News @ M-Media

Blog

  • လီဗာပူး တိုက်စစ်မှူး ဘာလော့တယ်လီအား လူမျိုးရေး ခွဲခြားမှုဖြင့် FA တရားစွဲ

    လီဗာပူး တိုက်စစ်မှူး ဘာလော့တယ်လီအား လူမျိုးရေး ခွဲခြားမှုဖြင့် FA တရားစွဲ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    Liverpool's Mario Balotelli controls the ball during their English Premier League soccer match against Chelsea at Anfield in Liverpool
    – လူမျိုးရေးခွဲခြားခြင်းနှင့် ဂျူးဆန့်ကျင်ရေး သဘောသက်ရောက်စေမည့် မက်ဆေ့ခ်ျကို ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည့်အတွက် လီဗာပူးလ်အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA မှ တရားစွဲဆိုလိုက်သည်ဟု သိရသည်

    ဘာလော့တယ်လီမှာ ပြီးခဲ့သည့် ရက်ပိုင်းက ၎င်း၏ Instagram စာမျက်နှာတွင်  ဂျပန်ဂိမ်းကုမ္ပဏီတစ်ခုဖြစ်သော နီတန်းဒိုးမှ ဖန်ထီးထားသည့် စူပါမာရီယိုဇာတ်ကောင်ကို အသုံးပြု၍ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့် မက်ဆေ့ခ်ျအချို့ကို ရေးသားခဲ့ပြီး အဆိုပါမက်ဆေ့ခ်ျတွင် ဂျူးလူမျိုးများ ငွေမက်သည်ဟု မှတ်ယူ၍ရသော စာကြောင်းတစ်ကြောင်း ပါဝင်ခဲ့ကာ ထိုစာကြောင်းအတွက် ဝေဖန်မှုများ ခံခဲ့ရသည်။

    ဘာလော့တယ်လီကမူ ၎င်း၏ မိခင်မှာ ဂျူးလူမျိုးတစ်ဦးဖြစ်ကြောင်း မိမိမှာ အများထင်သလို လူမျိုးရေးခွဲခြားကာ ရေးသားခဲ့ခြင်းမဟုတ်ကြောင်း ထိုမက်ဆေ့ခ်ျနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။

    FA ကလည်း အဆိုပါ မက်ဆေ့ခ်ျမှာ အလွဲသုံးသော၊ စော်ကားသော၊ မသင့်လျော်သော မက်ဆေ့ခ်ျဖြစ်သည်ဟု ဖော်ပြခဲ့ပြီး FA ၏ လူမျိုးရေးခွဲခြားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရသည့် ဘာလော့တယ်လီမှာ ထိုအမှုအား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘာလော့တယ်လီမှာ ယခင်ကလည်း လူမျိုးရေးခွဲခြားသည့် စကားများ၊ လုပ်ရပ်များကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်သည်။

  • လတ်စတာနည်းပြ ပရိတ်သတ်တဦးအား  ဆဲခဲ့၍ အသင်းမှ စုံစမ်းနေ

    လတ်စတာနည်းပြ ပရိတ်သတ်တဦးအား ဆဲခဲ့၍ အသင်းမှ စုံစမ်းနေ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    23AE665500000578-2861898-image-m-23_1417770876464
    – ဗုဒ္ဓဟူးနေ့နံနက်က ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပရိတ်သတ်တစ်ဦးအား လက်စတာစီးတီး နည်းပြ နီဂဲလ် ပီယာဆန်က ဆဲရေးတိုင်းထွာခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု အသင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အိမ်ကွင်း၌ ကစားခဲ့ပြီး ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲတွင် ကွင်းဘေးတွင် ရပ်နေသည့် ပီယာဆန်က ပရိတ်သတ်တစ်ဦးဘက်သို့လှည့်ကာ ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ထိုအဖြစ်အပျက်အတွက် ပွဲအပြီးတွင် ၀န်ခံခဲ့သည်။

    `ပွဲကြည့်စဉ်က ငကြောင်တစ်ယောက်ကို ကျွန်တော်တုံ့ပြန်ခဲ့ပါတယ်။ တကယ်လို့ သူ ဒါမျိုးပွဲ မကြည့်ချင်ဘူးဆိုရင် လာမရှုပ်နဲ့ပေါ့ဗျာ။ ကျွန်တော်တို့ အိမ်ကွင်မှာ ကစားနေတယ်ဆိုတာ သူတို့ စဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ကြပြီး ဒီအတိုင်းပဲ ဆက်ကစားသွားမှာပါ´ ဟု အဆိုပါ ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    လက်စတာစီးတီးအသင်း အားပေးသူများကလပ် ဒုတိယဥက္ကဌ ကလစ် ဂင်နက်တာကမူ ပီယာဆန်၏ မောက်မာမှုကို ဝေဖန် ခဲ့ပြီး တောင်းပန်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။

