News @ M-Media

Blog

  • သေဆုံးသူ၏ နှလုံးခုန် ရပ်နေသော နှလုံးဖြင့် ကမ္ဘာပထမဆုံး အဖြစ် အစားထိုး ကုသမှုပေးနိုင်

    သေဆုံးသူ၏ နှလုံးခုန် ရပ်နေသော နှလုံးဖြင့် ကမ္ဘာပထမဆုံး အဖြစ် အစားထိုး ကုသမှုပေးနိုင်

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    130090-c48bd76c-5b02-11e4-9353-adbcffafddf7_Web
    ကမ္ဘာ့ပထမဆုံးအနေနဲ့ သြစတြေးလျ ဆစ်ဒနီ မှာ ရှိတဲ့ စိန့်ဗင်းဆင့် ဆေးရုံက ခွဲစိတ်ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ သေဆုံး ကွယ်လွန်သွားသူ၏ နှလုံး ခုန်ရပ်နေသော နှလုံးနှစ်ခုကို လူနာနှစ်ဦးဆီကို အစားထိုးပေးခဲ့ပြီး ယခုအခါ နှစ်ဦးစလုံးကျန်းမာစွာရှိနေကြောင်းသိရပါတယ်။

    လက်ရှိဆေးပညာအရ အရင်က လုပ်ဆောင်နေခဲ့တာက ဦးနှောက် အလုပ် မလုပ်ဘဲ နှလုံး ဆက်ခုန်နေသးတဲ့ လူနာတွေဆီက နှလုံးကို ချက်ချင်းဆိုသလို အစားထိုးပေးရ တာမျိုးဖြစ်တာကြောင့် နှလုံးရရှိဖို့အခွင့်အလမ်းနည်းတာကြောင့် နှလုံးအစားထိုးခြင်းကို လူအနည်းငယ်ကိုပဲ လုပ်ပေးနိုင်ခဲ့ပါတယ်။

    ထူးခြားတာက ယခုကမ္ဘာ့ပထမဆုံး အစားထိုးခွဲစိတ်မှုအဖြစ် အသုံးပြုခဲ့တဲ့ ဒီနှစ်လုံးနှစ်ခုဟာ နှလုံးခုန် ရပ်ပြီး သေဆုံးနေခဲ့တာ အနည်းဆုံး မိနစ် (၂ဝ) ရှိပါပြီ။ ယင်းနှလုံးကို ထူးခြားတဲ့ကြာရှည်ခံ ဆေးရည်ကိုအသုံးပြုပြီး မပျက်မစီး ရှင်သန်အောင်ထားခဲ့ပါတယ်။ ပြီးမှ နှလုံးကောင်းစွာ အလုပ် မလုပ်တော့တဲ့ လူနာကို အောင်မြင်စွာ အစားထိုး ခွဲစိတ်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

    Victor Chang နှလုံးသုတေသန သိပ္ပံက က ဦးဆောင် သုတေသီ Bob Graham က ခုနည်းပညာကြောင့် အရင်အစားထိုးခွဲစိတ်မှုထက် လူနာ ၃ဝ ရာခိုင်နှုန်းပိုပြီး နှလုံးအစားထိုးပေးမှုတွေ လုပ်ပေးနိုင်တော့မှာဖြစ်ကြောင်းပြောပြပါတယ်။

    အခုအစားထိုးအောင်မြင်မှုဟာ ဆစ်ဒနီမှာရှိတဲ့ နှလုံးသုတေသနသိပ္ပံနဲ့ စိန့်ဗင်းဆင့် ဆေးရုံတို့ ပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    အသက် ၅၇ နှစ်အရွယ် မီရှယ်လ် ဂရစ်ဘီလာ လအနည်းငယ်အရင်က ပထမဆုံး နှလုံး အစားထိုး လဲလှယ်ခဲ့ပြီး ယခုအခါကောင်းစွာ ကျန်းမာလျှက်ရှိပါတယ်။ ဒုတိယ လူနာဖြစ်သူ ဂျန်ဒါမန်ကတော့ ၁၄ ရက် အရင်က ခွဲစိတ်မှုလုပ်ခဲ့ပြီး ယခုကောင်းစွာကျန်းမာနေပြီဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ မွေးရာပါ နှလုံးကောင်းစွာ အလုပ်မလုပ်တဲ့ သူတွေဖြစ်ပါတယ်။

