News @ M-Media

Blog

  • မန်စီးတီတွင် ကစားစဉ် ဘာလော့တယ်လီ၏ အိမ်မီးလောင်မှု သတင်း ထွက်ပေါ်လာ

    မန်စီးတီတွင် ကစားစဉ် ဘာလော့တယ်လီ၏ အိမ်မီးလောင်မှု သတင်း ထွက်ပေါ်လာ

    နိုဝင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    Pictures_of_Mario_Balotelli_s_bathroom_after_fireworks_were_let_off_revealed_Daily_Mail_Online_-_2014-11-07_09.55.56
    – ရောက်လေရာနေရာမှာ ပြဿနာမကင်းတဲ့ အီတလီဘောလုံးမင်းသား မာရီယိုဘာလော့တယ်လီတစ်ယောက် မန်စီးတီးမှာ ကစားခဲ့စဉ်က ဖြစ်ပွားခဲ့တဲ့ ပြဿနာတစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပေါ်ပေါက်လာပါတယ်။

    ဒါကတော့ ချက်ရှိုင်းယားက သူငှားထားတဲ့ ပေါင် ၃ သန်းတန်အိမ်မှာ ပါတီပွဲလုပ်ရင်းနဲ့ မီးလောင်ခဲ့တာပါ။

    ငှားခ တစ်လ ပေါင် ၇၅၀၀ လောက် ပေးရတဲ့ အဲဒီအိမ်မှာ ၂၀၁၁ ခုနှစ်အောက်တိုဘာလ မန်ယူနဲ့ ဒါဘီပွဲအကြိုညမှာ အသင်းဖော်တွေနဲ့ ဘာလော့တယ်လီဟာ မီးရှူးမီးပန်းတွေ၊ ရှူးဒိုင်းတွေ ဖောက်ကြရင်းနဲ့ မီးလောင်ခဲ့တာပါ။

    ဘာလော့တယ်လီကတော့ သူတို့ဟာ မီးပန်းထည့်ဖောက်တဲ့ ပုံးတဲ့မှာ ဖောက်ခဲ့ပေမယ့် မနိုင်တော့တဲ့အဆုံး အိမ်သာထဲကို လွှင့်ပစ်ခဲ့ကြပြီး အားလုံးအပြင်ကို ထွက်ပြေးခဲ့တာကြောင့် ရေချိုးခန်း တစ်ခန်းလုံး မီးလောင်ခဲ့တယ်လို့ BBC နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

    “လိုက်ကာတွေမီးလောင်ကုန်ပြီး အိမ်သာလည်း ရစရာမရှိတော့ပါဘူး” လို့ ဘာလော့တယ်လီက ဆိုပါတယ်။

    အိပ်ခန်လေးခန်းရှိတဲ့ သူ့ရဲ့အိမ်က ရေချိုးခန်းလည်း ရစရာမရှိအောင် ပျက်ဆီးခဲ့ပြီး  မီးခိုးတွေ မွှန်ထူခဲ့တာကြောင့် မီးသတ်သမား ၁၀ ယောက်လောက်က အသက်ရှူ ကိရိယာတွေတပ်ပြီး လာရောက် ရှင်းလင်းပေးခဲ့ရပါတယ်။

    နံနက် ၁ နာရီလောက်မှာ ဖြစ်ခဲ့အဲဒီအဖြစ်အပျက်အတွင်း ဘာလော့တယ်လီနဲ့ သူငယ်ချင်း တစ်သိုက်ကတော့ အပြေးမြန်ခဲ့တာကြောင့် ဒဏ်ရာမရခဲ့ပါဘူး။

    ဒီအဖြစ်အပျက်ကြောင့် ပေါင် လေးသိန်းဖိုးလောက် ပျက်ဆီးဆုံးရှုံးခဲ့ပြီး ဘာလော့တယ်လီကပဲ အိမ်ပိုင်ရှင်ကို လျော်ပေးခဲ့ရတာပါ။ ဒီပြသနာကတော့ ဓာတ်ပုံတွေနဲ့တကွ မကြာသေးမီကပဲ အွန်လိုင်းပေါ် ရောက်လာခဲ့တာပါ။

    ဘာလော့တယ်လီဟာ မန်စီးတီးမှာရှိစဉ် ပြဿနာကောင်အဖြစ် နာမည်ကျော်ခဲ့ပြီး စည်းကမ်းမလိုက်နာတဲ့အတွက်ကြောင့် ၂၀၁၀ မှာ မန်စီးတီးလူငယ်အသင်းကို အဆင့်ချခြင်း ခံခဲ့ရပါတယ်။ နောက်ပြီး ဘိုအာတင်းနဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် ပေါင် ၃ သိန်းဒဏ်ကြေးပေးခဲ့ရပြီး ၂၀၁၁ ဧပြီလက သူရဲ့ကားကို ပါကင်ထိုးရာမှာ ၂၇ ကြိမ်လောက် စည်းဖောက်ဖျက်တဲ့အတွက် ပေါင် တစ်သောင်းလောက် ဒဏ်ငွေဆောင်ခဲ့ရပါတယ်။

