News @ M-Media

Blog

  • ဂျာနယ်တစ်စောင်တွင် ဘာသာရေးစော်ကားမှု ကိစ္စပါဝင်သည့် သတင်းစာရှင်းလင်းပွဲ မန္တလေးမှာ ဘာသာပေါင်းစုံမှ ပြုလုပ်ခဲ့

    ဂျာနယ်တစ်စောင်တွင် ဘာသာရေးစော်ကားမှု ကိစ္စပါဝင်သည့် သတင်းစာရှင်းလင်းပွဲ မန္တလေးမှာ ဘာသာပေါင်းစုံမှ ပြုလုပ်ခဲ့

    အောက်တိုဘာ ၃၁၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    df0705c30ae1a9a0b688df204bf4f69383acbaf6e84c890b76734726dbbdb1d0
    ဘာသာတစ်ခုနှင့်တစ်ခု အမုန်းတရားမပွားကြစေရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းမှုရှိစေရန်နှင့် ဂျာနယ်တစ်စောင်တွင် ဘာသာတရား တစ်ခုအား စော်ကားရေးသား ထားသည့် ကိစ္စ အပါအဝင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ‘ဘာသာကိုယ်စီ အေးချမ်းသည် ဒို့တတွေရှောင်ရှား အမုန်းတရား’ခေါင်းစဉ်ဖြင့်  မန္တလေးမြို့ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတွင် ယနေ့နံနက် ၉း၄၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဂဠုန်နီဆရာတော် ဦးကာဝိယ၊ ဘုရားကြီးရေတော်တိုက် ဆရာတော် ဦးဝိသုတ၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းဆရာတော် ဦးတေဇောဘာသနှင့် ဦးသီလစာရတို့ ကြွရောက် သြ၀ါဒ မိန့်ကြားခဲ့ကြပြီး ခရစ်ယာန် အသင်းတော်များ ကောင်စီ(မန္တလေး)၏ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဦးကျော်ရွှေ၊ ဟိန္ဒူဘာသာရေး အဖွဲ့ဝင် ဦးကံကောင်း၊ အစ္စလာမ့်ဘာသာဘက်မှ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) နှင့် အစ္စလာမ် သာသနာ ပရမတ္တ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်တို့က ရှင်းလင်း ပြောကြားခဲ့ကြသည်။

    ဂဠုန်နီဆရာတော်မှ သြ၀ါဒ မိန့်ကြားရာတွင် ယခုလက်ရှိ ဖြစ်နေသော အခြေအနေများအတွင် ငြိမ်းချမ်းရေးအား ဦးတည်ပြီး အာဏာပိုင် အဖွဲ့အစည်းမှလည်း အဂတိ မလိုက်စားဘဲ နိုင်ငံအေးချမ်းရေး အတွက် မေတ္တာထား ဆောင်ရွက်သင့်ကြောင်း၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ အနေနှင့်လည်း ပြည်ပ ရန်မှန်သမျှ မိမိတို့နှင့် မပတ်သက်ကြောင်း ရှင်းလင်းပြတ်စွာ ပြောကြားသင့်ကြောင်း၊ ဘာသာတစ်ခုနှင့် တစ်ခု ပုတ်ခတ်ပြောဆို ရေးသားခြင်း မပြုဘဲ မသမာသူတွေကို ၀ိုင်းဝန်း တိုက်တွန်းရှုံ့ချကြရန် မိန့်ကြားခဲ့သည်။

    ဘုရားကြီး ရေတော်ဆရာတော် ဦးဝိသုတမှလည်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဘာသာပေါင်းစုံ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း၊ အမြတ်ဒေါသဖြင့် အကြမ်းမဖက်ကြဘဲ မေတ္တာသက်သက်ဖြင့် နေထိုင်ကြရန်၊ မီဒီယာများမှလည်း အမှန်အတိုင်း ရေးသားတင်ပြကြရန်၊ သူတော်မဟုတ်ပဲ သူယုတ်မာတွေရဲ့ ၀ါဒများကို လက်မခံပဲ အကြမ်းဖက်လုပ်ရပ် ပြောဆိုနေမှုများကို ရှုံ့ချကြောင်းနှင့် ဘာသာပေါင်းစုံက မေတ္တာထားပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သင့်ကြောင်း မိန့်ကြားခဲ့သည်။

