News @ M-Media
Blog
  • အင်ဒို သမ္မတသစ်၏ အစိုးရ အဖွဲ့အား ကြေညာ၊ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးပါဝင်
    အင်ဒို သမ္မတသစ်၏ အစိုးရ အဖွဲ့အား ကြေညာ၊ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးပါဝင်
    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    2014102707580475152
    – အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒိုမှာ တတ်သိပညာရှင်များ အများစုပါဝင်သည့် ၎င်း၏ ကတ်ဘိနက် အဖွဲ့ကို ယမန်နေ့က ကြေညာခဲ့သည်ဟု သိရသည်။
    ၀ီဒိုဒို၏ အဆိုပါ ကတ်ဘိနက် အဖွဲ့တွင် ၀န်ကြီး ၃၄ ဦး ပါဝင်ပြီး ၁၅ ဦးမှာ ၎င်းအား ထောက်ခံသော နိုင်ငံရေးပါတီများမှဖြစ်ကာ ကျန် ၁၉ ဦးမှာ ယခင်အစိုးရ လက်ထက်တွင် ထမ်းဆောင်ခဲ့ဖူးသော ၀န်ကြီးများနှင့် တတ်သိပညာရှင်များ ဖြစ်ကြသည်။
    ဘဏ္ဍာရေးဝန်ကြီး အဖြစ် ယခင် ဒုတိယ၀န်ကြီး  Bambang Brodjonegoro ကို ခန့်အပ်ခဲ့ပြီး၊ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ၀န်ကြီး အဖြစ် ယခင်အစိုးရ၏ သတင်း အချက်အလက် ၀န်ကြီးဟောင်း Sofyan Djalil အား ခန့်အပ်ခဲ့သည်။
    နိုင်ငံခြားရေးဝန်ကြီးနေရာကိုမူ ယခင် နယ်သာလန်ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး  Retno Lestary Priansari Marsudi ကို ခန့်အပ်ခဲ့ပြီး ၎င်းမှာ ထိုရာထူးကို တာဝန်ယူသော ပထမဆုံး အမျိုးသမီး ၀န်ကြီး ဖြစ်လာမည်ဖြစ်သည်။ ၀ီဒိုဒိုကမူ
    “ကျွန်တော်ဟာ ဒီကတ်ဘိနက် ကို အလုပ်လုပ်မယ့် ကတ်ဘိနက် အဖြစ် ကင်ပွန်းတပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
  • လက်ျာစွန်းရောက် ပြင်သစ် နိုင်ငံရေးသမား အမတ် တစ်ဦး အစ္စလာမ်သို့ ထပ်မံကူးပြောင်း
    လက်ျာစွန်းရောက် ပြင်သစ် နိုင်ငံရေးသမား အမတ် တစ်ဦး အစ္စလာမ်သို့ ထပ်မံကူးပြောင်း
    အောက်တိုဘာ ၂၇ ၊ ၂၁၀၄
    M-Media
    Maxence-Buttey-640x320
    လက်ျာစွန်းရောက် ပြင်သစ်နိုင်ငံရေးသမား တစ်ဦးသည် အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လိုက်ပြီး၊ မွတ်စ်လင်မ်တို့၏ကျမ်းဂန် ကုရ်အာန်ကို အကောင်းမြင် လက်ခံရန်၊ မိမိကဲ့သို့ သက်ဝင်လက်ခံရန် ဗီဒီယိုအကြောင်းကြားချက်တစ်ရပ်ကို ၎င်း၏ပါတီ  Marine Le Pen ပါတီထံ ပေးပို့ခဲ့သည်။
    ပဲရစ်မြို့အရှေ့ပိုင်းခရိုင် Noisy-le-Grand ၏ အမတ်ဖြစ်သူ Maxence Buttey (၂၂ နှစ်)သည် မကြာသေးမီက အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်ခဲ့သည်။ သူက Le Parisien သတင်းစာသို့ သူ၏မိခင်ပါတီ Front National – FN ပါတီနှင့် အစ္စလာမ် အကြားတူညီချက်များကို ကောက်ချက် ဆွဲလျက် အောက်ပါကဲ့သို့ပြောကြားကြောင်း The Telegraph သတင်းမှ ဖော်ပြသည်။
    “ အစ္စလာမ်နဲ့ FN ပါတီ နှစ်ရပ်စလုံး အမည် ဖျက်ခံရတဲ့အတိုင်း မီဒီယာကနေ တလွဲရုပ်လုံးဖော် ခံနေရပါတယ်။ ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ကြွေးမြီတွေအပေါ် မတန်တဆ အတိုးနှုန်းသတ်မှတ်ခြင်းကို ပါတီအနေနဲ့ ရှုတ်ချထားသလို အစ္စလာမ်ကလည်း အတိုးပေး/ယူခြင်းဓလေ့ကို ဆန့်ကျင်ထားပါတယ်”။
    သူသည် ပြည်ပပြောင်းရွှေ့အခြေချမှု ဆန့်ကျင်သော FN ပါတီခေါင်းဆောင်များထံ  ဗီဒီယိုရိုက်ချက် တစ်ရပ်ကို ပေးပို့သည်။ ၎င်း၌ အနာဂတ်အမြင်ဆိုင်ရာ ကုရ်အာန့် အနှစ်သာရ(တန်ဖိုး)များကို သူက ဂုဏ်ယူ ချီးမွှမ်း၍ ပါတီဝင်များအား မွတ်စ်လင်မ်များ အဖြစ် ဘ၀တည်ဆောက်ရန် တိုက်တွန်းချက်များ ပါဝင်သည်။ ယင်းသို့ပေးပို့ပြီးနောက် သူ၏ ဆုံးဖြတ်ချက်မှာ လူသိများကျော်ကြားလာခြင်းဖြစ်သည်။
    ယင်းဗီဒီယိုက ပါတီဝင်များစွာကို တုန်လှုပ်သွားစေပြီး Buttey အား ပါတီဝင် အဖြစ်မှ ယာယီ ရပ်ဆိုင်းထားကြောင်း သက်ဆိုင်ရာ FN မြို့နယ်ကော်မတီ က ကြေငြာခဲ့သည်။ ပါတီ အတွင်းရေးမှူး Jordan Bardella က “ကျွန်မအဖို့ ဘာသာတရားဆိုတာကို သီးသန့်လေးစားမှု တစ်ရပ်အဖြစ် ခံယူပေမယ့် နိုင်ငံရေး လှုပ်ရှားမှု အ၀န်းအ၀ိုင်းထဲတော့ အ၀င်မခံနိုင်ပါဘူး” ဟု ဆိုသည်။
    Le Pan ပါတီသည် နှစ်များစွာကပင် အစ္စလာမ်ဆန့်ကျင်ရေး မူဝါဒကို လက်ကိုင်ပြုထားသည်။ Jordan Bardella ၏ဖခင်မှာ ဂျူးမုန်းတီးမှုနှင့် လူမျိုးကြီး ၀ါဒလုပ်ရပ်များစွာ ပြုလုပ်ပြီး Le Pan ပါတီထူထောင်သူ Jean-Marie Le Pen ဖြစ်ကာ ဖခင်မှတဆင့် FN ပါတီသို့ သူမ လက်ပြောင်းရောက်ရှိ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    Le Pen သည် မွတ်စ်လင်မ် ကျောင်းသူကျောင်းသားများအတွက် စာသင်ကျောင်းများသို့ ဟလာလ် အသားများ စီစဉ်ပေးခြင်းကို ကန့်ကွက်ထားသူဖြစ်သည်။ ထို့ပြင် ပြင်သစ်၌ အငြင်းပွားဖွယ်ပြဿနာဖြစ်နေသော အထက်တန်းကျောင်းများနှင့် လူထုအကြား (မွတ်စ်လင်မ်အမျိုးသမီးများ) မျက်နှာဖုံးကွယ်ဝတ်စုံဆင်ယင်ခြင်းကို တားမြစ်သည့်အဆိုအား ၎င်းဖက်မှတင်သွင်းထားသည်။
