News @ M-Media

Blog

  • ဘိုင်ယန် ကွင်းလယ်လူ ရီဘာရီ ပရိတ်သတ် တစ်ဦး၏ နှောက်ယှက်မှုကို ခံခဲ့ရ

    ဘိုင်ယန် ကွင်းလယ်လူ ရီဘာရီ ပရိတ်သတ် တစ်ဦး၏ နှောက်ယှက်မှုကို ခံခဲ့ရ

    အောက်တိုဘာ ၃၁၊ ၂၀၁၄
    M-Media
    529181_heroa
    – ဂျာမနီရှုံးထွက် ဘောလုံးပြိုင်ပွဲ DFB Pokal တွင် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဖရန့်ရီဘာရီမှာ ပရိတ်သတ်တစ်ဦး၏ ကွင်းအတွင်း ၀င်ရောက်နှောက်ယှက်မှုကို ခံခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့ညက ကစားခဲ့ပြီး ဟမ်းဘတ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော ထိုပွဲတွင် ပွဲပြီးကာနီးနောက်ဆုံးမိနစ်၌ ပရိသတ်တစ်ဦးမှာ ကွင်းအတွင်းသို့ ပြေးဝင်လာကာ ရီဘာရီ၏ မျက်နှာအား လည်စီးပုဝါဖြင့် ရိုက်ခဲ့သည်။ ထို့နောက် လက်ဖြင့် ဆဲရေးတိုင်းထွာသော အမူအယာကိုလည်း လုပ်ပြခဲ့သည်။

    ရီဘာရီကမူ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ဘဲ ကွင်းလုံခြုံရေးများက ထိုပရိတ်သတ်အား ဖမ်းဆီးကာ ကွင်းအတွင်းမှ အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

    ဘိုင်ယန်၏ ရာသီအစပွဲများအား လွဲချော်ခဲ့သည့် ရီဘာရီမှာ ထိုပွဲတွင် အသင်းအတွက် ပထမဆုံး ပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် ရရှိခဲ့သည့် ဘိုင်ယန်၏ တတိယဂိုးမှာ ရီဘာရီ၏ ဒုတိယပိုင်း ကန်သွင်းချက် လူထိ၍ လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခြင်းကြောင့်ဖြစ်သည်။ ဘိုင်ယန်မှာ လာမည့်စနေနေ့တွင် အိမ်ကွင်း၌ ဒေါ့မွန်အသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ဖို့  ဦးသိန်းစိန်အား သမ္မတ အိုဘားမား တိုက်တွန်း

    ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ဦးသိန်းစိန်အား သမ္မတ အိုဘားမား တိုက်တွန်း

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    20141031144194734_20
    – နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆောင်ရွက်သွားရန် အမေရိကန်သမ္မတ ဘာရက် အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်အား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ယမန်နေ့က သမ္မတအိုဘားမားနှင့် ဦးသိန်းစိန်တို့ ဖုန်းပြောဆိုမှုအတွင်း ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများ၏ လူအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများကို အားပေးထောက်ခံရန်လည်း တိုက်တွန်းခဲ့သည်။

    ဂျာနယ်လစ်များအား ထောင်ချခြင်း၊ နိုင်ငံမဲ့ရိုဟင်ဂျာများ ဖိနှိပ်ခြင်းနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်များအား မြန်မာစစ်တပ်က တိုက်ခိုက်ခြင်းတို့ အပါအ၀င် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအား အမေရိကန်က စိုးရိမ်လျက်ရှိနေသည်။

    ယမန်နေ့က ဖုန်းပြောဆိုမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ သီးခြားစီပြောဆိုခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဦးသိန်းစိန် အစိုးရ၏ ကတိက၀တ် အတွက် ကြိုဆိုပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိုလည်း အချိတိုတိုအတွင်း ဆောင်ရွက်ရန်အတွက်လည်း ဦးသိန်းစိန်အား အိုဘားမားက တိုက်တွန်းခဲ့ကြောင်း အိမ်ဖြူတော်၏  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အိုဘားမားမှာ မြန်မာနိုင်ငံသို့ ယခုလ ဒုတိယသီတင်းပတ်အတွင်း လာရောက်လည်ပတ်မည်ဖြစ်ပြီး ၎င်း၏ သမ္မတသက်တမ်းတစ်လျှောက် ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်ခြင်းလည်းဖြစ်သည်။

    Source: Agencie

  • WFP ရံပုံငွေပြဿနာ  မြန်မာ ဒုက္ခသည်တွေ ထိခိုက်

    WFP ရံပုံငွေပြဿနာ မြန်မာ ဒုက္ခသည်တွေ ထိခိုက်

    image (2)
    မြန်မာနိုင်ငံတွင်းက ပြည်တွင်းပဋိပက္ခတွေကြောင့် နေရပ်စွန့် ထွက်ပြေးခဲ့ကြရသူ ဒုက္ခသည်နှစ်သိန်းကျော်အတွက် ဆန်ပေးဝေမှု ငါးပုံတစ်ပုံ လျော့ချရတော့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရက္ခာ အစီအစဉ် WFP က မနေ့က ပြောပါတယ်။

