News @ M-Media

Blog

  • အမေရိကန် ကာကွယ်ဝန်ကြီး အသစ် အိုဘားမား ခန့်အပ်

    အမေရိကန် ကာကွယ်ဝန်ကြီး အသစ် အိုဘားမား ခန့်အပ်

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    6103401_G
    – ဖိအားများကြောင့် ရာထူးမှ နှုတ်ထွက်သွားခဲ့သည့် ကာကွယ်ရေး ၀န်ကြီး ချက်ဟေဂယ်၏  နေရာတွင် ဒုတိယ ကာကွယ်ရေး ၀န်ကြီးဟောင်း အက်ရှ်တန် ကာတာအား ခန့်အပ်ခဲ့သည်ဟု အိမ်ဖြူတော်က အတည်ပြု ပြောကြားခဲ့သည်။

    အသက် ၆၀ အရွယ်ရှိ ကာတာမှာ ဒုတိယ ကာကွယ်ရေး ၀န်ကြီးအဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ တာဝန်ယူခဲ့သူဖြစ်ပြီး ဟေဂယ် ထွက်သွားပြီးနောက် ကာကွယ်ရေး ၀န်ကြီးသစ်ဖြစ်လာရန် ရေပန်းစားနေခဲ့သူဖြစ်သည်။

    ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းကို အိုဘာမားက ၀ါရှန်တန် စံတော်ချိန် သောကြာနေ့ နံနက်ပိုင်းတွင် တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ပြီး ကာတာမှာ အိုဘားမားလက်ထက် ၆ နှစ်တာကာလအတွင်း စတုတ္ထမြောက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဖြစ်သည်။

    ကာတာမှာ အမေရိကန် လုံခြုံရေးကဏ္ဍတွင် အတွေ့အကြုံရင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ထောက် ကာကွယ်ရေး ၀န်ကြီးမဖြစ်ခင်က စစ်ဆင်ရေး အကြီးအကဲ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ထိုအရင်က ကာတာမှာ စစ်တပ်အတွက် နည်းပညာနှင့် လက်နက်များ ၀ယ်ယူပေးသူအဖြစ် ၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။

    သမ္မတ ဘီလ်ကလင်တန်၏ လက်ထက်တွင် ကာတာမှာ ကာကွယ်ရေး ၀န်ကြီးဌာန နိုင်ငံခြားရေး ပေါ်လစီ ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း၊ ထိုရာထူးမတိုင်ခင်က ဂျွန်အက်ဖ်ကနေဒီ တက္ကသိုလ် သိပ္ပံနှင့် နိုင်ငံခြားရေးရာ ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    ဟေဂယ်မှာ IS နှင့် အရှေ့အလယ်ပိုင်းအရေး ပေါ်လစီများကြောင့် ဝေဖန်မှုများကိုခံခဲ့ရပြီး ထိုကိစ္စကြောင့်ပင် အိုဘားမားက ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။

    AP

  • ရီးယဲလ်မင်းသား ရော်နယ်ဒို ဆုတစ်ခု ထပ်ရပြန်

    ရီးယဲလ်မင်းသား ရော်နယ်ဒို ဆုတစ်ခု ထပ်ရပြန်

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media

    23BF884F00000578-0-image-a-8_1417724376958
    – နိုင်ငံတကာဘောလုံး သမိုင်းနှင့် ကိန်းကဏန်း အချက်အလက် အဖွဲ့မှ ပေးအပ်ချီးမြှင့်သော ၂၀၁၃ ခုနှစ် ဂိုးအများဆုံးသွင်းသော ဘောလုံးသမားဆုကို ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ရရှိခဲ့သည်ဟု သိရသည်။

    ရော်နယ်ဒိုမှာ ပေါ်တူဂီအသင်းအတွက် ၁၀ ဂိုးအပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် ပြိုင်ပွဲအားလုံးတွင် စုစုပေါင်း ၆၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး တစ်နှစ်တာအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမား ဖြစ်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါဆို ဒီဇင်ဘာ ၄ ရက်နေ့က လက်ခံရယူခဲ့ခြင်းဖြစ်ပြီး ဆုရရှိခဲ့သည့်ပုံကို ရော်နယ်ဒိုက ၎င်း၏ Instagram စာမျက်နှာပေါ်တွင် လွှင့်တင်ခဲ့သည်။