    ခရစ်ယာန်ဘာသာမှ ဆရာ ဦးကျော်ရွှေမှလည်း “တရားရှာကိုယ်မှာတွေ့ဆိုသလို အေးချမ်းရေးအတွက် တစ်ဦးတစ်ယောက်ချင်းစီဆောင်ရွက်သင့်ကြောင်း၊ မိမိ၏ အတွင်းစိတ်ကို ပြုပြင်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို ဂျာနယ်တစ်စောင်က ဘာသာတရားတစ်ခုအား အပုတ်ချ ရေးသားခြင်းဟာ ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲ ခဲလုံးပြစ်ချ လိုက်သလိုဖြစ်ပြီး ခဲလုံး ပြစ်ချလိုက်ရင် လှုပ်ခတ်မည်ကို သိသိနဲ့ လုပ်ဆောင်လိုက်တာကြောင့် ကမ်းစပ်ကို လာရောက် ရိုက်ခတ်မှုတွေ ဖြစ်လာကြောင်း၊ ဘာသာရေး ခေါင်းဆောင်များအနေနှင့် ၀ိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ပြီး မိမိကို ပြုစေလိုသမျှအတိုင်းသာ သူတစ်ပါးကို ကိုယ်တိုင် ပြုသင့်ကြောင်း ဆိုပါတယ်။ ကောင်းတယ်ဆိုတာ သူများကို မေတ္တာထားနိုင်ရမှာဖြစ်ပြီး ပဋိပက္ခတွေအတွက် ကောလဟလကို မကြားသော နား ဆွံ့အသောနှုတ်ဖြင့် အမုန်းသံသရာမပွားရအောင် နေခြင်းဖြင့် ငြိမ်းချမ်းမှုကို ရယူကြရန် ဆွေးနွေးတင်ပြခဲ့သည်။

    အစ္စလာမ်ဘာသာမှ ဒေါက်တာမြင့်သိန်းမှလည်း ပြည်တွင်းပြည်ပက အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း၊ ယခုလက်ရှိ ဖြစ်ခဲ့မှုများသည် ပဋိပက္ခ မဟုတ်ဘဲ တဘက်သက် အကြမ်းဖက်မှုများသာဖြစ်ခဲ့ကြောင်း၊ အစ္စလာမ် သာသနာတွင် လူသားဟာ ကမ္ဘာ့မိသားစု ဖြစ်တဲ့အတွက် အခြားဘာသာတစ်ခုက မှားယွင်းတယ်ဆိုရင်တောင် မကောင်း မပြောရန်၊ မတရားသဖြင့် လုပ်ဆောင်ခံရလျှင်သော်မှ တရားမျှတမှုကို မချိုးဖောက်ပဲ တရားသဖြင့် ဆောင်ရွက်ရန် အစ္စလာမ်ဘာသာတွင် သွန်သင်ချက်ရှိကြောင်းတို့ကိုပြောဆိုခဲ့ပြီး၊ ကောလဟလများကို ကြားတိုင်း မယုံကြည်ကြရန် ပြောဆိုခဲ့သည်။

    ဟိန္ဒူဘာသာမှ ဆရာဦးကံကောင်းကလည် ပြည်တွင်းမှာ ဖြစ်ပျက်နေမှုအားလုံးသည် ဟန်ဆောင်မှုများနှင့် ကိုယ်လိုရာဆွဲနေကြပြီး ဘာသာတရားအား စော်ကားပြောဆိုမှုများကို ဥပေက္ခာမပြုသင့်ကြောင်း၊ မီဒီယာများအနေနှင့်လည်း မီဒီယာက လွတ်လပ်စွာဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတိထားဖို့လိုကြောင်း၊ စီးပွားရေးအရ မီဒီယာလုပ်ဆောင်ပြီး ရောင်းကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်လျှင် လက်မခံပါကြောင်း ပြောဆိုခဲ့သည်။

