News @ M-Media

Blog

  • ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

    ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    Dilma Rousseff
    – လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ရွေးကောက်ပွဲရလဒ်များကို ယနေ့တွင် ကြေညာခဲ့ရာ ရူးဆက်ဖ်မှာ မဲပေးမှု စုစုပေါင်း ၉၉.၆၆ ရာခိုင်နှုန်းတွင် ၅၁.၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဲစီယို နီဗက်စ်မှာ မဲအရေအတွက် ၄၈.၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရူးဆက်ဖ်က ၎င်း၏ ဒုတိယ သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး ဘရာဇီးလ် ပြည်သူများက တောင်းဆိုသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

    အစောပိုင်းတွင် နီဗက်စ်မှာ ရူးဆက်ဖ်ထက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား အသာရခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ရူးဆက်ဖ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နီဗက်စ်ကလည်း မိမိရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

    ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်မှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    ref_ Al Jazeera and agencies

  • မန်ယူမှာ ရှေ့တစ်လှမ်း တိုးကာ နောက်နှစ်လှမ်း ဆုတ်သကဲ့သို့ ဖြစ်နေကြောင်း ဖာဂူဆန်ဆို

    မန်ယူမှာ ရှေ့တစ်လှမ်း တိုးကာ နောက်နှစ်လှမ်း ဆုတ်သကဲ့သို့ ဖြစ်နေကြောင်း ဖာဂူဆန်ဆို

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    alex-ferguson_pa_3086032b
    – မန်ယူအသင်း၏ ယခုနှစ်ရာသီအခြေအနေမှာ ရှေ့တစ်လှမ်းတိုး၍ နောက်နှစ်လမ်းဆုတ်သကဲ့သို့ ဖြစ်နေသည်ဟု မန်ယူနည်းပြဟောင်း ဖဂူဆန်က ပြောကြားလိုက်သည်။

    ဒေးဗစ်မိုယက်စ်လက်ထက် အခြေအနေဆိုးရွားခဲ့သည့် မန်ယူအသင်းအား နည်းပြ ဗန်ဂါးလ် တာဝန်ယူပြီးနောက်ပိုင်း ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း အသင်းမှာ ရာသီသစ်တွင် ခြေမမှန်သေးဘဲ ရုန်းကန်ရလျက်ရှိနေကာ ယမန်နေ့က ကစားခဲ့သောချယ်ဆီးနှင့် ပွဲတွင်လည်း နောက်ဆုံးမိနစ် ဂိုးဖြင့် သရေတစ်မှတ်ရခဲ့သည်။

    ထို့ကြောင့် မန်ယူအသင်း၏ အနာဂတ်အတွက် ဗန်ဂါးလ်အပေါ် ယုံကြည်မှု ရှိသလားဟု အခမ်းအနားတစ်ခုတွင် ဖာဂူဆန်အား မေးမြန်းခဲ့ရာ

    “သေချာတာပေါ့။ သူဟာ ဒီအလုပ်နဲ့ သင့်တော်တဲ့သူပါပဲ။ ဒါပေမယ့် နည်းနည်းလေး ရှေ့တစ်လှမ်းတိုးပြီးရင် နှောက်နှစ်လမ်း ဆုတ်သလို ဖြစ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် ဖာဂူဆန်က မိုယက်စ်အား ခန့်အပ်ခဲ့မှုတွင် အများထင်သကဲ့သို့ အတွင်းကျကျပါဝင်ခဲ့ခြင်း မရှိကြောင်း၊ မိုယက်စ်လက်ထဲသို့ ဇရာထောင်းနေသည့် အသင်းအား ထည့်ပေးခဲ့သည်ဟူသော အယူအဆမှာလည်း မှားယွင်းကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အကောင်းဆုံး ကစားသမားခေါ်ယူမှုကို မေးမြန်းခဲ့ရာတွင် ကာရင်တန်အား ခေါ်ယူခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ခရစ္စတီယာနိုရော်နယ်ဒိုအား စပို့တင်းလစ္စဘွန်းမှ ခက်ခက်ခဲခဲ ခေါ်ယူခဲ့ရသော်လည်း အသင်းလူစာရင်းအတွက် အရေးပါသော ဖြည့်တင်းမှု မဟုတ်ခဲ့ဟု ပြောကြားခဲ့သည်။

