News @ M-Media

Blog

  • မြန်မာကိစ္စ အာဆီယံ၏ကြားဝင်မှု မျှော်လင့်ထားသည့်အတိုင်းဖြစ်ရန် မလေးရှား လိုလားနေ

    စက်တင်ဘာ ၁၊ ၂၀၂၁
    M-Media

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင်

    -မြန်မာနိုင်ငံငြိမ်းချမ်းရေး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်ဆောင်ရွက်မယ့် ကိစ္စဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း မလေးရှားအစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ဆိုက်ဖူဒင် အဘ်ဒူလာက ပြောပါတယ်။

    မလေးရှားဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ထားပြီး စစ်ကောင်စီကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ လူသိရှင်ကြား ပြောကြားထားတဲ့ နိုင်ငံပါ။

    နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒီကနေ့ပြုလုပ်တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ဆိုက်ဖူဒင်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ပြောပါတယ်။

    “အထူးကိုယ်စားလှယ် ခန့်အပ်မှုမှာ မလေးရှာဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အခြေအနေတွေကို အကျဉ်းချုပ် ကျွန်တော့်ကို အစီရင်ခံထားတာမျိုး ရှိနေပြီး၊ အထူးကိုယ်စားလှယ်ဟာ သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်”

    စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းပေးဖို့အတွက် အာဆီယံအဖွဲ့က ကြိုးစားနေပြီး၊ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် မိုဟာမက် ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

    အာဆီယံဟာ ဧပြီလအတွင်း ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ရရှိထားတဲ့ သဘောတူညီချက် ၅ ချက်အတိုင်း မြန်မာပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာ​ ဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင်က အရီဝမ်နဲ့ မကြာခင်တွေ့ဆုံမှုမှာ အပြုသဘောဆောင်တဲ့ရလဒ်တွေ ရကာ အရီဝမ်ရဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင် ကူညီဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Malay Mail

  • ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ် အဓမ္မကျင့် သတ်ဖြတ်ခံရမှု အိန္ဒိယတွင် ဖြစ်ပွား

    ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ် အဓမ္မကျင့် သတ်ဖြတ်ခံရမှု အိန္ဒိယတွင် ဖြစ်ပွား

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -အသက် ၉ နှစ်အရွယ် ဒါလစ်ဇာတ်နိမ့် မိန်းကလေးငယ်တစ်ယောက် အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်မှုအတွက် အိန္ဒိယရဲတပ်ဖွဲ့က ဟိန္ဒူဘုန်းကြီတစ်ဦးနဲ့ လူ ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

    ဒီအဖြစ်အပျက်ဟာ ​မြို့တော်ဒေလီမှာ ဩဂုတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ မီးသင်္ဂြိုဟ်စက်ရှိရာ အဆောက်အဦးမှာ မိန်းကလေးငယ်က ရေယူဖို့ သွားစဉ်အတွင်း အသက် ၅၃ နှစ်အရွယ် ဘုန်းကြီးနဲ့ သင်္ဂြိုဟ်စက်အလုပ်သမား ၃ ဦးတို့က အဓမ္မကျင့် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက် မိခင်ဖြစ်သူကိုခေါ်ပြီး မိန်းကလေးငယ်ဟာ ဓာတ်လိုက်သေဆုံးသွားကြောင်း၊ ရဲတပ်ဖွဲ့ကို အကြောင်းကြားရင် အလောင်းခွဲစိပ်စစ်ဆေးမှုမှာ ဆရာဝန်တွေက ကိုယ်တွင်းကလီစာတွေကို ထုတ်ယူရောင်းစားမှာ ဖြစ်တဲ့အတွက် ချက်ခြင်းသ​င်္ဂြိုဟ်ဖို့ ပြောကြားခဲ့ပါတယ်။ အလောင်းကို မီးသင်္ဂြိုဟ်စဉ်အတွင်း ပတ်ဝန်းကျင်က ကြားဝင်တားဆီးတဲ့အတွက် လူသိရှင်ကြား ဖြစ်လာတာပါ။