    သိပ္ပံပညာရှင်တွေဟာ သွေးလှည့်ပတ် စီးဆင်းခြင်းမရှိဘဲ သေဆုံးနေတဲ့ နှလုံးကို ထူခြားတဲ့ကြာရှည်ခံ အရည်တစ်မျိုးနဲ့ဗူးထဲမှာ စိမ်ပြီး ပျက်စီး မသွားအောင် ထိန်းသိမ်းထားခဲ့ပါတယ်။

    နှလုံးအလှူရှင် သေဆုံးပြီး (၅) မိနစ်အကြာမှာ နှလုံးကိုထုတ်ယူတယ်။ အထူးစီမံထားတဲ့ ဗူးထဲမှာ နှလုံးကိုသွေးဖြတ် စီးဆင်းစေပြီး အောက်စီဂျင်ပေး ထားပါတယ်။ အောက်စီဂျင် မရလို့နှလုံး မပျက်စီးစေအောင် ဒီကြာရှည်ခံအရည်ကိုလည်း ထည့်သွင်းပါတယ်။ နွေးထွေးနေတဲ့ ဒီဗူးထဲမှာ နှလုံးဟာ တဖန်ပြန်လည် ခုန်လာပြီး လိုအပ်တဲ့နေရာကို ပို့ဆောင်စေပါတယ်။

    ကြာရှည်ခံအရည်နဲ့ ဒီအထူးစီမံထားတဲ့ဗူး နှစ်ခုစလုံးရဲ့ ပေါင်းစပ်မှုနဲ့ နှလုံးခုန်ရပ်နေခဲ့တဲ့ နှလုံးကို အစားထိုးလဲလှယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

    မြတ်ဇော် တင်ဆက်သည်။

    Source : Science Alert,theaustrallian

  • ဘာလော့တယ်လီ ဂိုးသွင်းရန် ယုံကြည်မှု လိုအပ်ဟု နည်းပြရော်ဂျာဆို

    ဘာလော့တယ်လီ ဂိုးသွင်းရန် ယုံကြည်မှု လိုအပ်ဟု နည်းပြရော်ဂျာဆို

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    509041_heroa
    – ယမန်နေ့က ကစားခဲ့သော ပွဲတွင် ဘာလော့တယ်လီ၏ စွမ်းဆောင်မှုအား ကျေနပ်မိပြီး ဂိုးသွင်းနိုင်ရန်အတွက် မိမိကိုယ်ကို ယုံကြည်မှုလိုအပ်နေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။

    ဘာလော့တယ်လီမှာ ဟားလ်စီးတီးနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိချေ။

    “ကျွန်တော်ကတော့ သူ(ဘာလော့တယ်လီ)ဟာ အလုပ်ကောင်းကောင်းလုပ်ခဲ့ပြီး ကြိုးစားခဲ့တယ်လို့ မြင်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းနည်းလေး လိုနေတာပါ။ တစ်ခါတစ်လေ ဂိုးမရဘူးဆိုရင် ယုံကြည်မှုလျော့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူဟာတိုးတက်နေပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    စတားရစ်ခ်ျဒဏ်ရာရပြီးနောက်ပိုင်းတွင် လီဗာပူးလ်မှာ ဂိုးရရန် ရုန်းကန်နေရပြီး တိုက်စစ်မှူးသစ် ရစ်ကီလာမ်ဘာ့တ်မှာလည်း ပုံမှန်ဂိုးသွင်းခြေ မရှိချေ။ ဘာလော့တယ်လီမှာမူ အေစီမီလန်မှ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်တွင် ၁ ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးပေ။