    သို့သာမက ၂၀၁၀ မဲဆွယ်ပွဲတစ်ရပ်၏မိန့်ခွန်းတစ်ခု၌ လမ်းပေါ်ထွက်ဆန္ဒပြမွတ်စ်လင်မ်တို့အား နာဇီများအဖြစ် နှိုင်းယှဉ်ပြောဆိုခဲ့ဖူးသည်။
    ပါတီအဖွဲ့ဝင်နှင့် ကိုယ်စားပြုအမတ်ဖြစ်နေဆဲ Buttey သည် ၉/၁၁ အရေးအခင်းအပေါ် အာဏာပိုင်တို့၏ ရှုမြင်ချက်များအား ယုံစားရ ခက်ခဲလာပြီးနောက် အစ္စလာမ်ကို လေ့လာခဲ့ခြင်းဖြစ်သည်။ ၎င်းပြင် ၂၀၁၂ ခုနှစ် ပြင်သစ်တောင်ပိုင်းတွင် လူ ၇ ဦးကို သတ်ဖြတ်ခဲ့သော အလ်ကိုင်ဒါအဖွဲ့သား ပြင်သစ်သေနတ်သမား Mohammed Merah ကိစ္စနှင့်စပ်လျဉ်း၍ သူက သံသယရှိနေခဲ့သည်။
    “ကျွန်တော့်ရဲ့ မဲဆန္ဒရှင်တွေတစ်ချို့ကတော့ ကျွန်တော့် ရွေးချယ်မှုကြောင့် စိတ် အနှောင့်အယှက်ဖြစ်နေပါလိမ့်မယ်။ သို့သော် အစ္စလာမ် သာသနာမှာ အမျိုးသားနဲ့ အမျိုးသမီးအပေါင်းကို စုစည်းညီညွတ်စေတဲ့ လမ်းစဉ် တစ်ခုရှိကြောင်း သူတို့ကို ရှင်းပြဖို့ ကျွန်တော် အဆင်သင့်ရှိနေပါတယ်” ဟု Buttey မှ ဆိုသည်။
    Buttey သည် မျက်နှာတစ်ခုလုံးကိုဖုံးအုပ်ကာကွယ်သည့် ၀တ်စုံ (နိကာ့ဗ်)အား ဆန့်ကျင်သူ ဖြစ်သလို IS အဖွဲ့မှပြုလုပ်နေသည့် ခေါင်းဖြတ်လုပ်ငန်းကိုဖော်ဆောင်ရန် အစ္စလာမ်က ယုံကြည်သူတို့အား လှုံ့ဆော်ခိုင်းစေထားခြင်း မရှိကြောင်း၊ ယခုနှစ်အစောပိုင်း မဲဆွယ်ကာလအတွင်း ဒေသခံ အိမာမ်တစ်ဦးနှင့်တွေ့ဆုံကာ ရှည်လျားသော ဆွေးနွေးချက်များပြုလုပ်ပြီးသည့်နောက် အစ္စလာမ်ကိုကူးပြောင်းသက်ဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ မိမိသည် ကက်သလစ်ဘာသာဝင်ဖြစ်ခဲ့ပြီး သမ္မာကျမ်းစာအား ပြန်လည်ဖတ်ရှုလေ့လာရာ လက်မခံနိုင်စရာ အချက်များစွာကို တွေ့ရှိခဲ့ရကြောင်း၊ ကုရ်အာန်ကို စံနစ်တကျ နှံ့နှံ့စပ်စပ် ဖတ်ရှုသောအခါ ပိုမိုပွင့်လင်းမြင်သာသည့် သာသနာဖြစ်နေခြင်း အပေါ် နားလည်သဘောပေါက်သွားကြောင်း သူက ဆိုပါသည်။
    အစ္စလာမ်ကို ရေရှည်လေ့လာပြီး ကူးပြောင်းသက်ဝင်လာသူ လက်ျာစွန်းရောက် နိုင်ငံရေးသမားအနက် Buttey က ပထမဦးဆုံး မဟုတ်ပါ။
    ၂၀၁၃ ခုနှစ်တွင် ဒတ်ခ်ျ လက်ျာစွန်းရောက် PVV ပါတီဝင်ဟောင်း Arnoud Van Doorn ကလည်း ယင်းသာသနာအား အပြင်းအထန် လေ့လာပြီးနောက် အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်ခဲ့၏။ သူသည် အစ္စလာမ်နှင့် ကုရ်အာန်ကို အကြမ်းဖက်မှု အသွင်သို့ ချိတ်ဆက်ရုပ်လုံး ဖော်စော်ကားထားသည့် Fitna အမည်ရှိ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေးအတွက် ကူညီပေးခဲ့သူ ပါတီဝင်များ အနက်မှ ဖြစ်သည်။
    သို့ရာတွင် ထိုရုပ်ရှင်အပေါ် မွတ်စ်လင်မ်တို့၏ ပြင်းထန်သော ရှုတ်ချချက်များ ထွက်ပေါ်လာပြီးနောက် အစ္စလာမ်နှင့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက် ပါစေ) အကြောင်းများကို ပို၍ ဖတ်ရှုလေ့လာကြည့်မိသည်။ ထိုမှတဆင့် ၂၀၁၃ ခုနှစ်တွင် အစ္စလာမ်သာသနာအား လက်ခံ သက်ဝင်လိုက်ကြောင်း သိရသည်။
    ပြင်သစ်တွင် မွတ်စ်လင်မ် လူဦးရေ ၆.၅ သန်းခန့်ရှိပြီး ဥရောပ၏ အကြီးမားဆုံး မွတ်စ်လင်မ် လူ့အဖွဲ့အစည်းအဖြစ် တည်ရှိနေသည်။
    ref_ OnIslam & Newspapers
    ဆက်စပ်သတင်းများ ဖတ်လိုလျှင်
    အစ္စလာမ်ဆန့်ကျင်ရေး Fitna ရုပ်ရှင် ထုတ်လုပ်သူ၏ သားဖြစ်သူအစ္စလာမ်သို့ သက်ဝင်ကူးပြောင်း
    http://www.m-mediagroup.com/news/26869
    အစ္စလာမ်ဆန့်ကျင်သည့် ဒတ်ခ်ျ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း
    http://www.m-mediagroup.com/news/11657
    အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့
    http://www.m-mediagroup.com/news/12858
  • မျှော်လင့်မထားဘူးနော်
    မျှော်လင့်မထားဘူးနော်
    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    never_give_up_by_mightymo030-d6ucm21
    အမှတ်နှစ်ခုကို ဆယ်သွယ်ရာမှာ အတိုဆုံး အကွာအဝေးက မျဉ်းဖြောင့်ဖြစ်သလို၊ မျဉ်းကွေးတွေနှင့်လည်း ဆက်သွယ်နိုင်တယ်ဆိုတာ ငယ်ဘ၀က သင်ကြားခဲ့ကြဖူးမှာပါ။ ဒီလိုပါပဲ ဘ၀ရဲ့အစမွေးဖွားခြင်းနှင့် ဘ၀နိဂုံးတို့ အကြားမှာလည်း အဆင်ချောပြီးပြေပြစ်တဲ့
