News @ M-Media

Blog

  • အမေရိကန်ရဲကြောင့် လူမည်းလူငယ် ၁ ဦး ထပ်မံသေဆုံး ၊ နယူးယောက်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်

    အမေရိကန်ရဲကြောင့် လူမည်းလူငယ် ၁ ဦး ထပ်မံသေဆုံး ၊ နယူးယောက်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    665003303001_3922878669001_201412452718147734-20
    – နယူးယောက်တွင် လက်နက်မဲ့ လူမည်းလူငယ် တစ်ဦးအား သေစေခဲ့သော လူဖြူရဲအရာရှိတစ်ဦးကို တရားစွဲဆိုခြင်းမပြုရန် တရားသူကြီးက ဆုံးဖြတ်ချက်ချပြီးနောက် နယူးယောက်မြို့တစ်ဝှမ်းတွင် ယမန်နေ့က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    CCTV မှတ်တမ်းများအရ အဲရစ်ဂါနာဟု အမည်ရသည့် အသက် ၁၇ နှစ်အရွယ် လူမည်း လူငယ်ကို အခွန် မတပ်ရသေးသော ဆေးလိပ်များရောင်းသည်ဟူသော သံသယဖြင့် ဇူလိုင်လ ၁၇ ရက်နေ့၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် လူဖြူရဲ အရာရှိတစ်ဦးက ဂါနာ၏ လည်ပင်းကို သိုင်း၍ ချုပ်ထားရာမှ အသက်ရှုကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း တရားရုံးက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အဆိုပါ ရဲအရာရှိအား တရားစွဲဆိုခြင်း မပြုရန် အမိန့်ချမှတ်ခဲ့ပြီး ဂါနာ၏ မိသားစုများ အပါအ၀င် ပြည်သူများက မကျေနပ်သောကြောင့် နယူးယောက်မြို့ မက်ဟက်တန်ဒေသနှင့် စတိတ်တန် အိုင်းလန်း ဒေသတို့တွင် ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

    `တရားရေးစနစ်က လူဖြူတွေကို ကာကွယ်ပေးနေတုန်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကျွန်တော့်ဘ၀တစ်လျှောက် ကြုံဖူးတဲ့ ပြောင်ပြောင်တင်းတင်း လူမျိုးရေးခွဲခြားမှုပါပဲ´ ဟု ဆန္ဒပြသူများထဲတွင် ပါဝင်သည့် အသက် ၃၂ နှစ်အရွယ် ရောဘတ် ကုပ်လန်းဆိုသူက ပြောကြားခဲ့သည်။

    မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင်လည်း လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုအမှုအတွက်လည်း တရားရုံးက လူဖြူအရာရှိအား တရားစွဲဆိုခြင်းမပြုရန် ဆုံးဖြတ်ခဲ့မှုကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မစ်ဇူရီ ပြည်နယ်အပါအ၀င် နိုင်ငံတစ်ဝှမ်း ပြင်းထန်သော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    Al Jazeera and agencies

  • ဟိဂျဘ် ဝတ်ခြင်းကြောင့် ခွဲခြား ဆက်ဆံမှုများကို သြဇီမှ မွတ်စလင် ဆရာဝန်အမျိုးသမီး တဦး ဆန့်ကျင်သွားမည်။

    ဟိဂျဘ် ဝတ်ခြင်းကြောင့် ခွဲခြား ဆက်ဆံမှုများကို သြဇီမှ မွတ်စလင် ဆရာဝန်အမျိုးသမီး တဦး ဆန့်ကျင်သွားမည်။

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    28-11-14_Aussie-Doctors-Hijab-Fights-Racism
    – အစ္စလာမ်ကြောက်ရောဂါမှ ဖြစ်ပွားလာသည့် တိုက်ခိုက်မှုများကြောင့် မွတ်စလင် အမျိုးသမီးများစုမှာ ၎င်းတို့ဝတ်ဆင်ထားသည့် ဟိဂျဘ်များကို ချွတ်လိုက်ကြသော်လည်း သြစတေးလျရှိ မွတ်စလင် ဆရာဝန် အမျိုးသမီးတစ်ဦးမှာ အစ္စလာမ်သာသနာအား အသုံးချခံရမှုကို ရပ်တန့်ရန်အတွက် ဟိဂျဘ်ဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။