    မန်စီးတီးကနေ အေစီမီလန်ကို ရောက်တဲ့အခါမှာလည်း ပြဿနာမကင်းခဲ့ဘဲ အခု လီဗာပူးလ်ကို ရောက်လာရာမှာလည်း ပြီးခဲ့တဲ့တစ်ပတ်ကပဲ သူ့ရဲ့ကားကို ဓာတ်ပုံရိုက်တဲ့ သားအမိကို သွားပြီး ခြိမ်ခြောက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို တိုင်ကြားခြင်းခံခဲ့ရပါတယ်။

    ref: Daily Mail

  • အိုဘားမား နှင့် ဒေါ်အောင်ဆန်စုကြည်  နိုဝင်ဘာ ၁၄ ရက်နေ့ ရန်ကုန်မြို့တွင် တွေ့ဆုံမည်။

    အိုဘားမား နှင့် ဒေါ်အောင်ဆန်စုကြည် နိုဝင်ဘာ ၁၄ ရက်နေ့ ရန်ကုန်မြို့တွင် တွေ့ဆုံမည်။

    obama-and-aung-san-suu-kyi2
    ၂၀၁၂ ခုနှစ် နိုဝင်ဘာ က သမ္မတ အိုဘာမား ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်တွေ့ဆုံစဉ်

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media

    – ၃ ရက်တာကြာမြင့်မည့် အိုဘာမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၄ ရက်နေ့၌ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ သွားမည်ဟု အိမ်ဖြူတော်မှ အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    မြန်မာ၊ တရုတ်နှင့် သြစတေးလျသို့ သွားရောက်မည့် အိုဘားမား၏ ခရီးစဉ်မှာ ၆ ရက်တာကြာမြင့်မည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ နေထိုင်ပြီးနောက် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။

    မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၁၄ ရက်နေ့အထိ နေထိုင်မည့် ခရီးစဉ်အတွင်း အိုဘားမားမှာ နေပြည်တော်တွင်ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းဝေးကိုလည်း တက်ရောက်မည်ဖြစ်သည်။

    အိုဘားမားမှာ သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံ သွားမည်ဖြစ်သည်။

    ထို့နောက် သြစတေးလျတွင် ပြုလုပ်မည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ဖိုရမ်သို့ တက်ရောက်ရန် အတွက် အိုဘားမားမှာ မြန်မာနိုင်ငံမှ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထွက်ခွာမည်ဖြစ်သည်။

    ပြီးခဲ့သည့် ရက်ပိုင်းကလည်း အိုဘားမားမှာ သမ္မတဦးသိန်စိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    ref_ AFP

  • ၂၀၁၄ ခုနှစ် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု”  ဒေါက်တာစိုးနိုင် နှင့်တွေ့ဆုံခြင်း

    ၂၀၁၄ ခုနှစ် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” ဒေါက်တာစိုးနိုင် နှင့်တွေ့ဆုံခြင်း

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    မိုးစက် တွေ့ဆုံသည်။
    3
    ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပညာရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်များ အဖွဲ့မှ ကြီးမှူး ကျင်းပသည့် (၁၄) ကြိမ်မြောက် သုတေသန စာတမ်း ဖတ်ပွဲတွင် ၂၀၁၄ ခုနှစ်အတွက် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” ကိုရရှိသွားခဲ့သည့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ဦးစိုးနိုင်အား M-Media က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မေး  –  ဆရာ Best Papar Award of 2014 ကို ဘယ်စာတမ်းအမည်နဲ့ ဆုရရှိခဲ့တာပါလဲ။

    ဖြေ  –  ဆရာရရှိခဲ့တဲ့ စာတမ်းရဲ့အမည်က “မြန်မာပမာဏပြ စကားများ လေ့လာချက်”ဆိုတဲ့အမည်နဲ့ပါ။

    မေး  –  ဆရာဆုရတဲ့ ဒီ “မြန်မာ ပမာဏပြ စကားများလေ့လာချက်” ဆိုတဲ့ စာတမ်းထဲမှာ ဘယ်အချက်အလက်တွေ အကြောင်းကို ထည့်သွင်းရေးထားပါသလဲ။

    ဖြေ  –  ဆရာတို့ မြန်မာတွေက အချိန်အတိုင်းအတာ၊ အချင်အတွယ် စတာတွေကို ပမာဏနဲ့ ဖော်ပြတဲ့ စကားတွေရှိတယ်။ ဥပမာပေါ့ ထမင်းအိုး တစ်လုံးချက်လောက်ကြာတယ်လို့ ၊ ကွမ်းတစ်ယာညက်စာကြာတယ်လို့၊ လက်ခုပ်တစ်ဖောင်လောက်မြင့်တယ်လို့ စသည်ဖြင့် စကားလေးတွေကို ဟိုးရှေးခေတ်က မြန်မာလူမျိုးတွေ တွင်တွင်ကျယ်ကျယ်သုံးခဲ့တယ်။ တချို့ အသုံးအနှုန်းတွေကိုလည်း အခုခေတ်မှာ ဈေးထဲတို့ တောရွာတွေမှာသုံးနေတုန်းပဲ။ ဆရာတို့နိုင်ငံမှာ အခုစနစ်(၃)မျိုးကို သုံးစွဲနေကြတယ်။ ရှေးမြန်မာ ဘုရင်ကနေ အခုထိ ဆရာတို့သုံးနေကြတဲ့ မြန်မာ ဝေါဟာရစနစ်၊ နောက် ကိုလိုနီခေတ်ရောက်တော့ အင်္ဂလိပ်တွေ သုံးနှုန်းတဲ့ အင်္ဂလိပ်စနစ်၊ အခုတော့ ကမ္ဘာသုံးဖြစ်တဲ့ metric  စနစ်ကို သုံးနေကြပြီ။ အဲ့တော့ ဆရာရေးတာက စနစ်သုံးခုစလုံးကို ဆွဲထုတ်ထားတာ ပေါ့နော်။ ပမာဏတွေကို အရင်ခေတ် အခုခေတ် ဘယ်လို သုံးနှုန်းခဲ့ကြတာလည်း ဆိုတာကို ပေါ်လွင်အောင် ထည့်သွင်းရေးထားတာပါ။

