News @ M-Media

Blog

  • စစ်ကောင်စီ စစ်ကြောရေးတွင် နှိပ်စက်ညှင်းပမ်းမှုကြောင့် သေဆုံးသူ ၄၀ ကျော်ပြီ

    စစ်ကောင်စီ စစ်ကြောရေးတွင် နှိပ်စက်ညှင်းပမ်းမှုကြောင့် သေဆုံးသူ ၄၀ ကျော်ပြီ

    ဩဂုတ် ၂၈၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ကြောမှုအတွင်း သေဆုံးသူ အနည်းဆုံး ၄၁ ဦး ရှိပြီလို့ သိရပါတယ်။

    အာဏာသိမ်းမှုကို နိုင်ငံတစ်ဝှမ်း ပြည်သူတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုအပေါ် စစ်ကောင်စီတပ်တွေကလည်း အကြမ်းဖက် နှိမ်နှင်းမှုတွေ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူတစ်ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

    ဖမ်းဆီးခံရသူက အနည်းဆုံး ၆ ထောင်နီးပါးရှိနေပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရဲစခန်း၊ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းမှာ လူမဆန်စွာ နှိပ်စက်ခံရမှု​တွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    စစ်ကြောရေးမှာ ညှင်းပမ်းမှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံး ၄၁ ဦး ရှိလာပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတို့မှာ ညှင်းပမ်းနှိပ်စက်ခဲ့ရမှုကြောင့် အသက် ၇၂ နှစ်အရွယ် အဖိုးအိုတစ်ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

    မကွေးတိုင်း ဂန်ဂေါမြို့နယ် နှင်းခါးရွာကို ပြီးခဲ့တဲ့တစ်ပတ်က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းမှုမှာ အသက် ၇၂ နှစ်အရွယ် ဦးကံထောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် နှိပ်စစ်ညှင်းပမ်းခံရတဲ့ ဒဏ်ရာတွေကြောင့် ဦးကံထောက်တစ်ယောက် ကွယ်လွန်သွားခဲ့ပါတယ်။

    “PDF အဖွဲ့ဝင်တွေကို သိလားလို့ သူတို့က ကျွန်တော့်ကို မေးတယ်။ ကျွန်တော်က မသိဘူးလို့ပြောတော့ မျက်နှာကို အကြိမ်ကြိမ်ကန်တယ်။ ဆံပင်ကိုဆွဲတယ်။ မျက်နှာကိုထိုးတယ်။ မျက်နှာမထိအောင် လက်နဲ့ကာထားရတယ်” လို့ ဦးကံထောက်က ဩဂုတ်လ ၂၁ ရက်နေ့ မကွယ်လွန်ခင် နာရီပိုင်းက ဗီဒီယိုမှတ်တမ်းမှာ ပြောကြားခဲ့ပါတယ်။

    Ref: RFA

  • ကာဘူးလ်လေဆိပ် အသေခံဗုံးခွဲမှု ကြိုးကိုင်သူ IS အဖွဲ့ဝင်ကို အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်

    ကာဘူးလ်လေဆိပ် အသေခံဗုံးခွဲမှု ကြိုးကိုင်သူ IS အဖွဲ့ဝင်ကို အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်

    ဩဂုတ် ၂၈၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့က အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်မြို့မှာဖြစ်တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှု စီစဉ်သူ IS အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးကို အမေရိကန်က ဒရုန်းနဲ့ လက်စားချေ တိုက်ခိုက်ခဲ့ပါတယ်။

    အမေရိကန်နဲ့ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဟာမစ်ကာဇိုင်းလေဆိပ် ဝင်ပေါက်မှာ လူနှစ်ဦးက သေနတ်တွေနဲ့ပစ်ခတ်ပြီး အသေခံဗုံးခွဲခဲ့တာပါ။ ဒီအဖြစ်အပျက်အတွင်း အနည်းဆုံး လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး အများစုက အာဖဂန်ပြည်သူတွေ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး ပါဝင်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ရဲ့ ခိုရာဆန်ဒေသအဖွဲ့ခွဲ IS-K က တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ထုတ်ပြန်ပါတယ်။

