News @ M-Media

Blog

  • ၂၀၁၄ ခုနှစ် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု”  ဒေါက်တာစိုးနိုင် နှင့်တွေ့ဆုံခြင်း

    ၂၀၁၄ ခုနှစ် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” ဒေါက်တာစိုးနိုင် နှင့်တွေ့ဆုံခြင်း

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    မိုးစက် တွေ့ဆုံသည်။
    3
    ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပညာရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်များ အဖွဲ့မှ ကြီးမှူး ကျင်းပသည့် (၁၄) ကြိမ်မြောက် သုတေသန စာတမ်း ဖတ်ပွဲတွင် ၂၀၁၄ ခုနှစ်အတွက် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” ကိုရရှိသွားခဲ့သည့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ဦးစိုးနိုင်အား M-Media က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မေး  –  ဆရာ Best Papar Award of 2014 ကို ဘယ်စာတမ်းအမည်နဲ့ ဆုရရှိခဲ့တာပါလဲ။

    ဖြေ  –  ဆရာရရှိခဲ့တဲ့ စာတမ်းရဲ့အမည်က “မြန်မာပမာဏပြ စကားများ လေ့လာချက်”ဆိုတဲ့အမည်နဲ့ပါ။

    မေး  –  ဆရာဆုရတဲ့ ဒီ “မြန်မာ ပမာဏပြ စကားများလေ့လာချက်” ဆိုတဲ့ စာတမ်းထဲမှာ ဘယ်အချက်အလက်တွေ အကြောင်းကို ထည့်သွင်းရေးထားပါသလဲ။

    ဖြေ  –  ဆရာတို့ မြန်မာတွေက အချိန်အတိုင်းအတာ၊ အချင်အတွယ် စတာတွေကို ပမာဏနဲ့ ဖော်ပြတဲ့ စကားတွေရှိတယ်။ ဥပမာပေါ့ ထမင်းအိုး တစ်လုံးချက်လောက်ကြာတယ်လို့ ၊ ကွမ်းတစ်ယာညက်စာကြာတယ်လို့၊ လက်ခုပ်တစ်ဖောင်လောက်မြင့်တယ်လို့ စသည်ဖြင့် စကားလေးတွေကို ဟိုးရှေးခေတ်က မြန်မာလူမျိုးတွေ တွင်တွင်ကျယ်ကျယ်သုံးခဲ့တယ်။ တချို့ အသုံးအနှုန်းတွေကိုလည်း အခုခေတ်မှာ ဈေးထဲတို့ တောရွာတွေမှာသုံးနေတုန်းပဲ။ ဆရာတို့နိုင်ငံမှာ အခုစနစ်(၃)မျိုးကို သုံးစွဲနေကြတယ်။ ရှေးမြန်မာ ဘုရင်ကနေ အခုထိ ဆရာတို့သုံးနေကြတဲ့ မြန်မာ ဝေါဟာရစနစ်၊ နောက် ကိုလိုနီခေတ်ရောက်တော့ အင်္ဂလိပ်တွေ သုံးနှုန်းတဲ့ အင်္ဂလိပ်စနစ်၊ အခုတော့ ကမ္ဘာသုံးဖြစ်တဲ့ metric  စနစ်ကို သုံးနေကြပြီ။ အဲ့တော့ ဆရာရေးတာက စနစ်သုံးခုစလုံးကို ဆွဲထုတ်ထားတာ ပေါ့နော်။ ပမာဏတွေကို အရင်ခေတ် အခုခေတ် ဘယ်လို သုံးနှုန်းခဲ့ကြတာလည်း ဆိုတာကို ပေါ်လွင်အောင် ထည့်သွင်းရေးထားတာပါ။

    မေး  –  ဆရာ ဘယ်လိုရည်ရွယ်ချက်လေးနဲ့ ဒီစာတမ်းကို ပြုစုရေးသားဖြစ်ခဲ့တာပါလဲ။

    ဖြေ  –  ဆရာတို့လည်း မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာနေတဲ့ မြန်မာ့ ယဉ်ကျေးမှုကို ချစ်တာပေါ့။ မြန်မာ့ ယဉ်ကျေးမှုလေး ပျောက်သွားမှာကိုလည်း စိုးရိမ်မိတယ်။ အရိုးကို အရွက် မဖုံးစေချင်ဘူး။ ဒါပေမယ့်လည်း အခုခေတ်က နိုင်ငံတကာကို မြန်မာက ရင်ဘောင်တန်းနိုင်အောင် လုပ်နေတဲ့ အချိန်ဆိုတော့ နောက်ဆိုရင် နိုင်ငံတကာက သုံးတဲ့ အသုံးအနှုန်းတွေကိုပဲ သုံးရတော့မယ်လေ။  အခုကတော့ ရွေ့နေတဲ့ အဆင့်ပါပဲ။ တချို့အရာတွေကို ပြောင်းလဲ သုံးနှုန်းနေကြပါပြီ။ အခုခေတ် ကလေးတွေ အရင်က အသုံး အနှုန်းတွေကို မသိတော့ဘူး။ ဆရာက မှတ်တမ်းတင်နိုင်အောင်လို့ ရှာဖွေပြီးရေးသားဖြစ်တာပါ။ နောင်တစ်ချိန် နောင်လာနောင်သားတွေ အတွက် လေ့လာလို့ ရနိုင်အောင်လို့ပါ။ နိုင်ငံတကာသုံး စနစ်ကိုလည်း သိထားသင့်တယ်။ အဲဒါကြောင့် ဆရာက အသုံးအနှုန်းတွေကို ယှဉ်ပြီးရေးပြထား ပါတယ်။ နိုင်ငံတကာ အသုံးအနှုန်းကိုလည်း ပြင်ဖို့ အချိန်ရောက်ပြီဆိုတာကိုလည်း ဆရာပြောချင်တာရယ် မြန်မာ့မိရိုးဖလာ ယဉ်ကျေးမှုကိုလည်း ပျောက်ကွယ် မသွားစေချင်တာတွေကြောင့် အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီစာတမ်းကို ရွေးချယ် ပြုစုပြီး ဖတ်ခဲ့တာပါ။
    1
    မေး  –  ဆရာ ဒီစာတမ်းကို ပြုစုတဲ့ အချိန်ကာလဘယ်လောက်လောက်ကြာမြင့်ခဲ့ပါသလဲ။

    ဖြေ  –  ဆရာ အချိန် (၄) နှစ်လောက်အချိန်ယူပြီး ဒီစာတမ်းကို ပြုလုပ်ဖြစ်ခဲ့တာပါ။

    မေး  –  ဆရာ ဒီစာတမ်းပြုစုနေတဲ့အချိန်အတွင်းမှာ အခက်အခဲတွေများရော ရှိခဲ့ပါသေးလား။

    ဖြေ  –  အရမ်းခက်ခဲတာမျိုးတော့မတွေ့ခဲ့ပါဘူး။ တစ်မြို့နဲ့တစ်မြို့အသုံးအနှုန်း အခေါ်အဝေါတွေကအစ မတူဘူး။ ကွဲပြားနေတာကို တွေ့ရတယ်။ သူ့ရွာနဲ့သူ သူ့ဓလေ့နဲ့သူပေါ့။ ဆရာလည်း ဒါတွေကို သေချာအချိန်ပေးပြီး အချက်အလက်တွေကို လိုက်စုရတာပေါ့။ သူပြော ငါပြော ရှေးလူကြီးတွေပြောတာတွေကို လိုက်နားထောင်ပြီး လူကြားသူကြားထဲကို သွားပြီး အချက်အလက်တွေ လိုက်ကောက်ရတာတော့ ရှိပါတယ်။

    မေး  –  ဆရာက မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကနေ ဆုရခဲ့တာဆိုတော့ ဒီအမှတ်ပေးတဲ့အဖွဲ့ကရော ဘယ်လိုဖွဲ့စည်းထားတဲ့ အဖွဲ့မျိုးပါလဲ။

    ဖြေ  –  ဒီအဖွဲ့က နိုင်ငံတော်ကနေ အသိအမှတ်ပြုထားတဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ပါ။ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံက ဆရာတွေဝင်ပြိုင်တဲ့ စာတမ်းတွေကို အကဲဖြတ်ပေးကြတာပါ။ ဆရာတို့ စာတမ်းတွေကို အကဲဖြတ်ပေးတဲ့ ဒီအဖွဲ့ထဲမှာ အငြိမ်းစား သုတေသန ဆရာ/ဆရာမကြီးတွေ၊ နောက်ပြီး ပညာရှင်တွေ ပါဝင်ပြီးတော့ အကဲဖြတ်အမှတ်ပေးတာပါ။
    2
    မေး  –  ဆရာအခုလို ထူးချွန်စွာ ဆုရရှိခဲ့တဲ့အပေါ်မှာရော ဆရာ့ရဲ့စိတ်ခံစားချက်လေးကို ဝေမျှပေးပါဦး။

    ဖြေ  –  အရမ်းဝမ်းသာပါတယ်။ အမြင့်ဆုံးသုတေသနဆု ရတယ်ဆိုတော့ ဆရာ့ရဲ့ကြိုးစားမှုကို နိုင်ငံတော်ကရော ပညာရှင်တွေက အသိအမှတ်ပြု ပေးခဲ့တာပါပဲ။ ဒါကြောင့် ဝမ်းသာမိပါတယ်။

    မေး  –  ဆရာ့ရဲ့ ဆရာဖြစ်တဲ့ သက်တမ်းဘယ်လောက်အတွင်းမှာ ဆရာစာတမ်းဘယ်နှစ် စောင်လောက် ပြုစုပြီးသွားပြီပါသလဲ။