    `နိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ ကိန်းဂဏန်းအချက်အလက်အဖွဲ့က ပေးအပ်တဲ့ ၂၀၁၃ ဂိုးအများဆုံးသွင်းသူဆုကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်´ ဟု ရော်နယ်ဒိုက ရေးသားခဲ့သည်။

    ရော်နယ်ဒိုမှာ ဖီဖာမှ ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ရရှိရန် ရေပန်းစားနေသည်။

    Daily Mail

  • တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား

    တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    776943-13f0df0e-7c15-11e4-b418-1a31bf855847
    – တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက ကိုက်စားရန် ကြိုးစားခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    နိုင်ငံတောင်ပိုင်း ဂွမ်ဒုံးပြည်နယ် ရှန်ဇန်းမြို့ရှိ ဆေးရုံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်သည်ဟု သိရသည်။

    အဆိုပါမျိုးသမီးအား ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် လမ်းပေါ်တွင် တွေ့ရှိခဲ့ရသောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် ကလေးမီးဖွားစေခဲ့သည်။ ဆေးရုံသို့ရောက်ပြီး ၃ ရက်အကြာ တစ်မနက်တွင် သူနာပြုက ၎င်း၏ အခန်းထဲသို့ ၀င်ရောက်လာခဲ့ရာ အဆိုပါမျိုးသမီးမှာ ကလေးငယ်၏ လက်အား ကိုက်ဖြတ်နေသည်ကို တွေ့ရှိခဲ့ရသည်။

    ထိုမြင်ကွင်းကြောင့် သူနာပြုက အရေးပေါ်ခလုပ်ကို နှိပ်ခဲ့ပြီး ကလေးကိုလည်း ၎င်း၏ လက်ထဲမှ ဆွဲလုခဲ့ရာ မိခင်ဖြစ်သူက အတင်းကိုက်ထားသောကြောင့် ဆရာဝန်များ လာရောက်သည့်အချိန်မှ  ဆွဲထုတ်နိုင်ခဲ့သည်။
    `တုန်လှုပ်စရာပါပဲ။ လက်က တော်တော်လေးဆိုးဆိုးရွားရွား ထိခိုက်သွားပြီး အနာတရ ဖြစ်ရုံသာမက သွေးလည်းတော်တော်ထွက်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဆရာဝန်တွေက သူမရဲ့ ကိုက်ထားတဲ့ ပါးစပ်ကို ဟနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမကို အိပ်ဆေးထိုးပေးခဲ့ပြီး ကလေးကိုတော့ အန္တရာယ်ကင်းတဲ့နေရာကို ခေါ်သွားနိုင်ခဲ့ပါတယ်´ ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အမျိုးသမီး ကိုယ်ဝန်အရင့်အမာဖြစ်နေချိန်တွင် ယောက္ခမဖြစ်သူက မောင်းထုတ်ခဲ့သောကြောင့် ထိုအမျိုးသမီးမှာ လမ်းပေါ်တွင် သီတင်းပတ်များစွာ နေထိုင်ခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် မည်သည့်အကြောင်းအရင်းက သူမအား ထိုကဲ့သို့လုပ်ဆောင်ရန် စေ့ဆော်ခဲ့သည်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိနေသည်။

    dailytelegraph

  • ခွဲစိတ် ကုသမှု မသန့်ရှင်းသောကြောင့်  အိန္ဒိယတွင် မျက်စိဝေဒနာရှင်များ အမြင် အာရုံဆုံးရှုံး

    ခွဲစိတ် ကုသမှု မသန့်ရှင်းသောကြောင့် အိန္ဒိယတွင် မျက်စိဝေဒနာရှင်များ အမြင် အာရုံဆုံးရှုံး