    ကျူးလွန်သူတွေကို ဩဂုတ်လ အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မြို့တော် ဒေလီမှာ ဆန္ဒပြတောင်းဆိုမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေဟာ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ စွဲချက်တွေနဲ့ တရားစွဲဆို ခံထားရပါတယ်။

    အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် မလုံခြုံဆုံး တိုင်းပြည်လို့ သတ်မှတ်ခံထားရတာပါ။ အဓမ္မကျင့် သတ်ဖြတ်မှုအတွက် ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ သတ်မှတ်ထားပေမယ့် မြေပြင်မှာ အမျိုးသမီးတွေရဲ့ ဘ၀က တိုးတက်မှု မရှိပါဘူး။

    အိန္ဒိယရာဇဝတ်မှုမှတ်တမ်းဌာန စာရင်းအရ ၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ တစ်နေ့ကို ပျမ်းမျှ ၉၀ လောက် အဓမ္မပြုကျင့်မှု ခံရတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ထံ လာမတိုင်တဲ့ အမှုတွေ တော်တော်များများ ရှိနေတာကြောင့် အမှန်ကတယ်ဖြစ်ပွားတဲ့အရေအတွက် ဒီထက်ပိုပြီး များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    အခုဖြစ်ပွားတဲ့ အဓမ္မကျင့်လူသတ်မှုဟာ နိုင်ငံအတွင်း လူဦးရေ သန်း ၂၀၀ လောက်ရှိနေတဲ့​ ဟိန္ဒူ ဒါလစ်ဇာနိမ့်တွေ ဖိနှိပ်ခံရမှု အဖြစ်အပျက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဇာတ်ခွဲခြားမှုစနစ်အရ အရင်ကတည်းက ခွဲခြားဖိနှိပ်မှု ခံခဲ့ရတဲ့ ဒါလစ်လူ့အဖွဲ့အစည်းဟာ ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ပိုခံလာရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    Ref: AFP

  • ပုံပြောင်းမှုအလွန်များသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးကို တောင်အာဖရိကတွင် တွေ့ရှိ

    ပုံပြောင်းမှုအလွန်များသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးကို တောင်အာဖရိကတွင် တွေ့ရှိ

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -ပုံပြောင်းမှုများစွာ ဖြစ်ပေါ်တဲ့ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲတစ်ခုကို တောင်အာဖရိ သိပ္ပံပညာရှင်တွေက တွေ့ရှိထားပြီး လက်ရှိ ပြန့်နှံ့နေတဲ့ ကိုဗစ်ပိုးတွေထက် ပိုအန္တရာယ်ရှိလားဆိုတာကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။

    C.1.2 လို့ အမည်ပေးထားတဲ့ အဲဒီမျိုးကွဲကို မေလမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ နိုင်ငံအတွင်း ပြည်နယ်တော်တော်များများမှာ ပြန့်နှံ့နေတဲ့အပြင် အာဖရိက အခြားတိုင်းပြည်တွေ၊ ဥရောပ၊ အာရှနဲ့ သမုဒ္ဒရာပိုင်း ဒေသတွေအထိပါ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ပိုမိုပြန်နှံ့လွယ်ပြီး၊ ကိုဗစ်ကာကွယ်ဆေးကြောင့် ပေါ်ထွက်လာမယ့် ကိုယ်ခံစွမ်းအားကို အံတုနိုင်မယ့် ပုံပြောင်းမှုမျိုး C.1.2 မျိုးကွဲမှာ တွေ့ရပေမယ့် အတိအကျ ပြောနိုင်ဖို့အတွက် လေ့လာဆန်းစစ်မှုတွေ ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စိုးရိမ်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ထားတဲ့ ကိုဗစ်မျိုးကွဲ ၄ ခုက Beta ဗားရှင်းကို တောင်အာဖရိကမှာ ပထမဆုံး တွေ့ရှိခဲ့တာပါ။