    `သူအလျှော့ပေးသင့်တယ်။ ပြီးတော့ သူမှားခဲ့တယ်ဆိုတာ ၀န်ခံ၊ ပရိတ်သတ်တွေကို တောင်းပန်ပြီး ရှေ့ဆက်ရပါမယ်။ ဒါဟာ အားလုံးလိုချင်တဲ့ ဆန္ဒပါပဲ´ ဟု ဂင်နက်တာက ပြောကြားခဲ့သည်။

    လက်စတာမှာ နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်များ ဆိုးရွားနေပြီး အမှတ်ပေးဇယားအောက်နားသို့ ရောက်ရှိနေခြင်းကြောင့် ပီယာဆန်မှာ ထုတ်ပယ်ခံရရန် တစ်ပြေးနေသည်။

    ref_ DailyMail

  • အမေရိကန် မွတ်စလင် တက္ကသိုလ် ကျောင်းသားများ ဥပုသ်စောင့်၍ ချို့တဲ့သူများအတွက် ရန်ပုံငွေရှာ

    အမေရိကန် မွတ်စလင် တက္ကသိုလ် ကျောင်းသားများ ဥပုသ်စောင့်၍ ချို့တဲ့သူများအတွက် ရန်ပုံငွေရှာ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    3-12-14_Muslim-Students-Help-Michigan-Hungry
    – အစားအသောက်ချို့တဲ့သူများအား ကူညီရေး ရန်ပုံငွေရရှိရန် ရည်ရွယ်၍ တစ်ရက်တာ ဥပုသ်သီလဆောက်တည်မှု အစီအစဉ်တစ်ခုကို အမေရိကန်ပြည်ထောင်စု မီချီဂန် တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများက ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    နှစ်စဉ် ကျင်းပပြုလုပ်သည့် အဆိုပါအစီအစဉ်ကို 2Fast2Feed ဟု အမည်ပေးထားပြီး မီချီဂန် တက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်းက ဦးဆောင်ကာ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    `ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုအတွက် ဒီအစီအစဉ်မှာ လူမျိုးဘာသာပေါင်းစုံ ပါဝင်လာတာကို မြင်ရတာ အံ့သြစရာပါပဲ´ ဟု 2Fast2Feed အစီအစဉ်ကို ပထမဆုံးအကြိမ် ပါဝင်ခဲ့သည့် အေရှာ ရှိခ်က The Michigan ဂျာနယ်သို့ ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ အစီအစဉ်တွင် အစ္စလာမ်ဘာသာဝင် မဟုတ်သူများ အပါအ၀င် ကျောင်းသားပေါင်း ၁၂၀ ကျော် ပါဝင်ခဲ့ပြီး နံနက်အရုဏ်တက်အချိန်မှ ညနေ နေ၀င်ချိန်အထိ စားသောက်ခြင်းကို ရှောင်ကျင်ခဲ့ကြသည်။ ထို့နောက် ညနေပိုင်း ဥပုသ်လွှတ်ချိန်တွင် ရန်ပုံငွေ ညစာစားပွဲအဖြစ် အဆိုပါ ကျောင်းသားများမှာ အတူတကွ စားသောက်ခဲ့ကြပြီး 2Fast2Feed အစီအစဉ်မှ တွေ့ကြုံခဲ့သည်များကို ပြန်လည်ဝေမျှခဲ့ကြသည်။

    အဆိုပါ အစီအစဉ်မှ လှူဒါန်းငွေ ကန်ဒေါ်လာ ၁၂၀၀ ခန့် ရရှိခဲ့ပြီး အစားသောက်ချို့တဲ့သူများကို ကူညီပေးနေသည့် အဖွဲ့များသို့ မွတ်စလင်ကျောင်းသားများက လှူဒါန်းခဲ့ကြသည်။