    မျဉ်းကြောင်းလိုချည်းတော့ မဟုတ်ဘူးပေါ့။ အတက်အဆင်း၊ အနိမ့်အမြင့်တွေ မျှော်လင့် မထားတာတွေဟာ မျဉ်းကွေးတစ်ခုလို ကြုံဆုံ တတ်ကြ ရပါတယ်။ လောကမှာရှိတဲ့ အရာတိုင်း ပြောင်းလဲတယ်။ အကြောင်း ကိစ္စတွေပြောင်းလဲတယ်။ လူတွေလည်းပြောင်း လဲတယ်။ ပြီးတော့ သူရော ကိုယ်ပါ ပြောင်းလဲတတ်တာ သဘာဝပဲလေ။
    ဘ၀ဟာဒီလိုပါပဲ ဖြစ်ပျက်နေတာမို့ အရာခပ်သိမ်းဟာ တည်တံ့မနေကြဘူး။ ကိုယ်ဖြစ်ချင်သလို ထိန်းချုပ် ဆုပ်ကိုင်မထားနိုင်ဘူး။ မဖြစ်ချင်တာတွေတစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်လာတာမျိုးလည်း ရှိပြန်ရော။ တကယ်တော့ သက်မဲ့တွေဖြစ်တဲ့ တိုက်တာအဆောက်အအုံ၊ လမ်းမကြီးတွေ အစရှိတဲ့ လူဖန်တီး ပြုလုပ်ထားတဲ့အရာတွေ မှာသာ မျဉ်းဖြောင့်တွေကို တွေ့ရမှာပါ။ သဘာဝအလှအပတွေ၊ ပန်းခြံ၊ဥယျာဉ် သစ်ပင်ပန်းမန် စတာတွေ အားလုံးလိုလို မျဉ်းကွေးတွေနှင့် ဖွဲ့စည်းထားတာကို အသေအချာ သတိထားမိရင် သိနိုင်ပါတယ်။ ဆိုလိုတာက အရာခပ်သိမ်းမှာ အထစ်အငေါ့အကွေ့ အကောက်တွေနှင့် ပြည့်နေတဲ့ဆိုတဲ့သဘော။
    ကိုယ့်ဘ၀ကိုခိုင်မာတဲ့ ရည်မှန်းချက်တွေချပြီး အပြင်းအထန်ကြိုးစားတာ လူငယ်အများစုရဲ့ သဘာဝပါပဲ။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ကိုယ်လုံးဝ မျှော်လင့်မထားတဲ့ အရာတွေက ဖြုန်းကနဲဆိုသလိုပေါ်လာပြန်ရော။ ဒီတော့ဘာလုပ်မလဲ။ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ငိုညည်းနေမလား။
    လက်လျှော့အရှုံးပေးလိုက်ပြီလား။ သူများတွေကျတော့ အောင်မြင်မှုရလို့ ပျော်နေလိုက်ကြတာ။ ငါ့မှာတော့ဆိုတဲ့ အတွေးနှင့် တ၀ဲလည်လည်ဖြစ်ပြီး စိတ်ပျက်အားငယ်နေမလား။
    အလေးအနက် ဆင်ခြင်တတ်သူတွေ အတွက်တော့ အဲဒီလိုမျှော်လင့်မထားဘဲ ဖြစ်လာတာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်ကြိုးစားလေ့ ရှိတယ်။ ဆိုပါစို့ အောင်မြင်မှုဆိုတာ နိဂုံး မဟုတ်သလို ဆုံးရှုံးမှုဆိုတာဟာလည်း နိဒါန်း မဟုတ်ဘူးဆိုတဲ့ အဆိုကို လက်တွေ့လေ့လာ ကျင့်သုံးတယ်။  ကောင်းတာတွေရော ဆိုးတာတွေပါ တစ်သက်စာ တည်တံ့နေမှာပဲလို့ ယူဆဖို့မှမရတာ။ အရာခပ်သိမ်းဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေအရ ဖြစ်ပျက် လာတတ်တာမျိုး၊ နောက်တော့ လည်း ပြီးပြီးပျောက်ပျောက် ဖြစ်သွားတာချည်းပဲ ဆိုတဲ့အသိစိတ်နှင့် ဆင်ခြင်နိုင်တယ်။ ဒါဆိုရင် စိတ်ပျက် အားငယ်စရာတွေမှာ တ၀ဲလည်လည်တွေး မနေတော့ဘဲ ဘ၀ကိုကြံ့ကြံ့ခံပြီး ရှေ့ဆက်ဖို့ကြိုးစားမိမှာပါ။
    မျှော်လင့်မထားတဲ့ အရာတစ်ခုခုကိုကြုံတိုင်း ကိုယ့်ကိုယ်ကို မေးကြည့်သင့်တာက “ဒီလိုစိတ်ပျက်စရာကိစ္စ တစ်ခုမှာ ငါ့ရဲ့စွမ်းအားတွေကို အလဟသ ဖြုန်းတီး ပစ်လိုက်တော့မှာလား” …..ဆိုတဲ့ မေးခွန်းပါပဲ။ ဆိုးဝါးတဲ့အခြေအနေ တစ်ခုအတွက် အပြင်းအထန်ခံစားနေရပြီး  စိတ်ထွက်ပေါက်မရှိတာမျိုးတော့ မဖြစ်သင့်ဘူးလေ။ သူများတကာ ပြောဆိုဝေဖန်တာတွေ၊ သူများရဲ့ စိတ်ဆန္ဒအတိုင်း ဆုံးဖြတ်ပေးတာ တွေကြောင့် ပြင်းပြင်းထန်ထန်ခံစားရတဲ့အပြင် ကိုယ့်ဘ၀ရဲ့ တစ်စိတ် တစ်ဒေသကို ပေးလိုက် ရတော့မှာလားဆိုတာ စဉ်းစားရမယ်။ တကယ်တော့ အခုတစ်ကြိမ်ကြုံတွေ့ရတာဟာ ထာဝရအတွက် မဟုတ်တာမို့ ကောင်းတာလေးတွေ ကြုံလာနိုင်သလို၊ နောက်ထပ်ရနိုင်မဲ့ အခွင့်အရေးကောင်းကို အမိအရ ဆုပ်ကိုင်နိုင်အောင် ကြိုးစားနိုင်ပါသေးတယ်။
    အခက်အခဲတစ်စုံတစ်ရာ ရုတ်တရက်ကြုံတွေ့ ရတယ်ဆိုပါစို့။ ကိုယ်ဘယ်လိုမှ မျှော်လင့် မထားတဲ့အရာဆိုရင် အနည်းနှင့်အများဆိုသလို စိုးရိမ်တကြီးဖြစ်မိမှာတော့ အမှန်ပဲ။ အဲဒီအခါမျိုးမှာ ကြောက်စိတ်ထက် စူးစမ်း ဆင်ခြင်တာကိုတော့ ဦးစားပေးသင့်တယ်။
    ကိုယ့်ကိုကိုယ်မေးကြည့်ရမှာက “အခုအခက်အခဲဟာ ဘယ်လောက် အတိုင်းအတာအထိ ဆုံးရှုံးနိုင်မလဲ။ ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်မလဲ”  စတာတွေပေါ့။ အဖြေတွေကိုတော့ ကိုယ့်ကိုယ်ကို မညာတမ်း ဖြေကြည့်ဖို့လိုလိမ့်မယ်။ အကောင်းဆုံးကတော့ ကြုံတွေ့လာသမျှအတွက် ညည်းညူ စိတ်ပျက်နေတာထက် ထွက်ပေါက်ရှာဖို့ကပိုပြီး အရေးကြီးတယ်။
    အခက်အခဲတိုင်း ပြဿနာတိုင်း အတွက် အဖြေဆိုတာ ရှိစမြဲပါ။ ဒီအချက်ကို စွဲစွဲမြဲမြဲယုံကြည်ပြီး တစိုက်မတ်မတ်ကြိုးစား လို့ကတော့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဝံ့တာ အသေအချာပါပဲ။ တစ်ခုရှိတာက တစ်နေရာမှာကျောက်ချလို့ ထိုင်ပြီး စဉ်းစားတွေးတောရင်း အချိန်တွေကုန်သွားတာမျိုးတော့ မဖြစ်ဘူးပေါ့။