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    India A Forgotten People
    – အိန္ဒိယတွင် တိမ်စွဲနေသည့် မျက်စိဝေဒနရှင်များကို အန်ဂျီအိုအဖွဲ့တစ်ဖွဲ့မှ ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရာ မသန့်ရှင်းသည့် အခြေအနေများကြောင့် ထိုအထဲမှ အနည်းဆုံး ၁၅ ဦးမှာ အမြင်အာရုံ ဆုံးရှုံးခဲ့သည်ဟု သိရသည်။

    ပန်ဂျပ်ပြည်နယ် ဂါဒက်စ်ပူရ်း ခရိုင်ရှိ အန်ဂျီအိုအဖွဲ့ ဂုရုနာနက်မှ ဦးဆောင်ကာ ယမေန်နေ့က အဆိုပါ ခွဲစိတ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျက်စိဝေဒနာရှင် ၆၂ ဦး ခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    အစိုးရ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ရာဂျစ်ဗ်က The Indian Express သတင်းစာသို့ ပြောကြားရာတွင် အဆိုပါခွဲစိတ်ကုသမှုကို ဆောင်ရွက်ရာ၌ လိုအပ်သော သန့်ရှင်းမှု အခြေအနေမျိုး မရှိခဲ့ဟု ဆိုသည်။

    အဆိုပါ အန်ဂျီအိုအဖွဲ့မှာ ပြီးခဲ့သည့်လမှစတင်ကာ ပန်ဂျပ်ပြည်နယ်တွင် မျက်စိခွဲစိတ်ကုသရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ယမန်နေ့က ခွဲစိတ်ကုသမှုအတွင်း အမြင်အာရုံဆုံးရှုံးခဲ့သူများမှာ အဆိုပါ ဂုရုနာနက်အဖွဲ့နှင့် ခွဲစိတ်ကုသမှုတွင် ပါဝင်ခဲ့သူ ဆရာဝန်များကို တရားစွဲဆိုထားသည်။

    အိန္ဒိယတွင် ခွဲစိတ်ကုမှုများပြုလုပ်ရာ၌ ပစ္စည်းကိရိယာမပြည့်စုံခြင်း၊ လိုအပ်သော ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုများကို စံချိန်မီအောင် မပြုလုပ်ခြင်းတို့ကြောင့် မတော်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ပြီးခဲ့သည့်လကလည်း ချက်တစ်ဂါ့သ်ပြည်နယ်တွင် အမျိုးသမီး ၈၃ ဦအား ဗိုက်ခွဲ၍ သားကြောဖြတ်မှုများ ပြုလုပ်ခဲ့ရာ ၁၃ ဦး သေဆုံးခဲ့သည်။

     Al Jazeera and agencies
  • အမေရိကန် မွတ်စလင် တဦး ကောက်ရသည့် ဒေါ်လာ ၁ သိန်း ပါကျောပိုးအိတ်ကို ရဲထံအပ်နှံခဲ့

    အမေရိကန် မွတ်စလင် တဦး ကောက်ရသည့် ဒေါ်လာ ၁ သိန်း ပါကျောပိုးအိတ်ကို ရဲထံအပ်နှံခဲ့

    ဒီဇင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    altaf-chaus
    မိ၏ဆိုင်တွင် ကျန်ရစ်ခဲ့သော ကန်ဒေါ်လာ ၁ သိန်း ထည့်ထားသည့် ကျောပိုးလွယ်အိတ်ကို အမေရိကန်ရှိ မွတ်စလင်တစ်ဦးက ရဲတပ်ဖွဲ့အား အပ်နှံခဲ့သည်ဟု သိရသည်။

    အလ်တဖ် ချော့စ်ဟု အမည်ရသည့် အိန္ဒိယနွယ်ဖွား မွတ်စလင်အမျိုးသားတစ်ဦးမှာ ဆန်ဂျိုးစ်ရှိ ၎င်း၏ အသင့်စား စားသောက်ဆိုင်တွင် ကျောပိုးလွယ် အိတ်စလုံး ကျန်နေရာမှ ဖွင့်ကြည့်ခဲ့ရာ ပိုက်ဆံများတွေ့ခြင်းကြောင့် ရဲလက်သို့ အပ်ခဲ့ခြင်းဖြစ်သည်။