    ခလီဖွှဟ် ဦးသိန်းဝင်းအောင်မှလည်း ယခုကဲ့သို့ မငြိမ်းချမ်းမှုများဖြစ်နေရခြင်းမှာ (၁) အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း၊ (၂) Hate speech များ ဆောင်ရွက်သည်ကို တွေ့မြင်ရကြောင်း၊ ဂျာနယ်တစ်စောင်မှ အစ္စလာမ်သာသနာနှင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)သခင်အား စော်ကားရေးသားမှုများသည် အစ္စလာမ်ဘာသာဝင် လူငယ်များအား မခံရပ်နိုင်ဖြစ်ပြီး အကြမ်းဖက်သမားများအသွင် ပြောင်းသွားစေရန် ဆောင်ရွက်မှုအဖြစ် မြင်တွေ့နေရကြောင်း၊ မိမိတို့အနေနှင့် ယခုကဲ့သို့ စော်ကား ရေးသားမှုများကို မလိုလားကြောင်း ပြောဆိုခဲ့ပြီး သံသရာ ၀ဋ်ကြွေးဆိုတာ လက်ကိုင်ထားသည့် ဗုဒ္ဓဘာသာတရား၏ ဆုံးမစကားလည်း ရှိသလို မိမိတို့အနေဖြင့် သံသရာကြွေးတင်ရမှာလည်း ကြောက်ရွံ့ပါကြောင်း ပြောဆိုခဲ့သည်။

    ဘာသာပေါင်းစုံ ဆရာတော်များမှ သြ၀ါဒမိန့်ကြားမှု၊ ဆွေးနွေးတင်ပြမှုများအပြီးတွင် တက်ရောက်လာသော မီဒီယာများ၏ မေးမြန်း ချက်များကို ပြန်လည် ဖြေကြား ခဲ့ကြသည်။

    ဗုဒ္ဓဘာသာ ဘာသာရေး အမည်ခံ ဂျာနယ်တစ်စောင်က အစ္စလာမ်ဘာသာ အပေါ် စော်ကားရေးသားမှုအတွက် ၎င်းဂျာနယ်အား ဆရာတော်တို့အနေဖြင့် ဆက်သွယ် တားမြစ်မှုမျိုးရှိသည် မျိုးရှိပါသလားဟု ရေတော် ဆရာတော်အား M-Media က လျှောက်ထားမေးမြန်းရာ

    “ဒီဂျာနယ်က ဒီလိုရေးသားတယ်ဆိုတာ ဆရာတော်တို့လည်း အခုမှ သိရတာပါ။ သိပြီးတဲ့အခါကျတော့ အမှန်တကယ် အဲ့ဒီဂျာနယ်က ရေးသားနေတဲ့ ကလောင်ရှင်ဖြစ်စေ၊ ဂျာနယ် တာဝန်ခံနဲ့ဖြစ်စေ ဘုန်းကြီးတို့အနေနဲ့ မေတ္တာ ရပ်ခံခြင်းတော့ မလုပ်ရသေးဘူး။ ဒါလည်း ဘုန်းကြီးတို့ စဉ်းစားပါတယ်။ အခုလိုဖြစ်နေချိန်မှာ အမှားအမှန်ကို ဘုန်းကြီးတို့အနေနဲ့ ရှောင်ရှားပါတယ်။ မိမိတို့ သတင်းစာ စီးပွားရေးအတွက် ဒါမှမဟုတ် မိမိကိုယ်ကျိုး စီးပွားရေးအတွက် ဘာသာရေး၊ ပုဂ္ဂိုလ်ရေး စွက်ဖက်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံဖို့တော့ ဆရာတော် (ဘေးတွင်ရှိနေသော ဆရာတော် ဦးကာဝိယအား ညွှန်ပြလျက်)နဲ့ ဘုန်းကြီးတို့ ပြောထားကြတယ်။ အမှန်တကယ် မေတ္တာရပ်ခံတာတော့ မလုပ်ရသေးဘူးနော်။ ဥပမာအားဖြင့် ဒီလို အရေးအသားတွေကို ရေးသားတဲ့ ကာယကံရှင်ကို ဘုန်းကြီးတို့ လေ့လာဦးမယ်။ ဒါကြောင့် ခုနက ရေးသားထားတဲ့ စာကို ဘုန်းကြီးတို့ ဘာမှ မလုပ်ရသေးဘူး။ အကယ်၍ မှားနေတယ်ဆိုရင် အများအကျိုးအတွက် ဘုန်းကြီးတို့ ဆွေးနွေးပါမယ်။”ဟု မိန့်ကြားခဲ့သည်။
    မဘသ ဦးဆောင် ထုတ်ဝေသည့်ပုံစံမျိုးရှိနေသည့်အတွက် မဘသနှင့် ဆွေးနွေးမှုများ ပြုလုပ်မည်လားဟု မေးမြန်းမှုအားလည်း “မဘသဆိုတာလည်း ဘုန်းကြီးတို့လို ဘုရားသားတော် သံဃာတော်များဖြစ်တယ်။ မဘသဦးဆောင် ဆရာတော်တွေနဲ့လည်း ဘုန်းကြီးတို့ မကွဲပါဘူး ညီညီညွတ်ညွတ်ပါပဲ။ မစိုးရိမ်ဆရာတော်ကြီးအပါအ၀င် မဘသဆရာတော်တွေလည်း ဘုန်းကြီးတို့ ဘုရားသားတော်တွေ အတူတူပါပဲ။ တကယ်လို့ ဒါကို နောက်ခံပြီးတော့ မဟုတ်မမှန်ပဲ ဗုဒ္ဓရဲ့ ဓမ္မနဲ့ ဆန့်ကျင်တာကိုလုပ်နေတယ်ဆိုရင်လည်း ဘုန်းကြီးတို့ မပြောရဲစရာလည်း မရှိဘူး၊ မဆွေးနွေး နိုင်စရာလည်း မရှိဘူး။ မှားနေတယ်ဆိုရင်တော့ ဘုရား ဒေသနာတော်နဲ့ ဆန့်ကျင်နေတယ်ဆိုတာကို ဘုန်းကြီးတို့ အကောင်းဆုံး ဆွေးနွေး မေတ္တာရပ်ခံပြီး တင်ပြပေးပါမှာ”လို့ ဖြေကြားခဲ့ပြီး ဘုန်းဘုန်း ဖြည့်စွက် မိန့်ကြားလိုတာက “ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဘာသာကိုယ်စီ အေးချမ်းပြီးတော့ အမုန်းတရားတွေ တို့တွေမပွားဖို့ စောစောကပဲ ဆရာတော်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အသီးသီးလည်း မိန့်ကြားသွားကြတယ်။

    ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေကို မေတ္တာရပ်ခံချင်တာက မိမိတို့သည်လည်း လူသားချင်းစာနာပြီး မေတ္တာထားလို့ အမုန်းတရားတွေကို ပြုံးပြုံးလေးနဲ့ မေတ္တာပွားပြီး ညီညွတ်စွာနေထိုင်ကြပါလို့။ ယနေ့က အရေးကြီးတာ အခြေခံဥပဒေ၊ ခိုင်မာတဲ့ မဏ္ဍိုင်အပေါ်မှာ ရပ်တည်ဖို့၊ မြန်မာနိုင်ငံမှာလည်း သမ္မတကြီး ဦးသိန်းစိန် အနေနဲ့ ပြောင်းလဲရေး ပြုလုပ်နေတာကိုလည်း ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းအားပေးပါ။ ကမ္ဘာနဲ့ချီပြီး ငြိမ်းချမ်းရေးတွေ လုပ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ ဗုဒ္ဓရော၊ ခရစ်ယာန်ရော၊ အစ္စလာမ်ရော၊ ဟိန္ဒူရော ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီပန်းတိုင်ကို ၀ိုင်းဝန်းပေးပါလို့ ဘုန်းကြီး မေတ္တာရပ်ခံပါတယ်”လို့ M-Media ၏ လျှောက်ထားမေးမြန်းချက်များကို ပြန်လည် မိန့်ကြားခဲ့သည်။

    Facebook တွင် ဓါတ်ပုံများ ကြည့်လိုလျှင်

    http://goo.gl/V6FOCx

  • တစ်ပူပေါ် တစ်ပူဆင့်တဲ့ အိုဇေးလ်

    တစ်ပူပေါ် တစ်ပူဆင့်တဲ့ အိုဇေးလ်

    အောက်တိုဘာ ၃၁ ၊ ၂၀၁၄
    M-Media
    1414138293757_Image_galleryImage_October_28_2013_German_in
    – ယခုလအစောပိုင်း ချယ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲမှာ ပွဲအစ ဒူးဒဏ်ရာရခဲ့ပြီး အဲဒီဒဏ်ရာနဲ့ပွဲ တစ်ပွဲလုံးကစားခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်တစ်ယောက် အခုတော့ အဲဒီဒူးဒဏ်ရာကြောင့် နှစ်ကုန်အထိ နားရပါတော့မယ်။

