News @ M-Media

Blog

  • အာဆင်နယ်၏ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်  ဝင်ဂါး စွန့်လွှတ်

    အာဆင်နယ်၏ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် ဝင်ဂါး စွန့်လွှတ်

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    1415559297054_wps_14_Arsenal_manager_Arsene_We
    – ယမန်နေ့က ဆွမ်ဆီးနှင့်ပွဲတွင်  ရှုံးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကြောင်းမှ သွေဖီသွားခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ထိုပွဲတွင် အာဆင်နယ်မှာ ဆန်းချက်ဇ်၏ ဂိုးဖြင့် ပွဲပြီးကာနီး ၁၅ မိနစ်အလိုအထိ ဦးဆောင်နိုင်ခဲ့သော်လည်း ၃ မိနစ်အတွင်း ၂ ဂိုး ပြန်ပေးခဲ့ရသည်။ ထိုပွဲအရှုံးကြောင့် အာဆင်နယ်မှာ ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်ဆီးနှင့် ၁၂ အထိ ကွာဟ သွားခဲ့ပြီဖြစ်သည်။

    “ချယ်ဆီးဟာ ပျမ်းမျှ ရမှတ် ၁၀၀ လောက် ရသွားမှာပါ။ အခု သူတို့ရထားတဲ့အမှတ်ကိုကြည့်ပြီး တကယ်လို့ နောက်ပိုင်းမှာလည်း သူတို့ ဒီအတိုင်းသွားနိုင်ရင် သူတို့ကို ဘယ်သူမှ လိုက်နိုင်မှာ မဟုတ်ပါဘူး” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်း၏ စွမ်းဆောင်ရည်အတွက် စိတ်ပျက်မိကြောင်း၊ မိမိတို့အသင်းမှာ ချန်ပီယံလမ်းကြောင်းပေါ်မှ သွေဖီသွားခဲ့ပြီဖြစ်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်မှာ ပြီးခဲ့သည့် ရာသီကလည်း ရာသီဝက်အထိ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေချော်ခဲ့မှုကြောင့် ပရီးမီးယားလိဂ် ဆုဖလားအား လက်လွှတ်ခဲ့ရသည်။

  • စပိန်မှ ခွဲထွက်ရေး ကာ့တ်လန်ပြည်သူ ၈၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြ

    စပိန်မှ ခွဲထွက်ရေး ကာ့တ်လန်ပြည်သူ ၈၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြ

    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    20141110-catalonia-vote-win
    – စပိန်နိုင်ငံမှ ခွဲထွက်ရေးအတွက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲတွင် ကာတာလိုနီယာ ပြည်သူများ၏ ၈၈ ရာခိုင်နှုန်းက ခွဲထွက်ရေးအတွက် မဲပေးခဲ့ကြသည်ဟု သိရသည်။

    လူပေါင်း ၂ သန်း ပါဝင်မဲပေးခဲ့သည့် အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်များကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်က ကြေညာခဲ့ခြင်းဖြစ်ပြီး ၁.၆ သန်းက လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရန် မဲပေးခဲ့ကြခြင်း ဖြစ်သည်။

    လူဦးရေ ၇.၅ သန်းရှိသော ကာတာလိုနီယာဒေသတွင် မဲပေးပိုင်ခွင့်ရှိသူမှာ ၅ သန်းကျော်ရှိသော်လည်း ဥပဒေပိုင်းဆိုင်ရာ အာမခံမှုများ မရှိမည်ကို စိုးရိမ်၍ အချို့မှာ မဲပေးခြင်း မရှိခဲ့ကြချေ။

    စပိန်မှခွဲထွက်ရေး အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို စပိန်အခြေခံဥပဒေဆိုင်ရာခုံရုံးက သဘောမတူခဲ့ဘဲ စပိန်အစိုးရကလည်း ထိုရွေးကောက်ပွဲမှာ အခြေခံဥပဒေနှင့် မညီညွှတ်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတော်အဆင့် စပိန်တရားသူကြီးများကမူ အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ တရား ၀င်၊ မ၀င်နှင့် ကာ့တ်လန်အစိုးရမှာ ဥပဒေကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို စစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။

    ref_ Agencies

  • လေကြောင်းတိုက်ခိုက်မှုကြောင့် ISIL ခေါင်းဆောင် ဒဏ်ရာသည့် သတင်းများ ထွက်ပေါ်လာ

    လေကြောင်းတိုက်ခိုက်မှုကြောင့် ISIL ခေါင်းဆောင် ဒဏ်ရာသည့် သတင်းများ ထွက်ပေါ်လာ

    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    2014119203943201734_20
    – သောကြာနေ့က ပြုလုပ်ခဲ့သော အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ISIL ခေါင်းဆောင် ဘဂ္ဂဒါဒီမှာ ဒဏ်ရာရရှိသွားခဲ့သည်ဟု အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ယနေ့နံနက်တွင် ဖော်ပြခဲ့သည်။