  • ဘာကာအား အနိုင်ရခဲ့သည့်ပွဲတွင် ဘန်ဇီမာက အကောင်းဆုံးဟု အန်ဆယ်လော့တီဆို

    ဘာကာအား အနိုင်ရခဲ့သည့်ပွဲတွင် ဘန်ဇီမာက အကောင်းဆုံးဟု အန်ဆယ်လော့တီဆို

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    510851_heroa
    – ယနေ့နံနက်က ကစားခဲ့သည့် ဘာစီလိုနာနှင့်ပွဲတွင် ဘန်ဇီမာမှာ အကောင်းဆုံး ဖြစ်ခဲ့သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    အဆိုပါပွဲ၌ ပွဲအစ မိနစ်အနည်းငယ်မှာပင် နေးမာက ဘာကာအတွက် ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း ရီးယဲလ်မှာ တည်တည်ငြိမ်ငြိမ်ဖြင့် ပွဲအား ထိန်းချုပ်နိုင်ခဲ့ကာ ရော်နယ်ဒို၊ ပီပီနှင့် ဘန်ဇီမာတို့၏ဂိုးဖြင့် အနိုင်ရခဲ့သည်။

    အန်ဆယ်လော့တီကမူ အသင်းသားအားလုံးကို ချီးကျူးခဲ့ပြီး ဘန်ဇီမှာ အကောင်းဆုံးဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “အသင်းရဲ့ အားထုတ်မှုကို ကျွန်တော်လေးစားပါတယ်။ နေးမာရဲ့ဂိုးပြီးတဲ့နောက်မှာ ကျွန်တော်တို့ ရည်ရွယ်ချက်မပျောက်ခဲ့ဘဲ အားလုံး ကောင်းကောင်းမွန်မွန်ဖြစ်ခဲ့ပါတယ်။ ဘန်ဇီမာ၊ အစ္စကို၊ ရော်နယ်ဒိုနဲ့ ရော်ဒရီဂတ်စ်တို့ကို ချီးကျူးရမှာဖြစ်ပြီး ဘန်ဇီမာကတော့ အကောင်းဆုံးပါပဲ” ဟု ပွဲအပြီးတွင် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    ရီးယဲလ်၏ထိုနိုင်ပွဲမှာ ဘာစီလိုနာ၏ ယခုနှစ်ရာသီ ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်ပြီး၊  ထိပ်ဆုံးမှ ဘာစီလိုနာနှင့် အမှတ်ကွာဟမှုမှာလည်း တစ်မှတ်သာရှိတော့သည်။

    အန်ဆယ်လော့တီကမူ ယခုနိုင်ပွဲမှာ အရေးပါသောနိုင်ပွဲဖြစ်ပြီး အသင်းကောင်းတစ်သင်းအား အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • နှစ်တစ်ရာ အတွင်း ဖြစ်ပွားနိုင်သည့် မီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်နိုင်ငံ ကွယ်ပျောက်နိုင်

    နှစ်တစ်ရာ အတွင်း ဖြစ်ပွားနိုင်သည့် မီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်နိုင်ငံ ကွယ်ပျောက်နိုင်

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    jap
    – လာမည့် ရာစုနှစ်အတွင်း အချိန်မရွေးဖြစ်နိုင်သည့် ကြီးမားသော မီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်လူဦးရေ၏ ၉၅ ရာခိုင်နှုန်းမှာ အန္တရာယ်ရှိနေသည်ဟု ဂျပန်သိပ္ပံပညာရှင်များ၏ လေ့လာမှုများအရ သိရသည်။

    အဆိုပါလေ့လာမှုမှ တွေ့ရှိချက်များကို ကိုဘေးတက္ကသိုလ်တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရှင်းလင်းပြောကြာခဲ့ခြင်းဖြစ်သည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀၀၀၀ က ဖြစ်ပွားခဲ့သည့် မီးတောင်ပေါက်ကွဲမှု ကြိမ်နှုန်းများနှင့် အင်အားများကို လေ့လာခဲ့သည့် အဆိုပါ တက္ကသိုလ်မှ ပါမောက္ခ ယိုရှိယုကီနှင့် ကီကို ဆူဇူးကီး တို့ကမူ လာမည့် နှစ်ပေါင်း ၁၀၀ တွင် ကြီးမားသည့် မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားနိုင်ချေမှာ ၁ ရာခိုင်နှုန်ရှိနေပြီး ဂျပန်၏ အဓိကကျွန်းမကြီးဖြစ်သော ဟွန်ရှူတွင် နေထိုင်သည့် လူပေါင်း သန်း ၁၂၀ မှာ ပျောက်ကွယ်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။