    ဒီလုပ်ရပ်ကို လက်စားချေတဲ့အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတစ်ခု လုပ်ခဲ့ပြီး ကာဘူးလ်လေဆိပ် ဗုံးခွဲမှုကို အဓိကကြိုးကိုင်သူ သေဆုံးသွားတယ်လို့ ယူဆရကြောင်း အမေရိကန်က ထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲဖို့ စီစဉ်သူနဲ့ အခြား IS အဖွဲ့ဝင်တစ်ဦး ကားနဲ့ သွားနေစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    IS-K အဖွဲ့ဟာ အာဖဂန်မှာအခြေစိုက်တဲ့ အစွန်းရောက်အဖွဲ့တွေထဲမှာ အကြမ်းတမ်း၊ အရက်စက်ဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။

    Ref: BBC

    #mmFootballNews

  • အသင်းဟောင်းမန်ယူနဲ့ ပြန်လည်ပေါင်းထုတ်မယ့် ရော်နယ်ဒို ဘာတွေရင်ဖွင့်သလဲ

    အသင်းဟောင်းမန်ယူနဲ့ ပြန်လည်ပေါင်းထုတ်မယ့် ရော်နယ်ဒို ဘာတွေရင်ဖွင့်သလဲ

    ဩဂုတ် ၂၈၊ ၂၀၂၁
    M-Media

    -ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ မနေ့က မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ပေါင်းထုတ်ဖို့ သဘောတူညီချက် ရရှိသွားခဲ့ပါတယ်။

    ​မန်ယူရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ပြောင်းတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပြီးတဲ့နောက်ပိုင်း မန်ယူကို အံ့အားသင့်ဖွယ် ရောက်ရှိသွားတာပါ။

    မန်ယူနည်းပြဟောင်းဖြစ်ပြီး၊ ရော်နယ်ဒိုကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆာ အဲလက်စ်ဖာဂူဆန်က အသင်းနဲ့ ကစားသမားအကြားမှာ ဝင်ရောက်ညှိနှိုင်းပေးခဲ့တာလို့ အင်္ဂလိပ် ပြည်တွင်းသတင်းတွေက ဖော်ပြကြပါတယ်။

    အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ မန်ယူမှာကစားခဲ့ပြီးတဲ့နောက် အသင်းကထွက်ခွာပြီး ၁၃ နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာတာပါ။

    ရော်နယ်ဒိုအတွက် မန်ယူဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ပေးချေရမှာဖြစ်ပါတယ်။ ​နိုင်ငံအသင်းနဲ့ကစားဖို့ ပေါ်တူဂီရောက်နေတဲ့ ရော်နယ်ဒိုဟာ ရက်ပိုင်းအတွင်း မန်ချက်စတာမြို့ကို လာရောက်ကာ အပြောင်းအရွှေ့ အပြီးသတ်ဖို့ ရှိနေပါတယ်။

    နောက်ဆုံးနှုတ်ဆက်စကား

    အသင်းအတွက် စိတ်ရောကိုယ်ပါနှစ်မြှုပ်ကစားခဲ့သလို တူရင်မြို့ကိုလည်း ချစ်ခင်မြတ်နိုးတယ်လို့ ဂျူဗင်တပ်စ်ပရိတ်သတ်တွေကို ရော်နယ်ဒိုက နောက်ဆုံးစကား ပါးခဲ့ပါတယ်။

    “အံ့ဩစရာအကောင်းအဆုံးအသင်း၊ အီတလီမှာ အကြီးကျယ်ဆုံးအသင်း၊ ဥရောက အကြီးကျယ်ဆုံး အသင်းတွေက တစ်သင်းကနေ ဒီကနေ့ ကျွန်တော် ထွက်ခွာရပါပြီ။ ဂျူဗင်တပ်စ်အသင်းအတွက် ကျွန်တော် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကစားခဲ့ပြီး ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်အထိ တူရင်မြို့ကို ချစ်မြတ်နိုးခဲ့ပါတယ်”

    ဂျူဗီပရိတ်သတ်တွေကို ကျေးဇူးတင်ပြီး အသင်းရဲ့ ပရိတ်သတ်တစ်ဦးအဖြစ် ဆက်ရှိနေမယ်လို့လည်း ရော်နယ်ဒိုက ဆိုပါတယ်။