    ဖြေ  –  ဆရာ့ရဲ့ဆရာသက်တမ်းကတော့ ၂၈ နှစ် လောက်ရှိပြီပေါ့။ ဆရာ စာတမ်းတွေကိုတော့ တစ်နှစ်တစ်ကြိမ်လောက် ဖတ်နိုင်အောင် ကြိုးစားတယ်။ အခုချိန်ထိတော့ ဆရာစာတမ်း အစောင် ၂၀ လောက်ဖတ်ပြီးသွားပါပြီ။

    မေး  –  ဆရာက ဘယ်လိုစာတမ်းတွေကို အဓိကထားဖတ်ဖြစ်ပါသလဲ။

    ဖြေ  –  ဆရာက မြန်မာစာပေမှာ ထူးထူးခြားခြားလေးတွေတွေ့ရင် မှတ်သားထားတာပါ။ ဆရာရေးသားတာတွေက လူတွေနေ့စဉ်ဖြစ်နေတာတွေပါပဲ။  ဒါပေမယ့် အမှတ်တမဲ့ သတိမထားမိတာတွေကို ဆရာက ရေးတာပါ။ တစ်ခုခုကို အစဆွဲထုတ်လိုက်ရင် တွေးစရာတွေကအများကြီးပဲလေ။ မြန်မာစာသားတွေက တကယ်ကို မှတ်သားစရာ ကောင်းတဲ့စာသားလေးတွေပါ။ အဲဒါလေးတွေကိုပဲ ဆရာက သေချာ အချက်အလက်တွေလိုက်ကောက်ပြီး ရေးသားတာပါ။

    မေး  –  ဆရာအနေနဲ့ ယနေ့ခေတ်လူငယ်တွေအတွက်လည်း လက်ဆောင်စကားလေးပြောပေါးဦး။

    ဖြေ  –  ကလေးတွေကို စာဖတ်စေချင်တယ်။ Facebook မှာပဲဖတ်ဖတ် စာကြည့်တိုက်မှာပဲ ဖတ်ဖတ် ကိုယ့် အတွက် အကျိုးရှိမှာပါ။ စာဖတ်ရင်းနဲ့ အသိပညာတွေ တိုးတက်လာပါလိမ့်မယ်။ နောက်ပြီး လူငယ်တွေ အရည်အချင်းရှိလာအောင် လူကြီးတွေက ဆွဲခေါ်ပေးရပါ့မယ်။ အခုဆိုရင် ဆရာတို့ကျောင်းမှာလည်း ကလေးတွေ အရည်အသွေးတက်လာအောင် စကားရည်လုပွဲတွေ၊ ကျပန်းစကားပြိုင်ပွဲတွေ စာပေပြိုင်ပွဲတွေပြုလုပ်ပေးနေပါတယ်။ ဒါတွေက ကလေးတွေရဲ့ နှုတ်မှုစွမ်းရည်တွေကို တင်ပေးတာပါ။ လူကြီးတွေက ဆွဲတင်ပေးသလို လူငယ်တွေ ကိုယ်တိုင်လည်းကြိုးစားကြဖို့လိုပါတယ်။

    မေး  –  ဆရာ့အနေနဲ့ တခြားဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

    ဖြေ  –  ဆရာက တစ်ဖက်ကစာသင်တယ် တစ်ဖက်ကလည်း သုတေသနလုပ်တယ်။ ပညာရေးနယ်ပယ်မှာ နေတဲ့သူတွေကို ဆရာအဓိကပြောချင်တာကတော့ ကိုယ်က ဆရာ/ဆရာမဖြစ်လာရင် ကိုယ်ကိုယ်တိုင် ထူးချွန်အောင် ကိုယ့်ကလေးတွေကိုလည်း ဘယ်လိုတော်အောင် သင်မလဲ ကြိုးစာရပါမယ်။ သုတေသနတွေကိုလည်း လုပ်သင့်တယ်။ သူများမမြင်တာတွေကို ကိုယ်ကမြင်အောင်လုပ်ပြီး ထူးချွန်အောင်၊ ပညာရှင်တစ်ယောက် ဖြစ်လာအောင်ကြိုစားပါ။ ဆုရခြင်း မရခြင်းထက် သုတေသနပြုလုပ်ရာမှာ အရည်အချင်းတွေ တိုးတက်လာပါတယ်။ ဆရာ၊ ဆရာမတစ်ယောက် အရည်အချင်းနဲ့ ကိုက်ညီအောင်လည်း တော်သထက်တော်အောင် ကြိုစားသင့်ပါတယ်။

    ဆရာ ဒေါက်တာစိုးနိုင်ဟာ တက္ကသိုလ်မှာ ပါမောက္ခ(ဌာနမှူး) တစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်နေသလို တဘက် တလမ်းမှလည်း လူမှုရေး၊ ဘာသာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင်လည်း တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်နေသူဖြစ်သည့် အတွက် ဆရာ၏ ကြိုးစားမှု အတွက် ရလဒ်အား M-Media က မှတ်တမ်းတင် ဂုဏ်ပြုလိုက် ရခြင်း ဖြစ်ပါသည်။

  • ၂၀၁၅ အကြို အရွေ့များ

    ၂၀၁၅ အကြို အရွေ့များ

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    .ဆွေမွန် ရေးသည်။

    2015

    ပထမအရွေ့
    =======

    မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို သတိထားလေ့လာမိရင် သမ္မတမျှော်မှန်းသူတွေဟာ ရွေးကောက်ပွဲနှစ်မတိုင်ခင် တရုတ်ကို သွားကိုသွားရတဲ့ ဓလေ့ထုံးတမ်းရှိတယ်လို့ ဆိုနိုင်ပါတယ်။

    လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်း အတိုက်အခံနဲ့ ဆက်ဆံရေးထက်၊ အာဏာရအဖွဲ့နဲ့ ဆက်ဆံရေးကို ဦးစားပေးခဲ့တဲ့ တရုတ်အစိုးရက အခုနှစ်နှစ် သုံးနှစ်လောက်အတွင်း အတိုက်အခံတွေကို တခါပြန်ပြီး ချဉ်းကပ်ဆက်ဆံလာပါတယ်။ (RFA)

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တရုတ်ရဲ့ ဖိတ်ကြားချက်နဲ့ အတိုက်အခံပါတီကိုယ်စားပြုကာ တရုတ်နိုင်ငံကို ဒီဇင်ဘာလမှာသွားမယ်လို့ သတင်းထုတ်ထားတာကြာပါပြီ။

    မနေ့က နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ဦးသိန်းစိန်က ဒီလထဲမှာပဲ တရုတ်ကို သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ၅ ကြိမ်မြောက်သွားဦးမယ်လို့ ကသုတ်ကရက် ကြေညာပြန်ပါတယ်။

    သမ္မတ ဦးသိန်းစိန်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ကျင်းပမယ့် ဒေသတွင်း ပေါင်းစည်း ဆက်နွယ်မှုဆိုင်ရာ မိတ်ဖက်ပြုမှု ခိုင်မာစေရေး ဆွေးနွေးပွဲသို့ တက်ရောက်ဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ဖိတ်ကြားထားတာလို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောကြား ချက်ဟာ ယမန်နေ့က ထွက်ပေါ်လာ ခဲ့တာဖြစ်ပါတယ်။

    တရုတ်ကို ဒေါ်အောင်ဆန်းစုကြည်ထက်အရင် စောပြီး သွားဖို့ ဘာကြောင့် လိုအပ်ရသလဲဆိုတဲ့မေးခွန်းထက် တရုတ်သြဇာကို မလွန်ဆန်တဲ့ မြန်မာ သမ္မတအနေနဲ့ တရုတ်ကအပြန်မှာ မြန်မာပြည်သူပြည်သားတွေ အတွက် ဘာအဖြေယူလာမလဲ ဆိုတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် ဖက်က အိုဘားမားအပါအ၀င် အနောက်အုပ်စုနဲ့ ပိုမိုရင်းနှီး ကျွမ်းဝင်သလို ဦးသိန်းစိန်ကလည်း တရုတ်ဖက်ကို သိသိသာသာယိမ်းပြခဲ့ပါတယ်။ အနောက်အုပ်စုနဲ့ ရင်းနှီးနွေးထွေးရုံ သာမက တရုတ်ရဲ့ တိုက်ရိုက်ထောက်ခံရင်းနှီးမှုကို ပြသနိုင်သူဟာ ၂၀၁၅ အတွက် အဖြေတစ်ခုဖြစ်လာစရာ အကြောင်းရင်းဖြစ် လာနိုင်တဲ့ နိုင်ငံရေး အရွေ့တစ်ခုဖြစ်ပါတယ်။

    ဒုတိယအရွေ့
    ========

    အောက်တိုဘာ ၃၁ တွေ့ဆုံပွဲဟာ ဘာအဖြေမှ မထွက်ခဲ့ပါဘူး။ မနေ့က နိုဝင်ဘာ ၅ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲအရ ဘာသဘော တူညီမှုမှ မရယူခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က “ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။ ကိုယ့်ထင်မြင်ချက်ကို ကိုယ် ပြောကြတာပါပဲ။ အားလုံးကနေပြီးတော့ ကိုယ့်အလှည့်နဲ့ကိုယ် ပြောသွားကြတာပဲ။ အားလုံးကနေပြီးတော့ သဘောတူလား၊ သဘောမတူဘူးလား ဆိုပြီးတော့ ဘာမှ မပြောပါဘူး။ အားလုံးပြောပြီး သွားတဲ့အခါမှာ သမ္မတကြီးက အထွေထွေ ရှိပါသေးလားဆိုတော့ ဘယ်သူကလည်း ဘာမှမပြောတော့ ဒါနဲ့ပဲ ပြီးသွားပါတယ်။ သဘောတူညီချက် ယူခဲ့တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

