News @ M-Media

Blog

  • မြောက်ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအန် စစ်ဆေး

    မြောက်ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအန် စစ်ဆေး

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media

    f8bc1269fd8315b428ab3a
    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်များ ပူပေါင်းပြုလုပ်သော စစ်ရေးလေ့ကျင့်မှုတစ်ခုကို ကြီးကြပ်ခဲ့သည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA က ယနေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ရဟတ်ယာဉ်များ၊ စိန်ပြောင်းများနှင့် မြောက်ကိုရီးယားနိုင်ငံလုပ် အဝေးပစ်လက်နက်များဖြင့် လေ့ကျင့်မှုများ ပါဝင်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားအလုပ်သမားပါတီ၏ စစ်ရေးနှင့် ဗဟာဗျူဟာပေါ်လစီ အကောင်အထည်ဖော်ရေး အရေးပါသည်ဟု ကင်ဂျုံအန်က ပြောကြားခဲ့သည်။

    ထို့ပြင် မြောက်ကိုရီးယားစစ်တပ်အနေဖြင့် ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများကို မကြာခဏပြုလုပ်ရန် ကင်ဂျုံအန်က ညွှန်ကြားခဲ့ကြောင်း KCNA က ထည့်သွင်း ဖော်ပြခဲ့သည်။

    တစ်လကျော်ကြာ ပျောက်နေခဲ့သည့် ကင်ဂျုံအန်အနေဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် လူမြင်ကွင်းသို့ ပြန်ထွက်လာခဲ့ပြီးနောက်ပိုင်း စစ်တပ်အား စစ်ဆေးခဲ့ခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ကင်ဂျုံအင်မှာ တိုက်လေယာဉ်မှူးများ စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

     

    ဆင်ဟွာ

  • စစ်ရာဇဝတ်မှုဖြင့် ထောင်နှစ် ၉၀ ကျနေသည့် ဘင်္ဂလားဒေရှ် ခေါင်းဆောင်ဟောင်း ကွယ်လွန်

    စစ်ရာဇဝတ်မှုဖြင့် ထောင်နှစ် ၉၀ ကျနေသည့် ဘင်္ဂလားဒေရှ် ခေါင်းဆောင်ဟောင်း ကွယ်လွန်

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    2014102461756907734_20

    – စစ်ရာဇ၀တ်မှုများဖြင့် ထောင်ဒဏ် နှစ် ၉၀ ကျခံနေရသည့် ဘင်္ဂလားဒေ့ရှ် ဂျမာအသ် အလ်-အစ္စလာမ်ပါတီမှ ခေါင်းဆောင်ဟောင်း ဂူလမ် အာဇမ်မှာ နှလုံးရောဂါဖြင့် အစိုးရဆေးရုံတွင် ကွယ်လွန် သွားခဲ့သည်ဟု သိရသည်။

    အသက် ၉၁ နှစ်အရွယ် ဂူလ်အာဇမ်မှာ မြို့တော်ဒါကာရှိ Bangabandhu Sehikh Mujib Medical University ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်မှာ ကြပြီဖြစ်ပြီး ယမန်နေ့က ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်ဟု ဆေးရုံပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    အာဇမ်မှာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါကစ္စတန်မှ ခွဲထွက်ရေး စစ်ပွဲတွင် စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု ဆိုကာ အမှု ၆၁ မှုဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရက တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့သည်။

    လန်ဒန်တွင်နေထိုင်သော အာဇမ်၏ သားဖြစ်သူ ဆလ်မန် အလ်-အာဇမ်ကမူ မိမိတို့မိသားစုအနေဖြင့် ဖခင်အပေါ် တရားစွဲဆိုမှုနှင့် ပြစ်ဒဏ် ချမှတ်မှုအတွက် မည်သည့်အခါမှ ကျေနပ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

    အာဇမ်အား တရားစွဲဆိုရန်အတွက် ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက ဦးဆောင်ကာ ခုံရုံးဖွဲ့ခဲ့ခြင်းဖြစ်ပြီး၊ ထိုခုံရုံးဖွဲ့မှုတွင် အငြင်းပွားဖွယ်များရှိခဲ့ကာ၊ အတိုက်အခံပါတီအား အားနည်းသွားစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။ အစိုးရ အတိုက်အခံ BNP ပါတီ၏ အဓိက မဟာမိတ်ပါတီဖြစ်သည့် ဂျမာအသ် အလ်-အစ္စလာမ်ပါတီမှ ခေါင်းဆောင်အများစုမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

    ref_ Al Jazeera and agencies

  • “အစ္စလာမ့် သမိုင်းဖော်ထုတ်ရေးလ” အခမ်းအနား ကနေဒါ တွင်ပြုလုပ်

    “အစ္စလာမ့် သမိုင်းဖော်ထုတ်ရေးလ” အခမ်းအနား ကနေဒါ တွင်ပြုလုပ်

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    21-10-14_Toronto-celebrates-Islamic-History-Month
    – ကမ္ဘာကြီးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေခဲ့သည့် ကြွယ်ဝသော အစ္စလာမ့် ယဉ်ကျေးမှုဆိုင်ရာများကို ပြသရန်ရည်ရွယ်၍ သတ်မှတ်ထားသော “ကနေဒါ အစ္စလာမ့် သမိုင်းဖော်ထုတ်ရေးလ” IHMC ကို ယခုနှစ်တွင်လည်း ကျင်းခဲ့သည်ဟု သိရသည်။