    `ကျွန်မဟာ မွတ်စလင်တွေနဲ့အတူ ကျွန်မရဲ့အမှတ်သညာကို ဖော်ပြချင်ပါတယ်။ အမြဲတမ်းဒီလိုလုပ်ချင်ခဲ့တာပါ။ ဒါပေမယ့် တစ်ခုခုလုပ်ဖို့အတွက် ခံယူချက်ဆိုတာတော့ လိုပါတယ်´ ဟု ဒေါက်တာ ဂူလ် အီး ရာနာက နိုဝင်ဘာ ၂၈ ရက် သောကြာနေ့တွင် Daily Mercury သတင်းစာသို့ ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် တစ်နှစ်က ဟိဂျဘ်ဝတ်ဆင်ခြင်းမရှိခဲ့သည့် သူမမှာ နိုင်ငံရပ်ခြားတွင် အစ္စလာမ်အမည်ခံ၍ ကျူးလွန်နေကြသော စစ်သွေးကြွ တိုက်ခိုက်မှုများ၊ အဓိကအားဖြင့် ISIL မှ ကျူးလွန်နေသော တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီးနောက် အစ္စလာမ်ကြောက်ရောဂါမှ ပေါက်ဖွားလာသည့် တိုက်ခိုက်မှုများ တိုးလာခဲ့ခြင်းက သူမ၏ စိတ်ဓာတ်အား အပြောင်းအလဲ ဖြစ်စေခဲ့သည်။

ုထို့ပြင် မွတ်စလင်အမျိုးသမီးတစ်ယောက်၏ အမှတ်သညာနှင့် ဟိဂျဘ်ဝတ်ဆင်ခြင်း အကြောင်းတို့ကို အခြားမွတ်စလင်အမျိုးသမီးတစ်ဦးထံမှ ကြားသိခဲ့ရခြင်းကလည်း ဒေါက်တာ ဂူလ်၏ ဟိဂျဘ်ဝတ်ဆင်မှုစတင်ရန် ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့လေသည်။

    သူမ၏ ဟီဂျဘ်မှာ အစ္စလာမ်သာသနာအား ဂုဏ်ယူဖွယ် ရောင်ပြန်ဟပ်မှုအဖြစ် ရှုမြင်နေသည့် ဒေါက်တာဂူလ်မှာ ထိုဝတ်ဆင်မှုက ၎င်း၏ လုပ်ငန်းခွင်တွင် ဂယက်ရိုက်မလားဟုလည်း စိုးရိမ်သောက ဖြစ်ခဲ့သည်။

    ထိုအထဲမှ အကြီးဆုံးသော စိုးရိမ်ပူပန်မှုက လူနာများအနေဖြင့် ၎င်းအား ယုံကြည်မှု၊ လေးစားမှု ဆက်ရှိနေမည်လား ဆိုသည်ပင် ဖြစ်လေသည်။

    `သာမန်လိုပါပဲ။ ကိုယ်နဲ့သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့အခါ ကိုယ်နဲ့ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့အရာတွေ ရရှိမှာဖြစ်ပြီး အရာရာတိုင်းက အလုပ်ဖြစ်ပါတယ်။ ဘယ်နည်းနဲ့မှ ကိုယ့်ရဲ့ အမှတ်သညာကို ဖယ်ရှားလို့မရပါဘူး။ ဒါ့ကြောင့် ဒါကို ပိုင်ဆိုင်သင့်ပါတယ်။ ကျွန်မဟာ ဘယ်လိုအမုန်းတရားကိုမှ ရင်မဆိုင်ခဲ့ရပါဘူး´ ဟု ဒေါက်တာဂူလ်က ပထမဆုံး ဟိဂျဘ်ဝတ်ဆင်သည့်နေ့နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

