News @ M-Media

Blog

  • ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံ အဖြစ် အသိအမှတ်ပြုရန် ဥရောပနိုင်ငံများ စဉ်းစားနေ

    ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံ အဖြစ် အသိအမှတ်ပြုရန် ဥရောပနိုင်ငံများ စဉ်းစားနေ

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media

    palestineRecognition6001

    – ကြန့်ကြာနေသည့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်ဖြစ်မြောက်လာစေရေး အစ္စရေးအား ဖိအားပေးရန်အတွက် ဥရောပနိုင်ငံများအား ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စဉ်းစားနေသည်ဟု သိရသည်။

    ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများထဲမှ ပထမဆုံးအဖြစ် ဆွီဒင်နိုင်ငံမှာ အောက်တိုဘာ ၃၀ ရက်နေ့က ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် အခြားသော ဥရောပနိုင်ငံများကလည်း ထိုသို့ အသိအမှတ်ပြုရန် စဉ်းစားနေသည်ဟု ဥရောပသမဂ္ဂ တာဝန်ရှိသူများ၏ ပြောကြားမှုကို အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

    “ကျွန်တော်တို့ တစ်သက်လုံး စောင့်နေမှာမဟုတ်ပါဘူး။ အခြားဥရောပနိုင်ငံတွေကလည်း ဆွီဒင်ရဲ့ ဆောင်ရွက်မှုနောက်ကို လိုက်ဖို့ ရှိနေပါတယ်” ဟု ဥရောပ သမဂ္ဂမှ အကြီးတန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ Wall Street ဂျာနယ်က နိုဝင်ဘာ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    ဒုတိယကမ္ဘာစစ်တွင် နာဇီတို့၏ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည့် အရှေ့ဥရောပမှ ဂျူးများမှာ ထိုစဉ်က ဗြိတိသျှလက်အောက်ရှိ ပါလက်စတိုင်းနယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်လာခဲ့ကြပြီး လူသူလက်နက်များစုဆောင်းကာ ပါလက်စတိုင်းများအား အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်၍ အစ္စရေးနိုင်ငံအဖြစ် ၁၉၄၇ ခုနှစ်တွင် ထူထောင်ခဲ့သည်။

    ထို့ပြင် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၆ ရက်ကြာစစ်ပွဲတွင်လည်း ပါလက်စတိုင်း ပိုင်နက်များနှင့် အာရပ်နိုင်ငံများ၏ ပိုင်နက်အချို့ကိုပါ တိုးချို့သိမ်းပိုက်ခဲ့သည်။

    ပါလက်စတိုင်းအား ဥရောပမှ ထောက်ခံမှု

    ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီးသစ် ဖက်ဒရီကာ မော့ဟီရီနီကလည်း ပါလက်စတိုင်း နိုင်ငံထူထောင်ခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု နိုဝင်ဘာ ၈ ရက်နေ့က ပြောကြားခဲ့သည်။

    “ကျွန်မတို့ ပါလက်စတိုင်းနိုင်ငံကို လိုအပ်ပါတယ်” ဟု ဂါဇာဒေသသို့ သွားရောက်လည်ပတ်စဉ် မော့ဟီရီနီက ပြောကြားခဲ့ကာ ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား ကြန့်ကြာနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    “တကယ်လို့ ကျွန်တော်တို့ဟာ နိုင်ငံရေးလမ်းကြောင်းကို ရှေ့ဆက်မတိုးဘူးဆိုရင် အကြမ်းဖက်မှုတွေဆီကို နောက်ကြောင်း ပြန်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ရှေ့ဆက် ဆောင်ရွက်ရမယ့်ကိစ္စတွေအတွက် အရေးပါမှုကို ကျွန်တွေ့မြင်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဆွီဒင်နိုင်ငံက အစပြုခဲ့ပြီးနောက် ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် လှုပ်ရှားမှုမှာ ဥရောပတွင် မြင့်တက်လာခဲ့သည်။

    ယခုလအစောပိုင်းကလည်းက ဗြိတိန်လွှတ်တော်အမတ်များကလည်း ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် သတ်မှတ်ရန် မဲပေးခဲ့ကြသည်။ ထို့ပြင် စပိန်နိုင်ငံတွင်လည်း ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး မဲခွဲရန် စီစဉ်ခဲ့ကြသည်။
    ဓါတ်ပုံအညွှန်း- ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုသော နိုင်ငံပေါင်း ၁၃၅ နိုင်ငံပြမြေပုံ
    Photo- Washington Post

  • မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ကာလရှည်နေထိုင်ခွင့် PR စနစ် စတင်တော့မည်

    မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ကာလရှည်နေထိုင်ခွင့် PR စနစ် စတင်တော့မည်

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media

    Visa on arrival tourists myanmar
    ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ယူနေကြသည့် နိုင်ငံခြား ခရီးသွားဧည့်သည်များ Photo- Sherpa Hossainy

    – နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် နိုင်ငံခြားသားများ အချိန်ကြာမြင့်စွာ နေထိုင်ခွင့်ရရန်အတွက် အမြဲတမ်းနေထိုင်ခွင့် PR စနစ်အား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာအစိုးရက ခွင့်ပြုတော့မည်ဟု သိရသည်။

    PR စနစ်အတွက် သတ်မှတ်ထားသည့် ဥပဒေများကို နိုင်ငံအတွင်း စတင်ကျင့်သုံးတော့မည်ဖြစ်ပြီး PR ထုတ်ပေးရေး လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးတော့မည်ဟု PR နှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။

    “ဒီစနစ်ကြောင့် ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ထိုနည်းတူစွာပဲ အရင်က မြန်မာနိုင်ငံသားဖြစ်ခဲ့သူတွေ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်ပါလိမ့်မယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

    PR စနစ် စတင်ခြင်းအပြင် အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွား၊ အသေးစားနှင့် အလတ်စား ရင်းနှီးမြှုပ်နှံမှုတို့အား ကာကွယ်ရန်အတွက် ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်သွားမည်ဟု အဆိုပါ ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ PR စနစ်အား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်ကျင့်သုံးရန် လွှတ်တော်တို့ တင်သွင်းခဲ့သည့် ဦးခင်ရီက PR လျှောက်ထားခွင့်အား အွန်လိုင်းမှ ဆောင်ရွက်ခွင့် ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အာဆီယံနိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၆၇ နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးရန် သတ်မှတ်ပေးခဲ့သည်။

    ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ လာရောက်မှုမှာ မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁.၀၆ သန်းရှိခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ၂.၀၄ သန်းရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ၃ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

    ကိုကား- ဆင်ဟွာ

  • မတူကွဲပြားမှုများနဲ့ သဘောထားကြီးတဲ့မြို့တော်

    မတူကွဲပြားမှုများနဲ့ သဘောထားကြီးတဲ့မြို့တော်

    နိုဝင်ဘာ ၉ ၊ ၂၀၁၄

    City of Tolerance or Yangon

    ကမ္ဘာ့အထင်ကရဘာသာအားလုံးရဲ့ ဝတ်ကျောင်းတော်တွေအားလုံးဟာ မြန်မာနိုင်ငံ ရန်ကုန်ရဲ့ သမိုင်းဝင် ဗဟိုအချက်အချာနေရာမှာ တစုတရုံးတည်း တည်ရှိနေပါတယ်။

    ကီလိုမီတာ အနည်းငယ် အကွာအဝေးမှာပဲ လူတွေဟာ အစဉ်အဆက် အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး ဘာသာတရားတွေအမျိုးမျိုးရှိတဲ့ ကမ္ဘာကြီးမှာ သဘောထားကြီးတဲ့ အမှတ်လက္ခဏာအဖြစ် ဖော်ပြနေပါတယ်။

    “မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာကြာအောင် ဘာသာရေးနဲ့ပတ်သတ်လို့ သဘောထားကြီးတဲ့ နိုင်ငံအဖြစ်သိကြပါတယ်။ ဒါပေမယ့် မကြာသေးမီက မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာ စိတ်မကောင်းဖွယ်အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တယ်။ ဒါပေမယ့် ဒါတွေကို ပြင်ဆင်ဖို့ ကျွန်တော်တို့မှာ အချိန်ရှိပါသေးတယ်။”

    “ဘာသာတိုင်းမှာ ဗုဒ္ဓဘာသာမှာပဲဖြစ်ဖြစ်၊ ခရိယာန်မှာပဲဖြစ်ဖြစ် အားလုံးကလည်းမေတ္တာတရားနဲ့ပဲလေ။ သည်းခံရမယ်၊ နှိမ့်ချရမယ်လို့ ဘုရားကဟောထားပြီးသား။ဒါပေမယ့် သူတို့က အဲ့ဒါတွေမရှိဘဲနဲ့ ငါတို့ပြန်တုံ့ပြန်လိုက်မယ်၊ သူတို့လုပ်ရင် ငါတို့လည်းပြန်လုပ်မယ် ဆိုပြီး ..။ အဲ့ဒါကြောင့်မို့ ဒီလို misunderstanding တွေ ဖြစ်သွားတယ်ထင်တယ်။” (ခရိယာန်ဘာသာဝင်တစ်ဦး)