    ကြုံလာသမျှကို အကောင်းမြင် အကောင်းတွေးတဲ့စိတ်နှင့် ကြည့်တတ် မြင်တတ်ရင် လောကကြီးဟာထင်သလောက် မကြမ်းတမ်းသလို ကိုယ့်ရဲ့ လက်ရှိ ဘ၀ဟာလည်း ထင်သလောက် မဆိုးပါဘူး။ အပြောင်းအလဲဆိုတာကို လက်ခံနိုင်အောင်၊ လက်ခံတတ်အောင် စိတ်ကိုပြင်ဆင်ထားဖို့လိုတယ်။ အရာခပ်သိမ်းဟာ အမြဲတမ်း အဆင်ပြေ ချောမွေ့နေမှာ မဟုတ်ဘူးဆိုတဲ့ အသိရှိနေမယ်ဆိုရင် လောကဓံရဲ့အထိုးအနှက်နှင့် အပြောင်းအလဲတွေအတွက် သိပ်ပြီးခြောက်ခြားမိမှာမဟုတ်ပါဘူး။
    လောကသဘာဝက စက္ကန့်နှင့် အမျှပြောင်းလဲနေတယ်။ ကိုယ့်ဘ၀ကို ရိုးသားစွာ လက်ခံပြီး လောကကြီးရဲ့ကောင်းနိုး ရာရာလေးတွေကို အားပါးတရကြည်နူး ခံစားတတ်ဖို့ သိပ်ကိုအရေးကြီး ပါတယ်။ စိတ်ကူးလေး တစ်ခုကို ခံစားကြည့်ရအောင်ပါ။ ကိုယ်လှော်ခတ်ပြီးသွားနေတဲ့ လှေကလေး တစ်စင်းဟာ ရေပြင်အောက်ကို အကြောင်းတစ်ခုခုကြောင့် နစ်မြုပ်သွားတယ် ဆိုပါစို့။ စိတ်ကိုတည်ငြိမ်အောင် အရင်ဆုံးထား စွမ်းအားရှိသလောက် ကြိုးစားကူးခတ်ရင် အတိုင်းအတာတစ်ခု အထိ အောင်မြင်နိုင်သေးတယ် ဆိုတာမျိုး။
    နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရသမျှ မျှော်လင့်မထားတဲ့အရာတွေအတွက် စိတ်ပူပင်သောကရောက်နေတဲ့ မျက်လုံးတွေအစား ယုံကြည်မှုအပြည့်အ၀ရှိတဲ့ မျက်ဝန်းတွေနှင့် ကြည့်လိုက်ကြရအောင်ပါ။
    နှင်းဆီခင်
  • နောက်ဆုံးမိနစ်ဂိုးနဲ့ သရေ ၁ မှတ်ရတဲ့ မန်ယူ၊ နယူးကာဆယ် ဒုတိယမြောက်နိုင်ပွဲရတဲ့ EPL ပွဲစဉ် ၉ စူပါဆန်းဒေး
    နောက်ဆုံးမိနစ်ဂိုးနဲ့ သရေ ၁ မှတ်ရတဲ့ မန်ယူ၊ နယူးကာဆယ် ဒုတိယမြောက်နိုင်ပွဲရတဲ့ EPL ပွဲစဉ် ၉ စူပါဆန်းဒေး
    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ်ပွဲစဉ် ၉ ရဲ့ လက်ကျန် ၃ ပွဲကို မနေ့က ကစားခဲ့ရာမှာ Match of the Week ဖြစ်တဲ့ မန်ယူနဲ့ ချယ်ဆီးတို့ရဲ့ပွဲမှာတော့ အရှုံးအနိုင် အဖြေမပေါ်ခဲ့ဘဲ သရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ နယူးကာဆယ်တို့ကတော့ ဒီတစ်ပတ်မှာလည်း နိုင်ပွဲထပ်ရခဲ့ပြီး၊ ဘန်လေကတော့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။
    4444
    ဆရာတပည့်နှစ်ဦးဖြစ်တဲ့ ဗန်ဂါးလ်နဲ့ မော်ရင်ဟိုတို့ တွေ့ဆုံတဲ့ပွဲမှာ အိမ်ရှင်မန်ယူတို့ ဗန်ပါစီရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ သရေတစ်မှတ်ရခဲ့တာပါ။ အခုနှစ်ပရီးမီးယားလိဂ်မှာ ခြေစွမ်းငြိမ်နေတဲ့ ချယ်ဆီးတို့ ဒီပွဲမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဒရော့ဘာက ၅၃ မိနစ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တာပါ။ ဒဏ်ရာရနေတဲ့ ဒီယေဂိုကော်စတာ ဒီပွဲမှာ ပြန်ပါလာပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲအပြီးမှာ မန်ယူနည်းပြ ဗန်ဂါးလ်က အသင်းဟာ အကောင်းဆုံး ပုံစံမှာမရှိသေးဘူးဆိုတာ ၀န်ခံခဲ့ပြီး တပည့်ဟောင်းဖြစ်တဲ့ မော်ရင်ဟိုကိုလည်း ချီးကျူးခဲ့ပါတယ်။
    5555
    ပြီးခဲ့တဲ့တစ်ပတ်က လက်စတာနဲ့ပွဲမှာ နိုင်ပွဲစရခဲ့တဲ့ နယူးကာဆယ်တို့ ဒီတစ်ပတ်မှာလည်း ဂိုးတွေ နောက်ကလိုက်သွင်းပြီး စပါးကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ ယူရိုပါမှာ ခြေစွမ်းပြခဲ့တဲ့ စပါးတို့ ပွဲအစပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ၁၈ မိနစ်မှာပဲ တိုက်စစ်မှူး အဒီဘာယောက ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း စပါးတို့ တိုက်စစ်ဆင်နိုင်ခဲ့ပြီး နယူကာဆယ်နောက်တန်းက တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်အတွက် ချေပဂိုးကိုတော့ ဆမ်မီ အမီယိုဘီက ဒုတိယပိုင်း ပွဲအစမှာ သွင်းပေးခဲ့တာဖြစ်ပြီး နောက်ထက် ၁၂ မိနစ်အကြာမှာတော့ ပီရက်ဇ်က အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ စပါးတို့ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။
    ရာသီသစ်မှာ နိုင်ပွဲမရသေးတဲ့ တန်းတက်ဘန်လေအသင်းကတော့ မနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ အဲဗာတန်အတွက် ဂိုးတွေကိုတော့ အီတူးက ၂ ဂိုး၊ လူကာကူက ၁ ဂိုး သွင်းပေးခဲ့တာပါ။
    ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာတော့ ချယ်ဆီးက ၂၃ မှတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး ဆောက်သက်တမ်၊ မန်စီးတီး၊ ၀က်စ်ဟမ်းတို့က အစဉ်လိုက်ရှိနေကြပါတယ်။ဇယားအောက်ခြေမှာတော့ ဆန်းဒါးလန်း၊ ဘန်လေ၊ ကျူပီအာရ်တို့ရှိနေပြီး နှစ်ပွဲဆက်အနိုင်ရထားတဲ့ နယူးကာဆယ်တို့ အဆင့် ၁၄ နေရာကို တက်လာနိုင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၁-၁ ချယ်ဆီး
    ဘန်လေ ၁-၃ အဲဗာတန်
    စပါး ၁-၂ နယူးကာဆယ်
    လီဗာပူးလ် ၀-၀ ဟားလ်စီးတီး
    ဆောက်သက်တမ် ၁-၀ စတုတ်
    ဆန်းဒါးလန်း ၀-၂ အာဆင်နယ်