    အစ္စလာမ့်ပြင်ပမှဖြစ်ခြင်း

    ဒေါက်တာဂူလ်က သူမမှာ အစ္စလာမ်နှင့်ပတ်သက်၍ ချစ်စိတ်ပြင်းပြပြီး ရာနှုန်းပြည့် ငြိမ်းချမ်းရေးတရား ရှိနေသည်ဟု ယုံကြည်ကြောင်း ဆိုသည်။ ထို့ပြင် ရာဇ၀တ်မှုများနှင့်ပတ်သက်၍ ဖတ်ရှုရပြီးနောက် လူများမှာ အစ္စလာမ်သာသနာအား ကြောက်ရွံ့လာသည်ကို မိမိအနေဖြင့် နားလည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    `(ရာဇ၀တ်မှုတွေ) မီဒီယာတွေမှာ တစ်ခုပြီးတစ်ခုပါလာတဲ့အခါ ကျွန်မတိုနဲ့ပတ်သက်ပြီး လူတွေက ကြောက်ရွံ့ကြမှာ သဘာဝပါပဲ။ ကျွန်မတို့ဟာ မွတ်စလင်တွေဖြစ်နေတာကြောင့် ဒါတွေက ကျွန်မတို့ကို စိတ်ပျက်စေပါတယ်။ ဘယ်ဘာသာတရားကမှ မကောင်းတာတွေလုပ်ဖို့ မသွန်သင်ပါဘူး။ ဒီလူတွေ ဘာတွေကိုဖတ်ပြီး ဘာတွေကို လုပ်နေကြတာလဲ? ဒီလုပ်ရပ်တွေဟာ မှန်ကန်မှုမရှိပါဘူး´ ဟု သူမက ဆိုသည်။

    ထို့ပြင် အစ္စလာမ်သာသနာအား အချိန်ပေးလေ့လာသူများနှင့် မွတ်စလင်များအများစုကို နားလည်ကြသူများက အဆိုပါ အစွန်းရောက် အပြုအမူများကို သဘောမတူကြဟုလည်း သူမက ဖွင့်ဟခဲ့သည်။

    `လူတွေကို ကျွန်မတို့ ရှင်းပြချင်ပါတယ်။ ကျွန်မတို့အယူဝါဒဟာ ကျွန်မတို့အတွက် သီးသန့်ချည်း မဟုတ်ပါဘူး။ ကျွန်မတို့အားလုံးဟာ လူသားတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့လိုပါတယ်´ ဟု ဒေါက်တာဂူလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ သြစေတးလျသို့ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ကျော်ကတည်းကရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် နိုင်ငံလူဦးရေ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။

    ၉/၁၁ တိုက်ခိုက်မှုများပြီးနောက် သြစတေးလျ မွတ်စလင်များမှာ မသင်္ကာမှုများဖြင့် ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့၏ တိုင်းပြည်ချစ်စိတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်ခြင်း ခံခဲ့ရသည်။

    OnIslam

  • ဗုံးပါသည်ဟု နောက်ပြောင်ခဲ့သည့် ဆရာဝန်  ဒေါ်လာ ၁ သိန်းနီးပါး ဒဏ်ရိုက်ခံရ

    ဗုံးပါသည်ဟု နောက်ပြောင်ခဲ့သည့် ဆရာဝန် ဒေါ်လာ ၁ သိန်းနီးပါး ဒဏ်ရိုက်ခံရ

    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    afp-not-that-funny-doctors-bomb-joke-costs-him-9
    – အမေရိကန်ပြည်ထောင်စု မိုင်ယာမီလေယာဉ်ကွင်း စစ်ဆေးရေးဂိတ်၌ မိမိ၏အိတ်ထဲ၌ ဗုံးပါဝင်သည်ဟု နောက်ပြောင်ခဲ့သည့် ဆရာဝန်တစ်ဦးမှာ ဒဏ်ငွေ ကန်ဒေါ်လာ ၉ သောင်းခန့် ပေးဆောင်ခဲ့ရသည်ဟု သိရသည်။