    “အလွန်ကြီးမားတဲ့ မီးတောင်ပေါက်ကွဲမှုကြီးကြောင့် ဂျပန်နိုင်ငံပျောက်ကွယ်သွားမယ်လို့ ပြောဆိုခြင်းဟာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါဘူး” ဟု ရှင်းလင်းပွဲတွင် ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့တွက်ချက်မှုကို လျော့တွက်၍ မရဟုလည်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ ၁၉၉၅ ခုနှစ်က ကိုဘေးမြို့တွင် လူပေါင်း ၆၄၀၀ သေဆုံးခဲ့သော ပြင်းအား ၇.၂ မဂ္ဂနီကျုရှိသည့် ငလျင်မလှုပ်ခင်ကလည်း ဆိပ်ကမ်းမြို့ဖြစ်သော ကိုဘေးတွင် ငလျင်လှုပ်နိုင်ခြေမှာ ၁ ရာခိုင်နှုန်းရှိသည်ဟု ပညာရှင်များက တွက်ချက်ခဲ့ဖူးသည်။

    လူဦးရေ ၁၂၇ သန်းရှိသော ဂျပန်နိုင်ငံအတွင်းရှိ မီးတောင်များ၏ ၇ ရာခိုင်နှုန်းမှာ လွန်ခဲ့သည့် နှစ် ပေါင်း ၁၀၀၀၀ အတွင်း ပေါက်ကွဲခဲ့သည်။

    ref_ RT

  • ဆိုးရွားသော အခြေအနေများကြောင့် ၂၀၁၂ နောက်ပိုင်း နေရပ်စွန့်ခွာရသူ ရိုဟင်ဂျာ ၁သိန်း ထိရှိလာ

    ဆိုးရွားသော အခြေအနေများကြောင့် ၂၀၁၂ နောက်ပိုင်း နေရပ်စွန့်ခွာရသူ ရိုဟင်ဂျာ ၁သိန်း ထိရှိလာ

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    2014102585458976734_20
    – ပြီးခဲ့သည့် ၂ ပတ်အတွင်း ရခိုင်ပြည်နယ်တွင် လှေစီး ထွက်ပြေးသူ ရိုဟင်ဂျာလူမျိုးများမှာ အနည်းဆုံး ၈၀၀၀ ရှိပြီး ၂၀၁၂ ခုနှစ် ရခိုင် ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပြီးနောက် နေရပ်စွန့်ခွာရသူ ရိုဟင်ဂျာ အရေအတွက်မှာ တစ်သိန်းအထိ ရောက်ရှိခဲ့ပြီဟု သိရသည်။

    ယခုလအစောပိုင်းမှစတင်ကာ ထွက်ပြေးသူများမှာ တစ်စထက်တစ်စ ပိုမိုများပြားလာပြီး အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ နေ့စဉ်ရိုဟင်ဂျာ ၉၀၀ ခန့်မှာ လှေများစီး၍ ထွက်ပြေးမှုများ ရှိနေသည်ဟု အာရကန်ပရောဂျက်မှ ခရစ်လီဝါက ဆိုသည်။

    လှေစီးထွက်ပြေးကြသည် ရိုဟင်ဂျာများမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံများသို့ သွားရောက်ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာများမှာ လူကုန်ကူးသူများ၏ လက်အတွင်းသို့ ကျရောက်ခြင်း၊ နယ်နှင်ခံရခြင်း စသည့်ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ကြရသည်ဟု လီဝါက ထပ်လောင်းပြောကြားခဲ့သည်။

    မကြာသေးမီ သီတင်းပတ်များအတွင်းကလည်း လက်နက်ကိုင်အဖွဲ့ RSO နှင့် ဆက်သွယ်မှုများရှိသည်ဟုဆိုကာ ရိုဟင်ဂျာများကို ဖမ်းဆီးခဲ့ပြီး စစ်ကြောမေးမြန်းမှုအတွင်း ၁ ဦးသေဆုံးခဲ့သည်ဟု မောင်တော ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

    ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံသားများအဖြစ် သတ်မှတ်ခြင်း မခံရဘဲ နှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းကောက်ယူမှုတွင်လည်း ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ ၀င်လာသူများဟု သတ်မှတ်သည့် ဘင်္ဂါလီ ဟူသော အသုံးအနှုန်းဖြင့် ကောက်ယူခဲ့သည်။

    ref_ AP