အောက်တိုဘာ ၂၆ ၊ ၂၀၁၄
M-Media
– ပြီးခဲ့သည့် ၂ ပတ်အတွင်း ရခိုင်ပြည်နယ်တွင် လှေစီး ထွက်ပြေးသူ ရိုဟင်ဂျာလူမျိုးများမှာ အနည်းဆုံး ၈၀၀၀ ရှိပြီး ၂၀၁၂ ခုနှစ် ရခိုင် ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပြီးနောက် နေရပ်စွန့်ခွာရသူ ရိုဟင်ဂျာ အရေအတွက်မှာ တစ်သိန်းအထိ ရောက်ရှိခဲ့ပြီဟု သိရသည်။
ယခုလအစောပိုင်းမှစတင်ကာ ထွက်ပြေးသူများမှာ တစ်စထက်တစ်စ ပိုမိုများပြားလာပြီး အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ နေ့စဉ်ရိုဟင်ဂျာ ၉၀၀ ခန့်မှာ လှေများစီး၍ ထွက်ပြေးမှုများ ရှိနေသည်ဟု အာရကန်ပရောဂျက်မှ ခရစ်လီဝါက ဆိုသည်။
လှေစီးထွက်ပြေးကြသည် ရိုဟင်ဂျာများမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံများသို့ သွားရောက်ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာများမှာ လူကုန်ကူးသူများ၏ လက်အတွင်းသို့ ကျရောက်ခြင်း၊ နယ်နှင်ခံရခြင်း စသည့်ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ကြရသည်ဟု လီဝါက ထပ်လောင်းပြောကြားခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်းကလည်း လက်နက်ကိုင်အဖွဲ့ RSO နှင့် ဆက်သွယ်မှုများရှိသည်ဟုဆိုကာ ရိုဟင်ဂျာများကို ဖမ်းဆီးခဲ့ပြီး စစ်ကြောမေးမြန်းမှုအတွင်း ၁ ဦးသေဆုံးခဲ့သည်ဟု မောင်တော ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံသားများအဖြစ် သတ်မှတ်ခြင်း မခံရဘဲ နှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းကောက်ယူမှုတွင်လည်း ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ ၀င်လာသူများဟု သတ်မှတ်သည့် ဘင်္ဂါလီ ဟူသော အသုံးအနှုန်းဖြင့် ကောက်ယူခဲ့သည်။
ref_ AP
Leave a Reply
You must be logged in to post a comment.