    အောက်တိုဘာ ၂၂ ရက်နေ့တွင် အဗီယန်ကာသို့သွားမည့် လေယာဉ်ပေါ်သို့ မတက်ခင် စစ်ဆေးရေး ဂိတ်၌ မေးခွန်းများမေးရာ အသက် ၆၀ အရွယ် ဗင်နီဇွဲလား ဆရာဝန် မန်နျူယဲလ် အလ်ဗာရာဒိုက မိမိ၏ ခရီးဆောင်အိတ်ထဲ၌ C-4 ဖောက်ခွဲရေးဗုံး သယ်ဆောင်လာသည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် ၎င်းက မိမိမှာ နောက်ပြောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ လေဆိပ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး လေကြောင်းလိုင်းများကိုလည်း ရပ်ဆိုင်းခဲ့ကာ ဗုံး ရှာဖွေရေး တပ်ဖွဲ့တစ်ခုဖြင့် အလ်ဗာရာဒို၏ ခရီးဆောင်အိတ်အား ရှာဖွေခဲ့ကြသည်။

    သို့သော်လည်း ဗုံးအားရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘဲ နောက်ပိုင်းတွင် အလ်ဗာရာဒိုအား ဗုံးခွဲရန် ခြိမ်းခြောက်မှု၊ ရာဇ၀တ်မှုဆိုင်ရာ ထိခိုက်နစ်နာစေမှုတို့ဖြင့် တရားစွဲက ဒဏ်ငွေ ၈၉၁၇၂ ဒေါ်လာပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    ၎င်း၏ရှေ့နေဖြစ်သူ ဘရီယန်ဘီဘာကမူ မိမိ၏အမှုသည်မှာ နောင်တကြီးစွာ ရနေကြောင်း၊ မည်သူ့ကိုမှ ကြောက်ရွံ့ရန် ရည်ရွယ်ခြင်း မရှိခဲ့ကြောင်း၊ ထိုကဲ့သို့ နောက်ပြောင်မှုမှာ ၎င်း၏ အဆိုးဝါးဆုံး အမှားဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    AFP

  • အစ္စရေး-ပါလက်စတိုင်း နောက်ဆုံးအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ  မူကြမ်း လုံခြုံရေးကောင်စီ၌ ပြင်သစ် တင်မည်

    အစ္စရေး-ပါလက်စတိုင်း နောက်ဆုံးအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မူကြမ်း လုံခြုံရေးကောင်စီ၌ ပြင်သစ် တင်မည်

    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    Palestine resolution
    – အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နောက်ဆုံးအဆင့် ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ရည်ရွယ်သော ဆုံးဖြတ်ချက်မူကြမ်းကို ယခုလက အလယ်ပိုင်းတွင် ကုလ လုံခြုံရေးကောင်စီ၌ တင်သွင်းသွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာ ၁ ရက် တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

    ပြင်သစ်နိုင်ငံမှ ဦးဆောင်တင်သွင်းမည့် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းမှ ငြိမ်းချမ်းရေး ရရှိရန် နောက်ဆုံးဆွေးနွေးပွဲနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်အတွက် အချိန်ကာလတစ်ခု ထွက်ပေါ်လာနိုင်ပြီး ပါလက်စတိုင်း နိုင်ငံဖြစ်တည်လာရေးအတွက် ဒုတိယမြောက် နောက်ဆုံးကာလသတ်မှတ်ချက် ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ပါလက်စတိုင်းကိုယ်စားလှယ် ရီယဒ် မန်ဆူရ်က ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါဆုံးဖြတ်ချက်အား အတည်ပြုရန်အတွက် ယခင်က ပါလက်စတိုင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဗီတိုများသုံး၍ ပယ်ချခဲ့ဖူးသည့် အမေရိကန်၏ ဆုံးဖြတ်ချက်က  အခရာကျနေသည်။