    ဒါ့အပြင် ”တွေ့ ဆုံဆွေးနွေးပွဲက ဆွေးနွေးရတယ်ဆို တာမရှိဘူး။ သာမန်တွေ့ဆုံမှုသဘော ပဲ။ ဘာမှ အရာမရောက်ဘူး။ ဘာ အဓိပ္ပာယ်မှလည်းမရှိဘူး”လို့ ပွင့်ပွင့်ရှင်းရှင်းပြောခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ ကိုယ့်အမြင်ကို ၁၀ မိနစ်စီ လာပြောဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ နိုင်ငံတကာကို အမြင်ကောင်းရုံ “ဓာတ်ပုံနိုင်ငံရေး” လုပ်သွားတာလို့ပဲ မြင်နိုင်ပါတယ်။

    နိုင်ငံအုပ်ချုပ်နေတာ ၄ နှစ်ရှိနေပေမယ့် ဖြေရှင်းနိုင်မယ့်နည်းလမ်း မတွေ့သေးတဲ့ ဦးသိန်းစိန်ရှင်းပြတာကတော့ “ဒီဆွေးနွေးပွဲ ကျင်းပရတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားအင်အားစုများအားလုံး ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို လက်တွဲဖြေရှင်းဖို့နဲ့ စုပေါင်းပြီး နည်းလမ်းများရှာဖွေဖို့ အဓိကရည်မှန်းချက်ထားပြီး ဖိတ်ခေါ်ကျင်းပခဲ့ရခြင်းဖြစ်ပါတယ်၊ နည်းလမ်းများ ရှာဖွေတဲ့အခါမှာလည်း နိုင်ငံရေးအင်အားစုအချင်းချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်း နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေး အဖြေရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြုကြိုးပမ်း အကောင်အထည်ဖော်ခြင်းပဲဖြစ်ပါတယ်” လို့ ပြောတဲ့အပြင်

    မနေ့က ရေဒီယိုမိန့်ခွန်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ထားပြီး ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို လူသားတစ်ဦးအနေနဲ့ ရသင့်ရထိုက်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကိုရရှိဖို့ အရေးကြီးတယ်လို့

    ပြောသွားခဲ့ပါတယ်။

    ဒီလိုမပြောစဖူး ပြောကြားလာတဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ လူ့အခွင့်အရေးအကြောင်းတွေအပြင် ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေကို တတိယနိုင်ငံကို ပို့ရမယ်လို့ ကြိမ်းဝါးဖူးတဲ့အပြင် မွတ်ဆလင်တွေအပေါ်မှာ လူ့ဂုဏ်သိက္ခာမပေးဖူးတဲ့ ဦးသိန်းစိန်က ဒီနေ့မှာမှ ထူးထူးခြားခြားကြီးကို ဘယ်လူမျိုး ဘယ်ဘာသာ၊ လူ့ဂုဏ်သိက္ခာ စတဲ့စကားလုံးလှလှလေးတွေကို ဂရုတစိုက် ရွေးချယ်သုံးနှုန်းပြသွားတာကတော့ အိုဘားမားကိုယ်တိုင် ဒီမိုကရေစီဆေးကြီးကို မတိုက်ခင် ကာကွယ်ဆေးကို ကြိုတင်ထိုးထားတဲ့ သဘောလောက်ပဲဆိုတာကတော့ ထင်ရှားနေပါတယ်။

    ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်ဆိုတဲ့ သတင်းဓာတ်ပုံလောက်ကိုပဲ နိုင်ငံတကာအမြင်ကောင်းအောင် လိုချင်တယ်၊ ကျန်တဲ့ ဘာအဖြေကိုမှ မလိုချင်ဘူးဆိုတဲ့ အချက်ကိုလည်း ဖုံးကွယ်မထားခဲ့ပါဘူး။ ဒါကြောင့် အောက်တိုဘာ ၃၁ ဆွေးနွေးပွဲဟာ အများပြည်သူကြားမှာ မျှော်လင့်စရာရောင်ခြည်ရိပ်သန်းခဲ့ပေမယ့် ဘယ်နေရာကိုမှ မရွေ့ခဲ့တဲ့ “ပြစားအရွေ့”တစ်ခုသာ ဖြစ်ခဲ့ပါတယ်။

    တတိယအရွေ့
    =========

    အိုဘားမား မလာခင်က တက်ကြွလှုပ်ရှားနေကြတဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး တပ်သားတွေ ငြိမ်သွားပါပြီ။ အိုဘားမားမလာခင်လေးမှာပဲ အစိုးရကို မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းမလား၊ မပြဋ္ဌာန်းဘူးလားဆိုတာကို တစ်လတိတိစောင့်ကြည့်မှာဖြစ်တယ်၊ ခုတော့ ခဏနားထားပါဦးမယ်လို့ ကြိမ်းမောင်းသယောင် ခြိမ်းခြောက်သယောင်နဲ့ အသာနောက်တစ်လှမ်းကို ဆုတ်ခိုင်းထားလိုက်ပါပြီ။

    အစိုးရရဲ့ ၀ှက်ဖဲဖြစ်တဲ့ မဘသ အမည်ခံ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချကာ မွတ်ဆလင်ဖက်ကို လက်ညှိုးထိုးပြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လူမျိုးရေးဓားနဲ့ ဘာသာရေးဓားနဲ့ နောက်ကျောကဗြောင်ထိုးနေတဲ့ ဒီအဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေဟာ ခဏတာ အရှိန်လျော့သွားပေမယ့် ၂၀၁၄ အကုန် ၂၀၁၅ အဆန်းကနေ တရားပွဲအမည်ခံ နိုင်ငံရေးမဲဆွယ်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပလာမှာကတော့ အမှန်ပဲမို့ ၂၀၁၅ထဲမှာပဲ အမုန်းတရား ဖန်တီးလှုံ့ဆော်မှုတွေ ပိုများလာနိုင်စရာအကြောင်း အများအပြားတွေ့နေရပါသေးတယ်။ ဒီအရွေ့ကြောင့် မြန်မာပြည်ဟာ နစ်မွန်းသည်ထက် နစ်မွန်းစရာတွေပဲ ရှိလာနိုင်ပါတယ်။

    စတုတ္ထအရွေ့
    ========

    ဒီအရွေ့ကြောင့် “ဒုတိယဖုန်းမော် အရေးအခင်း” အဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး တစ်ပြည်လုံးဆိုင်ရာ ပြည်သူ့မကျေနပ်ချက်တွေ ဖွင့်အံဖောက်ထွက်ရာ အထွေထွေဆန့်ကျင် ဆန္ဒပြတာတွေထိ ဖြစ်လာနိုင်ပါတယ်။ ကိုပါကြီးအရွေ့လို့တောင် ပြောနိုင်ပါမယ်။

    အလွတ်သတင်းထောက် ကိုပါကြီးဟာ သတင်းသွားယူရင်း အဖမ်းခံရရာကနေ ကျိုက်မရောမှာ သေဆုံးခဲ့ပြီ၊ ကိုပါကြီးဟာ ထွက်ပြေးဖို့ အစောင့်စစ်သားရဲ့ သေနတ်ကို လုယူတဲ့အတွက် ပစ်ခတ် ဖမ်းဆီးရင်း သေဆုံးရတာဖြစ်တယ်လို့ အစောပိုင်းကတည်းက ကျိုက်မရော မြို့နယ်ရှိ တပ်မ ၂၂ မှ တာဝန်ရှိသူတွေက အခိုင်အမာ ပြောဆို ခဲ့ကြပါတယ်။

    ကိုပါကြီးအသတ်ခံရတဲ့အပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ကြီးထွားလာတဲ့ ဆန္ဒပြတောင်းဆိုမှုတွေကြောင့် မနေ့က နိုဝင်ဘာ ၅ မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာအနီး မြှုပ်နှံထားတဲ့ သတင်းထောက်ကိုပါကြီးရဲ့ အလောင်းကို ပြန်လည်တူးဖော်ခဲ့ကြပါတယ်။ အလောင်းဖော်ရာမှာပါဝင်ခဲ့တဲ့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က
    “အလောင်းကို ပြန်ဖော်တဲ့ အခါမှာ ဦးခေါင်း ချိုင့်နေတာ တွေ့ရတယ်။ မေးရိုးတွေ ကျိုးပြီး ရွဲ့စောင်းနေတယ်။ ညာဘက် ဒူးခေါင်းနားမှာ အညိုအမည်းနဲ့ ခြေသလုံးရိုး ကျိုးနေတာ တွေ့ရတယ်။ ဆေးရုံက စစ်ပြီးလို့ အလောင်း ပြန်ပေးမလားတော့ မသိဘူး။ ကျနော်တို့က အလောင်းပြန်သယ်ယူခွင့်ရတာနဲ့ ရန်ကုန်ပြန်သယ်ဖို့ အဆင်သင့် ပြင်ထားတယ်” လို့ ပြောခဲ့သလို ဦးနေမျိုးဇင်ကလည်း ဒီဗီဘီ သတင်းဌာနကို ပြောဆိုရာမှာ “ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ” လို့ ပြောကြားပြန်ပါတယ်။