    ဆွမ်ဆီး ၂-၀ လက်စတာ
  • သုတေသီ အမတ်မင်း ဦးဘိုးခိုင်
    သုတေသီ အမတ်မင်း ဦးဘိုးခိုင်
    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    -ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    ဦးဘိုးခိုင်သည် ပရိက္ခရာကုန်သည်ကြီး ဦးကုလားခိုင်နှင့် သံတွဲသူ ဒေါ်မမလေးတို့၏ သားရတနာ ဖြစ်သည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စနဲမြို့ဇာတိဖြစ်သည်။ ဦးကုလားခိုင်သည် ဦးချီဒိုးခိုင်နှင့် ဒေါ်မြစိန်တို့၏ သား ဖြစ်သည်။ သံတွဲသူ ဒေါ်မမလေးသည် ရခိုင်ဘုရင့်တပ်မတော် တပ်စဉ် ဗိုလ်ကြီး ဘိုးထွန်းခိုင် အဗ်ဒွလ်ရဟ်မန် နှင့် မင်းကတော် ဒေါ်မဖြူတို့၏ သမီးဖြစ်သည်။
    ဦးကုလားခိုင်တွင် ပထမအိမ်ထောင်မှ ဒေါ်မြသွင် ဦးပါသကဲ့သို့ ဒေါ်မလေးတွင်လည်း သား ဦးဘသော်ပါ သည်။
    ဦးကုလားခိုင်နှင့် ဒေါ်မလေးတို့မှ ဒေါ်စိန်စိန်၊ ဒေါ်မြခိုင်နှင့် ဦးဖိုးခိုင်တို့ကို ဖွားမြင်သည်။
    သမီးကြီး ဒေါ်စိန်စိန်သည် အထည်အလိပ် ကုန်သည် ဦးရွှေမောင်နှင့် အကြောင်းပါပြီး ဒေါ်စိန်ခင်၊ ဒေါ်ငွေခင်၊ ဦးဘအိုနှင့် ဒေါ်မြကြည်တို့လေးဦး ထွန်းကားသည်။ ဒေါ်စိန်စိန်၏ သမီးထွေး ဒေါ်မြကြည်မှာ ကျောက်ဖြူ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အတွင်းရေးမှူး ဦးဘစိန်နှင့် အိမ်ထောင်ဖက်ပြီး ဦးဘဌေး (ကျောက်ဖြူမြို့မဈေး တာဝန်ခံ အုပ်ချုပ်ရေး မှူး)၊ ဦးဘလှ (ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ ငွေစာရင်းစစ်)၊ ဒေါ်ခင်ခင်ကြည် နှင့် ဦးဘသောင်း (အထူးစုံစမ်းစစ်ဆေးရေး ဦးစီးအရာရှိ) တို့ကို ဖွားမြင်သည်။ ဦးဘသောင်းသည် အငြိမ်းစားယူပြီး ယခုအခါ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်ကာ တရားရုံးချုပ်ရှေ့နေနှင့် ကုမ္ပဏီများ ဥပဒေ အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။
    ဒေါ်မြခိုင်မှ ဒေါ်ပုချေ၊ ဦးဘကျော်နှင့် သားတစ်ဦး ဖွားမြင် သည်။ ဦးဖိုးခိုင်မှာ ပါလီမန်အမတ်ဖြစ်လာမည့် ဒေါ်အေးညွန့်  နှင့် ဦးညီပုတို့ကို ဖွားမြင်ပြီး ဒေါ်မလေးပါ သားရင်းဦးဘသော်မှ ဦးတင်ဇော်ပါ ၆-ဦး ထွန်းကားသည်။
    ဦးဘိုးခိုင်သည် ငယ်စဉ်က စစ်တွေနှင့် ကျောက်ဖြူ အင်္ဂလိပ် ကျောင်းများတွင် ပညာဆည်းပူးခဲ့သည်။ သတဩမတန်း စာမေးပွဲဖြေဆိုရာ တစ်နိုင်ငံလုံးဩ ပထမဆွတ်ခူးသဖြင့် စကောလားရှစ် ပညာသင်ဆုရရှိ ခဲ့သည်။ ရန်ကုန်ကောလိပ်တွင် ဆက်လက်ဆည်းပူးခဲ့သည်။
    ၁၉၂၇ ခုနှစ် ဇူလိုင်လတွင် စစ်တွေမြို့၌ ရှေ့နေအဖြစ် စတင်လုပ်ကိုင်သည်။ ထိုနှစ်မှာပင် စစ်တွေမြို့ မြူနီစီပါယ် လူကြီးတစ်ဦးအဖြစ် ရွေးကောက်ခံရသည်။ မကြာမီ စစ်တွေမြို့ အင်ဂျာမန် အစ္စလာမီယာ နှင့် ဟောက်တန်စာကြည့်တိုက် အတွင်းရေးမှူးအဖြစ် ရွေးကောက်ခံရသည်။ ထိုအသင်း၏ နိုင်ငံခြားဇာတ်သွင်းနေမှုကို ဆန့်ကျင်ခဲ့သည်။
    သန်းခေါင်စာရင်းကောက်သည့် အချိန်တိုင်း တိုင်းရင်း မွတ်စလင်မ် များအား Indo burman အိန္ဒိယ မြန်မာ ကပြားဟု စာရင်းသွင်းသည်ကို လက်မခံ၊ ကမန်မြေထူးစသဖြင့် စာရင်းတင်ရန် အရေးဆိုခြင်း၊ တိုင်းရင်း မွတ်စလင်မ်ထုအား ပညာပေးခြင်းများပြုလုပ်ခဲ့သည်။
    လွှတ်တော်ရှေ့နေကြီး ဦးယာဆင် B.A,  B.L နှင့်တွဲ၍ မြို့ဟောင်း နှင့် မင်းပြားနယ်တစ်ဝိုက် သုတေသန ခရီးဆန့်ခဲ့သည် ။ ဘုရင် စောမွန် လက်ထက် စစ်ဗိုလ်ချုပ် စန္ဒီခန် တည်ဆောက်ခဲ့သော စန္ဒီခန်ဗလီခေါ်သင်းသီး ဗလီ၊ မင်းသား ရှားရှုဂျာစံမြန်းနေထိုင်ခဲ့သော ဘားဘူးတောင် ဘုရားခြေရင်းရှိ နန်းတော်ရာ၊ ရှားရှုဂျာနှင့် နောက်တော်ပါးများ တည်ခဲ့သော ဘုရားရှိခိုးကျောင်း၊ မင်းပြားမြို့ရှိ ဦးကာဒီကြီး၏သင်္ချိုင်း (မြိတ် တောင်ရွာ)တို့ကို အမှတ်တရ  ဓာတ်ပုံများ ရိုက်ယူလာသည်။ သမိုင်းဝင် အထောက်အထားများပြ၍ မွတ်စလင်မ်ထုအား ဟောပြောခဲ့ သည်။
    ၁၉၃၂မှ ၁၉၃၇ ခုနှစ် မင်းတိုင်ပင်အမတ်ဖြစ်စဉ် တိုင်းရင်း မွတ်စလင်မ်တို့၏ နိုင်ငံရေး၊ ပညာရေးများကို ထိရောက်စွာပါဝင် ကူညီခဲ့သည်။
    စစ်တွေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်းတော မြို့နယ်ဟူသည့် ၅ မြို့နယ် ကိုယ်စား လှယ်အဖြစ် မင်းတိုင်ပင်အမတ် ရွေးချယ်ခံရစဉ် အရေးကြီးသော ခွဲရေးတွဲရေး ကိစ္စတွင် ခွဲရေးဘက်မှ ထောက်ခံမဲ ပေးခဲ့သည်။
    ဦးဘိုးခိုင်သည် နှစ်ဖက်မိဘမှ ဇာတိမာန် စိတ်ဓာတ်ကို အမွေခံသူ ဖြစ်သည်။ ဇာတိမာန်ကို ဖော်ညွှန်း သော ရာဇ၀င်သမိုင်းကို စိတ်ဝင်စားသည် အပင်ပန်းခံ၍ ရှာဖွေစုဆောင်းသည်။ အများအကျိုးအတွက် ရေးသား ဖြန့်ချိသည်။
