News @ M-Media
Blog
  • နယူးကာဆယ် နိုင်ပွဲဆက်၊ နောက်တန်းကြောင့် အာဆင်နယ်တို့ အရှုံးပေးခဲ့ရတဲ့ EPL ပွဲစဉ် ၁၁ စူပါဆန်းဒေး
    နယူးကာဆယ် နိုင်ပွဲဆက်၊ နောက်တန်းကြောင့် အာဆင်နယ်တို့ အရှုံးပေးခဲ့ရတဲ့ EPL ပွဲစဉ် ၁၁ စူပါဆန်းဒေး
    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    66
    – ပြီးခဲ့တဲ့တစ်ပတ်က ချန်ပီယံလိဂ်မှာ အန်ဒါလက်ခ်ျကို ၃ ဂိုးပြတ်နဲု့ဦးဆောင်ပြီး ၃ ဂိုး ပြန်ပေးခဲ့ရတဲ့ အာဆင်နယ်တို့ မနေ့က ကစားတဲ့ ပွဲမှာလည်း ဆွမ်ဆီးကို ဆန်းချက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၂ ဂိုး ပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲအစကတည်းက အာဆင်နယ်တို့ ပိုကောင်းခဲ့ပြီး ၀ဲလ်ဘတ်၊ ချိန်ဘာလိန်တို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို ဆွမ်ဆီးဂိုးသမား ကာကွယ်နိုင်တာကြောင့် စောစာစီးစီး ဂိုးမရခဲ့တာပါ။ ၆၄ မိနစ်မှာ ဂိုးသွင်းစက် ဆန်းချက်ဇ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ထုံးစံအတိုင်း အာဆင်နယ်နောက်တန်းရဲ့ အားနည်းမှုကြောင့် ၇၅ မိနစ်နဲ့ ၇၈ မိနစ်တို့မှာ ဂိုးတွေပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ပါတယ်။
    55
    ပါဂျူးရဲ့ နယူးကာဆယ်ကတော့ ပုံစံကောင်းကို ဆက်လက်ပြသနိုင်ပြီး ၀က်စ်ဘရွန်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ၀က်စ်ဘရွန်းတို့က ပွဲအစမှာ ဖိအားအချို့ပေးနိုင်ခဲ့ပေမယ့် နယူးကာဆယ်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ပထမပိုင်း ပွဲပြီးကာနီးမှာ အေယိုဇီ ပီရက်ဇ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ အနိုင်သေချာစေမယ့် ဂိုးကိုတော့ နောက်ခံလူ ကိုလို ချီနီက ၆၂ မိနစ်မှာ ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ ပါဂျူးကတော့ ပွဲအပြီးမှာ ကစားသမားတွေကို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
    77
    စပါးကလည်း အိမ်ကွင်း လေးပွဲမြောက်ရှုံးပွဲအဖြစ် စတုတ်စီးတီးကို ရှုံးခဲ့ကာ အဲဗာတန်နဲ့ ဆန်းဒါးလန်းတို့ကတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
    ပွဲစဉ် ၁၁ အပြီးမှာတော့ ချယ်ဆီးက ၂၉ မှတ်နဲ့ ဇယားကို ဦးဆောင်နေပြီး အောက်မှာ ဆောက်သက်တမ်၊ မန်စီးတီးနဲ့ ၀က်စ်ဟမ်းတို့က အစဉ်လိုက်ရှိနေကြပါတယ်။ အာဆင်နယ်နဲ့ မန်ယူတို့ကတော့ ၆ နဲ့ ၇ နေရာမှာ ရှိနေပြီး နယူးကာဆယ်ကတော့ အဆင့် ၈ ရောက်လာခဲ့ပါတယ်။ တန်းဆင်းဇုန်မှာတော့ လက်စတာ၊ ကျူပီအာရ်နဲ့ ဘန်လေတို့ အသီးသီး ရှိနေပါတယ်။
    League_Table_Barclays_Premier_League_current_&_previous_standings_-_2014-11-10_13.46.56
    ပွဲစဉ် ၁၁ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆန်းဒါးလန်း ၁-၁ အဲဗာတန်
    စပါး ၁-၂ စတုတ်
    ဆွမ်ဆီး ၂-၁ အာဆင်နယ်
    လီဗာပူးလ် ၁-၂ ချယ်ဆီး
    ဘန်လေ ၁-၀ ဟားလ်စီးတီး
    မန်ယူ ၁-၀ ခရစ္စတယ်ပဲလေ့စ်
    ဆောက်သက်တမ် ၂-၀ လက်စတာ
    ကျူပီအာရ် ၂-၂ မန်စီးတီး
  • အမေရိကန် အကျဉ်းသား ၂ ဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး
    အမေရိကန် အကျဉ်းသား ၂ ဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး
    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    2014118195042204734_20
    – မြောက်ကိုရီးယားနိုင်ငံအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခြင်းခံထားရသည့် အမေရိကန် နိုင်ငံသား ၂ ဦးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