    မော်လမြိုင်ဆေးရုံကြီးကို သယ်သွားပြီး ဆေးစစ်ချက်တွေ ထွက်လာချိန်မှာ သေနတ်ဒဏ်ရာတွေ့ခဲ့ရင်တောင် မျက်နှာ တစ်ဝက်လောက် ကျိုးကြေနေတာတွေ၊ နံရိုးကျိုး၊ မေးရိုးကျိုး၊ သွားကျိုး၊ ခြေသလုံးရိုးကျိုးတာတွေအတွက် ကိုပါကြီးကို နှိပ်စက်ခဲ့ခြင်းမရှိပါဘူးလို့ စစ်တပ်ရဲ့အစောပိုင်း ပြောဆိုချက်တွေနဲ့ အလွဲကြီး လွဲချော်နေတဲ့အပေါ်မှာတော့ စစ်တပ်ရဲ့ အများပြည်သူကျေနပ်စေလောက်တဲ့ အဖြေတစ်ခုဟာ လိုအပ်လာတော့မှာပါ။ ဒီအဖြေဟာ အများပြည်သူကို မကျေအေးစေဘဲ ပိုမိုသွေးဆူစေခဲ့မယ်ဆိုရင် လမ်းပေါ်ကို လူတွေရောက်လာအောင် ဆွဲခေါ်မယ့် အဖွဲ့အစည်းတွေ အလိုအလျောက်ပေါ်လာနိုင်ပါတယ်။ ဒီအဖြေတစ်ခုကြောင့် တိုင်းပြည် အပြောင်းအလဲဖြစ်နိုင်စရာ အများကြီးရှိနေခဲ့ပါပြီ။

    ဒီအဖြစ်အပျက်တွေနဲ့ အပြိုင် အောက်တိုဘာ ၃၁ ဆွေးနွေးပွဲနေ့မှာပဲ ဦးအောင်သောင်းအပေါ် အမည်ပျက်စာရင်းသွင်းကာ အမေရိကန်ရဲ့ အထူးပိတ်ပင်လိုက်တဲ့ ကိစ္စတွေ၊ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်တဲ့ UAB ယူနိုက်တက် အမရဘဏ်ပြသနာတွေ အပြင် ဒေါ်လာဈေးကို အစိုးရဗဟိုဘဏ် ကိုယ်တိုင်က ဈေးတင်ခဲ့တဲ့ အတွက် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ကာ မြန်မာ့ကျပ်ငွေ တန်ဖိုး စံချိန်တင်ထိုးကျနေတဲ့ဒဏ်ကို ပြည်သူတွေ စတင်ခံစားနေရတဲ့ အချိန်တွေနဲ့လည်း တိုက်ဆိုင်နေပြန်ပါတယ်။

    ဘယ်သူ့ဖက်ကို လှည့်ပြီး အဖြေထုတ်နိုင်မလဲ
    ===============

    နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းတွေ ပေါ်လာတိုင်း အစိုးရအဆက်ဆက်က အဖြေထုတ်ပေးတာက ဘာသာရေးအဓိကရုဏ်းတွေသာဖြစ်တဲ့အတွက် ၂၀၁၂ ကတည်းက မီးလောင်ပြင်တွေ၊ ဒုက္ခသည်စခန်းတွေ၊ လူသေတွေ၊ သွေးညှီနံ့တွေကို ငြီးငွေ့နေသူတွေအများအပြားရှိနေသလို သွေးဆာနေတဲ့ ဘယ်သူသေသေ ပျော်နေတဲ့ ငတေတွေကလည်း အများကြီး မာနေဆဲပါ။ အမုန်းတရားလောင်စာကိုလည်း အပြည့်ဖြန့်ခင်းထားသလို စတင်လောင်ကျွမ်းစေဖို့ မီးစတွေကိုလည်း အဆင်သင့်ကိုင်ဆောင်ထားသူတွေလည်း ရှိနေပါတယ်။

    သွေးထွက်သံယို မဖြစ်ဘဲ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ဖူးသေးတဲ့ မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုမှာ ဒီတစ်ကြိမ်မှာတော့ အေးအေးချမ်းချမ်း အပြောင်းအလဲကို ရွေးကြ မလား၊ ထုံးစံအတိုင်း သွေးသံရဲရဲနဲ့ နိုင်ငံရေး အပြောင်းအလဲလမ်းကိုပဲ ရွေးချယ်ကြ မလားဆိုတာက စိတ်ဝင်စားစရာကောင်းလွန်းလှနေပါပြီ။

    ဆွေမွန်

  • အိန္ဒိယတွင် သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူကို အဖေမှ ထမင်းဖိတ်ကျွေးပြီး လက်စားချေ  သတ်ဖြတ်

    အိန္ဒိယတွင် သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူကို အဖေမှ ထမင်းဖိတ်ကျွေးပြီး လက်စားချေ သတ်ဖြတ်

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    Father_cooked_dinner_for_his_daughter_s_rapist_before_torturing_and_killing_him_-_Asia_-_World_-_The_Independent_-_2014-11-06_16.47.02
    – သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူအား ညစာ ဖိတ်ကျွေးပြီး သတ်ဖြတ်လက်စားချေခဲ့သည့် အမျိုးသား တစ်ဦးကို ဒေလီရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၅၀ ကျော် အရွယ် အမျိုးသားက ရဲစခန်းသို့ သွားရောက် ၀န်ခံခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးက အဓမ္မပြု ကျင့်ခဲ့ခြင်းကို မကျေနပ်သောကြောင့် အဓမ္မပြုကျင့်သူ၏ လိင်အင်္ဂါကို မီးဖြင့်ရှို့ခြင်း စသဖြင့် နှိပ်စက်ညှင်းပန်းကာ မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည့်ကို ဖြောင့်ချက်ပေးခဲ့သည်။

    အဓမ္မကျင့်ခံရမှုမှာ ၁၄ နှစ်အရွယ် သမီးဖြစ်သူ အိမ်တွင် တစ်ယောက်တည်းရှိနေချိန် လွန်ခဲ့သည့် ၂ လ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်သူက ထိုကိစ္စအား မည်သူ့ကိုမှ မပြောရန်နှင့် ပြောခဲ့ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်သွားမည်ဟု အဆိုပါ မိန်းကလေးအား ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

    သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရကြောင်းကို ကိုယ်ဝန်ရှိသည့်အခါမှ သိရကြောင်း၊ ထိုပြဿနာကြောင့် သမီးဖြစ်သူတွင် ပျော်ရွှင်မှုလည်း ပျောက်ဆုံးကာ အစားသောက်များလည်း စားသောက်ခြင်း မရှိတော့ကြောင်း မိခင်ဖြစ်သူက ထည့်သွင်းပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ဥပဒေရေး အကြောင်းများကြောင့် ပြစ်မှုကျူးလွန်သူ၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ဘဲ အသတ်ခံရသူ၏ အလောင်းအား ဆေးရုံသို့ ယူဆောင်ကာ စစ်ဆးမှုများ ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ref_ Independent

  • Yusuf Islam တစ်ဖြစ် ကမ္ဘာကျော် တေးသံရှင် ကတ်စတီဗင် အစ္စလာမ်သို့ ကူးပြောင်းခဲ့မှု အသေးစိတ် အထုပ္ပတ္တိ စာအုပ် ထုတ်ဝေ

    Yusuf Islam တစ်ဖြစ် ကမ္ဘာကျော် တေးသံရှင် ကတ်စတီဗင် အစ္စလာမ်သို့ ကူးပြောင်းခဲ့မှု အသေးစိတ် အထုပ္ပတ္တိ စာအုပ် ထုတ်ဝေ

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    yusuf_cat-stevens
    – ယူစွဖ်အစ္စလာမ် တစ်ဖြစ်လဲ ကတ်စတီဗင် က ကမ္ဘာကျော် တေးသံရှင်ဘ၀မှ အစ္စလာမ့်အေးရိပ်ဆာယာအောက်သို့ မည်ကဲ့သို့ ရောက်ရှိလာသည်ကို ဖွင့်ဟထားသည့် ကိုယ်တိုင်ရေး အထုပ္ပတ္တိစာအုပ် တစ်အုပ်ကို ထုတ်ဝေဖြန့်ချီလိုက်သည်ဟု သိရသည်။

    “မီးရောင်အောက်က ကျွန်တော် ရုတ်တရက် ထွက်သွားခဲ့တာကို ကျွန်တော့်မိတ်ဆွေ အများစုနဲ့ ပရိသတ်အများစုက နားမလည်ခဲ့ကြပါဘူး။ ၀မ်းနည်းစရာကောင်းတာက တစ်ချို့တွေဟာ ကျွန်တော့်ရဲ့ အယူဝါဒ ပြောင်းလဲမှုနဲ့ပတ်သက်ပြီး မရေရာတဲ့ သတင်းတွေ၊ ဇာတ်လမ်းတွေကိုလည်း ယုံခဲ့ကြပါတယ်” ဟု အဆိုပါ စာအုပ်၏ နိဒါန်းတွင် ယူစွဖ်အစ္စလာမ်က ရေးသားခဲ့သည်။

    ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ဝေခဲ့သော အဆိုပါစာအုပ်ကို Why I Still Carry a Guitar ဟု အမည်ပေးထားပြီး အလ်ဘမ်ပေါင်း သန်း ၆၀ ကျော်ရောင်းရကာ ဂီတလောက၏ အမြင့်ဆုံး ကျော်ကြားမှုကို ယစ်မှုးနေရသည့် ဆယ်ကျော်သက်တစ်ယောက်ဘ၀မှ ဂီတလောကအား စွန့်လွှတ်ကာ အစ္စလာမ့်အေးရိပ် ဆာယာ အောက်သို့ ၀င်ရောက်ခဲ့ပုံ၊ ထို့နောက် နှစ်ပေါင်း ၂၅ နှစ် ကြာပြီးနောက် ဂီတနှင့် အနုပညာမှ တစ်ဆင့် ငြိမ်းချမ်းရေး သတင်းစကားကို ဖြန့်ချီရန်အတွက် ဂီတလောကသို့ ပြန်လည် ၀င်ရောက်လာပုံများကို အသေးစိတ် ရှင်းလင်းရေးသားထားသည်။