    ၁၉၃၅-ခု ဧပြီလ၊ ၁၂၉၇-ခု တန်ခူးလထုတ် မြန်မာ့အလင်းနှစ်သစ် မင်္ဂလာသတင်းစာတွင် မင်းတိုင်အမတ် ဦးဘိုးခိုင်သည် မြန်မာမွတ်စလင် ဆောင်းပါးဖြင့် မွတ်စလင် သမိုင်းကို ဖော်ကျူးပါသည်။
    ဦးဘိုးခိုင်သည် ဦးစွာ သမည ရခိုင်မွတ်စလင်၊ ကမန်မွတ် စလင်၊ မြေထူးမွတ်စလင်ဟူ၍ ခေါင်းစဉ်သုံးခု ဖြင့် တိုင်းရင်း မွတ်စလင်တို့ ဖြစ်ပေါ်လာပုံကို လက်လှမ်းမီသမျှ အထောက်အထားများဖြင့် တင်ပြသည်။
    ရခိုင်မွတ်စလင်များသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် လောက်က အစပြု၍ တဖြည်းဖြည်း ရောက်ရှိလာသော အာရဗ်လူမျိုး၊ ပါရှင်းလူမျိုးနှင့် အိနဒိယလူမျိုးများမှ ဆင်းသက် ပေါက်ဖွားလာသူများ ဖြစ်သည်။ ရှေးကျသော ရခိုင်လူမျိုးများ ကဲ့သို့ပင် ၀တ်စားဆင်ယင်သည်။ အဆက်အနွယ်များသည် ကျောက်တော်၊ မင်းပြားနှင့် ပေါက်တောနယ်များတွင် နေကြသည်။ လယ်ယာကိုင်းကျွန်းလုပ်ကိုင်ကြသည်။
    ကမန်မွတ်စလင်တို့သည် မဂိုလ်ဒေလီဘုရင် ရှာဂျဟန်မင်း မြတ်၏သားတော် ရှရူဂျာမင်းသားမှအစပြု သည်။ ရှာရှုဂျာကို ရခိုင်တို့က သက်သူဇာဟု သိကြသည်။ ကမန်တို့သည် လေးသည်တော်အဖြစ် မင်းမှုထမ်းသည်။ အများအားဖြင့် ကုန်သွယ်လယ်လုပ်များ ဖြစ်သည်။ ရခိုင်လိုဝတ်၊ ရခိုင်လိုပြောသူများဖြစ်သည်။ စစ်တွေ၊ ကျောက်ဖြူ နှင့် သံတွဲစီရင်စုများတွင် နေကြသည်။
    မြေထူးမွတ်စလင်များသည် ရခိုင်ပြည်နှင့် ဟံသာဝတီ ပဲခူး မြို့တော်မှ ပြောင်းရွှေ့လာကြသည်။ ဘုရင့် ကိုယ်ရံတော်အဖြစ်ဖြင့် အမှုထမ်းခဲ့ကြသော မွတ်စလင်များမှ ဆင်းသက်လာသည်။ ပဲခူးတွင် အာရဗ်မွတ်စလင်ကုန် သည်များ နေထိုင်ခဲ့ကြသည်။ရွှေဘိုခရိုင်မြေထူးမြို့၊ စစ်ကိုင်းခရိုင်၊ ပင်းယ၊ ကန့်ဘလူ၊ ရမည်းသင်းခရိုင်၊ ယင်းတော်နှင့် ကျောက်ဆည်ခရိုင် လက်ပံမြို့များ၌ စားမြေနေမြေ ချထားပေးခံရသူ အားလုံးကို မြေထူးမွတ်စလင် ဟုခေါ်သည်။ ရခိုင်တိုင်းသံတွဲတွင် မြေထူး မွတ်စလင်အချို့ရှိသည်။ လယ်ယာဥယျာဉ် လုပ်ကိုင်သည်။ ၀တ်စား ပြောဆို နေထိုင်မှုမှာ မြန်မာတိုင်းရင်းသားများနှင့် မခြားနားပါဟူ၍ ဖြစ်သည်။
    အမတ်မင်းဦးဘိုးခိုင်သည် ဆောင်းပါးနိဂုံးတွင် ၁၉၃၁-ခု အစိုးရ မှတ်ပုံတင် သန်းခေါင်စာရင်းအရ မြန်မာ၊ ကူကူချင်း၊ မြို၊ တယ်၊ ဗသျှူး၊ မွန်၊ ကရင်၊ ပန်းသေး၊ ရခိုင်၊ ကမန်၊ မြေထူးမွတ်စလင်၊ နိုင်ငံခြားသား မွတ်စလင် မြန်မာပြည်မွေး နိုင်ငံခြားသား မွတ်စလင်အပါအ၀င် မြန်မာပြည် နေ မွတ်စလင်ဦးရေစာရင်းကို ဖော်ပြသည်။ တစ်ဆက်တည်းမှာပင် ၁၀၆၀ ခု မှ ၁၀၇၆ ခုနှစ်လောက်တွင် မြန်မာပီပီပြဿာဒ်များနှင့် ဆောက်လုပ်ထားသော ရွှေဘိုနယ်မြေမြို့အနီး မှော်ရွာရှိ မွတ်စလင်ဗလီ ဓာတ်ပုံကို ဖော်ပြထားသည်။ ဂုဏ်ယူဖွယ် ကောင်းလှပါသည်။
    အမတ်မင်း ဦးဘိုးခိုင်သည် မိမိကိုယ်တိုင် သမိုင်းကို ၀ါသနာ ပါသကဲ့သို့ သမိုင်းစူးစမ်းသော အခြားသုတေသီများကိုလည်း လေးစားသည်၊ ပံ့ပိုးကူညီသည်။
    ၁၉၃၈-ခုတွင် နောင်နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံရသည့် ဆရာဦးဘိုးချယ်က ဗမာမွတ်စလင်တို့၏ ရှေးဟောင်း အတ္တုပတ္တိကို ပြုစုသည်။ ထိုစဉ် ဦးဖိုးခိုင်က သမိုင်းဝင် အဆောက်အဦများကို ဓာတ်ပုံရိုက်ပို့ ကူညီသည်။
    masjid from myout ouu
    image via-RB News
    ရခိုင်ရှိ စနဒီခါန်ဗလီ၊ မူစာဒေ၀န်ဗလီ၊ ဘုဒေါမုကံဗလီနှင့် အဆောက် အဦများ၊ ရှူဂျဗလီ၊ ရှူဂျမင်း၏ စံနန်းရာ စသည် သမိုင်းဝင်ဓာတ်ပုံများ ပါဝင်သည်။
    စန္ဒီခါန်ဗလီသည် သမိုင်းဝင် ဗလီတစ်လုံး ဖြစ်သည်။ ဘင်္ဂလားပြည် မှ စစ်အကူအညီကြောင့် နရမိတ်လှ ထီးနန်း ပြန်လည်ရရှိသည့်အခါ ကျေးဇူးတင်သောအားဖြင့် မြို့ဟောင်းကို မြို့တော်သစ်ပြုလုပ်ပြီး လက်အောက်ခံ အဖြစ် အုပ်ချုပ်သည်။ မြို့ဟောင်းမြို့၌ စန်ဒိခန်ဗလီကို ကျောက်ဖြင့် ဆောက်လုပ်ခွင့်ပေးသည်။ ထိုမျှမက မွတ်စလင် တို့ ၏ ယုံကြည်ချက် ကလ်မာကို ဒင်္ဂါးခပ်နှိပ်ရန် မိန့်မှတ်သည်ဟု ဆရာချယ်၏စာအုပ်တွင် မှတ်တမ်းပြုထားသည်။
    ဗိုလ်ချုပ်က- “မွတ်စလင်မ်လူထုလဲ ကျွန်တော်တို့နဲ့ လက်တွဲ ဆောင်ရွက် စေလိုပါတယ်။ ကျွန်တော် blank  cheque ပေးပါမယ်။ သေအတူ ရှင်အမျှပါ။ မိမိတို့လိုရာကို တောင်းကြပါ။ ကျွန်တော် တတ်နိုင်သလောက် လိုက်လျောပါမယ်။ တိုင်းရင်းသား ကွဲနေ ရင် ဗမာပြည် လွတ်လပ်ရေးရဖို့ခက်ပါတယ်။”ဟု မိန့်ခွန်းပေးခဲ့ကြောင်း ဦးဘိုးခိုင်၏ ကိုယ်ရေးအတ္ထုပတ္တိတွင် ဖော်ပြပါရှိပါသည်။
    BadrMaqaam
    photo-internet