    ထောက်ခံသူအသစ်များ

    မီချီဂန်တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများ၏ အဆိုပါ ဥပုသ်သီလဆောက်တည်မှုတွင် တက္ကသိုလ်မှ ဒုတိယအကြီးအကဲ ၃ ဦးလည်း ပါဝင်ခဲ့ကြပြီး ၎င်းတို့၏အတွေ့အကြုံကို မျှဝေခဲ့ကြသည်။

    `ဒါဟာ ရုပ်ပိုင်းဆိုင်ရာအတွက်ပဲ မဟုတ်ပါဘူး။ စွန့်လွှန်အနစ်နာခံမှု စိတ်တစ်ခုကို ဖန်တီးဖို့ ရုပ်ပိုင်းဆိုင်ရာကို အသုံးပြုခြင်းပါ။ ဒါမျိုးဟာ ဥပုသ်မစောင့်ရင် မရနိုင်တဲ့ တန်ဖိုးထားမှု တစ်ခုပါပဲ။ မွတ်စလင်ကျောင်းသားများအသင်းကလုပ်တဲ့ ဒီ ဥပုသ်သီလဆောက်တည်စေမှုဟာ ဒီတက္ကသိုလ် ရောက်ပြီး ၁၀ နှစ်အတွင်း ကျွန်တော့်အတွက် အဓိပ္ပါယ်အရှိဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်´ ဟု တက္ကသိုလ် ဒုတိယအကြီးအကဲ ဟန်ဒါဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသော တက္ကသိုလ်အကြီးအကဲများဖြစ်သည့် ဒီန်းနှင့် မာတင်ဟာရှော့တို့ကလည်း အဆိုပါ ဥပုသ်သီလဆောက်တည်မှုအတွင်း ရရှိခဲ့သည့် ၎င်းတို့၏ အတွေ့အကြုံများကို ဝေငှခဲ့သည်။

    `ကျွန်တော် ဥပုသ်သီလဆောက်တည်လိုက်တဲ့အခါ ယခုလက်ရှိအချိန်နဲ့ ယခင်ကရှိခဲ့တဲ့(အစားအစာငတ်မွတ်ခေါင်းပါး) သူတွေရဲ့ အခြေအနေနဲ့ အဖြစ်အပျက်တွေကို သတိပြုမိခဲ့ပါတယ်။ ဒါဟာ တကယ့်ကို ပညာရစေတဲ့၊ ထိရောက်တဲ့ အတွေ့အကြုံပါပဲ´ ဟု ဟန်ဒါဆန်က ထပ်လောင်းပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဥပုသ်သီလဆောက်တည်သော အစီအစဉ်ဖြင့် ချို့တဲ့သူများအတွက် ရန်ပုံငွေရှာဖွေသည့် လှုပ်ရှားမှုကို ၂၀၀၁ ခုနှစ်တွင်  Tennessee တက္ကသိုလ်မှ မွတ်စလင် ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးက စတင်ခဲ့ခြင်းဖြစ်သည်။

    ယခုလက်ရှိတွင်မူ အဆိုပါလှုပ်ရှားမှုကို အမေရိကန်နိုင်ငံတစ်ဝှမ်း တက္ကသိုလ်ပေါင်း ၂၀၀ ကျော်တွင် ပြုလုပ်နေသည်။

    ref_OnIslam

  • ဖိုးစီ (ရုံးတော) – ဘုန်းကြီးတွေ လူလိုမသိဘူး

    ဖိုးစီ (ရုံးတော) – ဘုန်းကြီးတွေ လူလိုမသိဘူး

    ဒီဇင်ဘာ ၅၊ ၂၀၁၄
    Pho-Si-Yone-Taw-Article13-For-MoeMaKa-04-Dec-2014-Title-Photo
    ရွာကျောင်း ဘုန်းကြီးက အဖေ့ ညီ အရင်း။  သူ့ အရင် အဒေါ်တွေကလည်း အဖေ့ ဦးလေး အရင်းတွေ (၃) ဆက်လုံး။  ဆိုတော့ အဲ့ဒီ သံဃာကြီးတွေ ရဲ့ ဝေယျာဝစ္စ နဲ့ ၀တ်ကြီး ၀တ်ငယ်ကို ကျနော့် အမေက အပြု စုဆုံး ဆိုရင် အလွန်ပြောတာမဟုတ်ပါ။