    ပြီးခဲ့တဲ့နှစ် အာဆင်နယ်ကိုရောက်လာကာစက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ အိုဇေးလ်းအတွက် နှစ်ကုန်ထိ နားရမယ် ဆိုတဲ့ သတင်းဟာ သတင်းဆိုးတစ်ခုပါပဲ။

    ဒီထက်ဆိုးတာက အိုဇေးလ်ဟာ ချစ်ရေးချစ်ရာ ကိစ္စမှာလည်း ပြဿနာပေါ်နေတာပါ။ ဒါကတော့ အိုဇေးလ်နဲ့ အတူနေ ချစ်သူပေါ့ပ် အဆိုတော် ကပ်ရစ္စတိုဟာ အိုဇေးလ်နဲ့ လမ်းခွဲသွားတာပါပဲ။

    အိုဇေးလ်တစ်ယောက် ချစ်သူနောက်ကွယ်မှာ အမျိုးသမီး တစ်ဦးနဲ့ ကြိတ်ပုန်းခုတ်ခဲ့တဲ့ဆိုတဲ့ သတင်းထွက်လာပြီးနောက်ပိုင်း ဒီလိုဖြစ်လာတာပါ။ ဒီသတင်းကိုတော့ အောက်တိုဘာ တတိယအပတ်အတွင်းက လီဗန်တေးအသင်းမှာ ကစားနေတဲ့ ဘိုင်ယန်အလယ်တန်းလူဟောင်း ခရစ္စရှန် လီလ်က ဖွင့်ဟခဲ့တာပါ။

    အိုဇေးလ်နဲ့ သူ့ရဲ့ချစ်သူဟောင်း မီလာနီရစ်ကင်ဂျာဟာ WhatApps မှာ ဇာတ်လမ်းတွေဖြစ်ခဲ့တာလို့ ဂျာမန်သတင်းစာ တစ်စောင်ဖြစ်တဲ့ Bild နဲ့ အင်တာဗျူးမှာ လီလ်ကပြောခဲ့တာဖြစ်ဖြစ်ပြီး ချစ်သူဟောင်းကိုလည်း “မြွေမ” လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ နောက်ပြီး အိုဇေးလ်ဟာ သူ့ရဲ့ကျော်ကြားမှုကို အသုံးချပြီး သူတို့ရဲ့ ဆက်ဆံရေးမှာ ၀င်ရှုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    ရစ်ကင်ဂျာကတော့ ရည်းစားဟောင်းဟာ သူမရဲ့ မက်ဆေ့ခ်ျတွေကို အခွင့်မရှိဘဲကြည့်ခဲ့ပြီး အရူးတစ်ယောက်လို့ တုံ့ပြန်ခဲ့ပါတယ်။

    အိုဇေးလ်ကလည်း ဒါကို ငြင်းခဲ့ပြီး အခြေအနေတွေကို စောင့်ကြည့်နေတယ်၊ လိုအပ်ရင် တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့လဲ ဆိုပါတယ်။
    1414142854920_wps_1_Dejection_for_Mesut_Ozil_
    ဒါပေမယ့် ဒီသတင်းထွက်လာပြီး တစ်ပတ်အကြာမှာ အိုဇေးလ်ရဲ့ အတူနေချစ်သူ အဆိုတော် ကပ်ရစ္စတိုဟာ အနောက်လန်ဒန်က အိုဇေးလ်ရဲ့ ပေါင် ၄၂ သန်းတန်အိမ်ကနေ ပြောင်းရွှေ့သွားခဲ့ပါတယ်။