    လမ်းတစ်ခုတည်းကို အတူတူလျှောက်မယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရိယာန်၊ မွတ်စလင် ၊ ဆစ်ခ် …. ဒါတွေဟာ အဓိကမကျပါဘူး။ အတူတူလျှောက်နိုင်ဖို့ အဓိကကျတာ။ (ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး)

    တစ်ယောက်နဲ့တစ်ယောက် ဘာသာတွေလေးစားဖို့အရမ်းအရေးကြီးတယ်။ မကိုးကွယ်ရင်လည်း တစ်ယောက်ရဲ့ ဘာသာကို တစ်ယောက်လေးစားဖို့ လိုတယ်လို့ထင်ပါတယ်။
    (ဟိန္ဒူဘာသာဝင်တစ်ဦး)

    ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ အားလုံးဟာ ငြိမ်းချမ်းရေးကိုပဲ ရှာဖွေကြတာပါပဲ။တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ စစ်ပွဲတွေ ဆင်နွှဲဖို့ မဟုတ်ဘူး။ (ဗုဒ္ဓဘာသာဝင်တစ်ဦး)

    “ကျွန်တော်တို့ ဘာသာတရားတွေအားလုံးဒီမှာ ငြိမ်းချမ်းစွာတည်ရှိတယ်ဆိုတာ ကမ္ဘာကိုပြဖို့လိုအပ်တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်လာမယ့် မျိုးဆက်တွေအတွက် တကယ်ပဲအရေးကြီးတယ်။ ကျွန်တော်တို့ အရင်မျိုးဆက်တွေကတော့ ဒီနိုင်ငံ ဒီမြို့မှာ မွတ်စလင်၊ ခရိယာန်၊ ဘဟာအီ ၊ ဂျူး၊ ဗုဒ္ဓဘာသာ အားလုံး အတူငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်ခဲ့ကြတာ သိပြီးဖြစ်တယ်။ လူအဖွဲ့အစည်းတိုင်းဒါကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့်လူတိုင်း ဒီအစဉ်အလာကောင်းထဲမှာ ပါဝင်သင့်တယ်။”

    Copyright @ ရန်ကုန်မြို့ SMILE ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း နှင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ (USAID) တို့မှ ပူးပေါင်းစီစဉ်ရိုက်ကူးသည့်ရုပ်သံ။

    Photo Credit-zainebl Blog

    နိုင်မြတ်ဇော် (M-Media) မှ ကောက်နှုတ်ဖော်ပြသည်။

  • ရုရှ မွတ်စလင်များ အတွက် အစ္စလာမ့်ရေးရာ Application များ တစ်ပါတည်း ပါဝင်မည့် ဖုန်းထုတ်ဝေမည်

    ရုရှ မွတ်စလင်များ အတွက် အစ္စလာမ့်ရေးရာ Application များ တစ်ပါတည်း ပါဝင်မည့် ဖုန်းထုတ်ဝေမည်

    နိုဝင်ဘာ ၉ ၊ ၂၀၁၄
    M-Media

    muslim-phone-russia-600x337
    – ရုရှားရှိ အစ္စလာမ်ဘာသာဝင်များ ဘာသာရေးဆိုင်ရာ တာဝန်များကို လွယ်ကူစွာ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေမည့် Application များ ပါဝင်သော ဖုန်းအမျိုးအစား တစ်လုံးကို နိုဝင်ဘာ လကုန်ပိုင်းတွင် စတင်ရောင်းချတော့မည်ဟု သိရသည်။

    BQ-Mobile ကုမ္ပဏီမှ ထုတ်လုပ်မည့် အဆိုပါ ဆဲလ်ဖုန်းတွင် ရုရှားနှင့် အာရဗီ ဘာသာတို့ဖြင့် ဖတ်ရှုလေ့လာနိုင်င်မည့် ကုရ်အာန်ကျမ်းတော်မြတ်၊ ကစ်ဗ်လာ(၀တ်ပြုရန် မျက်နှာမူရာအရပ်) ကို တွက်ချက်ပေးနိုင်မည့် Application၊ ၀တ်ပြုချိန်ကို သတိပေးနိုင်မည့် alarm စသည့် အစ္စလာမ့်ရေးရာ ၀တ်ပြုဆောက်တည်မှုများနှင့် သက်ဆိုင်သော Application မှာ တစ်ပါတည်း ပါဝင်မည် ဖြစ်သည်။