    ရံပုံငွေ မလုံလောက်တဲ့အတွက် နိုဝင်ဘာလ ကစပြီး၊ ဆန် ပေးဝေတဲ့ ပမာဏကို ၂ဝ ရာခိုင်နှုန်း ဖြတ်တောက်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိ ပေးဝေနေတဲ့ နှုန်းအတိုင်း လာမယ့်နှစ် နွေရာသီအထိ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၉ သန်း လိုအပ်နေကြောင်း၊ ဒါဟာ WFP အနေနဲ့ ပထမဆုံးတွေ့ကြုံရတဲ့ ရံပုံငွေ ပြတ်လပ်မှုဖြစ်ကြောင်း၊ လိုအပ်တဲ့ ရံပုံငွေကို မကြာခင် ပြန်လည်ဖြည့်တင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း WFP ရဲ့ အာရှတိုက်ဆိုင်ရာ ဒေသဆက်သွယ်ရေး အရာရှိက ပြောပါတယ်။

    နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ လက်ရှိတခြား ကမ္ဘာ့အရေးပေါ်နေရာဒေသတွေကိုပါ ခွဲဝေထောက်ပံ့ ပေးနေရတာကြောင့် အခုလို မြန်မာနိုင်ငံ အတွက် ရံပုံငွေ မလောက်မင ဖြစ်သွားရတယ် လို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံတွင်း ဒုက္ခသည်တွေထဲမှာ အဓိကအနေနဲ့ ရခိုင်ပြည်နယ် ဘာသာ လူမျိုး ပဋိပက္ခတွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ဒုက္ခသည်ပေါင်း တစ်သိန်း လေးသောင်းနဲ့၊ ကချင်ပြည်နယ် စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ကြတဲ့ ပေါ်ပေါက်လာခဲ့တဲ့ ဒုက္ခသည်ပေါင်း ၇ သောင်း ရှိနေကြပါတယ်။

    ဓါတ်ပုံအညွှန်း- ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။ photo courtesy of Kachinnet.net
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    http://www.rfa.org/burmese/news/wfp-myanmar-refugee-wound-10302014225653.html

  • ရခိုင်ပြည်နယ်တွင်း တင်းမာမှုပြဿနာ ကုလစိုးရိမ်

    ရခိုင်ပြည်နယ်တွင်း တင်းမာမှုပြဿနာ ကုလစိုးရိမ်

    05CB1890-6A34-4D68-91A5-79EDB82B2038_w640_r1_s_cx0_cy10_cw0
    ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ ဥပဒေသစ် ပြဌာန်းမှုတွေနဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီးလုပ်နေပေမဲ့ ရခိုင်ပြည်နယ်တွင်း တင်းမာမှုတွေ အခုထိ မလျော့ပါးသေးတာအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လကနေ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့က တင်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိပေမဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တင်းမာမှုတွေကြောင့် အကြမ်းဖက်မှု၊ အသက်ဆုံးရှုံးမှု၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ပြန်ပြီး ဖြစ်ပေါ်စေ ခဲ့တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မစ္စတာ ဗွီဂျေး နမ်ဘီးယားက ထောက်ပြ ပြောဆိုသွားတာပါ။

    အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံရေးအရ ကွဲပြားမှုဟာ အတော်လေး နက်ရှိုင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ မူဆလင် အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ စိတ်ဝမ်းကွဲပြားမှု ပိုပြီး ကြီးမားလာခဲ့သလို အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေရဲ့ အခြေအနေဟာ အတော်လေးကို ပြင်းထန်ဆိုးရွားတဲ့အဆင့် ရောက်နေတာမို့ အထူးစိုးရိမ်မိကြောင်း ပြောသွားပါတယ်။ အခုလို အခြေအနေတွေ တင်းမာနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရက ရခိုင် Action Plan စီမံကိန်း ရေးဆွဲခဲ့တာကို တွေ့ရပြီး ဒီစီမံကိန်းဟာ ကောင်းမွန်တယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

    ဒါပေမဲ့လို့ တတိယကော်မတီ အစည်းအဝေးမှာ ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့တဲ့ မြန်မာနဲ့ နိုင်ငံတကာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ ဦးဆောင် လှုပ်ရှားနေသူ မဝေေ၀နု ကတော့ ဒီစီမံကိန်းမှာ တရားမျှတမှုရှိတာ မတွေ့ရဘူးလို့ ပြောပါတယ်။