    အင်္ဂလန်တွင် တေးသီးချင်းများစွာဖြင့် နာမည်ကျော်ခဲ့သည့် ကတ်စတီဗင်မှာ ၁၉၇၇ ခုနှစ်တွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး ၎င်း၏ အမည်ကိုလည်း ယူစွဖ် အစ္စလာမ်သို့ ပြောင်းလဲခဲ့သည်။

    ထို့နောက် ဂီတလောကအား ကျောခိုင်းခဲ့သည့် ၎င်းမှာ နှစ်ပေါင်းများစွာကြာပြီးနောက် အစ္စလာမ့် ဓမ္မတေးများဖြင့် ဂီတလောကသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ၎င်း၏သီချင်း အဟောင်းများကို ပုံစံပြောင်းခြင်း၊ သီချင်းအသစ်များ ရေးစပ်သီကုံးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးနှင့် နာမ်ပိုင်းဆိုင်ရာတို့နှင့် ပတ်သက်သော သီချင်းများကို သီဆိုခဲ့သည်။

    ထိုသီချင်းများတွင် Peace Train၊ Little Ones Still Smiling၊ Be What You Must၊ Roadsinger စသည့်သီချင်းမှာ ကျော်ကြားသည့် သီချင်းများဖြစ်သည်။ ၎င်း၏ နောက်ဆုံးသီချင်းများမှာ Tell ‘Em I’m Gone အလ်ဘမ်ဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်လာခဲ့သည်။

    ယူစွဖ်အစ္စလာမ် သီဆိုခဲ့သော အစ္စလာမ့်ဓမ္မတေး အလ်ဘမ်များမှာ ၁၉၉၅ ခုနှစ်တွင် ထုတ်ဝေသော The Life of the Last Prophet၊ ၁၉၉၉ ခုနှစ်တွင် ထုတ်ဝေသော Prayers of the Last Prophet နှင့် အစ္စလာမ့်ကလေးသူငယ်များအတွက် ရည်ရွယ်၍ ၂၀၀၀ ခုနှစ်တွင် ထုတ်ဝေသော A is for Allah စသည့် အလ်ဘမ်များဖြစ်သည်။

    ယူစွဖ်အစ္စလာမ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တစ်ခုကို Small Kindness အမည်ဖြင့်ဖွဲ့စည်းထားပြီး ကုလသမဂ္ဂတွင် မှတ်ပုံတင်ထားကာ ဘော့စနီးယား၊ ကိုဆိုဗို၊ အီရတ်နှင့် အခြားသော ဒေသများရှိ မိဘမဲ့ကလေးများနှင့် ချို့တဲ့သူ မိသားစုများအား လူမှုရေးနှင့် ပညာရေးဆိုင်ရာ အကူအညီများကို တိုက်ရိုက် ကူညီပံ့ပိုးပေးနေသည်။

    ယူစွဖ်မှာ ဗြိတိန်ရှိ အစ္စလာမ်မီယာကျောင်းများ၏ အုပ်ချုပ်ရေးအကြီးအကဲလည်းဖြစ်ပြီးထိုအခန်းကဏ္ဍအတွက် ချားလ်စ်မင်းသားနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများကြောင့် World Social Award ကို ရရှိခဲ့ပြီး နိုဘယ်ဆုရှင်များ ပါဝင်သော ကော်မတီမှ ပေးအပ်သည့် Man for Peace ဆုကိုလည်း ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့သည်။

    အနုပညာ
    ——–
    စာမျက်နှာ ၁၀၀ ပါဝင်သော ၎င်း၏ အဆိုပါ အထုပ္ပတ္တိစာအုပ်တွင် အစ္စလာမ်နှင့် ပတ်သက်၍ မကောင်းမြင်မှုများကို ရင်ဆိုင်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပေါင်းကူး တံတားထိုးပေးရန် ကူညီခြင်းတို့တွင် အနုပညာ၏ အဓိကအခန်းကဏ္ဍကို မီးမောင်းထိုး ဖော်ပြထားသည်။

    ယူစွဖ်အစ္စလမ်မှာ ကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် ပညာရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များ၌ အင်္ဂလန်တွင် ပထမဆုံး အချိန်ပြည့် အစ္စလာမ့် ဓမ္မသင်တန်းကျောင်းဖြစ်သည့် အစ္စလာမ်မီယာ မူလတန်းကျောင်းကို ဖွင့်လှစ်ခဲ့ကာ အစိုးရ၏ လက်ခံအသိအမှတ်ပြုမှုရအောင် အချိန်တော်ကြာ ကြိုးစားခဲ့ရသည်။

    ၁၉၉၉ ခုနှစ်တွင် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေး လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် Small Kindness အဖွဲ့ကို တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် Yusuf Islam Foundation ကို ဖွဲ့စည်းကာ ဆင်းရဲမွဲတေမှုလျော့ပါးရေးနှင့် လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

    ref_ OnIslam & Newspapers

  • တာဝန် အမဲ့ဆုံး၊ စည်းအပျက်ဆုံး အုပ်စု

    တာဝန် အမဲ့ဆုံး၊ စည်းအပျက်ဆုံး အုပ်စု

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    .အောင်တင် ရေးသည်။
    No Evil, Hear No Evil, Speak No Evil
    .မြန်မာ့လူ့အဖွဲ့အစည်းကို သုံးပိုင်းခွဲကြည့်မယ်။

    (၁) အာဏာရှင်ပိုင်း

    (၂) ပြည်သူလူထုပိုင်း

    (၃) နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ တိုင်းရင်းသားခေါင်းဆောင်ပိုင်း

    (၁) အာဏာရှင်ပိုင်း

    အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့နိုင်ငံတိုင်းလောက်မှာ ဒီမိုကရေစီရဲ့ သရုပ်တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲတွေကိုသာ ဟန်ပြလုပ်ပေးပြီး အာဏာကို နည်းမျိုးစုံ (ခြိမ်းခြောက်၊ လာဘ်ထိုး၊ သွေးခွဲ၊ ထောင်ချ၊ လုယက်၊ တိုက်ခိုက်၊ သတ်ဖြတ်၊ ပြည်တွင်းစစ်၊ ခရိုနီ၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းတွေ) သုံးပြီး ဆက်လက် ကိုင်စွဲနေကြတာတွေကို နိုင်ငံအများအပြားမှာ အခုထက်တိုင် တွေ့နိုင်တယ်။

    အာဏာရှင်တွေဟာ ဘယ်ဘာသာကိုမှ ကိုးကွယ်သူတွေ မဟုတ်ဘူး။ သူတို့ကိုးကွယ်တာက အာဏာသာဖြစ်တယ်။ ဒါကြောင့် အာဏာရှင်တိုင်းဟာ မိမိအာဏာကို ထိပါးလာမယ်ဆိုရင် အခြားလူမျိုး၊ အခြားသာသနာကို အသာထား မိမိလူမျိုး၊ မိမိကိုးကွယ်တဲ့ဘုန်းကြီး၊ မိမိကိုးကွယ်တဲ့သာသနာကိုလည်း သတ်ဖြတ်ဖို့ ဖျက်ဆီးဖို့ ဘယ်တုန်းကမှ ဝန်မလေးကြဘူး။ သူတို့ချစ်တာ သူတိုံ့လူမျိုး၊ သူတို့သာသနာ မဟုတ်ဘူး။ သူတို့မုန်းတာလည်း မွတ်စလင်၊ တိုင်းရင်းသား၊ ခရစ်ယာန် မဟုတ်ဘူး။ သူတို့ချစ်တာ အာဏာ၊ သူတို့မုန်းတာက သူတို့အာဏာကို ထိပါးမဲ့သူတွေဘဲ။ ဒါကြောင့် အာဏာအတွက် ဘယ်သူနဲ့မဆို မဟာမိတ်လုပ်နိုင်ကြသလို၊ ဘယ်သူ့ကိုမဆို ရန်သူလုပ်နိုင်ကြသူတွေဖြစ်တယ်။ (အာဏာရှင်ထက်ပိုဆိုးတာက Fanatics and Extremists အစွန်းရောက် အယူအဆရှိသူဖြစ်တယ်။ အာဏာရှင်က အာဏာသာ ရနေမယ်ဆိုရင် ရန်သူကို မိတ်ဆွေလုပ်နိုင်ကြသော်လည်း အစွန်းရောက်က မိမိရဲ့ အစွန်းရောက်ဝါဒအတွက် မတူတဲ့အုပ်စုကို အပြီးတိုင်ချေမှုံးလို သူတွေဖြစ်တယ်။ အစွန်းရောက်တွေမှာ မတူတဲ့ အုပ်စုအတွက် ဘယ်နေရာမှ မရှိဘူး။)

    ဒါကြောင့် အာဏာကို လက်မလွှတ်ရဖို့ နည်းမျိုးစုံနဲ့ြုကိုးစားလုပ်ဆောင်နေတဲ့ အာဏာရှင်အုပ်စုကို အထူးတလည် အပြစ်ထပ်ဆိုစရာ လိုမယ်မထင်ဘူး။ အာဏာရှင်က အာဏာရှင်ရဲ့ အလုပ်ကို အာဏာရှင် ပီသစွာနဲ့ အာဏာရှင်နည်းတွေသုံးပြီး ဆက်လုပ်နေတာဖြစ်တယ်။ သူ့အလုပ်ကို သူဆိုက်လိုက်မတ်တတ် လုပ်နေတာဖြစ်လို့ Consistence ဖြစ်တယ်လို့တောင် ချီးကျူး စကားပြောချင်ရင် ပြောနိုင်ပါသေးတယ်။