    မေး  –  ဆရာ ဘယ်လိုရည်ရွယ်ချက်လေးနဲ့ ဒီစာတမ်းကို ပြုစုရေးသားဖြစ်ခဲ့တာပါလဲ။

    ဖြေ  –  ဆရာတို့လည်း မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာနေတဲ့ မြန်မာ့ ယဉ်ကျေးမှုကို ချစ်တာပေါ့။ မြန်မာ့ ယဉ်ကျေးမှုလေး ပျောက်သွားမှာကိုလည်း စိုးရိမ်မိတယ်။ အရိုးကို အရွက် မဖုံးစေချင်ဘူး။ ဒါပေမယ့်လည်း အခုခေတ်က နိုင်ငံတကာကို မြန်မာက ရင်ဘောင်တန်းနိုင်အောင် လုပ်နေတဲ့ အချိန်ဆိုတော့ နောက်ဆိုရင် နိုင်ငံတကာက သုံးတဲ့ အသုံးအနှုန်းတွေကိုပဲ သုံးရတော့မယ်လေ။  အခုကတော့ ရွေ့နေတဲ့ အဆင့်ပါပဲ။ တချို့အရာတွေကို ပြောင်းလဲ သုံးနှုန်းနေကြပါပြီ။ အခုခေတ် ကလေးတွေ အရင်က အသုံး အနှုန်းတွေကို မသိတော့ဘူး။ ဆရာက မှတ်တမ်းတင်နိုင်အောင်လို့ ရှာဖွေပြီးရေးသားဖြစ်တာပါ။ နောင်တစ်ချိန် နောင်လာနောင်သားတွေ အတွက် လေ့လာလို့ ရနိုင်အောင်လို့ပါ။ နိုင်ငံတကာသုံး စနစ်ကိုလည်း သိထားသင့်တယ်။ အဲဒါကြောင့် ဆရာက အသုံးအနှုန်းတွေကို ယှဉ်ပြီးရေးပြထား ပါတယ်။ နိုင်ငံတကာ အသုံးအနှုန်းကိုလည်း ပြင်ဖို့ အချိန်ရောက်ပြီဆိုတာကိုလည်း ဆရာပြောချင်တာရယ် မြန်မာ့မိရိုးဖလာ ယဉ်ကျေးမှုကိုလည်း ပျောက်ကွယ် မသွားစေချင်တာတွေကြောင့် အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီစာတမ်းကို ရွေးချယ် ပြုစုပြီး ဖတ်ခဲ့တာပါ။
    1
    မေး  –  ဆရာ ဒီစာတမ်းကို ပြုစုတဲ့ အချိန်ကာလဘယ်လောက်လောက်ကြာမြင့်ခဲ့ပါသလဲ။

    ဖြေ  –  ဆရာ အချိန် (၄) နှစ်လောက်အချိန်ယူပြီး ဒီစာတမ်းကို ပြုလုပ်ဖြစ်ခဲ့တာပါ။

    မေး  –  ဆရာ ဒီစာတမ်းပြုစုနေတဲ့အချိန်အတွင်းမှာ အခက်အခဲတွေများရော ရှိခဲ့ပါသေးလား။

    ဖြေ  –  အရမ်းခက်ခဲတာမျိုးတော့မတွေ့ခဲ့ပါဘူး။ တစ်မြို့နဲ့တစ်မြို့အသုံးအနှုန်း အခေါ်အဝေါတွေကအစ မတူဘူး။ ကွဲပြားနေတာကို တွေ့ရတယ်။ သူ့ရွာနဲ့သူ သူ့ဓလေ့နဲ့သူပေါ့။ ဆရာလည်း ဒါတွေကို သေချာအချိန်ပေးပြီး အချက်အလက်တွေကို လိုက်စုရတာပေါ့။ သူပြော ငါပြော ရှေးလူကြီးတွေပြောတာတွေကို လိုက်နားထောင်ပြီး လူကြားသူကြားထဲကို သွားပြီး အချက်အလက်တွေ လိုက်ကောက်ရတာတော့ ရှိပါတယ်။

    မေး  –  ဆရာက မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကနေ ဆုရခဲ့တာဆိုတော့ ဒီအမှတ်ပေးတဲ့အဖွဲ့ကရော ဘယ်လိုဖွဲ့စည်းထားတဲ့ အဖွဲ့မျိုးပါလဲ။

    ဖြေ  –  ဒီအဖွဲ့က နိုင်ငံတော်ကနေ အသိအမှတ်ပြုထားတဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ပါ။ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံက ဆရာတွေဝင်ပြိုင်တဲ့ စာတမ်းတွေကို အကဲဖြတ်ပေးကြတာပါ။ ဆရာတို့ စာတမ်းတွေကို အကဲဖြတ်ပေးတဲ့ ဒီအဖွဲ့ထဲမှာ အငြိမ်းစား သုတေသန ဆရာ/ဆရာမကြီးတွေ၊ နောက်ပြီး ပညာရှင်တွေ ပါဝင်ပြီးတော့ အကဲဖြတ်အမှတ်ပေးတာပါ။
    2
    မေး  –  ဆရာအခုလို ထူးချွန်စွာ ဆုရရှိခဲ့တဲ့အပေါ်မှာရော ဆရာ့ရဲ့စိတ်ခံစားချက်လေးကို ဝေမျှပေးပါဦး။

