မှာ မိနစ် ၆၀ တွင် တစ်ယောက်အထုတ်ခံခဲ့ရပြီး ဂျရတ်က ပွဲပြီးကာနီးတွင် ချေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း လိုအပ်နေသည့် အနိုင်ဂိုးကို မရခဲ့သောကြောင့် အုပ်စုအဆင့်ဖြင့်ပင် ကျေနပ်ခဲ့ရသည်။

ုထိုပွဲပြီးနောက် ဘေဆယ်ပရိတ်သတ်များက ဆိုရှယ်မီဒီယာများတွင် လီဗာပူးလ်အသင်းအား လှောင်ပြောင်ခဲ့ပြီး ထိုအထဲမှ ကာတွန်းတစ်ခုတွင် ချယ်ဆီးနှင့် စပါးအသင်းကို ကိုယ်စားပြုထားသည့် လူ ၂ ယောက်မှာ လီဗာပူးလ်အသင်းကို ကိုယ်စားပြုထားသည့် လူတစ်ယောက်အား တွဲခေါ်သွားသည့် ပုံကို ဖော်ပြထားသည်။

    ဘေဆယ်မှာ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်တွင် ချယ်ဆီးအား စတမ်းဖို့ဘရစ်ခ်ျ၌ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်တွင်လည်း စပါးအသင်းကို ဖြုတ်ချနိုင်ခဲ့ကာ ထိုအဖြစ်အပျက်နှစ်ခုကို ပေါင်းစပ်၍ အဆိုပါ ကာတွန်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

    လီဗာပူးလ်အသင်းခေါင်းဆောင် ဂျာရတ်ကမူ မိမိတို့အသင်းမှာ ဘေဆယ်နှင့် ပွဲတွင် ကစားပုံမကောင်းခဲ့ကြောင်း ထို့ပြင် နောက်တစ်ဆင့်တက်ရန်လည်း မထိုက်တန်ခဲ့ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Daily Mail

  • ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသော အဆင့်ကို ရောက်ရှိမည်ဟု တိုက်စစ်မှူး ပေါ့ဘာဆို

    ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသော အဆင့်ကို ရောက်ရှိမည်ဟု တိုက်စစ်မှူး ပေါ့ဘာဆို

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media
    703812_heroa
    – အက်သလက်တီကိုအား သရေကစားကာ နောက်တစ်ဆင့်တက်ရောက်ခဲ့သည့် မိမိတို့အသင်းမှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသည့် အဆင့်ကို ရောက်ရှိ လိမ့်မည်ဟု ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ပေါ့ဘာက ပြောကြားလိုက်သည်။

    ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်အစပိုင်းတွင် ခြေစွမ်း မပြနိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် ပုံစံမှန်ပြန်ရလာခဲ့ပြီး ယနေ့နံနက် ပွဲစဉ်ပြီးနောက် အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

    `ကျွန်တော်တို့အသင်းဟာ ရှေ့ကိုပိုသွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ပါတယ်။ ဒါပေမယ့် ပွဲတွေဟာ မလွယ်ကူနိုင်တာကြောင့် ပိုမိုပေးဆပ်ဖို့တော့ လိုပါလိမ့်မယ်´ ဟု ပေါ့ဘာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် အက်သလက်တီကို၏ အပိုင်ဂိုးသွင်းခွင့်အချို့ကို စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့သည့် ၀ါရင့်ဂိုးသမား ဘူဖွန်ကလည်း အသင်း၏ နောက်တစ်ဆင့် တက်မှုအတွက် ချီးကျူးပြောဆိုခဲ့သည်။

    `အုပ်စု ပထမ၊ ဒုတိယ နေရာဆိုဟာ နည်းနည်းပဲ ကွာခြားတာပါ။ မကြာခင်မှာပဲ အတောင့်တင်းဆုံးအသင်းနဲ့ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်´ ဟု ပြောကြားခဲ့သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ မဲခွဲခြင်းကို လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