    ထိုကဲ့သို့ ဖော်ပြမှုအတွင်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိသော်လည်း ISIL ပြောရေးဆိုခွင့်ရှိသူ အဘူ မိုဟာမက် အလ်-အဒ်နာနီ၏ Twitter အကောင့်တွင် ဘဂ္ဂဒါဒီမှာ ဒဏ်ရာမှပြန်လည် သက်သာလာပြီး အလျင်အမြန် ပျောက်ကင်းရေးအတွက် ဆုတောင်းပေးကြရန် ရေးသားဖော်ပြခဲ့သည်။

    အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များကို ကြီးကြပ်ကွပ်ကဲနေသော အမေရိကန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ သောကြာနေ့က မူဆိုးလ်မြို့တွင် ပြုလုပ်ခဲ့သော အဆိုပါ စစ်ဆင်ရေးမှာ ISIL ခေါင်းဆောင်ပိုင်းအုပ်စုကို အဓိကထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း တိုက်ခိုက်ချိန်အတွင်း ဘဂ္ဂဒါဒီရှိနေလားဆိုသည်ကို အတည်မပြုနိုင်ဟု ဆိုသည်။

    မူဆိုလ်းရေခဲတိုက် တာဝန်ရှိသူတစ်ဦးကမူ မဟာမိတ်များ၏ အဆိုပါ တိုက်ခိုက်မှုပြီးနောက် အလောင်း ၅၀ ကျော်ကို ကောက်ယူရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

     

    ref_ aljazeera

  • ပါလက်စတိုင်းကျောင်းသား ၁၀၀၀ ကို ဗင်နီဇွဲလား နှစ်စဉ် အခမဲ့ ပညာတော် သင်ဆု ပေးမည်

    ပါလက်စတိုင်းကျောင်းသား ၁၀၀၀ ကို ဗင်နီဇွဲလား နှစ်စဉ် အခမဲ့ ပညာတော် သင်ဆု ပေးမည်

    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    2020527889
    – ပါလက်စတိုင်းများအား အသက်မွေး ၀မ်းကြောင်း ပညာရပ်များကို အခမဲ့ သင်ပေးနိုင်ရန် ရည်ရွယ်သည့် “ရာဆာ အာရာဖတ် ပညာတော်သင်ဆု” အစီအစဉ်ကို စတင်လိုက်ပြီဟု ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုက ကြေညာလိုက်သည်။

    နိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာနှင့် ပတ်သက်၍ ပညာ သင်ကြားမည့် ပါလက်စတိုင်း ၁၁၉ ဦးအား မြို့တော် ကာရာကက်စ်တွင် ကြာသာပတေးနေ့က ကြိုဆိုသည့် အခမ်းအနား၌ မာဒူရိုက ထိုကဲ့သို့ ပြေကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပညာတော်သင်အစီအစဉ်အရ ပါလက်စတိုင်း ကျောင်းသား ၁၀၀၀ ခန့်ကို ဗင်နီဇွဲလားက နှစ်စဉ် ခေါ်ယူသွားမည်ဖြစ်သည်။

    “ကျွန်တော်တို့ အနည်းဆုံး ဆရာဝန် ၁၀၀၀ ကို အမြန်ဆုံး လေ့ကျင့်သင်ကြားပေးသွားမှာပါ။ နောက်ပြီး ဒီအစီအစဉ်ကို ဆေးပညာရပ် တစ်ခုတည်း မဟုတ်ဘဲ အင်ဂျင်နီယာ ပညာရပ်၊ ဗိသုကာ ပညာရပ်နဲ့ အခြားပညာရပ်တိုင်းမှာလည်း ချဲ့ထွင်သွားဖို့ ပညာရေးဝန်ကြီးဌာနကို ကျွန်တော် အမိန့်ပေးထားပါတယ်” ဟု မာဒူရိုက ပြောကြားခဲ့သည်။

    ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့၏ ပထမဆုံး သမ္မတဖြစ်သော ရာဆာအာရာဖတ် အမည်ကို မှည့်ခေါ်ထားသည့် အဆိုပါ ပညာတော်သင်အစီအစဉ်ဖြင့် လာရောက်ကြသူ ၁၁၉ ဦးတွင် ဂါဇာကမ်းမြှောင်မှ ၂၀ ဦးပါဝင်ပြီး ကျန်ကျောင်းသားများမှာ အနောက်ဘက်ကမ်းခြေမှ ဖြစ်ကြသည်။

    ၎င်းတို့အား ဂါဇာသို့ လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် ဗင်နီဇွဲလားမှ စေလွှတ်လိုက်သော လေယာဉ်ဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်။

    ပါလက်စတိုင်းအား တစ်စိုက်မတ်မတ် ထောက်ခံခဲ့သည့် လက်တင်အမေရိက နိုင်ငံများထဲတွင် ဗင်နီဇွဲလားလည်း ပါဝင်ခဲ့ပြီး ပါလက်စတိုင်းအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အမြောက်အများ ပေးပို့ခဲ့သည်။