    အလားတူပင်မူ စာဒေ၀န်ဗလီသည် စစ်တွေမြို့၊ မွတ်စလင် သီန်တွင် လွန်ခဲ့သော ခရစ်နှစ် ၁၇၀၀ကျော် ၁၈၀၀ လောက် အတွင်းက ဆောက်လုပ်ခဲ့သည်။ ဘဒ္ဒရ်မကာန်ခေါ် ဗုဒ္ဓေါမော်ဂူ နှင့် ဗလီသည် ခရစ်နှစ် ၁၇၈၆ နှစ်က ဆောက်လုပ်ခဲ့ပြီး ယခုအခါ လူမျိုးမရွေး ဘာသာ မရွေး ရိုသေကိုင်းရှိုင်းခြင်း ခံနေရသည့် သမိုင်းဝင် အဆောက်အဦး ဖြစ်သည်ဟု ဖော်ပြသည်။
    ThegrandJameMosque
    photo-internet
    ရှူဂျာဗလီ၊ ရှူဂျာမင်း၏ စံနန်းရာ စသည်တို့ကား အိန္ဒိယနိုင်ငံ အာဂရမြို့၊ တဂ်ျမဟာလ် ကမ္ဘာကျော် အဆောက်အဦးကို ဆောက်တည် တော်မူခဲ့သော ရှာဂျဟန်မင်း၏ သားတော်ရှူဂျာနှင့် ပတ်သက်သည်။ ခရစ်နှစ် ၁၆၆၁-ခုနှစ်က ရှူဂျာမင်းသား၏ အခြွေအရံတို့ကို ရခိုင်မင်း၏ နန်းတော်တွင် ကိုယ်ရံတော်တပ်ဖွဲ့၍ လခပေးခန့်ထား သည်။ ရခိုင်ပြည် “ကမန်မွတ်စလင်”ဟု ထင်ရှားလာသူများဖြစ်သည်။
    ဆရာဦးဘိုးချယ် ရေးသားဖော်ပြသည့် သမိုင်းအချက်အလက်များ ခိုင်လုံမှုအတွက် အမတ်မင်း ဦးဘိုးခိုင် ပေးပို့သည့် ဓာတ်ပုံများသည်များစွာ အထောက်အပံ့ပြုပါသည်။
    ဂျပန်ခေတ်တွင် ဦးဘိုးခိုင်ကို ကျောက်ဖြူခရိုင်အတွင်း ပထမ တရားမနယ်ပိုင် တရားသူကြီး ခန့်ပြီးနောက် ရဲဝန်ထောက်အဖြစ် ခန့်အပ်သည်။ ရဲဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်စဉ် ရဲအဖွဲ့ဝင် ၄၀ နှင့်အတူ မြေပုံမြို့အထိသွားပြီး သူခိုးဓားပြများကို ရှင်းခဲ့သည်။ ဤသို့ နောက်ပါများ နှင့် သွားသည်ကို တော်လှန်ရန်လူစုသည် ဟု စွပ်စွဲဖမ်းဆီးခံရသည်။ တစ်လကျော် ချုပ်ခံရပြီးမှလွတ်ခဲ့သည်။
    အချုပ်မှလွတ်သော် ရန်ကုန်သို့ လိုက်သွားပြီး သခင်မြ ခေါင်းဆောင်သော ကက်ဘိနက် အစည်းအဝေး တက်၍ အဖြစ်အပျက် ပြောပြသည်။ ပြည်ထဲရေး ၀န်ကြီးကိုယ်တိုင် ဂျပန် Chief of staff ထံ ခေါ်သွားပြီး ရှင်းပြခိုင်းရာ ဂျပန်က မှားကြောင်းဝန်ခံခဲ့သည်။ ရန်ကုန်မှာရှိနေစဉ် ဗိုလ်ချုပ် အောင်ဆန်းက ခေါ်ယူတွေ့ဆုံ ကျွေးမွေး ဧည့်ခံသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကလည်း ခေါ်ယူတွေ့ဆုံ အားပေးသည်။ ရန်ကုန်မြို့ ပန်ကာ မောင်အေး၏ နေရာတွင် dy d.i.g (cid) ခန့်ထားခြင်းခံရသည်။
    ၁၉၄၁-ခုနှစ်တွင် အထက်တန်းရှေ့နေ ဦးဘိုးခိုင်သည် ဗမာ နိုင်ငံ လုံးဆိုင်ရာ နိုးကြားရေး ကွန်ဖရင့် အမှုဆောင်လူကြီးအဖြစ် အရွေးခံရသည်။ ၁၉၄၅-ခု သြဂုတ်လတွင် မြန်မာမွတ်စလင်အဖွဲ့ချုပ် GCMA ‘ မင်းတိုင်ပင် အမတ် ဦးဘိုးခိုင်သည် ဒုတိယ ဥက္ကဋ္ဌဖြစ်လာသည်။
    ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဖဆပလအဖွဲ့ချုပ်တွင် ဗိုလ်ချုပ် အောင်ဆန်း၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့နှင့်လည်း မကြာခဏ တွေ့ဆုံဆွေး နွေးခဲ့သည်။
    မကြာမီ ပျဉ်းမနားတွင် ဗမာမွတ်စလင်မ် ညီလာခံပြုလုပ်ရာ ဖိတ်ကြားခံရသည်။ ထိုညီလာခံတွင် ဆရာကြီး ဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။
    ၁၉၄၆ ခုတွင် ဦးဘိုးခိုင်သည် စစ်တွေသို့ပြန်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၊ ဟင်္သာတ ဦးမြ၊ ဦးအောင်ဇံဝေတို့ စစ်တွေသို့ ရောက်လာသည်။ ဗိုလ်ချုပ်က-
    “မွတ်စလင်မ်လူထုလဲ ကျွန်တော်တို့နဲ့ လက်တွဲ ဆောင်ရွက် စေလိုပါတယ်။ ကျွန်တော် blank  cheque ပေးပါမယ်။ သေအတူ ရှင်အမျှပါ။ မိမိတို့လိုရာကို တောင်းကြပါ။ ကျွန်တော် တတ်နိုင်သလောက် လိုက်လျောပါမယ်။ တိုင်းရင်းသား ကွဲနေ ရင် ဗမာပြည် လွတ်လပ်ရေးရဖို့ခက်ပါတယ်။”ဟု မိန့်ခွန်းပေးခဲ့ကြောင်း ဦးဘိုးခိုင်၏ ကိုယ်ရေးအတ္ထုပတ္တိတွင် ဖော်ပြပါရှိပါသည်။
    ဦးဘိုးခိုင်သည် ၁၉၄၈-ခု ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စစ်တွေ မြို့၌ ကျင်းပသည့် ရခိုင်ပြည်လုံးကျွတ် ရခိုင်မွတ်စလင် ညီလာခံကြီး၏ သဘာပတိအဖြစ် ဆောင်ရွက်သည်။ ညီလာခံသဘာပတိ မိန့်ခွန်းတွင် ညီလာခံကျင်းပရခြင်း အကြောင်းကို ဦးစွာရှင်းပြသည်။ ၁၉၄၈-ခုတွင် မြန်မာအစိုးရသည် မြန်မာနိုင်ငံတော်သားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ နှင့် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေနှစ်ရပ် အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၉၄၉-ခု မေလ ၁ ရက်နေ့မတိုင်မီ လျှောက်ထားရန် နှိုးဆော်သည်။ တစ်ဆက်တည်းမှာပင် ကုလားဆိုတာဘာလဲ၊ ရခိုင်မွတ်စလင် ရိုဟင်ဂျာခေါ်ရခိုင်မွတ်စလင်၊ ကမန်လူမျိုး၊ မြေထူးလူမျိုး၊ ဇေရဘာဒီလူမျိုး ဟူသည့် မွတ်စလင်များဖြစ်ပေါ်လာပုံ၊ ရခိုင်မွတ်စလင်တို့၏ ရှေးအခါက အခြေအနေ၊ ယခုလက်ရှိအခြေအနေ၊ ဆူပူသောင်းကျန်းမှုကိစ္စ၊ ဒို့သဘောထားဟူသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းမိန့်ကြားသည်။