  • မီဒီယာများ၏ တရား မမျှတမှု ပြောင်းလဲပစ်ရန် ကင်ညာ မွတ်စလင်များ တောင်းဆို

    မီဒီယာများ၏ တရား မမျှတမှု ပြောင်းလဲပစ်ရန် ကင်ညာ မွတ်စလင်များ တောင်းဆို

    ဒီဇင်ဘာ ၁၂ ။ ၂၀၁၄
    M-Media
    10-12-14_Islamophobic-Media-Concerns-Kenya-Muslims
    – နိုင်ငံအတွင်း အဓိကမီဒီယာများက အကြမ်းဖက်သတင်းများအား ဖော်ပြသည့် နည်းလမ်းများကို လုံးဝပြောင်းလဲပစ်ရန်အတွက် ကင်ညာ မွတ်စလင်များက တောင်းဆို လိုက်ပြီး ယခုလက်ရှိ ပရော်ဖက်ရှင်နယ် မပီသည့် သီတင်းဖော်ပြမှုက နိုင်ငံအတွင်း အခြေအမြစ်မရှိသော အစွဲအလမ်း နှင့် အစ္စလာမ်ကြောက်ရောဂါတို့ကို မီးထိုးပေးနေသည်ဟု သတိပေးပြောကြားလိုက်သည်။

    `အခြားဘာသာ တရားတွေက လူတွေ ရာဇ၀တ်မှု ကျူးလွန်တဲ့အခါ သူတို့ရဲ့ ဘာသာတရား ရှေ့မှာထည့်တာကို ကျွန်တော်တို့  မမြင်ရတာ ဘာ့ကြောင့်လဲ? မကြာသေးမီကပဲ ကင်ညာ ခရစ်ယာန် ဘုရားကျောင်းက တရားဟောဆရာ တစ်ယောက် ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်။ ဒါပေမယ့် မီဒီယာက ခရစ်ယာန် အကြမ်းဖက်သံသယရှိသူလို့ မခေါ်ဘူး။ ဒါဟာ အဆုံးသတ်ဖို့ လိုအပ်နေတဲ့ မမျှတမှုပါပဲ´ ဟု ကင်ညာရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းတွင် ဆရာဖြစ်သူ ရှိခ် အဘ်ဒူလာ ခီရ်က ပြောကြားခဲ့သည်။

    ရှိခ်ခီရ်၏ ထိုသို့ပြောကြားမှုမှာ အကြမ်းဖက် ၀ါဒ ကိစ္စများကို ဖော်ပြမှုများမှာ မွတ်စလင်များအတွက် မမျှတဟုဆိုကာ ကင်ညာ မီဒီယာများအား ပြင်းပြင်း ထန်ထန် ဝေဖန်ထားသော အစီရင်ခံစာ တစ်စောင်ကို ကင်ညာရှိ သတင်းစာ ဂျာနယ်လောကအား ထိန်းချုပ်နေသာ တရားဝင် အေဂျင်ဂျင်စီ တစ်ခုဖြစ်သည့် ကင်ညာ မီဒီယာကောင်စီမှ မကြာသေးမီက ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    ၅၂ မျက်နှာပါသည့် အဆိုပါ စီရင်ခံစာကို Deconstructing Terror: Assessing Media’s Role in Religious Intolerance and Radicalisation ဟု အမည်ပေးထားပြီး မီဒီယာများတွင် ဖော်ပြသော ဇာတ်လမ်းများက မွတ်စလင်များအား ကြမ်းဖက်သမားများ သို့မဟုတ် အကြမ်းဖက်သမား ဖြစ်နိုင်ချေ ရှိသူများအဖြစ် ဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။

    ရှိခ်ကမူ အကြမ်းဖက်လုပ်ရပ်များနှင့် အစ္စလာမ်၊ မွတ်စလင်တို့အကြား ဆက်နွယ်မှုဖြစ်စေသော စကားလုံးများနှင့် စကားစုများအား ကင်ညာမီဒီယာများတွင် အသုံးပြုနေမှုကိုလည်း မေးခွန်းထုတ်ခဲ့သည်။