    “သူပြောသွားတာ မဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့လည်း ပြန်ကြည့်ရမှာက ရေရှည်အတွက် တည်မြဲမယ့် အဖြေမျိုးဖြစ်ဖို့လိုတယ်။ Rakhine Action Plan မှာ တကယ်ပဲ အဲ့ဒါ ရနိုင်မလားဆိုတာကို ကျမတို့ ပြန်ဆန်းစစ်ဖို့ လိုတယ်။ ဒီ Rakhine Action Plan ဆိုပြီး ချပြီးတော့ အစိုးရတင်သွင်းလာတဲ့ကိစ္စဟာ တကယ်ပဲ ဒီလူတွေအတွက် တရားမျှတမှု ရှိမလား။ မျှတတဲ့အဖြေ၊ တရားတဲ့အဖြေ ဖြစ်မလားဆိုတဲ့ဟာလည်း အရေးကြီးပါတယ်။ နောက်ပြီးတော့ အဲ့ဒီ Action Plan တခုလုံးကလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရဲ့လား ဆိုတဲ့ဟာကိုလည်း ဆန်းစစ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ တကယ့် Stakeholder တွေ သူတို့ ထည့်သွင်းပြီးတော့ လုပ်ဆောင်တာမျိုး မတွေ့ရဘူး။ အစိုးရက သူ့ဟာနဲ့သူ ဒီဟာကို ရေးဆွဲပြီးမှ နောက်ဆုံးမှာ တချို့ NGO တွေ၊ UN အေဂျင်စီတွေနဲ့ Concern လုပ်ပြီးတော့ ဒါကို သူတို့ အတည်ပြုချင်တဲ့ သဘောမျိုးမှာ တွေ့ရတယ်။ ဆိုတော့ အဓိက Stakeholder  ဖြစ်တဲ့ ရခိုင် Community နဲ့ ရိုဟင်ဂျာ Community နှစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ပါသင့်တယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ဆိုရင်တော့ ဒါ တဘက်သတ် တင်သွင်းတဲ့ Action Plan ဖြစ်မယ်။ ဒီ Action Plan ရဲ့ Process တခုချင်းစီမှာလည်း အများကြီး လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရတယ်။ နောက်ပြီး တကယ်လို့သာ အတင်းအဓမ္မ အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ ပြဿနာတွေ ဆိုးရွားလာနိုင်စရာ ရှိပါတယ်။”

    မစ္စတာ နမ်ဘီးယားက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်နေတာ တွေ့ရပြီး လွှတ်တော်ကနေ ဥပဒေသစ်တွေ ပြဌာန်းပေးနိုင်ခဲ့သလို ဒီဥပဒေတွေဟာ မြန်မာ့အသွင် ကူးပြောင်းရေးအတွက် လိုအပ်ချက်တွေ၊ တာဝန်ယူမှုတွေကို အထောက်အကူ ဖြစ်စေတယ်လို့ ပြောပါတယ်။ နောက်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေ ရှိနေပြီး  နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးအတွက် မူဘောင်တွေ ချမှတ် တည်ဆောက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာကိုလည်း ထည့်သွင်းပြောသွားပါတယ်။

    မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ ဗွီဂျေး နမ်ဘီးယားရဲ့ ပြောဆိုချက်တွေဟာ အချိန်စောနေသေးတယ်လို့ မဝေေ၀နုက ပြောပါတယ်။

    “Special Advisor က ကျမတို့ ဒီအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောသွားဘူး။ ဒီအမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ နောက် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံနေရမှုတွေ၊ ဒီတိုင်းရင်းသားဒေသတွေမှာ ဒါတွေကိုလည်း သူ ဘာမှ Highlight မပြောသွားသလို၊ အမျိုးသမီးတွေ ပါဝင်မှု အခန်းကဏ္ဍတွေကိုလည်း သူ ဘာမှ မပြောသွားဘူး။ နောက်တခါ လယ်ယာမြေသိမ်းဆည်းရေး ပြဿနာတွေ အကြီးအကျယ်ဖြစ်နေတယ် တတိုင်းပြည်လုံးနီးပါး။ ဒါဟာ အမြန်ဆုံး ဖြေရှင်းရမယ့် ကိစ္စတခုဖြစ်တယ်။ လယ်သမားတွေ အများကြီး ဒုက္ခရောက်နေပါတယ်။ ဒီကိစ္စကိုလည်း သူ Highlight လုပ်သွားတာ မတွေ့ရဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတယ်လို့ ပြောပေမဲ့လည်း ထပ်ထပ်ပြီး ဖမ်းတဲ့ဟာတွေ၊ ပြန်ပြန်ပြီး ဖမ်းတဲ့ဟာတွေ၊ အဲ့ဒါတွေ အများကြီးကို ကျမတို့ တွေ့ရတယ်။ တကယ်တမ်း ထုတ်ဖော်စည်းဝေးခွင့်တွေ ခုန ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း ခံထားရတာတွေကိုလည်း ပိုပြီး Highlight လုပ်ဖို့ ကောင်းတယ်ပေါ့နော်။ ဒီလို Report မျိုး တင်မယ်ဆိုရင် ပိုပြီးတော့ ကျမတို့ Civil Society အောက်ခြေမှာရှိတဲ့လူတွေ ပိုပြီးတော့ Consult လုပ်သင့်တယ်။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံသင့်တယ်၊ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ထင်ပါတယ်။”