    အာရပ်လိဂ်၏ ထောက်ခံမှုဖြင့် ပါလစတိုင်းမှာ ဆုံးဖြတ်ချက်မူကြမ်းတစ်စောင်ကို စက်တင်ဘာလကုန်ပိုင်းတွင် လုံခြုံရေးကောင်စီ၌ တင်သွင်းခဲ့ဖူးပြီး အဆိုပါ ဆုံးဖြတ်ချက်တွင် ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးထား၍ အဆုံးသတ်ရန် ဖော်ပြထားသည်။

    အဆိုပါ မူကြမ်းကို အမေရိကန်နှင့် အခြားလုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆန့်ကျင်ခဲ့သော်လည်း ပြင်သစ်နိုင်ငံက ယခုတင်သွင်းမည့် မူကြမ်းပေါ်လာရန် နည်းလမ်းတစ်ခုဖြစ်ခဲ့သည်။

  • သြစတေးလျတွင် ဗလီဝတ်ကျောင်း ဆောက်လုပ်မှု ကန့်ကွက်ချက်များ အာဏာပိုင်များနှင့် ပြည်သူများက လက်မခံ

    သြစတေးလျတွင် ဗလီဝတ်ကျောင်း ဆောက်လုပ်မှု ကန့်ကွက်ချက်များ အာဏာပိုင်များနှင့် ပြည်သူများက လက်မခံ

    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    Australian mosque project
    – သြစတေးလျနိုင်ငံ ဗစ်တီုးရီးယားပြည်နယ် ဘန်ဒီဂိုတွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် ဗလီဝတ်ကျောင်းတော်အား ကန့်ကွက်မှုအချို့ ရှိနေသော်လည်း အာဏာပိုင်များနှင့် ပြည်သူများကလည်း ထိုကန့်ကွက်မှုကို လက်မခံဟု သိရသည်။

    ဘန်ဒီဂိုမြို့၏ ပထမဆုံးဗလီဝတ်ကျောင်းတော်ဖြစ်လာမည့် အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ကို မြို့တော်ကောင်စီက ဇွန်လတွင် ချပေးခဲ့သည်။

    ထိုသို့ခွင့်ပြုခဲ့ပြီးနောက် လုပ်ကြံရေးထားသည့် အကြောင်းအရာများပါဝင်သော မွတ်စလင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ အဆိုပါ ဗလီဝတ်ကျောင်းတော်ဆောက်လုပ်မှုကို ထောက်ခံသူများအိမ်ရှေ့တွင် အနက်ရောက် ပူဖောင်းများချိတ်ဆွဲခြင်း စသည့် လှုပ်ရှားမှုတို့ဖြင့် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုကို ဆန့်ကျင်မှုများ ရှိလာခဲ့သည်။

    ထိုလှုပ်ရှားမှုများကို အဖွဲ့အစည်းအချို့က ငွေကြေးများ ထောက်ပံ့ကာ ဆောင်ရွက်ခိုင်းခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်ဆောက်လုပ်မှုကို ပိတ်ပင်ရန် ၎င်းတို့က ပံ့ပိုးမှုများ ပြုလုပ်နေသည်။

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအတွက် ထိုကဲ့သို့ ဆန့်ကျင်မှုများရှိခဲ့ပြီးနောက် ဘန်ဒီဂိုမြို့မှ ခေါင်းဆောင်များမှာ သည်းခံမှုရှိကြရန် ပြည်သူများအား တိုက်တွန်းခဲ့ပြီး အမုန်းတရားများနှင့် ပတ်သက်၍ ခွင့်လွှတ်မည်မဟုတ်ဟုလည်း သတိပေးခဲ့သည်။