    “ဂျူဗီပရိတ်သတ်တွေက ကျွန်တော့်ကို အမြဲတမ်း လေးစားတယ်။ ဒီလေးစားမှုကို ကျေးဇူးဆပ်ဖို့အတွက် ပွဲတိုင်း၊ ရာသီတိုင်း၊ ပြိုင်ပွဲတိုင်းမှာ ကျွန်တော် တိုက်ပွဲဝင်ခဲ့တယ်။ ကျွန်တော်တို့ ပြန်ကြည့်လိုက်ရင် ကြီးမားတဲ့ အောင်မြင်မှုတွေရခဲ့တယ်။ ကျွန်တော်တို့လိုချင်တာ အားလုံးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် လှပတဲ့ သမိုင်းကို ကျွန်တော်တို့ အတူတကွ ရေးနိုင်ခဲ့ပါတယ်”

    “ကျွန်တော်ဟာ အမြဲတမ်း ခင်ဗျားတို့ထဲကတစ်ယောက် ဖြစ်နေမှာပါ။ ခင်ဗျားတို့ဟာ ကျွန်တော့်သမိုင်းရဲ့ အစိတ်အပိုင်းဖြစ်သွားပြီ။ ကျွန်တော်လည်း ခင်ဗျားတို့သမိုင်းရဲ့ အစိတ်အပိုင်းဖြစ်နေမယ်လို့ ခံစားရပါတယ်။ အီတလီ၊ ဂျူဗီ၊ တူရင်မြို့၊ ဂျူဗီပရိတ်သတ် ဒါတွေအားလုံး ကျွန်တော့်ရဲ့ နှလုံးသားမှာ အမြဲတမ်း ရှိနေမှာပါ”

    နံပါတ် ၇ ပြန်ဝတ်မှာလား

    အတိတ်က မန်ယူမှာ အောင်မြင်ကျော်ကြားစဉ်အချိန်က ရော်နယ်ဒိုကို နံပါတ် ၇ ဂျာစီနဲ့ တွဲပြီး သိကြပါတယ်။ တစ်ကျော့ပြန် အိမ်ပြန်ခရီးမှာတော့ နံပါတ် ၇ ပြန်၀တ်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

    ပရီးမီးယားလိဂ် စည်းမျဉ်းစည်းကမ်းတွေအရ ရော်နယ်ဒိုဟာ​ နံပါတ် ၇ ဂျာစီပြန်ရဖို့ အခွင့်အလမ်း သိပ်မရှိပါဘူး။ နံပါတ် ၇ ဂျာစီကို တိုက်စစ်မှူး ကာဗာနီနဲ့တွဲကာ မန်ယူက ပရီးမီးယားလိဂ်မှာ ဒီရာသီအတွက် မှတ်ပုံတင်ထားတာပါ။ စည်းမျဉ်းအရ မှတ်ပုံတင်ထားတဲ့ ကစားသမား အသင်းက ထွက်ခွာမှသာ တစ်ခြားကစားသမားက ဝတ်ခွင့်ရမှာ ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ရဲ့ အထူးခွင့်ပြုချက်နဲ့ နံပါတ်ပြောင်းလို့ရတယ်ဆိုတဲ့ စည်းမျဉ်းတစ်ချက် ရှိ​နေပေမယ့် အရင်က ဒီစည်းမျဉ်းကို ကျင့်သုံးခဲ့တဲ့ သမိုင်းမျိုး ပရီးမီးယားလိဂ်မှာ မရှိပါဘူး။

    မန်ယူနောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူဖြစ်နေတဲ့ ဖာဒီနန်က မန်ယူအသင်းနဲ့ ပရိတ်သတ်တွေက ရော်နယ်ဒိုပြန်လာမှုကို သောင်းသောင်းဖျဖျ ကြိုဆိုတဲ့ အနေအထားမှာ ကာဗာနီက သူ့ရဲ့ ကျောနံပါတ် ၇ ဂျာစီကို စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

    Ref: Goal, Daily Mail

  • ကာဘူးလ်လေဆိပ်က အသေခံဗုံးခွဲမှု သေဆုံးသူ ၁၀၃ ဦးအထိ ရှိလာ

    ကာဘူးလ်လေဆိပ်က အသေခံဗုံးခွဲမှု သေဆုံးသူ ၁၀၃ ဦးအထိ ရှိလာ

    ဩဂုတ် ၂၇၊ ၂၀၂၁
    M-Media

    တိုက်ခိုက်မှုဖြစ်ပွားရာနေရာ

    -အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကာဘူးလ်က နိုင်ငံတကာလေဆိပ်မှာ မနေ့က အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၀၃ ဦးသေဆုံးခဲ့ပါတယ်။

    တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS အကြမ်းဖက်အဖွဲရဲ့ ခိုရာစန်ဒေသအဖွဲ့ခွဲ ISIS-K က ပြောပါတယ်။ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့လိုက်ဖို့ လူအများအားပြား စုရုံးနေကြတဲ့ လေဆိပ်ဝင်ပေါက်ကို သေနတ်သမား နှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ဗုံးခွဲခဲ့တာပါ။

    အမေရိကန်စစ်သား အနည်းဆုံး ၁၃ ဦး ဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့ပြီး ဒါဟာ ၂၀၁၁ ခုနှစ် ဩဂုတ်လနောက်ပိုင်း အာဖဂန်မှာ အမေရိကန်တပ်တွေ အထိခိုက်အကျအဆုံး အများဆုံး ဖြစ်ပါတယ်။

    တာလီဘန်က သူတို့အဖွဲ့ဝင် ၂၈ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်မရှိဘဲ အခင်းဖြစ်တဲ့နေရာဟာ နိုင်ငံခြားတပ်ဖွဲ့တွေ လုံခြုံရေးယူထားရာနေရာလို့လည်း ဆိုပါတယ်။

    သေဆုံးသူ ၇၂ ဦးကတော့ အာဖဂန်အရပ်သားတွေပါ။ တိုက်ခိုက်မှုကြောင့် လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်တွေအပေါ် ထိခိုက်နာကျင်အောင် လုပ်ဆောင်မှုကို မိမိတို့ မေ့မှာမဟုတ်သလို၊ ခွင့်လွတ်မှာလည်းမဟုတ်ကြောင်း၊ ကျူးလွန်တွေကို လိုက်လံရှာဖွေပြီး အစားပြန်ယူမှာဖြစ်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေဟာ ဟာမစ်ကာဇိုင်း နိုင်ငံတကာလေဆိပ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နေကြပါတယ်။

    Ref: Aljazeera

  • ခရစ္စတီယာနိုရော်နယ်ဒို ပရီးမီးယားလိဂ်သို့ပြန်လာရန် နီးစပ်နေ

    ခရစ္စတီယာနိုရော်နယ်ဒို ပရီးမီးယားလိဂ်သို့ပြန်လာရန် နီးစပ်နေ

    ဩဂုတ် ၂၇၊ ၂၀၂၁
    M-Media

    -ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ မန်စီးတီးအသင်းတို့အကြား အပြီးသတ်သဘောတူညီချက်ရတော့မယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ESPN သတင်းဌာနကို အတည်ပြု ပြောကြားလိုက်ပါတယ်။

    အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့ သက်တမ်းတစ်နှစ်သာ ကျန်တော့တာပါ။

    ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ဂျ်မန်ဒက်စ်နဲ့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့ပြီး၊ ရော်နယ်ဒိုနဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာတို့လည်း ကြာသာပတေးနေ့ မနက်ပိုင်းမှာ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။

    ရော်နယ်ဒိုက စနေနေ့မှာကစားမယ့် အမ်ပိုလီအသင်းနဲ့ စီးရီးအေပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ ဂျူဗင်တပ်စ်အသင်းကို အကြောင်းကြားထားပါတယ်။ ရော်နယ်ဒိုဟာ နွေရာသီအပြောင်းအရွှေ့ရောက်ရင် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာမယ်လို့ ဇွန်လမှာ သတင်းထွက်ခဲ့တာပါ။ နွေရာသီအပြောင်းအရွှေ့ဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

    ဂျူဗင်တပ်စ်အသင်းက ရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ပတ်ဝန်းကျင် လိုချင်နေတာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး၊ ရော်နယ်ဒိုရဲ့ မြင့်မားတဲ့လစာငွေတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းရမယ့် ကိစ္စတွေ ရှိနေသေးတယ်လို့ မန်စီးတီးအသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    ရော်နယ်ဒိုဟာ မန်စီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ယူမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး အဲဒီနောက် ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားကာ၊ ၂၀၁၈ ခုနှစ်မှာတော့ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref: ESPN