    ဖြေ  –  အရမ်းဝမ်းသာပါတယ်။ အမြင့်ဆုံးသုတေသနဆု ရတယ်ဆိုတော့ ဆရာ့ရဲ့ကြိုးစားမှုကို နိုင်ငံတော်ကရော ပညာရှင်တွေက အသိအမှတ်ပြု ပေးခဲ့တာပါပဲ။ ဒါကြောင့် ဝမ်းသာမိပါတယ်။

    မေး  –  ဆရာ့ရဲ့ ဆရာဖြစ်တဲ့ သက်တမ်းဘယ်လောက်အတွင်းမှာ ဆရာစာတမ်းဘယ်နှစ် စောင်လောက် ပြုစုပြီးသွားပြီပါသလဲ။

    ဖြေ  –  ဆရာ့ရဲ့ဆရာသက်တမ်းကတော့ ၂၈ နှစ် လောက်ရှိပြီပေါ့။ ဆရာ စာတမ်းတွေကိုတော့ တစ်နှစ်တစ်ကြိမ်လောက် ဖတ်နိုင်အောင် ကြိုးစားတယ်။ အခုချိန်ထိတော့ ဆရာစာတမ်း အစောင် ၂၀ လောက်ဖတ်ပြီးသွားပါပြီ။

    မေး  –  ဆရာက ဘယ်လိုစာတမ်းတွေကို အဓိကထားဖတ်ဖြစ်ပါသလဲ။

    ဖြေ  –  ဆရာက မြန်မာစာပေမှာ ထူးထူးခြားခြားလေးတွေတွေ့ရင် မှတ်သားထားတာပါ။ ဆရာရေးသားတာတွေက လူတွေနေ့စဉ်ဖြစ်နေတာတွေပါပဲ။  ဒါပေမယ့် အမှတ်တမဲ့ သတိမထားမိတာတွေကို ဆရာက ရေးတာပါ။ တစ်ခုခုကို အစဆွဲထုတ်လိုက်ရင် တွေးစရာတွေကအများကြီးပဲလေ။ မြန်မာစာသားတွေက တကယ်ကို မှတ်သားစရာ ကောင်းတဲ့စာသားလေးတွေပါ။ အဲဒါလေးတွေကိုပဲ ဆရာက သေချာ အချက်အလက်တွေလိုက်ကောက်ပြီး ရေးသားတာပါ။

    မေး  –  ဆရာအနေနဲ့ ယနေ့ခေတ်လူငယ်တွေအတွက်လည်း လက်ဆောင်စကားလေးပြောပေါးဦး။

    ဖြေ  –  ကလေးတွေကို စာဖတ်စေချင်တယ်။ Facebook မှာပဲဖတ်ဖတ် စာကြည့်တိုက်မှာပဲ ဖတ်ဖတ် ကိုယ့် အတွက် အကျိုးရှိမှာပါ။ စာဖတ်ရင်းနဲ့ အသိပညာတွေ တိုးတက်လာပါလိမ့်မယ်။ နောက်ပြီး လူငယ်တွေ အရည်အချင်းရှိလာအောင် လူကြီးတွေက ဆွဲခေါ်ပေးရပါ့မယ်။ အခုဆိုရင် ဆရာတို့ကျောင်းမှာလည်း ကလေးတွေ အရည်အသွေးတက်လာအောင် စကားရည်လုပွဲတွေ၊ ကျပန်းစကားပြိုင်ပွဲတွေ စာပေပြိုင်ပွဲတွေပြုလုပ်ပေးနေပါတယ်။ ဒါတွေက ကလေးတွေရဲ့ နှုတ်မှုစွမ်းရည်တွေကို တင်ပေးတာပါ။ လူကြီးတွေက ဆွဲတင်ပေးသလို လူငယ်တွေ ကိုယ်တိုင်လည်းကြိုးစားကြဖို့လိုပါတယ်။

    မေး  –  ဆရာ့အနေနဲ့ တခြားဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

    ဖြေ  –  ဆရာက တစ်ဖက်ကစာသင်တယ် တစ်ဖက်ကလည်း သုတေသနလုပ်တယ်။ ပညာရေးနယ်ပယ်မှာ နေတဲ့သူတွေကို ဆရာအဓိကပြောချင်တာကတော့ ကိုယ်က ဆရာ/ဆရာမဖြစ်လာရင် ကိုယ်ကိုယ်တိုင် ထူးချွန်အောင် ကိုယ့်ကလေးတွေကိုလည်း ဘယ်လိုတော်အောင် သင်မလဲ ကြိုးစာရပါမယ်။ သုတေသနတွေကိုလည်း လုပ်သင့်တယ်။ သူများမမြင်တာတွေကို ကိုယ်ကမြင်အောင်လုပ်ပြီး ထူးချွန်အောင်၊ ပညာရှင်တစ်ယောက် ဖြစ်လာအောင်ကြိုစားပါ။ ဆုရခြင်း မရခြင်းထက် သုတေသနပြုလုပ်ရာမှာ အရည်အချင်းတွေ တိုးတက်လာပါတယ်။ ဆရာ၊ ဆရာမတစ်ယောက် အရည်အချင်းနဲ့ ကိုက်ညီအောင်လည်း တော်သထက်တော်အောင် ကြိုစားသင့်ပါတယ်။