    – အစ္စလာမ်သာသနာ၏ အဆုံးအမနှင့် တမန်တော်မြတ် မုဟမ္မဒ်သခင်၏ ကိုယ်ကျင့်တရားတို့၏ စေ့စော်မှုဖြင့် မှုကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ၄င်းကပြောပါတယ်။

    နေ့လည်စာစားသောက်ချိန်ပြီးနောက် ဆိုင်အတွင်းရှိ ခုံတစ်ခုပေါ်တွင် အဆိုပါ ကျောပိုးအိတ်အား အလ်တဖ်က တွေ့ရှိခဲ့ပြီး ပိုင်ရှင်က ပြန်လာယူမည် ဟူသော မျှော်လင့်ချက်ဖြင့် ၎င်း၏ ငွေရှင်းကောင်တာအနီးတွင်း ထားရှိခဲ့သည်။

    သို့သော်လည်း နာရီအနည်းငယ်ကြာသည်အထိ အဆိုပါကျောပိုးအိတ်ကို လာယူခြင်းမရှိသောကြောင့် ပိုင်ရှင်အား ဆက်သွယ်နိုင်မည့် သဲလွန်စများရနိုင်ရန် ဖွင့်ကြည့်ရာမှ ငွေများကို တွေ့ရှိခဲ့သည်။

    cash

    `ကျွန်တော်ဇစ်ကို ဖွင့်ကြည့်လိုက်တော့ ရာဘာပတ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံတွေကို တွေ့လိုက်ရပြီး ရဲကို ချက်ချင်းပဲ ဖုန်းဆက်လိုက်ပါတယ်။ အဲဒီမှာ အထုတ် ၁၀ ထုတ်ရှိပြီး ၁ ထုတ်မှာ ဒေါ်လာ ၁၀၀၀၀ ပါဝင်ပါတယ်။ ကျွန်တော်တုန်လှုပ်သွားခဲ့ပြီး အဲလောက်များတဲ့ ပိုက်ဆံကို ကျွန်တော် တစ်ခါမှ မမြင်ဘူးပါဘူး´ ဟု အလ်တဖ်က ငွေများအား တွေ့ရှိပုံနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

    အမေရိကန်တွင် နေထိုင်လာခဲ့သည့်မှာ ၂၆ နှစ်ရှိပြီဖြစ်သည့် အလ်တဖ်က ရိုးသားရန်နှင့် ငွေကြေးကို တန်ဖိုးထားရန် အားပေးတိုက်တွန်းထားသည့် မိမိ၏အယူဝါဒက အဆိုပါ ငွေများအား ရဲလပ်သို့အပ်ရန် ဖြစ်စေခဲ့ကြောင်း၊ တမန်တော်မြတ် မုဟမ္မသခင်၏ သြ၀ါဒများတွင်လည်း ကောက်ရသည့် ပစ္စည်းများအား တွေ့ပါက ပိုင်ရှင်အားရှာဖွေ၍ ပေးအပ်ရန် သွန်သင်ထားကြောင်းပြောကြားခဲ့သည်။

    `မွတ်စလင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ ကိုယ်ရှာဖွေသလောက်သာ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒီကိုစရောက်တုန်းက အလုပ် ၃ ခုလုပ်ပြီး ငွေကို ကြိုးစားပမ်းစား ရှာဖွေခဲ့ရတာပါ။ ဒါ့ကြောင့် ကျွန်တော်ချွေးထွက်ပြီး ရှာထားတာမဟုတ်ရင်  ကျွန်တော့်ပိုက်ဆံမဟုတ်ဘူးဆိုတဲ့ သင်ခန်းစာကို ရရှိထားပါတယ်´ ဟု ၎င်းက ဆိုပြီး ထိုကျောပိုးအိတ်အား ယခုအချိန်အထိ မည်သူကမှ ပြန်လာယူခြင်းမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ref_ ilmfeed