    မူဒူရိုက အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများ အပေါ် မျိုးဖြုတ်သတ်ဖြတ်ရေးစစ်ပွဲ ဆင်နွှဲခဲ့သည်ဟု ပြောကြားခဲ့ကာ အစ္စရေးတို့က ပိတ်ဆို့ထားသော ဂါဇာဒေသမှာ အအော့ဇ၀်စ် အကျဉ်းစခန်းနှင့် တူသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ref_ Haaretz

  • မြန်မာပါဝင်တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာ ပရိတ်သတ် အတွက် ဘာကြောင့် လက်မှတ် ခွဲတမ်း နည်းရတာလဲ

    မြန်မာပါဝင်တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာ ပရိတ်သတ် အတွက် ဘာကြောင့် လက်မှတ် ခွဲတမ်း နည်းရတာလဲ

    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    tickets for Myanmar
    – အာဆီယံဒေသအတွင်း အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို စင်ကာပူနဲ့ ဗီယက်နမ်တို့မှာ အုပ်စု ၂ စုခွဲပြီး နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်တို့မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

    ဗီယက်နမ်မှာကစားမယ့် အုပ်စု A မှာ အိမ်ရှင်ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ လာအိုတို့ ပါဝင်မှာဖြစ်ပြီး စင်ကာပူမှာ ကစားမယ့် အုပ်စု B မှာတော့ အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာတို့ ပါဝင်မှာဖြစ်ပါတယ်။

    စင်ကာပူမှာပြုလုပ်မယ့် ပွဲတွေကိုတော့ ဂျလန် ဘဆာရ်ကွင်းနဲ့ စင်ကာပူ အမျိုးသားအားကစားကွင်တို့မှာ ကျင်းပမှာဖြစ်ပြီး လက်မှတ်တွေကို နိုဝင်ဘာ ၄ ရက်နေ့ကစပြီး အွန်လိုင်းကနေ စတင်ရောင်းချခဲ့ပါတယ်။

    ဒါပေမယ့် စင်ကာပူကို လာကစားမယ့် ဧည်သည့်အသင်း ၃ သင်းအတွက် လက်မှတ်ခွဲဝေရာမှာ မြန်မာအသင်းအတွက် လက်မှတ်ခွဲဝေမှုဟာ မမျှတမှုတွေရှိနေတယ်လို့ အသံတွေ ထွက်လာခဲ့ပါတယ်။

    “လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် လက်မှတ်ရောင်းချမယ့် ပုံစံတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ မမျှတဘူးဆိုတာ တွေ့ခဲ့ပါတယ်။ ဒါတွေဟာ ဒီမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေအကို စိတ်မသက်မသာ ဖြစ်စေပါတယ်” လို့ မြန်မာအသင်းကို အားပေးမယ့် စင်ကာပူရောက် ကိုအောင်ခင်က ပြောပါတယ်။

    ဒီကွင်းနှစ်ကွင်းမှာ ကစားမယ့်ပွဲတွေမှာ မြန်မာပရိတ်သတ်တွေဟာ ကန့်သတ်ထားတဲ့ နေရာတွေကနေသာ အားပေးရမှာဖြစ်ပြီး မြန်မာအသင်းအတွက် လက်မှတ်ခွဲတမ်း အနည်းငယ်သာ ရရှိထားပါတယ်။

    ဒီလိုကန့်သတ်ချက်တွေရဲ့ အကြောင်းအရင်းကဘာလဲ? ရမ်းကားတဲ့ ပရိတ်သတ်တွေရဲ့ ရန်ကိုကြောက်ရင်တော့ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုတွေနဲ့ လုံခြုံရေးကို သင့်တော်သလို ဆောင်ရွက်ထားနိုင်ပါတယ်။

    ဆူဇူကီးဖလားပြိုင်ပွဲဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာအရှိဆုံး ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်ပြီး စင်ကာပူပြိုင်ပွဲကျင်းပရေး ကော်မတီက ဒီလိုလုပ်ရပ်မျိုးဟာ ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာကို ထိခိုက် ကျဆင်းစေသလို နိုင်ငံအသင်းကို အရူးအမူးအားပေးကြတဲ့ မြန်မာပရိတ်သတ်တွေကိုလည်း စော်ကားရာရောက်နေပါတယ်။

    “ဒီမှာလာရောက်ကစားမယ့် ဧည့်သည်အသင်းတွေအတွက် လက်မှတ်ခွဲတမ်းဟာ အညီအမျှဖြစ်သင့်ပါတယ်” လို့ ကိုအောင်ခင်က သူ့ရဲ့အမြင်ကို ဖွင့်ဟခဲ့ပါတယ်။

    ပြိုင်ပွဲကျင်းပဖို့ တစ်ပတ်ကျော်လောက် လိုသေးတဲ့အချိန်မှာ စင်ကာပူက ပြိုင်ပွဲကျင်းပရေး ကော်မတီအနေနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

    ကိုးကား-todayonline