    ဆရာ ဒေါက်တာစိုးနိုင်ဟာ တက္ကသိုလ်မှာ ပါမောက္ခ(ဌာနမှူး) တစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်နေသလို တဘက် တလမ်းမှလည်း လူမှုရေး၊ ဘာသာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင်လည်း တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်နေသူဖြစ်သည့် အတွက် ဆရာ၏ ကြိုးစားမှု အတွက် ရလဒ်အား M-Media က မှတ်တမ်းတင် ဂုဏ်ပြုလိုက် ရခြင်း ဖြစ်ပါသည်။

  • ၂၀၁၅ အကြို အရွေ့များ

    ၂၀၁၅ အကြို အရွေ့များ

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    .ဆွေမွန် ရေးသည်။

    2015

    ပထမအရွေ့
    =======

    မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို သတိထားလေ့လာမိရင် သမ္မတမျှော်မှန်းသူတွေဟာ ရွေးကောက်ပွဲနှစ်မတိုင်ခင် တရုတ်ကို သွားကိုသွားရတဲ့ ဓလေ့ထုံးတမ်းရှိတယ်လို့ ဆိုနိုင်ပါတယ်။

    လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်း အတိုက်အခံနဲ့ ဆက်ဆံရေးထက်၊ အာဏာရအဖွဲ့နဲ့ ဆက်ဆံရေးကို ဦးစားပေးခဲ့တဲ့ တရုတ်အစိုးရက အခုနှစ်နှစ် သုံးနှစ်လောက်အတွင်း အတိုက်အခံတွေကို တခါပြန်ပြီး ချဉ်းကပ်ဆက်ဆံလာပါတယ်။ (RFA)

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တရုတ်ရဲ့ ဖိတ်ကြားချက်နဲ့ အတိုက်အခံပါတီကိုယ်စားပြုကာ တရုတ်နိုင်ငံကို ဒီဇင်ဘာလမှာသွားမယ်လို့ သတင်းထုတ်ထားတာကြာပါပြီ။

    မနေ့က နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ဦးသိန်းစိန်က ဒီလထဲမှာပဲ တရုတ်ကို သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ၅ ကြိမ်မြောက်သွားဦးမယ်လို့ ကသုတ်ကရက် ကြေညာပြန်ပါတယ်။

    သမ္မတ ဦးသိန်းစိန်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ကျင်းပမယ့် ဒေသတွင်း ပေါင်းစည်း ဆက်နွယ်မှုဆိုင်ရာ မိတ်ဖက်ပြုမှု ခိုင်မာစေရေး ဆွေးနွေးပွဲသို့ တက်ရောက်ဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ဖိတ်ကြားထားတာလို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောကြား ချက်ဟာ ယမန်နေ့က ထွက်ပေါ်လာ ခဲ့တာဖြစ်ပါတယ်။

    တရုတ်ကို ဒေါ်အောင်ဆန်းစုကြည်ထက်အရင် စောပြီး သွားဖို့ ဘာကြောင့် လိုအပ်ရသလဲဆိုတဲ့မေးခွန်းထက် တရုတ်သြဇာကို မလွန်ဆန်တဲ့ မြန်မာ သမ္မတအနေနဲ့ တရုတ်ကအပြန်မှာ မြန်မာပြည်သူပြည်သားတွေ အတွက် ဘာအဖြေယူလာမလဲ ဆိုတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် ဖက်က အိုဘားမားအပါအ၀င် အနောက်အုပ်စုနဲ့ ပိုမိုရင်းနှီး ကျွမ်းဝင်သလို ဦးသိန်းစိန်ကလည်း တရုတ်ဖက်ကို သိသိသာသာယိမ်းပြခဲ့ပါတယ်။ အနောက်အုပ်စုနဲ့ ရင်းနှီးနွေးထွေးရုံ သာမက တရုတ်ရဲ့ တိုက်ရိုက်ထောက်ခံရင်းနှီးမှုကို ပြသနိုင်သူဟာ ၂၀၁၅ အတွက် အဖြေတစ်ခုဖြစ်လာစရာ အကြောင်းရင်းဖြစ် လာနိုင်တဲ့ နိုင်ငံရေး အရွေ့တစ်ခုဖြစ်ပါတယ်။

    ဒုတိယအရွေ့
    ========

    အောက်တိုဘာ ၃၁ တွေ့ဆုံပွဲဟာ ဘာအဖြေမှ မထွက်ခဲ့ပါဘူး။ မနေ့က နိုဝင်ဘာ ၅ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲအရ ဘာသဘော တူညီမှုမှ မရယူခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က “ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။ ကိုယ့်ထင်မြင်ချက်ကို ကိုယ် ပြောကြတာပါပဲ။ အားလုံးကနေပြီးတော့ ကိုယ့်အလှည့်နဲ့ကိုယ် ပြောသွားကြတာပဲ။ အားလုံးကနေပြီးတော့ သဘောတူလား၊ သဘောမတူဘူးလား ဆိုပြီးတော့ ဘာမှ မပြောပါဘူး။ အားလုံးပြောပြီး သွားတဲ့အခါမှာ သမ္မတကြီးက အထွေထွေ ရှိပါသေးလားဆိုတော့ ဘယ်သူကလည်း ဘာမှမပြောတော့ ဒါနဲ့ပဲ ပြီးသွားပါတယ်။ သဘောတူညီချက် ယူခဲ့တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