    မြန်မာနိုင်ငံဟာ လက်ရှိမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက် လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောသွားပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံဟာ အစိုးရရုံးဆိုက်ရာ နေပြည်တော်မှာ ဒေသတွင်း အာဆီယံ အစည်းအဝေးတွေအပြင် နိုင်ငံတကာ အစည်းအဝေးတွေကိုလည်း အောင်အောင်မြင်မြင် ဦးစီးကျင်းပပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲတွေ အပါအ၀င် အခြားဖွံ့ဖြိုးရေး ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပြဌာန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအေဂျင်စီနဲ့ ရန်ပုံငွေထောက်ပံ့ရေး အစီစဉ်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာ တွေ့ရပြီး ကုလသမဂ္ဂဘက်ကလည်း မြန်မာနိုင်ငံနဲ့ အနီးကပ်လက်တွဲပြီး ဆက်လက် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က ပြောဆိုသွားပါတယ်။

    VOA(မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    http://burmese.voanews.com/content/burma-un/2501594.html

  • လိုက်ဘေးရီးယားတွင် အီဘိုလာပြန့်နှံ့မှု လျော့ကျလာပြီဟု WHO ဆို

    လိုက်ဘေးရီးယားတွင် အီဘိုလာပြန့်နှံ့မှု လျော့ကျလာပြီဟု WHO ဆို

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    2014102917434593580_20
    – အနောက်အာဖရိကတွင် အီဘိုလာပြန့်နှံ့မှု အများဆုံးဖြစ်နေသော လိုက်ဘေးရီးယားနိုင်ငံတွင် သေဆုံးမှုများ၊ ရောဂါကူးစက်မှုများ လျော့ကျသွားခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်သည်။

    “အီဘိုလာအပေါ်တုံ့ပြန်မှု အသာစီးရပြီလားလို့ ယုံကြည်သလားဆိုရင်တော့… ဟုတ်ပါတယ် ရောဂါကူးစက်မှုနှုန်းကျလာတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ကျွန်တော်တို့ ဒီမှာ ဂရုစိုက်ဖို့ လိုပါတယ်။ ဒါဟာ တောင်အောက်ကို ပြုတ်ကျသလိုမျိုး (အလျင်အမြန် လျော့ကျတာမျိုး) တော့ မဟုတ်ပါဘူး။ ” ဟု ယမန်နေ့က ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းဝေးတွင် WHO ၏ လက်ထောက် ဒါရိုက်တာ ဘရုစ် အိုင်လ်ဝါဒ်က ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် အီဘိုလာပြန့်ပွားနေသည့် နိုင်ငံ ၈ ခု၌ ရောဂါကူးစက်နေသူ အရေအတွက်မှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ထုတ်ပြန်ချက်အရ ၁၃၇၀၃ ဦး ရှိနေပြီး သေဆုံးသူ အရေအတွက်မှာ ၅၀၀၀ ကျော်နေပြီဖြစ်သည်။

    ပြီးခဲ့သည့် စနေနေ့မှစတင်ကာ ရောဂါကူးစက်သူ အရေအတွက် ၃၀၀၀ ကျော်ရှိခဲ့သည်ဟု သတင်းပေးပို့ခဲ့သော်လည်း အချက်အလက် အဟောင်းများကို မှားယွင်းဖော်ပြမှုကြောင့် ဖြစ်သည်ဟု အိုင်လ်ဝါဒ်က ဆိုသည်။

    ထို့ပြင် အီဘိုလာအား ထိန်းချုပ်နိုင်ပြီဟု ယူဆနိုင်ကြောင်း၊ ယခုနှုန်းအတိုင်း ဆက်သွားပါက ဒီဇင်ဘာ ၁ ရက်နေ့တွင် အီဘိုလာ ထိန်းချုပ်မှုလုပ်ငန်းများ တိုးတက်ရမည်ဟူသော ရည်ရွယ်ချက်မှာ အဆိုးဆုံး ကူးစက်နေသည့် နိုင်ငံများဖြစ်သည့် ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီရာလီယိုနီ နိုင်ငံများ၌ ပြည့်မီနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Source: Agencies