  • တောင်အာဖရိက လက်ရွေးစင် အသင်းခေါင်းဆောင် ဂိုးသမား သေနတ်ဖြင့် ပစ်သတ်ခံရ

    တောင်အာဖရိက လက်ရွေးစင် အသင်းခေါင်းဆောင် ဂိုးသမား သေနတ်ဖြင့် ပစ်သတ်ခံရ

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    _78553888_senzogetty
    – တောင်အာဖရိကလက်ရွေးစင် အသင်းခေါင်းဆောင်ဖြစ်ပြီး ပရိတ်သတ်များ၏ ချစ်ခင်လေးစားမှုကို ခံရသော ဂိုးသမား ဆန်ဇို မြီဝါမှာသေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်ဟု သိရသည်။

    အောက်တိုဘာ ၂၆ ရက် တနင်္ဂနွေနေ့ ညနေပိုင်းတွင် သူစိမ်းများက ဂျိုဟန်နစ္စဘတ်အနီးရှိ ဆန်ဇို၏ နေအိမ်သို့ဝင်ရောက်၍ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်အာဖရိက ရဲတပ်ဖွဲ့ SAPS က ပြောကြားခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ပြည်တွင်းမီဒီယာများကမူ ဆန်ဇိုမှာ မိုဘိုင်းဖုန်းတစ်လုံးအတွက် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    အသက် ၂၇ နှစ်အရွယ် ဆန်ဇိုမှာ တောင်အာဖရိက ကလပ်အသင်းဖြစ်သော အော်လန်ဒို ပိုင်းရိတ်စ် အက်ဖ်စီအသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး အော်လန်ဒိုပိုင်းရိတ်စ်ကမူ ဆန်ဇိုသေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲရကြောင်း၊ တိုင်းပြည်နှင့် ပြည်သူအားလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ကြောင်း ၎င်းတို့၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ထိုသတင်းထွက်ပေါ်လာပြီးနောက် တောင်အာဖရိက ပြည်သူများမှာ ဆန်ဇို၏ အိမ်နှင့် အခင်းဖြစ်ပွားရာ နေရာများသို့ စုရုံးရောက်ရှိလာခဲ့ကြပြီး တာဝန်ရှိသူများကမူ စိတ်ထိန်းကြရန် ပြည်သူများအား မေတ္တာရပ်ခံခဲ့သည်။

    ဆန်ဇိုမှာ ၂၀၁၅ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲတွင် အုပ်စုပထမဖြင့် အောင်မြင်ခဲ့သော တောင်အာဖရိကအသင်းအတွက် လက်စွမ်းပြခဲ့သူဖြစ်ပြီး လေးပွဲးကစားရာတွင် တစ်ဂိုးမှ မပေးရရန် စွမ်းဆောင်နိုင်ခဲ့သည်။

  • ၁၃ နှစ်ကြာပြီ ဖြစ်တဲ့ အာဖဂန် ကျူးကျော်စစ်တွင် ပါဝင်ခဲ့သော ဗြိတိန် စစ်တပ် အိမ်ပြန်ပြီ

    ၁၃ နှစ်ကြာပြီ ဖြစ်တဲ့ အာဖဂန် ကျူးကျော်စစ်တွင် ပါဝင်ခဲ့သော ဗြိတိန် စစ်တပ် အိမ်ပြန်ပြီ

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    2014102615119240734_20
    – ၁၃ နှစ်တာ ကြာမြင့်ခဲ့သည့် အာဖဂန်အား အမေရိကန်၏ ကျူးကျော်စစ်တွင် ပါဝင်ခဲ့သည့် ဗြိတိန်စစ်တပ်များမှာ ၎င်းတို့၏ တာဝန်များကို အဆုံးသတ်လိုက်ပြီး အိမ်ပြန်တော့မည်ဟု သိရသည်။

    ဗြိတိန်စစ်တပ်မှာ ၎င်းတို့၏ တာဝန်အရပ်အရပ်ကို အာဖဂန် အနောက်တောက်ပိုင်း ဟဲလ်မန်းပြည်နယ်ရှိ Bastion နှင့် Leatherneck စစ်အခြေစိုက် စခန်းနှစ်ခုတွင် အာဖဂန် တပ်များအား ယမန်နေ့က လွှဲပြောင်းပေးခဲ့သည်။ သို့သော်လည်း ဗြိတိန်တပ်များ အာဖဂန်မှ ထွက်ခွာမည့်အချိန်ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