    လွတ်မြောက်လာသူများမှာ မက်သယူးတော့ဒ်မီလာနှင့် ကန်နက်သ် ဘေးတို့ ဖြစ်ကြပြီး အမေရိကန်အစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးမှာ နိုင်ငံ၏ အမြင့်ဆုံး ဦးစားပေးမှုဖြစ်ကြောင်း မိမိတို့နိုင်ငံသားများအား လွတ်မြောက်ရန်အတွက် မြောက်ကိုရီးယားကို အစဉ်တစိုက် တောင်းဆိုခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
    ထို့ပြင် ၎င်းတို့လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သော ဆွီဒင်နိုင်ငံအား ကျေးဇူးတင်ကြောင်းနှင့် လွတ်မြောက်လာသူများအား မိသားစု၊ မိတ်ဆွေများနှင့်အတူ ကြိုဆိုသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    မီလာမှာ ပြီးခဲ့သည့် ဧပြီလက ပြုံးယမ်လေဆိပ်တွင် ၎င်း၏ ခရီးသွား ဗီဇာကို စုတ်ဖြဲကာ ခိုလှုံခွင့်တောင်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သူလျှိုမှုဖြင့် မြောက်ကိုရီးယား အစိုးရက ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။
    ကိုရီးယား-အမေရိကန် နွယ်ဖွားဖြစ်သည့် ဘေးမှာ ခရစ်ယာန် သာသနာပြုအဖြစ် မြောက်ကိုရီးယားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည့်ဆိုသော စွဲချက်ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရျသည်။
    ၎င်းတို့နှစ်ဦးမှာ မြောက်ကိုရီးယားမှ ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသားများထဲမှ နောက်ဆုံးလွတ်လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ခရစ် ဖိုဝဲလ်ကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့သည်။
  • ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံ အဖြစ် အသိအမှတ်ပြုရန် ဥရောပနိုင်ငံများ စဉ်းစားနေ
    ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံ အဖြစ် အသိအမှတ်ပြုရန် ဥရောပနိုင်ငံများ စဉ်းစားနေ
    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    palestineRecognition6001
    – ကြန့်ကြာနေသည့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်ဖြစ်မြောက်လာစေရေး အစ္စရေးအား ဖိအားပေးရန်အတွက် ဥရောပနိုင်ငံများအား ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စဉ်းစားနေသည်ဟု သိရသည်။
    ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများထဲမှ ပထမဆုံးအဖြစ် ဆွီဒင်နိုင်ငံမှာ အောက်တိုဘာ ၃၀ ရက်နေ့က ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် အခြားသော ဥရောပနိုင်ငံများကလည်း ထိုသို့ အသိအမှတ်ပြုရန် စဉ်းစားနေသည်ဟု ဥရောပသမဂ္ဂ တာဝန်ရှိသူများ၏ ပြောကြားမှုကို အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။
    “ကျွန်တော်တို့ တစ်သက်လုံး စောင့်နေမှာမဟုတ်ပါဘူး။ အခြားဥရောပနိုင်ငံတွေကလည်း ဆွီဒင်ရဲ့ ဆောင်ရွက်မှုနောက်ကို လိုက်ဖို့ ရှိနေပါတယ်” ဟု ဥရောပ သမဂ္ဂမှ အကြီးတန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ Wall Street ဂျာနယ်က နိုဝင်ဘာ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။
    ဒုတိယကမ္ဘာစစ်တွင် နာဇီတို့၏ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည့် အရှေ့ဥရောပမှ ဂျူးများမှာ ထိုစဉ်က ဗြိတိသျှလက်အောက်ရှိ ပါလက်စတိုင်းနယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်လာခဲ့ကြပြီး လူသူလက်နက်များစုဆောင်းကာ ပါလက်စတိုင်းများအား အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်၍ အစ္စရေးနိုင်ငံအဖြစ် ၁၉၄၇ ခုနှစ်တွင် ထူထောင်ခဲ့သည်။
    ထို့ပြင် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၆ ရက်ကြာစစ်ပွဲတွင်လည်း ပါလက်စတိုင်း ပိုင်နက်များနှင့် အာရပ်နိုင်ငံများ၏ ပိုင်နက်အချို့ကိုပါ တိုးချို့သိမ်းပိုက်ခဲ့သည်။
    ပါလက်စတိုင်းအား ဥရောပမှ ထောက်ခံမှု
    ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီးသစ် ဖက်ဒရီကာ မော့ဟီရီနီကလည်း ပါလက်စတိုင်း နိုင်ငံထူထောင်ခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု နိုဝင်ဘာ ၈ ရက်နေ့က ပြောကြားခဲ့သည်။
    “ကျွန်မတို့ ပါလက်စတိုင်းနိုင်ငံကို လိုအပ်ပါတယ်” ဟု ဂါဇာဒေသသို့ သွားရောက်လည်ပတ်စဉ် မော့ဟီရီနီက ပြောကြားခဲ့ကာ ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား ကြန့်ကြာနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။
    “တကယ်လို့ ကျွန်တော်တို့ဟာ နိုင်ငံရေးလမ်းကြောင်းကို ရှေ့ဆက်မတိုးဘူးဆိုရင် အကြမ်းဖက်မှုတွေဆီကို နောက်ကြောင်း ပြန်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ရှေ့ဆက် ဆောင်ရွက်ရမယ့်ကိစ္စတွေအတွက် အရေးပါမှုကို ကျွန်တွေ့မြင်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ဆွီဒင်နိုင်ငံက အစပြုခဲ့ပြီးနောက် ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် လှုပ်ရှားမှုမှာ ဥရောပတွင် မြင့်တက်လာခဲ့သည်။
    ယခုလအစောပိုင်းကလည်းက ဗြိတိန်လွှတ်တော်အမတ်များကလည်း ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် သတ်မှတ်ရန် မဲပေးခဲ့ကြသည်။ ထို့ပြင် စပိန်နိုင်ငံတွင်လည်း ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး မဲခွဲရန် စီစဉ်ခဲ့ကြသည်။
    ဓါတ်ပုံအညွှန်း- ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုသော နိုင်ငံပေါင်း ၁၃၅ နိုင်ငံပြမြေပုံ
    Photo- Washington Post
  • မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ကာလရှည်နေထိုင်ခွင့် PR စနစ် စတင်တော့မည်
    မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ကာလရှည်နေထိုင်ခွင့် PR စနစ် စတင်တော့မည်
    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media
    Visa on arrival tourists myanmar
    ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ယူနေကြသည့် နိုင်ငံခြား ခရီးသွားဧည့်သည်များ Photo- Sherpa Hossainy
    – နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် နိုင်ငံခြားသားများ အချိန်ကြာမြင့်စွာ နေထိုင်ခွင့်ရရန်အတွက် အမြဲတမ်းနေထိုင်ခွင့် PR စနစ်အား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာအစိုးရက ခွင့်ပြုတော့မည်ဟု သိရသည်။
    PR စနစ်အတွက် သတ်မှတ်ထားသည့် ဥပဒေများကို နိုင်ငံအတွင်း စတင်ကျင့်သုံးတော့မည်ဖြစ်ပြီး PR ထုတ်ပေးရေး လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးတော့မည်ဟု PR နှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။
    “ဒီစနစ်ကြောင့် ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ထိုနည်းတူစွာပဲ အရင်က မြန်မာနိုင်ငံသားဖြစ်ခဲ့သူတွေ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်ပါလိမ့်မယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
    PR စနစ် စတင်ခြင်းအပြင် အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွား၊ အသေးစားနှင့် အလတ်စား ရင်းနှီးမြှုပ်နှံမှုတို့အား ကာကွယ်ရန်အတွက် ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်သွားမည်ဟု အဆိုပါ ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ PR စနစ်အား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်ကျင့်သုံးရန် လွှတ်တော်တို့ တင်သွင်းခဲ့သည့် ဦးခင်ရီက PR လျှောက်ထားခွင့်အား အွန်လိုင်းမှ ဆောင်ရွက်ခွင့် ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အာဆီယံနိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၆၇ နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးရန် သတ်မှတ်ပေးခဲ့သည်။
    ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ လာရောက်မှုမှာ မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁.၀၆ သန်းရှိခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ၂.၀၄ သန်းရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ၃ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
    ကိုကား- ဆင်ဟွာ
  • မတူကွဲပြားမှုများနဲ့ သဘောထားကြီးတဲ့မြို့တော်
    မတူကွဲပြားမှုများနဲ့ သဘောထားကြီးတဲ့မြို့တော်
    နိုဝင်ဘာ ၉ ၊ ၂၀၁၄
    City of Tolerance or Yangon
    ကမ္ဘာ့အထင်ကရဘာသာအားလုံးရဲ့ ဝတ်ကျောင်းတော်တွေအားလုံးဟာ မြန်မာနိုင်ငံ ရန်ကုန်ရဲ့ သမိုင်းဝင် ဗဟိုအချက်အချာနေရာမှာ တစုတရုံးတည်း တည်ရှိနေပါတယ်။
    ကီလိုမီတာ အနည်းငယ် အကွာအဝေးမှာပဲ လူတွေဟာ အစဉ်အဆက် အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး ဘာသာတရားတွေအမျိုးမျိုးရှိတဲ့ ကမ္ဘာကြီးမှာ သဘောထားကြီးတဲ့ အမှတ်လက္ခဏာအဖြစ် ဖော်ပြနေပါတယ်။
    “မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာကြာအောင် ဘာသာရေးနဲ့ပတ်သတ်လို့ သဘောထားကြီးတဲ့ နိုင်ငံအဖြစ်သိကြပါတယ်။ ဒါပေမယ့် မကြာသေးမီက မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာ စိတ်မကောင်းဖွယ်အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တယ်။ ဒါပေမယ့် ဒါတွေကို ပြင်ဆင်ဖို့ ကျွန်တော်တို့မှာ အချိန်ရှိပါသေးတယ်။”
    “ဘာသာတိုင်းမှာ ဗုဒ္ဓဘာသာမှာပဲဖြစ်ဖြစ်၊ ခရိယာန်မှာပဲဖြစ်ဖြစ် အားလုံးကလည်းမေတ္တာတရားနဲ့ပဲလေ။ သည်းခံရမယ်၊ နှိမ့်ချရမယ်လို့ ဘုရားကဟောထားပြီးသား။ဒါပေမယ့် သူတို့က အဲ့ဒါတွေမရှိဘဲနဲ့ ငါတို့ပြန်တုံ့ပြန်လိုက်မယ်၊ သူတို့လုပ်ရင် ငါတို့လည်းပြန်လုပ်မယ် ဆိုပြီး ..။ အဲ့ဒါကြောင့်မို့ ဒီလို misunderstanding တွေ ဖြစ်သွားတယ်ထင်တယ်။” (ခရိယာန်ဘာသာဝင်တစ်ဦး)
    လမ်းတစ်ခုတည်းကို အတူတူလျှောက်မယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရိယာန်၊ မွတ်စလင် ၊ ဆစ်ခ် …. ဒါတွေဟာ အဓိကမကျပါဘူး။ အတူတူလျှောက်နိုင်ဖို့ အဓိကကျတာ။ (ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး)
    တစ်ယောက်နဲ့တစ်ယောက် ဘာသာတွေလေးစားဖို့အရမ်းအရေးကြီးတယ်။ မကိုးကွယ်ရင်လည်း တစ်ယောက်ရဲ့ ဘာသာကို တစ်ယောက်လေးစားဖို့ လိုတယ်လို့ထင်ပါတယ်။
    (ဟိန္ဒူဘာသာဝင်တစ်ဦး)
    ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ အားလုံးဟာ ငြိမ်းချမ်းရေးကိုပဲ ရှာဖွေကြတာပါပဲ။တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ စစ်ပွဲတွေ ဆင်နွှဲဖို့ မဟုတ်ဘူး။ (ဗုဒ္ဓဘာသာဝင်တစ်ဦး)
    “ကျွန်တော်တို့ ဘာသာတရားတွေအားလုံးဒီမှာ ငြိမ်းချမ်းစွာတည်ရှိတယ်ဆိုတာ ကမ္ဘာကိုပြဖို့လိုအပ်တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်လာမယ့် မျိုးဆက်တွေအတွက် တကယ်ပဲအရေးကြီးတယ်။ ကျွန်တော်တို့ အရင်မျိုးဆက်တွေကတော့ ဒီနိုင်ငံ ဒီမြို့မှာ မွတ်စလင်၊ ခရိယာန်၊ ဘဟာအီ ၊ ဂျူး၊ ဗုဒ္ဓဘာသာ အားလုံး အတူငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်ခဲ့ကြတာ သိပြီးဖြစ်တယ်။ လူအဖွဲ့အစည်းတိုင်းဒါကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့်လူတိုင်း ဒီအစဉ်အလာကောင်းထဲမှာ ပါဝင်သင့်တယ်။”
    Copyright @ ရန်ကုန်မြို့ SMILE ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း နှင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ (USAID) တို့မှ ပူးပေါင်းစီစဉ်ရိုက်ကူးသည့်ရုပ်သံ။
    Photo Credit-zainebl Blog
    နိုင်မြတ်ဇော် (M-Media) မှ ကောက်နှုတ်ဖော်ပြသည်။