    (၂) ပြည်သူလူထုပိုင်း

    အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေအောက်က အထွေထွေမကြေနပ်မှုတွေ၊ ကြပ်တည်းမှုတွေ၊ မတရားမှုတွေ၊ တစ်လျှောက်လုံး ပြန်မပြောဝံ့ဘဲ ခေါင်းငုံ့ခံလာရမှုတွေက တစုံတရာပွင့်လင်းလာတော့ ပွင့်ထွက်လာတယ်။ ပြည်သူလူထုရဲ့ ပွင့်ထွက်မှုတွေက တညီတညွတ်တည်း အာဏာရှင်ဖက်ကို မျှားဦးလှည့်လာရင် အာဏာရှင်တွေ အလျှင်အမြန် ပြုတ်ကျသွားမှာ အသေအချာဖြစ်တယ်။

    ဒါကြောင့် အဲဒီပွင့်ထွက်လာမှုကို အာဏာရှင်ဖက်ကို ဦးမတည်လာဖို့ အာဏာရှင်တွေက လူ့အဖွဲ့အစည်းအတွက် ရန်သူသစ်ကို ဖန်တီးပေးကြတယ်။ အာဏာရှင်တပိုင်း၊ ဒီမိုကရေစီတစ်ပိုင်းနိုင်ငံတွေမှာ အလွယ်ဆုံး၊ ကုန်ကျမှုအနည်းဆုံး၊ အကျအဆုံးအနည်းဆုံးနှင့် အထိရောက်ဆုံး၊ အကျိုးအမြတ်အသေချာဆုံးက မိမိကိုင်စွဲထားတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တယားတွေကိုသုံးပြီး လူ့အဖွဲ့အစည်းကို လူမျိုးရေး ဘာသာရေးအစွန်းရောက်လာအောင် ကောလဟလတွေဖန်တီးခြင်း၊ အကြမ်းဖက်မှုတွေဖြစ်ပွါးစေခြင်း၊ လူတွေကို အကြောက်တရား ဖိစီးထားစေခြင်းတို့ဖြစ်တယ်။

    တချိန်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းစဉ်အောက်မှာ တစုံတရာညီညွတ်မှုရှိခဲ့တဲ့ လူ့အဖွဲ့အစည်းဟာ ရန်သူအစစ်ပျောက်ပြီး အဖိနှိပ်ခံရသူအချင်းချင်း ရန်သူလုပ်၊ အချင်းချင်းတိုက်ခိုက်လာကြတဲ့အတွက် အစိပ်စိပ် အမွှာမွှာ ကွဲပြားကုန်တယ်။ အလွယ်ဆုံး ထင်သာမြင်သာ ဥပမာတစ်ခုပေးရရင် အမြဲတန်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုဖက်က တစိုက်မတ်မတ် ညီညီညွတ်ညွတ် ရှေ့တန်းက ကြံ့ကြံ့ခံရပ်တည်နေခဲ့တဲ့ သံဃာတွေတောင်မှ ဒီမိုကရေစီထောက်ခံတဲ့ သံဃာနဲ့ အာဏာရှင်ထောက်ခံတဲ့ သံဃာဆိုပြီး နှစ်ခြမ်း ဗြန်းကနဲ ကွဲသွားတာကို ကြည့်ပါ။

    လူသားမျိုးဆက်နှစ်ဆက်ကျော်ကြာအောင် ပိတ်လှောင်ခံထားရတဲ့ လူ့အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဏာရှင်များလှည့်ကွက်ထဲကို လူထုတွေက အလွယ်တကူ သက်ဆင်းသွားတတ်တယ်။ ဒါကြောင့် ပြည်သူလူထုပိုင်းကိုလည်း အထူးအပြစ်ဆိုဖို့ မသင့်ပြန်ဘူး။

    တိုးတက်ပါတယ်၊ အမြင်ကျယ်ပါတယ်ဆိုတဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေးခေါင်းဆောင် ကိုကိုကြီးတောင် မှူးဇော်ရဲ့ ခလေးကွက်ကို မှီအောင် ပုဆိုးမနိုင်၊ ပုဝါမနိုင်နဲ့ အတင်း ဒုန်းစိုင်းပြေးလိုက်ရင်း အခုဘဲ တပ်ထဲဝင်၊ တပ်မတော်နဲ့ လက်တွဲပြီး ရှေ့တန်းထွက်တိုက်တော့မဲ့အလား ကြိမ်းလား၊ ဝါးလား၊ ဟိန်းလား၊ ဟောက်လား လုပ်လာတယ်။

    (၃) နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ တိုင်းရင်းသားခေါင်းဆောင်ပိုင်း

    ၁၉၅၈က ပြည်တွင်းစစ်ကို အကြောင်းပြပြီး စစ်အုပ်စုက ၆လသက်တန်းပေးအပ်ထားတဲ့ အာဏာကို နှစ်နှစ်သက်တန်းအထိ ဆွဲဆန့်နိုင်ခဲ့ခြင်းဖြင့် ကံဆိုးလှတဲ့ မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် စတင်အမြစ်တွယ်လာခဲ့တယ်။ အာဏာအရသာကို စတင်မြီးစမ်းဖူးသွားခဲ့တဲ့ စစ်အုပ်စုဟာ သိပ်မကြာခင် ဖက်ဒရယ်ကို အကြောင်းပြပြီး ၁၉၆၂မှာ အာဏာသိမ်းခဲ့တယ်။ ကွန်မြူနစ်ကို အကြောင်းပြပြီး ၁၉၈၈မှာ အာဏာဆက်ယူ သွားခဲ့ပြန်တယ်။၂၀၀၈ ဖွဲ့စည်းပုံနဲ့  နှစ်နှစ်ဆယ်ကျော်ကြာအောင် အသစ်တဖန် လေ့ကျင့်မွေးထုတ်ထားတဲ့ နိုင်ငံရေးအင်အားစုကို ယုံကြည်စိတ်ချလာတဲ့ အာဏာရှင်တွေက ရွေးကောက်ပွဲစနစ်ကို ၂၀၁၀မှာ စတင်ကျင့်သုံးခွင့်ပြုခဲ့တယ်။

    သို့သော် ၁၉၉၀ ရွေးကောက်ပွဲမှာ တစညကို အဟုတ်ထင်ခဲ့တဲ့ အာဏာရှင်အုပ်စုဟာ ၂၀၁၂မှာ ပြည်ခိုင်ဖြိုးကိုလည်း အတွက်မှားခဲ့ပြန်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို အပြတ်အသတ်ရှုံးခဲ့ခြင်းဟာ နတ်သမီး အိပ်မက်မက်နေခဲ့တဲ့ အာဏာရှင်တွေကို ထိန့်လန့်တကြား လန့်နိုးလာစေခဲ့တယ်။ ၂၀၁၂မှာ ကြားဖြတ်မှာ လုံးဝ မမျှော်လင့်ထားဘဲ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့ ရှုံးပွဲကြီးအပေါ် ပြည်ခိုင်ဖြိုးခေါင်းဆောင် ဦးဌေးဦးက ၂၀၁၅ ရွေးကောက်ပွဲကျရင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလို မရှုံးရအောင် ကျနော်တို့မှာ ပလန်အေ မရရင် ပလန်ဘီ၊ ပလန်စီ စသဖြင့် အဆင့်ဆင့်ရှိထားပါတယ်လို့ ထုတ်ဖေါ်ပြောလာခဲ့တယ်။

    ပြည်တွင်းစစ်၊ ဖက်ဒရယ်၊ ကွန်မြူနစ်ဆိုတာတွေနဲ့ အာဏာသက်ရှည်ခဲ့သူတွေဟာ နည်းဟောင်းတွေကို ဆက်သုံးလို့ မဖြစ်တော့တဲ့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ အင်မတန်ထိရောက်တဲ့ နည်းလမ်းသစ်တစ်ခုကို ရှာတွေ့ခဲ့ကြတယ်။

    ရခိုင်ပြည်နယ် လူမျိုးရေး အဓိကရုန်းကို ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကို ရှုံးပြီးမှ စတင်ခဲ့တာဖြစ်တယ်။ အဲဒီမတိုင်ခင်ကဆို သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်က မွတ်စလင်တွေဟာ အင်မတန်မြန်မာဆန်ကြတယ်လို့တောင် ပြောခဲ့သေးတယ်။

    သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး(မှူးဇော်)က သူ့ဖေ့စ်ဘွတ်ကနေ ပြည်ပက လက်နက်ကိုင်တပ်တွေ ရခိုင်ပြည်နယ်ကို ကျူးကျော်လာပါပြီဆိုပြီး သတင်းမှားတွေ တမင်ထုတ်လွှင့်ပြီး ရခိုင်ပြည်နယ်က လူမျိုးရေးအထိကရုန်းကို လူသိရှင်ကြား စတင်ဦးဆောင် လှုံ့ဆော်ခဲ့တယ်။ (အဲဒီသတင်း လုံးဝမမှန်ကြောင်း ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ရခိုင်ပြည်နယ် နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းတို့က နောက်ပိုင်းမှာ တရားဝင် အတိအလင်း ငြင်းဆိုခဲ့ကြတယ်။) ချက်ချင်းဆိုသလို တစ်တိုင်းပြည်လုံးမှာ အမျိုးသားရေး အစွန်းရောက်ဝါဒတွေနဲ့ သွေးဆူလာကြပြီး တစ်နိုင်ငံလုံးကို ဒီနေ့ မနက်ဖန်ဘဲ ကုလားတွေဝင်သိမ်းတော့မလို လူထုက စိုးရိမ်လာတယ်။ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီမိုကရေစီရေး၊ ပြည်ထောင်စုရေးက နောက်တန်းကို ဒလိမ့်ခေါက်ကွေး ခွေးကျ ဝက်ကျ ကျသွားခဲ့တယ်။ အမျိုးသားလုံခြုံရေး၊ တိုင်းပြည်ကာကွယ်ရေးနှင့် အမျိး၊ ဘာသာ၊ သာသနာက ထိပ်တက်လာကာ တစ်နိုင်ငံလုံးရဲ့ သေရေးရှင်ရေးဖြစ်လာတယ်။ အမျိုး ဘာသာ သာသနာကိုမှ ရှေ့တန်းမတင်ရင် အမျိုးသားရေးကို သစ္စာဖောက်သူတွေ အလိုလိုဖြစ်လာတယ်။