    ခုလည်း အမေ စင်္ကာပူ ရောက်တာ (၁) လ မပြည့်သေးခင်က ပြန် ဖို့သာ လောနေသည်။  နင့်ဘုန်းကြီးက မိဌေး နဲ့ မဖြစ်ပါဘူး ချည်း ပြောနေတော့သည်။  အိမ်သူက အမေ့ကို ကောင်းပေ့ ဆိုသော ဆိုင်တွေ လိုက်ကျွေး လျှင်လည်း “ဒါမျိုး ငဒို့ ဘုန်းကြီးကပ်လိုက်ရ” ဟုသာ သြဓိသ စေတနာတွေ ၀င်နေတတ်သည်။  တနေ့က ရုံးမှ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အက်ဒမင် ဝန်ထမ်း ကောင်မလေး ဂျပန်မှ ပြန်အလာ လက်ဖောက်ခြောက်စိမ်း အကောင်းစားတွေ လက်ဆောင်ပေးရာ အမေ့ကို ပြန်ကန်တော့ ဖြစ်သည်။  အမေက ချက်ချင်းပင် သူ့အိပ်ထဲ ပြောင်းကာ “ဘုန်းကြီးဖို့” ဟု ဆိုသည်။  အပြင်သွားတိုင်းလည်း သူ့လက်ထဲက ငွေယား ကလေးများသည် ကျောင်း အတွက်၊ ဘုန်းကြီးအတွက် ပစ္စည်း အဆန်းကလေးများ ဖြင့် ပြုန်းရလေသည်။  ဒါက သူ့ မတ်တော်မောင် ကျောင်းဘုန်းကြီး သာရှိသေးသည်။  သူ့မှာ သား၊တူ၊ မြေး ၀မ်းမနာသား ရဟန်းပျိုတွေ ပွစာတက်လို့ တွေးပူနေရသေးသည်။  ခုလည်း သူ့မြေး ထပ်ရဟန်းခံ မီအောင် ဒီဇင်ဘာ (၂၀) မတိုင်ခင် အပြန်လက်မှတ်ဝယ်ရမည်ဟု အမိန့်ချလိုက်သည်။

    အထက်မှာ ပုံဖော်ခဲ့သော ဤလို အမေသည် တခါက ကျနော့်အား ကျောင်းဘုန်းကြီး နှင့်ပတ်သက်၍ အငေါ် တူးဖူးသည်။

    “နင့် ဘုန်းကြီး လူလို မသိပါဘူ…” တဲ့။

    သီးနှံသိမ်းရန် အရေးကြီးနေတဲ့ ကြားထဲ နယ်ခရီးထွက်ရန် လောဆော်နေသော ကျောင်းဘုန်းကြီးကို အငေါ်တူးခြင်း ဖြစ်သည်။  ကျောင်းက ဆဒေါ်ကို မျက်မွေးထော်လို့မှ မော်မကြည့်ဝံ့သော ကျနော်က ဒီအလုံးကလေးကို သေသေချာချာ မှတ်ထားသည်။  ကိုယ်ကလည်း ထိုစဉ်က ရှင်တပိုင်း လူတပိုင်းဆိုတော့ အမေ့ စကားကို အနာ ကောက်ချင် ချင်ကိုး။

    တရက်တော့ ကျောင်းမှာ အာဂန္တု ဘုန်းကြီးတွေ စုံနေတုန်း ဧည့်သည်တွေ ရှေ့မှာ ဆရာတော်က တပည့် လက်သားများကို မြည်တွန် လျက်ရှိသည်။  နောင်တော် ဦးပဇင်းကြီးတွေ ဦးဇင်းလေးတွေ အစား ကိုရင်ကြီး ကျနော်က ရှက်ခံပြင်း လာသဖြင့် ရှိသမျှ သတ္တိကို သွန်ထုတ်၍ အမေ့ စကား လူမိုက်ငှားကာ အချင်းချင်း ပြောသလိုလို နဲ့ ပြန်ပက်လိုက်မိသည်။

    “အဲဒါကြောင့် ဒကာမကြီး ပြောဖူးတာ၊ ဘုန်းကြီးတွေ လူလိုမသိဘူး လို့..”။

    ကိုယ်က အအော် ခံရတော့မည်ကို မျှော်လင့်လျက် စော်ကား လိုက်ခြင်း ဖြစ်သော်လည်း ဆရာတော်က တဟားဟား ရယ်ကာ ပြန်မိန့်ပုံက