    အဆိုပါ တပ်စခန်းနှစ်ခုမှာ အာဖဂန် အနောက်တောင်ပိုင်း ဒေသအတွက်နိုင်ငံတကာမဟာမိတ်တပ်များ အခြေစိုက်ရာ ဌာနချုပ်ကြီးဖြစ်ပြီး ဗြိတိန်တပ်များ ထွက်ခွာပြီးနောက် အာဖဂန်တပ်မတော် အမှတ် ၂၁၅ တပ်မမှ ကွပ်ကဲအုပ်ချုပ်မည်ဖြစ်သည်။

    အာဖဂန်ကျူးကျော်စစ်အတွင်း အမေရိကန်နှင့် ဗြိတိန်တပ်များမှာ တိုက်ပွဲကြီးများကို ရင်ဆိုင်ခဲ့ရပြီး ၂၀၀၁ ခုနှစ်မှစတင်ခဲ့သည့် အဆိုပါ စစ်ပွဲအတွင်း အမေရိကန်စစ်သား ၂၂၁၀နှင့် ဗြိတိန်စစ်သား ၄၅၃ ဦး သေဆုံးခဲ့သည်။ အာဖဂန်မှ နိုင်ငံခြားတပ်များမှာ ယခုနှစ်အကုန် နောက်ဆုံးထား၍ ထွက်ခွာမည်ဖြစ်သည်။

    ref_ AP

  • ဘဏ္ဍာရေးဆိုင်ရာ ညီလာခံတစ်ခု မြန်မာနိုင်ငံတွင် ယခုတစ်ပတ် အတွင်း ကျင်းပမည်

    ဘဏ္ဍာရေးဆိုင်ရာ ညီလာခံတစ်ခု မြန်မာနိုင်ငံတွင် ယခုတစ်ပတ် အတွင်း ကျင်းပမည်

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media

    – ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများအတွက် အားထုတ်ကြိုးပမ်းရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန် အာဆီယံဘဏ္ဍာရေးဆိုင်ရာ ညီလာခံတစ်ခုကို မြန်မာနိုင်ငံ၌ ယခုသီတင်းပတ်အတွင်း ကျင်းပမည်ဟု သိရသည်။

    အဆိုပါညီလာခံကို အောက်တိုဘာ ၂၉၊ ၃၀ ရက်များတွင် ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီချမှတ်သူများ၊ ပညာရှင်များ၊ ဘဏ္ဍဘာရေးလုပ်ငန်းတွင် အတွေ့အကြုံရှိသူများနှင့် ကုလသမဂ္ဂ ဖွံဖြိုးရေး အစီအစဉ်၊ ကုလမြို့ပြတိုးတက်ရေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများအပါအ၀င် ဘဏ္ဍာရေးနယ်ပယ်မှ အဓိက ပုဂ္ဂိုလ်များ တက်ရောက်မည်ဖြစ်သည်။

    ညီလာခံအတွင်း ဘဏ္ဍာရေးဆိုင်ရာ ပါဝင်မှုများက အစိုးရ၏ပေါ်လစီများကို မည်ကဲ့သို့ ကူညီနိုင်မည်ဆိုသည်နှင့် ဘဏ္ဍာရေုးဆိုင်ရာ မညီမျှမှုများကို လျှော့ချခြင်း၊ အကျိုးဖြစ်ထွန်းမှုများကို ဖန်တီးခြင်း၊ ဘဏ္ဍာရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ၏ စီးပွားဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခြင်း စသည်တို့ကို ဆောင်ရွက်၍ အာဆီယံဒေသအတွင်း တည်တံ့သော၊ ညီမျှသော စီးပွားရေးဖွံဖြိုးတိုးတက်မှုကို သေချာအောင်ဆောင်ရွက်ရန်တို့အတွက် စာတမ်းနှစ်ခုကိုလည်း တင်သွင်း ဖတ်ကြားမည်ဖြစ်သည်။

    အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

    ref_ ဆင်ဟွာ