    ဒါ့အပြင် ”တွေ့ ဆုံဆွေးနွေးပွဲက ဆွေးနွေးရတယ်ဆို တာမရှိဘူး။ သာမန်တွေ့ဆုံမှုသဘော ပဲ။ ဘာမှ အရာမရောက်ဘူး။ ဘာ အဓိပ္ပာယ်မှလည်းမရှိဘူး”လို့ ပွင့်ပွင့်ရှင်းရှင်းပြောခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ ကိုယ့်အမြင်ကို ၁၀ မိနစ်စီ လာပြောဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ နိုင်ငံတကာကို အမြင်ကောင်းရုံ “ဓာတ်ပုံနိုင်ငံရေး” လုပ်သွားတာလို့ပဲ မြင်နိုင်ပါတယ်။

    နိုင်ငံအုပ်ချုပ်နေတာ ၄ နှစ်ရှိနေပေမယ့် ဖြေရှင်းနိုင်မယ့်နည်းလမ်း မတွေ့သေးတဲ့ ဦးသိန်းစိန်ရှင်းပြတာကတော့ “ဒီဆွေးနွေးပွဲ ကျင်းပရတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားအင်အားစုများအားလုံး ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို လက်တွဲဖြေရှင်းဖို့နဲ့ စုပေါင်းပြီး နည်းလမ်းများရှာဖွေဖို့ အဓိကရည်မှန်းချက်ထားပြီး ဖိတ်ခေါ်ကျင်းပခဲ့ရခြင်းဖြစ်ပါတယ်၊ နည်းလမ်းများ ရှာဖွေတဲ့အခါမှာလည်း နိုင်ငံရေးအင်အားစုအချင်းချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်း နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေး အဖြေရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြုကြိုးပမ်း အကောင်အထည်ဖော်ခြင်းပဲဖြစ်ပါတယ်” လို့ ပြောတဲ့အပြင်

    မနေ့က ရေဒီယိုမိန့်ခွန်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ထားပြီး ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို လူသားတစ်ဦးအနေနဲ့ ရသင့်ရထိုက်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကိုရရှိဖို့ အရေးကြီးတယ်လို့

    ပြောသွားခဲ့ပါတယ်။

    ဒီလိုမပြောစဖူး ပြောကြားလာတဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ လူ့အခွင့်အရေးအကြောင်းတွေအပြင် ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေကို တတိယနိုင်ငံကို ပို့ရမယ်လို့ ကြိမ်းဝါးဖူးတဲ့အပြင် မွတ်ဆလင်တွေအပေါ်မှာ လူ့ဂုဏ်သိက္ခာမပေးဖူးတဲ့ ဦးသိန်းစိန်က ဒီနေ့မှာမှ ထူးထူးခြားခြားကြီးကို ဘယ်လူမျိုး ဘယ်ဘာသာ၊ လူ့ဂုဏ်သိက္ခာ စတဲ့စကားလုံးလှလှလေးတွေကို ဂရုတစိုက် ရွေးချယ်သုံးနှုန်းပြသွားတာကတော့ အိုဘားမားကိုယ်တိုင် ဒီမိုကရေစီဆေးကြီးကို မတိုက်ခင် ကာကွယ်ဆေးကို ကြိုတင်ထိုးထားတဲ့ သဘောလောက်ပဲဆိုတာကတော့ ထင်ရှားနေပါတယ်။

    ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်ဆိုတဲ့ သတင်းဓာတ်ပုံလောက်ကိုပဲ နိုင်ငံတကာအမြင်ကောင်းအောင် လိုချင်တယ်၊ ကျန်တဲ့ ဘာအဖြေကိုမှ မလိုချင်ဘူးဆိုတဲ့ အချက်ကိုလည်း ဖုံးကွယ်မထားခဲ့ပါဘူး။ ဒါကြောင့် အောက်တိုဘာ ၃၁ ဆွေးနွေးပွဲဟာ အများပြည်သူကြားမှာ မျှော်လင့်စရာရောင်ခြည်ရိပ်သန်းခဲ့ပေမယ့် ဘယ်နေရာကိုမှ မရွေ့ခဲ့တဲ့ “ပြစားအရွေ့”တစ်ခုသာ ဖြစ်ခဲ့ပါတယ်။

    တတိယအရွေ့
    =========

    အိုဘားမား မလာခင်က တက်ကြွလှုပ်ရှားနေကြတဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး တပ်သားတွေ ငြိမ်သွားပါပြီ။ အိုဘားမားမလာခင်လေးမှာပဲ အစိုးရကို မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းမလား၊ မပြဋ္ဌာန်းဘူးလားဆိုတာကို တစ်လတိတိစောင့်ကြည့်မှာဖြစ်တယ်၊ ခုတော့ ခဏနားထားပါဦးမယ်လို့ ကြိမ်းမောင်းသယောင် ခြိမ်းခြောက်သယောင်နဲ့ အသာနောက်တစ်လှမ်းကို ဆုတ်ခိုင်းထားလိုက်ပါပြီ။