    “ဟုတ်တာပဗျာ.. ဒို့ လူလို မသိလို့ ရဟန်းဖြစ်နေရသာပဲ။  လူလို သိမှဖြင့် ထွန်ကိုင်နေရမှာပေါ့။  ဘုန်းကြီး ရဟန်း လူလို မသိကောင်းဘူး ဟဲ့။  ငဒို့ လူလို လည်ဝယ်နေရင် ဒီကျောင်းပေါ်တင်ပြီး ဘဒူ (ဘယ်သူ) က ကိုးကွယ်နေလိမ့်မတုံး” တဲ့။

    ကျနော်လည်း မိုက်ခနဲ ဖြစ်သွားကာ အသိတရား ၀င်ခဲ့ရသည်။  ထိုအခါမှ စ၍ လူလိုမသိသော ဘုန်းကြီး ရဟန်းများကို ကျနော် ဂါရ၀ ပိုခဲ့ပါသည်။  လူလိုသိတော့လည်း ချစ်ခင်တာပါပဲ ..။  သို့သော် လေးစားကြည်ညို ပုံတော့ဖြင့် ကွာမိလိမ့်မည် ထင်သည်။

    ယနေ့ အချိန်တွင် ဦးဝိစိတ္တလေး (၀ီရသူ) တို့လို နိုင်ငံရေး မလည်ရှုပ် ဘုန်းကြီးများကြောင့် ကျနော်တို့ သာသနာရေး အတွင်းက ရဟန်း သံဃာ များ နှင့် လောကီကြောင်း ဃရာဝါသ အဆက်အစပ်များ အကြား အငြင်းအခုန်များ တိုးပွားလျက်ရှိပါသည်။  ဘုန်းကြီးတွေ လူလိုမသိဘဲ လူထဲ ၀င်တော့ လူတွေ အငြင်းအခုန် ပွားကာ အပြစ်များရသည် ဟုသာ အတ္တနောမတိ ဖြင့် ထင်မြင်မိသည်။

    အမျိုး ဘာသာ သာသနာ ဟု သည်းခြေကြိုက် ခေါင်းစီးတပ်ထားသော်လည်း တကယ့်လက်တွေ့ မှာတော့ စစ်အာဏာရှင် နောက်မြီးဆွဲပြီး သင်္ကန်းခြုံ လူမိုက်ကြီးများပမာ စစ်သွေးစစ်သံ တဟီဟီ ဖြင့် မာန်ဝင့်လျက်ရှိသည်ဟု မြင်ပါသည်။

    ဘာသာ သာသနာ ကို ဓမ္မစစ် ချစ်မြတ်နိုး လှသော ကျနော့် အနေဖြင့် ဘုန်းကြီးတွေ လူထဲပါတာ သဘောကျ ပါသည်။  တချို့ တချို့ ဒကာ မနိုင်သော ကိစ္စတွေ ဆရာ နှင့်သာ ဆိုင်ပေလိမ့်မည်။  သို့သော် လူထဲ အပါများရင်ဖြင့် လူလိုပြောတာဆိုတာ ခံလာရနိုင်သည်။  သည်းခံ စိတ် အရင် မွေးတော်မူပါ။  လူထဲ ၀င်မှာ ဖြင့်လည်း လူ့ ကိစ္စ ကုန်စင်အောင် ကမ္ဘာကြည့် ကြည့် မြင်တတ်အောင် အရင် လေ့လာစေချင်ပါသည်။

    ကျွန်တော် တို့ သိသည့် အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ စာတတ်နှုန်း ပါ။  အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ ခြင်း လူ့သက်တမ်း နှင့် ကျန်းမာရေး  စောင့်ရှောက်ခံရမှု အဆင့်ပါ။  ဒီဘက် ခေတ်သစ်မှာ အမျိုး ဘာသာ သာသနာ ဆိုတာ ပျှမ်းမျှ ခြင်း အင်တာနက် အမြန်နှုန်း ရရှိမှု နှင့် လည်း သက်ဆိုင်ပါသည်။  အမျိုး ဘာသာ သာသနာ ဆိုတာ ကမ္ဘာ့  နိုင်ငံပေါင်းစုံက ကျွန်တော် တို့ ၏ နိုင်ငံကူးလက်မှတ်စာအုပ် ပတ်စ်ပို့ ကို ပြည်ခွင့် မလို ၀င်ခွင့်ပေးခြင်း နှင့်လည်း တိုင်းတာနိုင်ပါသည်။