    အကျဉ်းသဘောမှာ လွတ်လပ်ပြီးစ ရခိုင်မွတ်စလင်တို့၏တာဝန်ကို ရှင်းပြသည်။ ရခိုင်မွတ်စလင်တို့သည် ရှေးကတည်းက ရခိုင်ဗုဒ္ဓဘာသာ များနှင့် ရောနှောသင့်မြတ်စွာ နေထိုင်ခဲ့ကြသည်။ ဘုရင့်သစ္စာကို စောင့်သိသည်။ ဘုရင်မင်းမြတ်ကလည်း နိုင်ငံသုံး ငွေဒင်္ဂါးပေါ်တွင်ပင် ကလေမာခေါ် ကျမ်းတော်လာ လင်္ကာတစ်ပိုဒ် (ယုံကြည်ချက်)ကိုပင် ရိုက်နှိပ်ခဲ့သည် သာမက မွတ်စလင်အမည် တံဆိပ်တော်များ ခတ်နှိပ်ခံယူတော်မူခဲ့သည်။ နယ်ချဲ့ပယောဂကြောင့် အထင်လွဲမှုပေါ်ပေါက်ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း အမြော်အမြင်ကြီးမားသော နိုင်ငံခေါင်းဆောင်ကြီးများကြောင့် ဘာသာမရွေး၊ လူမျိုးမရွေး၊ ပေါင်းသင်းဆက်ဆံမှု တိုးပွားလာသည်။ တိုင်းရင်းသားစုံပါသော လူထု တပ်ဦး ဖဆပလအဖွဲ့ကြီး ပေါ်လာသည်။ ကုလားမွတ်စလင်မှ ဗမာမွတ်စလင်ကို ခွဲခြားပြနိုင် ခဲ့သည်။ နိုင်ငံဥပဒေများ ပေါ်ပေါက် လာသည်။ သောင်းကျန်းမှုကို မိမိတို့ မထောက်ခံ၊ မလိုလား၊ ဗမာပြည်သည် မိမိတို့ပြည်ဖြစ်သည်။ မိမိတို့သည် ဤပြည်မှာ မွေး၍  ဤမြေမှာပင် အရိုးထုတ်ရမည့် သူများဖြစ်သည်ဟု ရေလည်အောင် ရှင်းပြ ခြင်းဖြစ်သည်။
    နိဂုံးကြွေးကြော်သံမှာ
    –    ဒို့မျိုးချစ် ရခိုင်မွတ်စလင် အပေါင်းတို့မှာ ယနေ့မှစ၍ စုရုံးကြကုန်အံ့၊ အသင်းအပင်း ဖွဲ့စည်းကြအံ့၊ မိမိတာဝန်ကို မိမိတို့ ကျေပွန်အောင် သစ္စာရှိစွာဖြင့် ထမ်းဆောင်ကြအံ့။
    –    မိမိတို့မှာ ကုလားမဟုတ် ဗမာဖြစ်ကြောင်း သတိရကြအံ့၊ ကုလား မဟုတ်ကြောင်း အလုပ်ဖြင့် ပြကြအံ့၊ တိုင်းရင်းသားပီပီ နိုင်ငံတော်ကြီး၏ အကျိုးကို ဆောင်ကြအံ့။
    –    ငါတို့ အရေးတော်ပုံ အောင်ရမည်ဟူ၍ ဖြစ်ပါသည်။
    ဦးဘိုးခိုင်သည် ၁၉၃၅-ခုနှစ်မှစ၍ MLC မင်းတိုင်ပင် အမတ် တစ်ဦးဖြစ်သည်။ ဖဆပလခေတ် ၁၉၅၂-ခုတွင်လည်း ပါလီမန် အမတ်အဖြစ် ရွေးကောက်ခံရသည်။ ပါလီမန် နှစ်ဆက်တွင် အတွင်းဝန်ဖြစ်သည်။ တစ်ဦးတည်းသော သမီးဒေါ်အေးညွန့်နှင့် သမက် စူလတန်အာမက် တို့လည်း ပါလီမန်အမတ်များ ဖြစ်ကြသည်။
    ဦးဘိုးခိုင်၏မျိုးချစ်စိတ်ဓာတ် ရင့်သန်မှု၊ သုတေသနအရာ လေးစား ရမှု၊ စာစု၊ စာပြုအရာအားထားရမှုတို့ကို ၁၉၇၁ ခုနှစ် မတ်လ ၁၇ ရက် နေ့တွင် ဆရာဦးဖိုးချယ်က ဦးဘိုးခိုင်ထံ ရေးသားသောစာတွင် အထူး ပေါ်လွင်နေပါသည်။
    နိုင်ငံတော်ကောင်စီဝင် ရခိုင်အမျိုးသား ဦးလှထွန်းဖြူက လှထွန်းဖြူ သတင်းစာဆရာအမည်ဖြင့် ရေးသားသော ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများစာအုပ်တွင်
    “သမိုင်းအထောက်အထားများအရ ကမန်အမျိုးသားများသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြောင်း၊ ၁၄၅၉ မှ ၁၄၈၂ ခု ရခိုင်ဘုရင် ဘစောဖြူလက်ထက်ကပင် နန်းတော်တွင်း၌ အမှုထမ်းခဲ့ကြောင်း ၊ လှံကိုင် ဓားဆွဲ သူရဲကောင်းတပ်၊ ကမန်လေးကိုင် သူရဲကောင်းတပ်၊ သိုင်းတပ်၊ သူရဲတပ်စသည်များ ဖွဲ့စည်းထားသည့် ရခိုင်တပ်မတော်ဖြစ်ကြောင်း၊ မင်းဘာကြီးလက်ထက် ကမန်သူရဲကောင်း ငါးသောင်းကျော် ရှိကြောင်းကို အရှင်ဥက္ကံ(စောမဲကျီ) စာအုပ်မှာ ဖော်ပြ ထားကြောင်း၊ ရှာရှူးဂျာရဲ့ နောက်လိုက်အချို့ကို ရှိရင်းစွဲ ကမန်သူရဲကောင်း တပ်ထဲတွင် ပေါင်းလိုက်ကြောင်း၊ ကမန် အမျိုးသားများသည် ကိုးကွယ်သည့် ဘာသာမှအပ အားလုံး ရခိုင်အဆင်၊ ရခိုင်အ၀တ်၊ ရခိုင်စကား ပြောဆိုကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီက ထုတ်သည့် တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံ(ရခိုင်)စာအုပ်တွင် ကမန်အမျိုးသားမျိုးနွယ်ကို ဖော်ပြထားကြောင်း၊ သမိုင်းစဉ်တစ်လျှောက် ကမန်များသည် မြန်မာများနှင့်တွဲ၍ လုပ်ဆောင်ခဲ့ကြ ကြောင်း၊ ဟိုက်ကုတ် တရားသူကြီး ဦးစီဘူးသည် စစ်တွေကျေးလက် သက္ကေပြင်ရွာမှ ကမန်အမျိုးသား ဖြစ်ကြောင်း၊ ညီ ဦးညိုဘူး သည်လည်း ကမန်အမျိုးသား ဖြစ်ကြောင်း၊ ဦးဘိုးခိုင်သည် ရမ်းဗြဲသား ဖြစ်ကြောင်း၊ ဥပဒေပြု လွှတ်တော်အမတ် ဖြစ်လာခဲ့ကြောင်း၊ လွှတ်တော်တွင် အင်္ဂလိပ်လို မြန်မာလို ရဲရဲတောက် ပြောရဲဆိုရဲ သတ္တိခဲ တစ်ယောက် ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်တွင်လည်း လွှတ်တော်အမတ် ဖြစ်လာခဲ့ကြောင်း၊ ဦးဘိုးခိုင်၏သမီး ဒေါ်အေးညွန့် သည်လည်း ဆတ်ဆတ်ကြဲ၊ လျှာနီအာဇာနည် အမျိုးသမီးဖြစ်ကြောင်း ဖော်ကျူးထားပါသည်။ ကမန်မျိုးချစ် ခေါင်းဆောင်ကြီး ဦးဘိုးခိုင်၏ သမိုင်းနောက်ခံကားဟု ယူနိုင်ပါသည်။
    ဆက်စပ် ဆောင်းပါးဖတ်လိုလျှင်
    ရခိုင်ကမန်နွယ် ပါလီမန်အမတ် ဒေါ်အေးညွန့်