    အစိုးရရဲ့ ၀ှက်ဖဲဖြစ်တဲ့ မဘသ အမည်ခံ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချကာ မွတ်ဆလင်ဖက်ကို လက်ညှိုးထိုးပြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လူမျိုးရေးဓားနဲ့ ဘာသာရေးဓားနဲ့ နောက်ကျောကဗြောင်ထိုးနေတဲ့ ဒီအဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေဟာ ခဏတာ အရှိန်လျော့သွားပေမယ့် ၂၀၁၄ အကုန် ၂၀၁၅ အဆန်းကနေ တရားပွဲအမည်ခံ နိုင်ငံရေးမဲဆွယ်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပလာမှာကတော့ အမှန်ပဲမို့ ၂၀၁၅ထဲမှာပဲ အမုန်းတရား ဖန်တီးလှုံ့ဆော်မှုတွေ ပိုများလာနိုင်စရာအကြောင်း အများအပြားတွေ့နေရပါသေးတယ်။ ဒီအရွေ့ကြောင့် မြန်မာပြည်ဟာ နစ်မွန်းသည်ထက် နစ်မွန်းစရာတွေပဲ ရှိလာနိုင်ပါတယ်။

    စတုတ္ထအရွေ့
    ========

    ဒီအရွေ့ကြောင့် “ဒုတိယဖုန်းမော် အရေးအခင်း” အဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး တစ်ပြည်လုံးဆိုင်ရာ ပြည်သူ့မကျေနပ်ချက်တွေ ဖွင့်အံဖောက်ထွက်ရာ အထွေထွေဆန့်ကျင် ဆန္ဒပြတာတွေထိ ဖြစ်လာနိုင်ပါတယ်။ ကိုပါကြီးအရွေ့လို့တောင် ပြောနိုင်ပါမယ်။

    အလွတ်သတင်းထောက် ကိုပါကြီးဟာ သတင်းသွားယူရင်း အဖမ်းခံရရာကနေ ကျိုက်မရောမှာ သေဆုံးခဲ့ပြီ၊ ကိုပါကြီးဟာ ထွက်ပြေးဖို့ အစောင့်စစ်သားရဲ့ သေနတ်ကို လုယူတဲ့အတွက် ပစ်ခတ် ဖမ်းဆီးရင်း သေဆုံးရတာဖြစ်တယ်လို့ အစောပိုင်းကတည်းက ကျိုက်မရော မြို့နယ်ရှိ တပ်မ ၂၂ မှ တာဝန်ရှိသူတွေက အခိုင်အမာ ပြောဆို ခဲ့ကြပါတယ်။

    ကိုပါကြီးအသတ်ခံရတဲ့အပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ကြီးထွားလာတဲ့ ဆန္ဒပြတောင်းဆိုမှုတွေကြောင့် မနေ့က နိုဝင်ဘာ ၅ မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာအနီး မြှုပ်နှံထားတဲ့ သတင်းထောက်ကိုပါကြီးရဲ့ အလောင်းကို ပြန်လည်တူးဖော်ခဲ့ကြပါတယ်။ အလောင်းဖော်ရာမှာပါဝင်ခဲ့တဲ့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က
    “အလောင်းကို ပြန်ဖော်တဲ့ အခါမှာ ဦးခေါင်း ချိုင့်နေတာ တွေ့ရတယ်။ မေးရိုးတွေ ကျိုးပြီး ရွဲ့စောင်းနေတယ်။ ညာဘက် ဒူးခေါင်းနားမှာ အညိုအမည်းနဲ့ ခြေသလုံးရိုး ကျိုးနေတာ တွေ့ရတယ်။ ဆေးရုံက စစ်ပြီးလို့ အလောင်း ပြန်ပေးမလားတော့ မသိဘူး။ ကျနော်တို့က အလောင်းပြန်သယ်ယူခွင့်ရတာနဲ့ ရန်ကုန်ပြန်သယ်ဖို့ အဆင်သင့် ပြင်ထားတယ်” လို့ ပြောခဲ့သလို ဦးနေမျိုးဇင်ကလည်း ဒီဗီဘီ သတင်းဌာနကို ပြောဆိုရာမှာ “ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ” လို့ ပြောကြားပြန်ပါတယ်။

    မော်လမြိုင်ဆေးရုံကြီးကို သယ်သွားပြီး ဆေးစစ်ချက်တွေ ထွက်လာချိန်မှာ သေနတ်ဒဏ်ရာတွေ့ခဲ့ရင်တောင် မျက်နှာ တစ်ဝက်လောက် ကျိုးကြေနေတာတွေ၊ နံရိုးကျိုး၊ မေးရိုးကျိုး၊ သွားကျိုး၊ ခြေသလုံးရိုးကျိုးတာတွေအတွက် ကိုပါကြီးကို နှိပ်စက်ခဲ့ခြင်းမရှိပါဘူးလို့ စစ်တပ်ရဲ့အစောပိုင်း ပြောဆိုချက်တွေနဲ့ အလွဲကြီး လွဲချော်နေတဲ့အပေါ်မှာတော့ စစ်တပ်ရဲ့ အများပြည်သူကျေနပ်စေလောက်တဲ့ အဖြေတစ်ခုဟာ လိုအပ်လာတော့မှာပါ။ ဒီအဖြေဟာ အများပြည်သူကို မကျေအေးစေဘဲ ပိုမိုသွေးဆူစေခဲ့မယ်ဆိုရင် လမ်းပေါ်ကို လူတွေရောက်လာအောင် ဆွဲခေါ်မယ့် အဖွဲ့အစည်းတွေ အလိုအလျောက်ပေါ်လာနိုင်ပါတယ်။ ဒီအဖြေတစ်ခုကြောင့် တိုင်းပြည် အပြောင်းအလဲဖြစ်နိုင်စရာ အများကြီးရှိနေခဲ့ပါပြီ။