    “ဒီဆဲလ်ဖုန်းကို မဖန်တီးမီ ကျွမ်းကျင်သူတွေက ဘာသာရေးကိုင်းရှိုင်းသူတွေရဲ့ အမူအကျင့်တွေကို လေ့လာခဲ့ပါတယ်။ ဘယ်လို gadget မျိုးက ဖုန်းမှာ အသုံးဝင်မလဲဆိုတာကိုလည်း မေးမြန်း လေ့လာခဲ့ကြပါတယ်။ ဒီဖုန်းရဲ့ Menu တွေက အရမ်းရိုးရှင်းပြီး အသုံးပြုသူတွေဟာ ကုရ်အာန်ထဲက စူရဟ်ကဏ္ဍတွေကို အလွယ်တကူရောက်ရှိနိုင်ပါတယ်” ဟု ရုရှားမွတ်စလင် နာမ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးဗဟိုမှ ကိုယ်စားလှယ် တီမူရ် အီမာအီဗ်က ရုရှားသတင်းဌာန TASS သို့ ပြောကြားခဲ့သည်။

    အဆိုပါ ဖုန်းများကို နိုဝင်ဘာလကုန်တွင် နိုင်ငံတစ်ဝှမ်း ရောင်းချသွားမည်ဟု BQ-Mobile က ကြေညာခဲ့ပြီး မကြာမီအချိန်အတွင်း ဖုန်း၏ ဓာတ်ပုံများနှင့် ပါဝင်ပစ္စည်းစာရင်းကို ထုတ်ပြန်သွားမည်ဟု ဆိုသည်။

    “ဒီဖုန်းအသစ်ကို လူတော်တော်များများ အကြိုက်တွေ့ကြမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ လူ့အဖွဲ့စည်းတိုင်းက ဒါကို သုံးလို့ရတယ်လေ” ဟု မွတ်စလင်အမျိုးသမီးအသင်း ဥက္ကဌ နိုင်လာ ဇီဂန်ရှိနာက ပြောကြားခဲ့သည်။

    Ref_ RT

  • ချန်ပီယံလိဂ် ဖလားရသည်အထိ ဆက်ရှိနေမည်ဟု မန်စီးတီး တိုက်စစ်မှူး အဂူရို ပြော

    ချန်ပီယံလိဂ် ဖလားရသည်အထိ ဆက်ရှိနေမည်ဟု မန်စီးတီး တိုက်စစ်မှူး အဂူရို ပြော

    နိုဝင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    544611_heroa
    – မန်စီးတီးအသင်း၏ အာဂျင်တိုင်းတိုက်စစ်မှူး ဆာဂျီယိုအဂူရိုက မိမိမှာ အသင်း ချန်ပီယံလိဂ်ဖလား ရရှိသည့်အထိ အသင်း၌ ဆက်လက်ရှိနေမည်ဟု ပြောကြားခဲ့သည်။

    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးမှာ ချန်ပီယံလိဂ်တွင် စိတ်ပျက်ဖွယ်ရလဒ်များနှင့် ရင်ဆိုင်နေရပြီး ၄ ပွဲကစားပြီးချိန်တွင် ၂ မှတ်သာ ရရှိထားက လက်ကျန် ၂ ပွဲတွင်လည်း ဘိုင်ယန်မြူးနစ်၊ ရိုးမားတို့နှင့် ကစားရမည် ဖြစ်သောကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်မှာ အနည်းငယ်သာ ရှိနေသည်။

    သို့သော်လည်း အဂူရိုကမူ မိမိတို့အသင်းမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိအနေဖြင့်လည်း အသင်းချန်ပီယံလိဂ် မရမချင်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “လေးနှစ်ကနေ ရှစ်နှစ်လောက်အထိ နေသွားရုံတင်မကပါဘူး။ ချန်ပီယံလိဂ်ရပြီးတဲ့ နောက်ပိုင်းအထိ ရှိနေမှာပါ။ ချန်ပီယံလိဂ် အမှတ်ပေးဇယားက ကျွန်တော်တို့ မျှော်လင့်သလို မဟုတ်ပါဘူး။ ပြီးတော့ မန်စီးတီးရဲ့ ကစားပုံအစစ်အမှန်ကိုလည်း ဥရောပပြိုင်ပွဲတွေမှာ အခုအချိန်အထိ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ နောက်ဆုံး ၂ ပွဲ ကျန်သေးပြီး မန်စီးတီးရဲ့ စစ်မှန်တဲ့ကစားပုံ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု အဂူရိုက Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    အက်သလက်တီကိုမှ ပြောင်းရွှေ့လာခဲ့သည့် အဂူရိုမှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေသည်။