    ထို့ပြင် `အစ္စလာမ့်မစ်အကြမ်းဖက်ဝါဒ´ `အစ္စလာမ်အစွန်းရောက်´ `အစ္စလာမ့်မစ်များ´ `မွတ်စလင်အစွန်းရောက်´ စသည့် စကားလုံးများက ရာဇ၀တ်မှုကို အစ္စလာမ်၊ မွတ်စလင်တို့နှင့် ဆက်စပ်ပေးခြင်းဖြစ်ပြီး အစ္စလာမ်ကြောက်ရောဂါကို မြှင့်တင်ရာ ရောက်နေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ကင်ညာအစိုးရနှင့် အလ်ရှာဘတ်တို့အကြား စစ်ပွဲကို အချို့သော သတင်းဌာနများက ခရစ်ယာန်နှင့် မွတ်စလင်များအကြားတွင် ဖြစ်ပွားသည့် ဘာသာရေးစစ်ပွဲ အဖြစ် ဖော်ပြကြသည်ဟု ကင်ညာ မီဒီယာကောင်စီမှ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး ထိုသို့ရေးသားမှုကြောင့် ဘာသာတရားနှင့် လူ့အဖွဲ့အစည်းကြား တင်းမာမှုနှင့် ပဋိပက္ခများကို ပိုမိုဆိုးဝါးစေသည်ဟုလည်း သတိပေးထားသည်။

    `ထင်ရှားတဲ့ဇာတ်လမ်းကို မွတ်စလင်တွေဘက် တစ်ဖက်သက်တံဆိပ်ကပ်မှုနဲ့ အနားကွပ်ပြီး မီဒီယာတွေက ဖော်ပြနေကြပါတယ်။ လေ့လာစောင့်ကြည့်ခဲ့တဲ့ တစ်ချို့ဇာတ်လမ်းတွေမှာဆို မွတ်စလင်အားလုံးဟာ အကြမ်းဖက်သမား အဖြစ် ဖြစ်နိုင်ချေ ရှိသလိုမျိုး၊ နောက်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်တဲ့စစ်ပွဲဟာ မွတ်စလင်နဲ့ ခရစ်ယာန်အကြား ဖြစ်တဲ့စစ်ပွဲလို ဖော်ပြတာမျိုးတွေ ပါပါတယ်´ ဟု ကင်ညာရှိ ပုံနှိပ်နှင့် အီလက်ထရောနစ် မီဒီယာများက အကြမ်းဖက်ဝါဒ ပြဿနာများအား ဖော်ပြမှု ကို လေ့လာ ဆန်းစစ်ပြီးနောက် ထုတ်ပြန်ခဲ့သော အဆိုပါ အစီရင်ခံစာ၏ နိဂုံးချုပ်တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် ဘသာရေး တင်းမာမှုနှင့် သည်းမခံမှုများကို မြင့်တင်ပေးသည့် အမုန်းဘက်နွယ်သော၊ သွေးဆူစေသော အမြင်များကို ဖယ်ရှားရန် ဆိုရှယ်မီဒီယာများနှင့် အွန်လိုင်း စာမျက်နှာများ၌၎င်းတို့၏ ဇာတ်လမ်းများကို မီဒီယာများက မျှမျှတတ ဖော်ပြကြရန်လည်း အဆိုပါ အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

    ဆိုမာလီရှိ အလ်ရှာဘတ်များအား နှိမ်နင်းရန် ကင်ညာအစိုးရက စစ်တပ်များ စေလွှတ်ခြင်းကို မကျေနပ်သည့်အတွက် ကင်ညာနိုင်ငံအတွင်း အလ်ရှာဘတ်က အကြမ်းဖက် တိုက်ခိုက်မှုမျာ့း ပြုလုပ်ခဲ့ပြီးနောက် ကင်ညာနိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါမှာ မြင့်တက်လာခဲ့သည်။

    OnIslam