    တိုးတက်ပါတယ်၊ အမြင်ကျယ်ပါတယ်ဆိုတဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေးခေါင်းဆောင် ကိုကိုကြီးတောင် မှူးဇော်ရဲ့ ခလေးကွက်ကို မှီအောင် ပုဆိုးမနိုင်၊ ပုဝါမနိုင်နဲ့ အတင်းဒုန်းစိုင်းပြေးလိုက်ရင်း အခုဘဲ တပ်ထဲဝင်၊ တပ်မတော်နဲ့ လက်တွဲပြီး ရှေ့တန်းထွက်တိုက်တော့မဲ့အလား ကြိမ်းလား၊ ဝါးလား၊ ဟိန်းလား၊ ဟောက်လား လုပ်လာတယ်။ စစ်အာဏာရှင်တွေရဲ့ သဘော သဘာဝတွေကို ဒီမိုခေါင်းဆောင် အများအပြားက လုံးဝ မေ့ထားလိုက်ကြတယ်။ ကိုကိုကြီး လိုခေါင်းဆောင်တွေ ရဲ့ ကျေးဇူးကြောင့် အာဏာရှင် အုပ်စုလည်း တိုင်းပြည်ကို ကာကွယ်မဲ့ ကျေးဇူးရှင် သူရဲကောင်းတွေ နေ့ချင်းညချင်းဖြစ်လာခဲ့တယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတရေး တောင်းဆိုတိုက်ပွဲဝင်သံတွေ တိုးညှဉ်း ဆိတ်သုဉ်းသွားတယ်။ ဒီတစ်ပွဲမှာလည်း အရင်ပွဲတွေလိုဘဲ ဒီမိုကရေစီ အုပ်စုဟာ မြင်မကောင်းအောင် သွေးသံ တရဲရဲ ကျိုးပဲ့ဖူးယောင်ပြီး ဒိုင်ပွဲရပ်နဲ့ ရှုံးသွားပြန်တယ်။

    ဒီအန္တရာယ်ကို မြန်မာပြည်က လူထုခေါင်းဆောင်တွေ ကြိုပြီး မမြင်ခဲ့ဘူး။ မသိခဲ့ဘူး။ သတိပေးထောက်ပြမဲ့သူ မရှိခဲ့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။

    အာဏာရှင် စနစ်ဟောင်းရဲ့ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုမှုကြောင့် လူ့အဖွဲ့အစည်း အစိပ်စိပ် အမွှာမွှာကွဲကာ ဒုက္ခတွေ့နေဆဲဖြစ်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ၊ အာဏာရှင်တွေအကြောင်း နောကြေနေတဲ့ နိုင်ငံတကာ ပညာရှင်တွေက ရှစ်လေးလုံး အပါအဝင် အဖွဲ့အစည်းခေါင်းဆောင်တွေ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို လူမျိုးရေး၊ ဘာသာရေးခေါင်းစဉ်တွေဟာ ထောင်ချောက်ဖြစ်တယ်။ တမင်လမ်းလွှဲနေတာဖြစ်တယ်။ သိပ်အန္တရာယ်ကြီးတယ်။ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေကို အညွန့် အညှောက်တောင် အပေါက်မခံကြပါနဲ့။ နုစဉ်ကတည်းက အရေးတကြီးကိုင်တွယ်ကြဖို့၊ အမြစ်ဖြတ် သုတ်သင်ဖို့ တိုက်တွန်းခဲ့ကြတယ်။ အရှိန်အဟုန်မကြီးမားလာခင် မသုတ်သင်နိုင်ခဲ့ရင် ဒီမိုကရေစီရေး၊ ပြည်ထောင်စုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသဖြင့် ကဏ္ဍအားလုံး ပျက်ဆီးသွားလိမ့်မယ်လို့ ဆွေးနွေးပွဲတွေ၊ ဟောပြောတွေ အများအပြားလုပ်ပြီး သတိပေးခဲ့တယ်။

    ဘယ်ထင်ရှားတဲ့၊ တာဝန်ရှိတဲ့ လူထုခေါင်းဆောင်၊ ဘယ်ပါတီခေါင်းဆောင်၊ ဘယ်တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်က ဒီသတိပေးချက်ကို အထူးအလေးထားခဲ့တာ ရှိသလဲ။ လူမျိုးရေး ဘာသာရေးအစွန်းရောက်မှုတွေကို ကြုံပြောပြောတာလောက်၊ ငါးပွက်ရာ ငါးစာချတာလောက်၊ ဖြစ်မှပြောလိုက် တာလောက်က လွဲရင် ဘယ်ခေါင်းဆောင်က ဒါဟာ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး အတွက် ထောင်ချောက်ဖြစ်တယ်လို့ အလေးအနက်မြင်သူ ရှိပါသလဲ။

    တစ်ကယ်တော့ မွတ်စလင်တွေကို တိုက်ခိုက်လာခြင်းဟာ မွတ်စလင်တွေက အာဏာရှင်အုပ်စုကို ခြိမ်းခြောက်နေလို့ မဟုတ်ဘူး။ အာဏာရှင်အုပ်စုကို ခြိမ်းခြောက်နေသူတွေနှင့် အာဏာရှင်စနစ်က စိုးရိမ်ကြောက်ရွံ့သူတွေက မွတ်စလင်လည်း မဟုတ်ဘူး။ ဒီမိုနဲ့ တိုင်းရင်းသားအုပ်စုသာဖြစ်တယ်။ ဒီမိုအုပ်စုနဲ့ တိုင်းရင်းသားအုပ်စုကို ချိနဲ့စေဖို့၊ ပြည်သူလူထုက ဒီမိုနှင့် တိုင်းရင်းသားအုပ်စုတွေကို ထောက်ခံမှု လျော့ကျလာစေဖို့ အာရုံလွှဲရေးအတွက် မွတ်စလင်တွေကို ဓါးစာခံလုပ် တိုက်ခိုက်လာခြင်းဖြစ်တယ်ဆိုတာနဲ့ မွတ်စလင်တွေကို တိုက်ခိုက်ခြင်းသည် ဒီမိုနဲ့ တိုင်းရင်းသားအရေးကို တိုက်ခိုက်ဖို့ အကြိုစစ်ပြင်ခြင်းဖြစ်တယ် ဆိုတာ မြင်နိုင်တဲ့ အရည်အချင်းရှိသော ခေါင်းဆောင်ကော ဘယ်နှစ်ယောက်ရှိသလဲ။

    မြင်ပါတယ်ဆိုရင်တောင် ဒီလိုတိုက်ခိုက်လာမှုကို ကာကွယ်နိုင်တဲ့၊ တုန့်ပြန်နိုင်တဲ့ခေါင်းဆောင် မြန်မာပြည်မှာ လုံးဝမရှိဘူး။ တစ်ယောက်မှ မရှိဘူးလို့ ပြောရဲပါတယ်။

    ENC (Ethnic Nationalities Council)ရဲ့ အထွေထွေအတွင်းရေမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာဆလိုင်း လျှံမုန်းဆာခေါင်း (လက်ရှိ ပြည်တွင်း တိုင်းရင်းသား အရေးတွေမှာ ဆက်လက်ဦးဆောင်နေဆဲဖြစ်သူ) က ကရင်အပါအဝင် တိုင်းရင်းသားတွေရဲ့ တော်လှန်ရေး အကြပ်အတည်းအပေါ် စာတန်းတစ်စောင်ကို လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ရေးခဲ့တယ်။

    ကျနော်မှတ်မိသလောက် အဲဒီစာတန်းထဲမှာ သူရေးခဲ့တာက –

    Shan against Kachin, Kachin against Karen and Karen against Mon. Everyone is against everyone but altogether are against Muslim. ရှမ်းနဲ့ ကချင် ဆန့်ကျင်တယ်။ ကချင်နဲ့ ကရင် ဆန့်ကျင်တယ်။ ကရင်နဲ့ မွန် ဆန့်ကျင်တယ်။ တိုင်းရင်းသားတွေအားလုံး အချင်းချင်း တစ်ဦးနဲ့တစ်ဦး အကုန်ဆန့်ကျင်နေကြတယ်။ သို့သော် အားလုံးက မွတ်စလင်ကိုတော့ တညီတညွတ်တည်း ဝိုင်းဆန့်ကျင်ကြတယ်လို့ ဖြစ်တယ်။

    ဒီနေ့အခြေအနေကို ကျနော့သုံးသပ်ချက်က

    နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားခေါင်းဆောင်ပိုင်းကို မွတ်စလင်နဲ့ ပတ်သက်လာရင် အုပ်စုသုံးအုပ်စု ခွဲမြင်ပါတယ်။ AM အုပ်စု၊ IM အုပ်စုနဲ့ JM အုပ်စုဖြစ်တယ်။

    AM (Anti-Muslim)အုပ်စုက မွတ်စလင်မုန်းတီးရေး အင်အားစုဖြစ်တယ်။

    IM (Indifference to Muslim) အုပ်စုက မွတ်စလင်တွေ ခံစားနစ်နာနေရတာကို လုံးဝ ဂရုမစိုက်တဲ့အုပ်စုဖြစ်တယ်။ မွတ်စလင်တွေ များများသေလေ မြန်မြန်ကောင်းလေ လို့ ယူဆတဲ့အုပ်စုဖြစ်တယ်။ တတ်နိုင်သလောက် မသိချင်ယောင်ဆောင်နေကြသူများဖြစ်တယ်။ ကြုံလာရင်လည်း အဆင်ပြေသလိုသာ လူကြားကောင်းအောင် ဝတ်ကျေတန်းကျေ ပြောလိုက်ကြသူများဖြစ်တယ်။