    ဒါကို အင်္ဂလန် နာမည်ကြီး The Sun သတင်းစာက ဖော်ပြခဲ့တာဖြစ်ပြီး အိုဇေလ်းရဲ့ အိမ်ရှေ့မှာ အိမ်ပြောင်းရွှေ့ရေး ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းက ကားတစ်စီးရပ်ထားပြီး ပစ္စည်းတွေတင်နေတာကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    နောက်ပြီး မန်ဒိုဟာ သူနဲ့ အိုဇေးလ်တို့ရဲ့ ဆက်ဆံရေး ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေတဲ့ ရိုက်ကူးမှုကို ခဏနားကာ လန်ဒန်ကိုပြန်ပြီး အိုဇေးလ်အိမ်က ပစ္စည်းတွေကို သွားယူမယ်ဆိုတဲ့ အကြောင်း သူငယ်ချင်းတွေကို ပြောခဲ့တယ်လို့ The Sun က ရေးသားခဲ့ပါတယ်။

    ကပ်ရစ္စတိုမှာ ဂျာမနီနာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး ဂျာမန် သီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ Germany’s Search for a Superstar မှာ ဒိုင်လုပ်နေတဲ့ သူတစ်ဦးပါ။

    ဘောလုံးကွင်းထဲမှာ ပြိုင်ဘက်တွေကို လိမ်ခေါက်ပြီး တစ်ဖက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်တဲ့ အိုဇေးလ်တစ်ယောက် ဘ၀ဇာတ်ခုံမှာ ချစ်သူရဲ့ နှလုံးသားကို ဘယ်လိုပြန်လည် ကုစားနိုင်မလဲ ဆိုတာကိုတော့…………….

  • ဘိုင်ယန် ကွင်းလယ်လူ ရီဘာရီ ပရိတ်သတ် တစ်ဦး၏ နှောက်ယှက်မှုကို ခံခဲ့ရ

    ဘိုင်ယန် ကွင်းလယ်လူ ရီဘာရီ ပရိတ်သတ် တစ်ဦး၏ နှောက်ယှက်မှုကို ခံခဲ့ရ

    အောက်တိုဘာ ၃၁၊ ၂၀၁၄
    M-Media
    529181_heroa
    – ဂျာမနီရှုံးထွက် ဘောလုံးပြိုင်ပွဲ DFB Pokal တွင် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဖရန့်ရီဘာရီမှာ ပရိတ်သတ်တစ်ဦး၏ ကွင်းအတွင်း ၀င်ရောက်နှောက်ယှက်မှုကို ခံခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့ညက ကစားခဲ့ပြီး ဟမ်းဘတ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ထိုပွဲတွင် ပွဲပြီးကာနီးနောက်ဆုံးမိနစ်၌ ပရိသတ်တစ်ဦးမှာ ကွင်းအတွင်းသို့ ပြေးဝင်လာကာ ရီဘာရီ၏ မျက်နှာအား လည်စီးပုဝါဖြင့် ရိုက်ခဲ့သည်။ ထို့နောက် လက်ဖြင့် ဆဲရေးတိုင်းထွာသော အမူအယာကိုလည်း လုပ်ပြခဲ့သည်။

    ရီဘာရီကမူ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ဘဲ ကွင်းလုံခြုံရေးများက ထိုပရိတ်သတ်အား ဖမ်းဆီးကာ ကွင်းအတွင်းမှ အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

    ဘိုင်ယန်၏ ရာသီအစပွဲများအား လွဲချော်ခဲ့သည့် ရီဘာရီမှာ ထိုပွဲတွင် အသင်းအတွက် ပထမဆုံး ပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် ရရှိခဲ့သည့် ဘိုင်ယန်၏ တတိယဂိုးမှာ ရီဘာရီ၏ ဒုတိယပိုင်း ကန်သွင်းချက် လူထိ၍ လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခြင်းကြောင့်ဖြစ်သည်။ ဘိုင်ယန်မှာ လာမည့်စနေနေ့တွင် အိမ်ကွင်း၌ ဒေါ့မွန်အသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ဖို့  ဦးသိန်းစိန်အား သမ္မတ အိုဘားမား တိုက်တွန်း

    ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ဦးသိန်းစိန်အား သမ္မတ အိုဘားမား တိုက်တွန်း

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    20141031144194734_20
    – နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆောင်ရွက်သွားရန် အမေရိကန်သမ္မတ ဘာရက် အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်အား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ယမန်နေ့က သမ္မတအိုဘားမားနှင့် ဦးသိန်းစိန်တို့ ဖုန်းပြောဆိုမှုအတွင်း ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများ၏ လူအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများကို အားပေးထောက်ခံရန်လည်း တိုက်တွန်းခဲ့သည်။