    C.1.2 ကိုဗစ်မျိုးကွဲ လေ့လာမှုမှာ ပါဝင်ခဲ့သူ ကူးစက်ရောဂါပညာရှင် ရစ်ချက် လက်ဆဲလ်စ်က အခုလို မျိုးကွဲတစ်ခု ထပ်ထွက်လာတာကို ကြည့်ခြင်းအားဖြင့် ဒီကပ်ရောဂါ အချိန်တိုတိုနဲ့ ပြီးဆုံးမှာ မဟုတ်ဘူးဆိုတာနဲ့ ဗိုင်းရပ်စ်ဟာ လူတွေကို ပိုမိုကူးစက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေတုန်းပဲဆိုတာကို တွေ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    လက်ရှိ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ကာ ကူးစက်မှု၊ သေဆုံးမှု အလွန်များပြားခဲ့တဲ့ Delta ဗိုင်းရပ်စ်နေရာကို အခု C.1.2 က အစားဝင်မယ့် အနေအထားမျိုး မရှိသေးဘူးလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    C.1.2 ပတ်သက်တဲ့ တွေ့ရှိချက်တွေကို WHO ထံ သတင်းပေးပို့ထားပြီး တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    Ref: Reuters

  • ၁၈ နှစ်အောက်လူငယ်များ တစ်ပတ်လျှင် ၃ နာရီသာ ဂိမ်းကစားရမည့် ဥပဒေသစ်တစ်ခု တရုတ်ထုတ်ပြန်

    ၁၈ နှစ်အောက်လူငယ်များ တစ်ပတ်လျှင် ၃ နာရီသာ ဂိမ်းကစားရမည့် ဥပဒေသစ်တစ်ခု တရုတ်ထုတ်ပြန်

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -အသက် ၁၈ နှစ်အောက်လူငယ်တွေ တစ်ပတ်ကို ၃ နာရီသာ ဂိမ်းဆော့ခွင့်ပြုတဲ့ စည်းမျဉ်းသစ်တစ်ခုကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပြီး ဂိမ်းစွဲမှုကို တိုက်ဖျက်ဖို့ လိုအပ်တဲ့အတွက် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ဒီစည်းမျဉ်းသစ်ဟာ လူ့အဖွဲ့အစည်းကို ပိုမိုထိန်းချုပ်နိုင်ဖို့ နည်းပညာ၊ စီးပွားရေး၊ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေလို နှစ်ပေါင်းများစွာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ အဓိက စီးပွားရေးကဏ္ဍတွေကို ထိန်းချုပ်ဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဥပဒေအသစ်အရ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေဟာ ဖုန်း၊ ကွန်ပျူတာနဲ့ ကွန်ဆိုးလ် စတဲ့ ပလက်ဖောင်းမျိုးစုံမှာ ဂိမ်းတွေကို သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ည ၈ နာရီကနေ ၉ နာရီအထိ ၁ နာရီသာ ကစားခွင့်ရမှာ ဖြစ်ပါတယ်။ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာလည်း ဒီစည်မျဉ်းအတိုင်းပဲ ၁ နာရီ ကစားခွင့်ပြုမှာပါ။

    Alibaba နဲ့ Tencent လို နည်းပညာကုမ္ပဏီကြီးတွေကို ကန့်သတ်ဖိနှိပ်မှုတွေ လုပ်ဆောင်တဲ့နောက်ဆက်တွဲအဖြစ် ဒီလိုသတ်မှတ်ချက်မျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံက လူငယ်ပေါင်း သန်းရာချီကို စွဲဆောင်ထားနိုင်တဲ့ ကမ္ဘာ့ ဂိမ်းစျေးကွက်အတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