    ဒီအဖြစ်အပျက်တွေနဲ့ အပြိုင် အောက်တိုဘာ ၃၁ ဆွေးနွေးပွဲနေ့မှာပဲ ဦးအောင်သောင်းအပေါ် အမည်ပျက်စာရင်းသွင်းကာ အမေရိကန်ရဲ့ အထူးပိတ်ပင်လိုက်တဲ့ ကိစ္စတွေ၊ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်တဲ့ UAB ယူနိုက်တက် အမရဘဏ်ပြသနာတွေ အပြင် ဒေါ်လာဈေးကို အစိုးရဗဟိုဘဏ် ကိုယ်တိုင်က ဈေးတင်ခဲ့တဲ့ အတွက် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ကာ မြန်မာ့ကျပ်ငွေ တန်ဖိုး စံချိန်တင်ထိုးကျနေတဲ့ဒဏ်ကို ပြည်သူတွေ စတင်ခံစားနေရတဲ့ အချိန်တွေနဲ့လည်း တိုက်ဆိုင်နေပြန်ပါတယ်။

    ဘယ်သူ့ဖက်ကို လှည့်ပြီး အဖြေထုတ်နိုင်မလဲ
    ===============

    နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းတွေ ပေါ်လာတိုင်း အစိုးရအဆက်ဆက်က အဖြေထုတ်ပေးတာက ဘာသာရေးအဓိကရုဏ်းတွေသာဖြစ်တဲ့အတွက် ၂၀၁၂ ကတည်းက မီးလောင်ပြင်တွေ၊ ဒုက္ခသည်စခန်းတွေ၊ လူသေတွေ၊ သွေးညှီနံ့တွေကို ငြီးငွေ့နေသူတွေအများအပြားရှိနေသလို သွေးဆာနေတဲ့ ဘယ်သူသေသေ ပျော်နေတဲ့ ငတေတွေကလည်း အများကြီး မာနေဆဲပါ။ အမုန်းတရားလောင်စာကိုလည်း အပြည့်ဖြန့်ခင်းထားသလို စတင်လောင်ကျွမ်းစေဖို့ မီးစတွေကိုလည်း အဆင်သင့်ကိုင်ဆောင်ထားသူတွေလည်း ရှိနေပါတယ်။

    သွေးထွက်သံယို မဖြစ်ဘဲ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ဖူးသေးတဲ့ မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုမှာ ဒီတစ်ကြိမ်မှာတော့ အေးအေးချမ်းချမ်း အပြောင်းအလဲကို ရွေးကြ မလား၊ ထုံးစံအတိုင်း သွေးသံရဲရဲနဲ့ နိုင်ငံရေး အပြောင်းအလဲလမ်းကိုပဲ ရွေးချယ်ကြ မလားဆိုတာက စိတ်ဝင်စားစရာကောင်းလွန်းလှနေပါပြီ။

    ဆွေမွန်

  • အိန္ဒိယတွင် သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူကို အဖေမှ ထမင်းဖိတ်ကျွေးပြီး လက်စားချေ  သတ်ဖြတ်

    အိန္ဒိယတွင် သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူကို အဖေမှ ထမင်းဖိတ်ကျွေးပြီး လက်စားချေ သတ်ဖြတ်

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    Father_cooked_dinner_for_his_daughter_s_rapist_before_torturing_and_killing_him_-_Asia_-_World_-_The_Independent_-_2014-11-06_16.47.02
    – သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူအား ညစာ ဖိတ်ကျွေးပြီး သတ်ဖြတ်လက်စားချေခဲ့သည့် အမျိုးသား တစ်ဦးကို ဒေလီရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၅၀ ကျော် အရွယ် အမျိုးသားက ရဲစခန်းသို့ သွားရောက် ၀န်ခံခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးက အဓမ္မပြု ကျင့်ခဲ့ခြင်းကို မကျေနပ်သောကြောင့် အဓမ္မပြုကျင့်သူ၏ လိင်အင်္ဂါကို မီးဖြင့်ရှို့ခြင်း စသဖြင့် နှိပ်စက်ညှင်းပန်းကာ မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည့်ကို ဖြောင့်ချက်ပေးခဲ့သည်။

    အဓမ္မကျင့်ခံရမှုမှာ ၁၄ နှစ်အရွယ် သမီးဖြစ်သူ အိမ်တွင် တစ်ယောက်တည်းရှိနေချိန် လွန်ခဲ့သည့် ၂ လ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်သူက ထိုကိစ္စအား မည်သူ့ကိုမှ မပြောရန်နှင့် ပြောခဲ့ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်သွားမည်ဟု အဆိုပါ မိန်းကလေးအား ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

    သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရကြောင်းကို ကိုယ်ဝန်ရှိသည့်အခါမှ သိရကြောင်း၊ ထိုပြဿနာကြောင့် သမီးဖြစ်သူတွင် ပျော်ရွှင်မှုလည်း ပျောက်ဆုံးကာ အစားသောက်များလည်း စားသောက်ခြင်း မရှိတော့ကြောင်း မိခင်ဖြစ်သူက ထည့်သွင်းပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ဥပဒေရေး အကြောင်းများကြောင့် ပြစ်မှုကျူးလွန်သူ၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ဘဲ အသတ်ခံရသူ၏ အလောင်းအား ဆေးရုံသို့ ယူဆောင်ကာ စစ်ဆးမှုများ ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ref_ Independent