    ဗစ်တိုးရီးယားပြည်နယ် အစ္စလာမ်အသင်းမှ အတွင်းရေးမှူး ဒေါက်တာ ဆရက် ရှရိဖ်ဒင်းကမူ ထိုကဲ့သို့ ဆန့်ကျင်မှုများမှာ မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများကြောင့် ဖြစ်ကြောင်း၊ ဗလီဝတ်ကျောင်းတော် တည်ဆောက်မှုကို ဆန့်ကျင်ရေး ဆောင်ရွက်သူများမှာ ဘန်ဒီဂို မြို့ခံများမဟုတ်ကြကြောင်း၊ ၎င်းတို့မှာ ၀တ်ပြုနေရာကို အကြမ်းဖက်ဝါဒနှင့် ကြိုးကြောင်းဆီလျော်မှုမရှိဘဲ ဆက်စပ်နေကြကြောင်း ပြောကြားခဲ့သည်။

    `ဒီလိုလုပ်ရပ်တွေဟာ လူမျိုးရေးခွဲခြားမှု စစ်စစ်ပါပဲ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနည်လမ်းတကျ၊ ဒီနိုင်ငံရဲ့ ဥပဒေမူဘောင်တွေနဲ့အညီ ဗလီဝတ်ကျောင်းတော်ဆောက် လုပ်ခွင့် တောင်းဆိုခဲ့တာပါ။ အများနဲ့မတူ တစ်မူထူးအောင် တောင်းဆိုခဲ့တာမျိုး မဟုတ်ပါဘူး။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့ လက်ခံ၊ လက်မခံအတွက် မြို့တော်ကောင်စီကို လျှောက်လွှာတင်ခဲ့တယ်။ သူတို့ မေတ္တာရပ်ခံတဲ့ပုံစံအတိုင်း ဗလီဝတ်ကျောင်းတော်ရဲ့ဒီဇိုင်းကို ပြင်ခဲ့တယ်။ ပြီးတော့ တည်ဆောက်ခွင့် ရခဲ့ပါတယ်´ ဟု ရှရိဖ်ဒင်းက AA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဘန်ဒီဂိုမြို့ရှိ ပြည်သူများကလည်း ဘာသာအယူဝါဒအားလုံးကို အားပေးသည့်အနေဖြင့် ရောင်စုံဘောလုံးများကို ကိုင်မြှောက်ကာ မတူကွဲပြားမှုကို ထောက်ခံသည့် ချီတက်လမ်းလျှောက်မှုများကို ဇွန်လအတွင်း ပြုလုပ်ခဲ့ကြသည်။

    ရှရိဖ်ဒင်းက ဘန်ဒီဂိုမြို့တွင် မတူညီသော အယူဝါဒများမှ နောက်လိုက်များအားလုံး ညီညွတ်ကြပြီး အီးဒ်ပွဲတော်ကဲ့သို့ အစ္စလာမ့်ပွဲတော် အခမ်းအနားများကိုလည်း ထိုမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသည်ဟု ပြောကြားခဲ့သည်။

    `နိုင်ငံရေးသမားတွေ၊ ရပ်မိရပ်ဖတွေ၊ မြို့တော်ကာင်စီကလူတွေ၊ ပြည်သူတွေကို ဖိတ်ခဲ့ပြီး သူတို့အားလုံးလည်း လာရောက်ခဲ့ကြပါတယ်။ ပြီးတော့ ဘန်ဒီဂိုမှာ ယဉ်ကျေးမှုမျိုးစုံရှိနေတာကို မြင်ချင်တယ်လို့လည်း သူတို့ ပြောခဲ့ကြပါတယ်´ ဟု ၎င်းက ဆိုသည်။

    အဆိုပါဗလီဝတ်ကျောင်းတော် စတင်ဆောက်လုပ်ရန်အတွက် တရားရုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပြီး ယခုသီတင်းပတ် အဆုံးပိုင်းတွင် ရရှိမည်ဟု သိရသည်။

    World Bulletin