    တရုတ်အစိုးရက ဂိမ်းကစားမှုဟာ ‘စိတ်ပိုင်းဆိုင်ရာ ဘိန်းစွဲမှု’ ပုံစံမျိုး ဖြစ်လာနေကြောင်း၊ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်ပြီး သူတို့ရဲ့ ရုပ်ပိုင်၊ စိတ်ပိုင်းကို ကာကွယ်ဖို့ဟာ နိုင်ငံတော် အကျိုးစီးပွား ဖြစ်တဲ့အတွက် ဒီလို ဥပဒေမျိုး ထုတ်ပြန်ရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သတ်မှတ်ထားတဲ့ အချိန်ထက် ကျော်လွန်ဝန်ဆောင်မှုပေးတဲ့ ဂိမ်းကုမ္ပဏီတွေဟာ အရေးယူခံရမှာဖြစ်ပြီး၊ ၁၈ နှစ်အောက် လူငယ်တွေအနေနဲ့ အမည်အရင်းနဲ့သာ အကောင့်အဖွင့် ကစားနိုင်မှာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ်က အသက် ၁၈ နှစ်အောက် လူငယ်တွေ တစ်နေ့ကို ၁ နာရီခွဲ ပိတ်ရက်တွေမှာ ၃ နာရီအထိ ဂိမ်းကစားဖို့ တရုတ်အစိုးရက စည်းမျဉ်း သတ်မှတ်ခဲ့ဖူးပါတယ်။

    Ref: Reuters

  • အာဖဂန်နစ္စတန်ကို အမေရိကန်က နှစ်ပေါင်း ၂၀ ကျူးကျော်မှု အဆုံးသတ်ပြီ

    အာဖဂန်နစ္စတန်ကို အမေရိကန်က နှစ်ပေါင်း ၂၀ ကျူးကျော်မှု အဆုံးသတ်ပြီ

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -အာဖဂနစ္စတန်နိုင်ငံမှာရှိနေတဲ့ နောက်ဆုံးအသုတ်စစ်သားတွေ မြို့တော် ကာဘူးလ်ကနေ မနေ့က ဆုတ်ခွာခဲ့ပြီလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။

    ဒါဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ နောက်ပိုင်း အာဖဂန်နစ္စတန်ကို အမေရိကန်က ကျူးကျော်တိုက်ခိုက်မှု နှစ်ပေါင်း ၂၀ ကြာမြင့်ပြီးတဲ့နောက် အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်တပ်ဖွဲ့အားလုံး အာဖဂန်ကနေ ဆုတ်ခွာမယ်လို့ အခုနှစ်အစောပိုင်းက ကြေငြာခဲ့တာပါ။

    C-17 စစ်ဖက် ပို့ဆောင်ရေးလေယာဉ်ဟာ နောက်ဆုံးအသုတ် အမေရိကန်စစ်သားတွေကို တင်ဆောင်ကာ ဩဂုတ်လ ၃၀ ရက်နေ့ ည သန်းခေါင်ယံမတိုင်ခင် ၁ မိနစ်အလိုမှာ ကာဘူးလ်မြို့ ဟာမစ်ကာဇိုင်း လေဆိပ်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

    အဲဒီနောက် တာလီဘန်က တိုင်းပြည် အပြည့်အ၀လွတ်မြောက်ကြောင်း ကြေငြာခဲ့ပြီး ကာဘူးလ်မြို့မှာ သေနတ်တွေ ပစ်ဖေါက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။

    အာဖဂန်နစ္စတန်မှာ အမေရိကန်နိုင်ငံသားတွေ၊ တိုင်းပြည်ကထွက်ခွာလိုတဲ့ အာဖဂန်ပြည်သူတွေ ကျန်နေပြီး ဒီအတွက် အမေရိကန်အစိုးရအစီအစဉ်နဲ့ ပြန်လည်ခေါ်ယူမှာ ဖြစ်ပါတယ်။

    Ref: Aljazeera