    အမျိုးသားရေး ဆရာတော် တချို့ ကမ္ဘာ ကို ထွက်ကြွ  ဆင်ခြင်မှု ပြုတော်မူနိုင်ကြလျှင် ကောင်းပါမည်။  ကမ္ဘာ့ ဆင်းရဲမွေတေမှု အညွှန်းကိန်းမှာ တရက် ၀င်ငွေ အနိမ့်ဆုံး ဖြစ်နေသည့် ဒကာ၊ ဒကာမတို့ ၏ ပစ္စယာ အထောက်အပံ့ နှင့် ဤအမျိုး ဤ ဘာသာ ဤ သာသနာ အသရေ တင့်နိုင်မည် ထင်နေလျှင်တော့ အရှင်တို့ မဘသ ဟာ “တု စ္ဆ – အချည်းနှီး” တွေ ချည်းသာဖြစ်တော့သည်ဟု  လျှောက်ချင်ပါသည် ဘုရား။

    ဘုန်းကြီးတွေ လူလိုမသိ၊ လူအရေး မစွက်ဘဲ ရဟန်းကိစ္စ ကုန်အောင် ဆောင်နိုင်ကြမည် ဆိုလျှင်လည်း အတိုင်းထက်အလွန် ကြည်ညို တင့်တယ် ရှုချင်ဖွယ် သာသနာ ဖြစ်လာပေလိမ့် ထင်ပါသည်။

    ဖိုးစီ (ရုံးတော)
    ဒီဇင်ဘာ ၀၄၊ ၂၀၁၄

    မိုးမခ မှ ကူးယူဖော်ပြသည်။

    http://moemaka.com/archives/41120

  • အမေရိကန် ကာကွယ်ဝန်ကြီး အသစ် အိုဘားမား ခန့်အပ်

    အမေရိကန် ကာကွယ်ဝန်ကြီး အသစ် အိုဘားမား ခန့်အပ်

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    6103401_G
    – ဖိအားများကြောင့် ရာထူးမှ နှုတ်ထွက်သွားခဲ့သည့် ကာကွယ်ရေး ၀န်ကြီး ချက်ဟေဂယ်၏  နေရာတွင် ဒုတိယ ကာကွယ်ရေး ၀န်ကြီးဟောင်း အက်ရှ်တန် ကာတာအား ခန့်အပ်ခဲ့သည်ဟု အိမ်ဖြူတော်က အတည်ပြု ပြောကြားခဲ့သည်။

    အသက် ၆၀ အရွယ်ရှိ ကာတာမှာ ဒုတိယ ကာကွယ်ရေး ၀န်ကြီးအဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ တာဝန်ယူခဲ့သူဖြစ်ပြီး ဟေဂယ် ထွက်သွားပြီးနောက် ကာကွယ်ရေး ၀န်ကြီးသစ်ဖြစ်လာရန် ရေပန်းစားနေခဲ့သူဖြစ်သည်။

    ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းကို အိုဘာမားက ၀ါရှန်တန် စံတော်ချိန် သောကြာနေ့ နံနက်ပိုင်းတွင် တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ပြီး ကာတာမှာ အိုဘားမားလက်ထက် ၆ နှစ်တာကာလအတွင်း စတုတ္ထမြောက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဖြစ်သည်။

    ကာတာမှာ အမေရိကန် လုံခြုံရေးကဏ္ဍတွင် အတွေ့အကြုံရင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ထောက် ကာကွယ်ရေး ၀န်ကြီးမဖြစ်ခင်က စစ်ဆင်ရေး အကြီးအကဲ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ထိုအရင်က ကာတာမှာ စစ်တပ်အတွက် နည်းပညာနှင့် လက်နက်များ ၀ယ်ယူပေးသူအဖြစ် ၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။

    သမ္မတ ဘီလ်ကလင်တန်၏ လက်ထက်တွင် ကာတာမှာ ကာကွယ်ရေး ၀န်ကြီးဌာန နိုင်ငံခြားရေး ပေါ်လစီ ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း၊ ထိုရာထူးမတိုင်ခင်က ဂျွန်အက်ဖ်ကနေဒီ တက္ကသိုလ် သိပ္ပံနှင့် နိုင်ငံခြားရေးရာ ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    ဟေဂယ်မှာ IS နှင့် အရှေ့အလယ်ပိုင်းအရေး ပေါ်လစီများကြောင့် ဝေဖန်မှုများကိုခံခဲ့ရပြီး ထိုကိစ္စကြောင့်ပင် အိုဘားမားက ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။

    AP