    ဂျာနယ်လစ်များအား ထောင်ချခြင်း၊ နိုင်ငံမဲ့ရိုဟင်ဂျာများ ဖိနှိပ်ခြင်းနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်များအား မြန်မာစစ်တပ်က တိုက်ခိုက်ခြင်းတို့ အပါအ၀င် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအား အမေရိကန်က စိုးရိမ်လျက်ရှိနေသည်။

    ယမန်နေ့က ဖုန်းပြောဆိုမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ သီးခြားစီပြောဆိုခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဦးသိန်းစိန် အစိုးရ၏ ကတိက၀တ် အတွက် ကြိုဆိုပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိုလည်း အချိတိုတိုအတွင်း ဆောင်ရွက်ရန်အတွက်လည်း ဦးသိန်းစိန်အား အိုဘားမားက တိုက်တွန်းခဲ့ကြောင်း အိမ်ဖြူတော်၏  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အိုဘားမားမှာ မြန်မာနိုင်ငံသို့ ယခုလ ဒုတိယသီတင်းပတ်အတွင်း လာရောက်လည်ပတ်မည်ဖြစ်ပြီး ၎င်း၏ သမ္မတသက်တမ်းတစ်လျှောက် ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်ခြင်းလည်းဖြစ်သည်။

    Source: Agencie

  • WFP ရံပုံငွေပြဿနာ  မြန်မာ ဒုက္ခသည်တွေ ထိခိုက်

    WFP ရံပုံငွေပြဿနာ မြန်မာ ဒုက္ခသည်တွေ ထိခိုက်

    image (2)
    မြန်မာနိုင်ငံတွင်းက ပြည်တွင်းပဋိပက္ခတွေကြောင့် နေရပ်စွန့် ထွက်ပြေးခဲ့ကြရသူ ဒုက္ခသည်နှစ်သိန်းကျော်အတွက် ဆန်ပေးဝေမှု ငါးပုံတစ်ပုံ လျော့ချရတော့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရက္ခာ အစီအစဉ် WFP က မနေ့က ပြောပါတယ်။

    ရံပုံငွေ မလုံလောက်တဲ့အတွက် နိုဝင်ဘာလ ကစပြီး၊ ဆန် ပေးဝေတဲ့ ပမာဏကို ၂ဝ ရာခိုင်နှုန်း ဖြတ်တောက်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိ ပေးဝေနေတဲ့ နှုန်းအတိုင်း လာမယ့်နှစ် နွေရာသီအထိ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၉ သန်း လိုအပ်နေကြောင်း၊ ဒါဟာ WFP အနေနဲ့ ပထမဆုံးတွေ့ကြုံရတဲ့ ရံပုံငွေ ပြတ်လပ်မှုဖြစ်ကြောင်း၊ လိုအပ်တဲ့ ရံပုံငွေကို မကြာခင် ပြန်လည်ဖြည့်တင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း WFP ရဲ့ အာရှတိုက်ဆိုင်ရာ ဒေသဆက်သွယ်ရေး အရာရှိက ပြောပါတယ်။

    နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ လက်ရှိတခြား ကမ္ဘာ့အရေးပေါ်နေရာဒေသတွေကိုပါ ခွဲဝေထောက်ပံ့ ပေးနေရတာကြောင့် အခုလို မြန်မာနိုင်ငံ အတွက် ရံပုံငွေ မလောက်မင ဖြစ်သွားရတယ် လို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံတွင်း ဒုက္ခသည်တွေထဲမှာ အဓိကအနေနဲ့ ရခိုင်ပြည်နယ် ဘာသာ လူမျိုး ပဋိပက္ခတွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ဒုက္ခသည်ပေါင်း တစ်သိန်း လေးသောင်းနဲ့၊ ကချင်ပြည်နယ် စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြတဲ့ ပေါ်ပေါက်လာခဲ့တဲ့ ဒုက္ခသည်ပေါင်း ၇ သောင်း ရှိနေကြပါတယ်။

    ဓါတ်ပုံအညွှန်း- ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။ photo courtesy of Kachinnet.net
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    http://www.rfa.org/burmese/news/wfp-myanmar-refugee-wound-10302014225653.html