    JM (Justice to Muslim) အုပ်စုက မွတ်စလင်တွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပွင့်ပွင့်လင်းလင်း စာနာတဲ့၊ ကူညီတဲ့အုပ်စုဖြစ်တယ်။

    လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဒေါက်တာဆလိုင်းလျှံမုန်း ဆာခေါင်းရဲ့ ခွဲခြမ်းသုံးသပ်ချက်ဖြစ်တဲ့ တိုင်းရင်းသားတွေက မွတ်စလင်တွေအပေါ်ထားရှိခဲ့သော သဘောထားသည် အခုအခါ ပိုတိုးတက်လာသလား။ ပိုဆုတ်ယုတ်သွားသလားဆိုတာကို စာဖတ်သူတွေ သုံးသပ်ဖို့ဖြစ်တယ်။

    ထိုနည်းအတိုင်းဘဲ ယနေ့ကာလ ကျနော့ သုံးသပ်ချက်ဖြစ်တဲ့ အုပ်စုသုံးအုပ်စုမှာ မွတ်စလင်ဆန့်ကျင်သူတွေက အများစုလား။ များများသေ မြန်မြန်အေးဆိုပြီး မသိချင်ယောင်ဆောင်နေသူတွေက အများစုလား။ များရင် ဘယ်နှစ်ရာခိုင်နှုံးလောက်အထိ များနိုင်သလဲ။ မွတ်စလင်တွေကို စာနာကူညီတဲ့သူတွေက အနည်းစုလား။ နည်းရင် ဘယ်နှစ်ရာခိုင်နှုံးအထိ နည်းနိုင်သလဲဆိုတာကိုလည်း စာဖတ်သူတွေ ဆက်လက်သုံးသပ်ဖို့ဖြစ်ပါတယ်။

    နိဂုံးချုပ်အပိုင်းကို ဆက်ရေးပါမယ်။

    ရာစုနှစ်တစ်ဝက်ကျော် ယနေ့ထက်တိုင် ခွဲခြားဖိနှိပ်ခံနေရပြီး မြန်မာ့လူအဖွဲ့အစည်းရဲ့ အောက်ဆုံး၊ အဖိနှိပ်အခံရဆုံးအလွှာမှာရှိနေတဲ့အပြင် တရားဝင်ကိန်း ဂဏန်းများအရ လေးရာခိုင်နှုံးထက် မပိုတဲ့ မွတ်စလင်တွေဟာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဘယ်လူမျိုး ဘယ်ဘာသာကိုမှ ဘယ်တုန်းကမှ ခြိမ်းခြောက်နိုင်ခဲ့တဲ့ အင်အားစု မဟုတ်ဘူး။ အမှန်က အစဉ်အဆက် အခြိမ်းခြောက်ခံတွေသာဖြစ်တယ်။ အဖြည့်ခံတွေသာ ဖြစ်ခဲ့တယ်။

    အာဏာရှင်နဲ့ပေါင်းပြီး အဆင်ပြေနေတဲ့ မပြောပတဲ့ လက်တစ်ဆုပ်စာလောက်က လွဲရင် အမြဲတန်းသိမ်ငယ်နေရတဲ့၊ ဆင်းရဲကြပ်တည်းနေတဲ့၊ အနှိမ်ခံနေရတဲ့ လူအုပ်စုကလေးဟာ အာဏာကို လက်မလွှတ်လိုသူ တစ်စုရဲ့ ဖန်တီးမှုကြောင့် ၉၆%သော မြန်မာနှင့် တိုင်းရင်းသားတွေအားလုံးကို အမြစ်ဖြုတ်ဖို့ ခြိမ်းခြောက်နေ တဲ့ ကြောက်စရာ လန့်စရာ အင်အားစုအဖြစ် နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ရတယ်။ အကျိုးဆက်အဖြစ် အာဏာရှင် အဆက်ဆက်အောက်မှာတောင် မခံစားခဲ့ရဖူးတဲ့ ရက်ရက်စက် တိုက်ခိုက်မှုတွေကို ဒီမိုကရေစီကိုသွားနေပါပြီဆိုတဲ့ခေတ်ကျမှ ပက်ပက်စက်စက် ခံလိုက်ရခြင်းဖြစ်တယ်။ နောင်လည်း ဆက်လက်တိုက်ခိုက်ခံရအုံးမဲ့ အနေအထားတွေက ယနေ့အချိန်အထိ ရှိနေဆဲဖြစ်တယ်။

    မွတ်စလင်တွေမှာ မိတ်ဆွေနည်းလာတယ်။ အထီးကျန်ဖြစ်လာတယ်။ အကြမ်းဖက်ခံရတဲ့ မွတ်စလင်တွေကိုဘဲ အကြမ်းဖက်သမားလို့တောင် အခေါ်ခံလာရတယ်။ အကြမ်းဖက် အဖျက်ခံရတဲ့ ပလီတွေကို အကြမ်းဖက်မဲ့ ခံတပ်တွေလို့ မရှက်မကြောက် ပြောလာကြတယ်။

    သို့သော် အားလုံး စဉ်းစားကြစေချင်ပါတယ်။ အကြမ်းဖက်သမားများက အထူးစဉ်းစားပါ။

    အကြမ်းဖက်မှုတွေနဲ့ မွတ်စလင်ဘယ်နှစ်ရာကို သတ်နိုင်ခဲ့သလဲ။ ဘယ်နှစ်ထောင်ကိုကော ဆက်သတ်နိုင်အုံးမယ်ထင်သလဲ။ မွတ်စလင်တွေ အကုန်လုံးကို ဘယ်တော့မှ ဘယ်သူကမှ မသတ်ပစ်နိုင်ပါဘူး။

    အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်က မွတ်စလင်တွေနဲ့ မွတ်စလင်တွေကိုးကွယ်ယုံကြည်တဲ့ သာသနာရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလည်မှာ ကျဆင်းသွားသလား။ တိုးမြင့်လာသလား။ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်သူတွေ ကိုးကွယ်ယုံကြည်တဲ့သာသနာရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလည်မှာ တိုးတက်လာသလား၊ ကျဆင်းသွားသလား။

    ဘယ်လိုဘဲ ဖိနှိပ်ရက်စက်မှုတွေ ရှိနေပါစေ။ ကမ္ဘာတည်သရွေ့ မြန်မာတည်သလို၊ မြန်မာတည်သရွေ့ မွတ်စလင် တည်မှာဖြစ်တယ်ဆိုတာကို မြင်ကြပါ။

    စာနာတတ်သူ တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူတွေနဲ့ လက်တွဲပြီး မွတ်စလင်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းတွင်းမှာ ပြန်ရပ်တည် ဦးမော့လာကြမှာဖြစ်တယ်။ သမိုင်းရဲ့ နေရာမှန်ကို ကျနော်တို့ ပြည်လည်ဖေါ်ထုတ် ရယူသွားမှာဖြစ်တယ်။ ဒီနေ့မဟုတ်ရင် မနက်ဖန်၊ ဒီနှစ်မဟုတ်ရင် နောက်နှစ်၊ ဒီမျိးဆက်မဟုတ်ရင် နောက်မျိုးဆက် ကျနော်တို့ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြမှာပါ။

    ငြိမ်းချမ်းရေးကိုလိုလားသော၊ နိုင်ငံသားကောင်း ပီသသော၊ အပြန်အလှန်လေးစားမှုကို တည်ဆောက်လိုသော မွတ်စလင်တွေအတွက် ကာလသုံးပါးလုံးဖြစ်တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သမိုင်း ဘယ်တော့မှ မရိုင်းဘူးဆိုတာ ကျနော်တို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ကျနော်တို့မှာ မနက်ဖန်ရှိတယ်။ ကျနော်တို့မှာ အနာဂတ်ရှိပါတယ်။

    တာဝန်မဲ့အုပ်စုတွေရဲ့ ခေါင်းဆောင်လုပ်သူတွေသာ မိမိအမှားကို မိမိမြင်၊ မိမိအချိုးကို မိမိပြင်ပြီး လမ်းမှန်ပေါ်မှာ ရဲရဲပြန်ရပ်ပြီး ပြည်သူကို အချိန်မီ ဦးဆောင်မှုပေးနိုင်ဖို့ လိုအပ်နေပါတယ်။

    အချိန်မီ မပြင်နိုင်ကြဘူးဆိုရင်ဖြင့် အာဏာရှင်အုပ်စုက သမိုင်းတရားခံဖြစ်မဲ့ သမိုင်းတရားခွင်မှာ ခင်ဗျားတို့တွေလည်း ပူးတွဲတရားခံတွေ ဖြစ်ကုန်ကြမှာ အသေအချာဖြစ်တယ်။

    အောင်တင်

    မှတ်ချက်။ ။ ဒီဆောင်းပါးထဲက အကြောင်းအရာအချို့ဟာ နိုဝင်္ဘာလ(၁)ရက်နေ့က မသီတာ(စမ်းချောင်း) နေဘုန်းလတ်(ဘလော့ဂါ) ခင်မြဇင်တို့ရဲ့ တိုရန်တိုဟောပြောပွဲမှာ သူတို့အမြင်ကို မေးကြည့်မယ်လို့ မူလက စိတ်ကူးထားခဲ့တဲ့ အပိုင်းတွေလည်းပါဝင်ပါတယ်။ အဲဒီပွဲမှာ အဆင်မပြေတာလေးတစ်ခုကြောင့် မမေးဖြစ်ခဲ့ဘူး။