    IHMC အခမ်းအနားများကို တိုရွန်တိုမြို့ရှိ ပြည်သူ့စင်တာများ၊ စာကြည့်တိုက်များ၊ ဘာသာရေးအသင်းများနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် အခြားသောနေရာများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်သမိုင်း၊ ၀ိဇ္ဖာသိပ္ပံနယ်ပယ်များတွင် အစ္စလာမ်ဘာသာဝင်တို့၏ အောင်မြင်မှုမှတ်တမ်းများကို ပြသခြင်း၊ ဟောပြောခြင်း၊ မှတ်တမ်းရုပ်ရှင်းများပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

    အဆိုပါပြပွဲအခမ်းအနားများသို့ တိုရွန်တိုတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များကလည်း အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြသည်။

    “နားလည်မှုတွေနဲ့အတူ ပေါင်းကူးတံတားတည်ဆောက်တာဟာ IHMC ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတာက မွတ်စလင်တွေကို အခြားသူတွေနဲ့ တစ်ခြားစီပါလို့ သတ်မှတ်နေတဲ့ ဒီလို အချိန်မျိုးမှာ လူတော်တော်များများ သတိမမူမိကြတဲ့ မွတ်စလင်တွေရဲ့ လူသားထုအတွက် ကူညီပေးဆပ်မှုတွေကို ပြသဖို့ အချိန်ပါပဲ” ဟု IHMC ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    “ကနေဒါ အစ္စလာမ့် သမိုင်းဖော်ထုတ်ရေးလ” အခမ်းအနားများတွင် ပါဝင်သည့် အနေဖြင့် စကာဘရော့ရှိ တိုရွန်တို အစ္စလာမ်အသင်း IIT တွင်လည်း ကနေဒါ မွတ်စလင်များ၏ သမိုင်း မှတ်တမ်းများကို အဓိကထားပြသခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းကလည်း IHMC အခမ်းအနားများကို မိတ်ဆက်သည့်အနေဖြင့် ကနေဒါ၏ ပထမဆုံး ဗလီဝတ်ကျောင်းတော် အကြောင်း ရိုက်ကူးထားသော “Mosque One” အမည်ရှိ မှတ်တမ်း ရုပ်ရှင်တစ်ခုအား ပြသခဲ့သည်။

    “ကမ္ဘာရဲ့ဒီအစိတ်အပိုင်းမှာ မွတ်စလင်တွေ တည်ရှိနေတာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ အစ္စလာမ်နဲ့ မွတ်စလင်တွေရဲ့ ဇာတ်လမ်းတွေ၊ ဆောင်ရွက်မှုတွေ အများကြီး ရှိခဲ့ပါတယ်” ဟု IIT မှ သမိုင်းပညာရှင် ဒေါက်တာ အဘ်ဒူလာဟ် ဟကင်မ် ကွစ်ခ်က ပြောကြားခဲ့သည်။

    Mosque One မှတ်တမ်း ရုပ်ရှင်အား ထုတ်လုပ်သော Tessellate အသင်းဥက္ကဌ ဒေါက်တာ ကေသီဘူးလော့ခ်ကလည်း ကနေဒါ မွတ်စလင်များအနေဖြင့် ယခင်ကရှိခဲ့သည့် ကနေဒါ မွတ်စလင်ကြီးများ၏ အတွေ့အကြုံများမှ သင်ယူသင့်သည်ဟု ဆိုသည်။

    “သူတို့ရဲ့ ဆောင်ရွက်မှုတွေကို ကျွန်တော်တို့သိဖို့လိုပြီး ဒါတွေက ကျွန်တော်တို့ရဲ့ သမိုင်းကို နားလည်ဖို့၊ သူတို့ရဲ့ ကူညီဆောင်ရွက်မှုတွေကို သိဖို့ ကူညီပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့ ယနေ့ ရင်ဆိုင်နေရတဲ့ အစ္စလာမ့်ကြောက်ရောဂါကို တိုက်ထုတ်ဖို့ အတွက်လည်း အကူအညီဖြစ်စေပါတယ်” ဟု ဒေါက်တာ ဘူးလော့ခ်က ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှု

    မြောက်အမေရိက အစ္စလာမ့်အ၀န်းအ၀ိုင်း ICNA ကလည်း IHMC အခမ်းအနားကို ချီးမြှင့်သည့်အနေဖြင့် ဟောပြောမှုများ၊ ခင်းကျင်းပြသမှုများကို ပြုလုပ်ခဲ့သည်။

    “ကနေဒါ အစ္စလာမ့်သမိုင်းဖော်ထုတ်ရေးလ” ဟာ ကနေဒါမွတ်စလင်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေရဲ့ ကြွယ်ဝတဲ့သမိုင်း၊ အမွေအနှစ်တွေ၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီး မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေ သိရှိစေဖို့၊ အသိပညာတွေပေးဖို့ အာရုံစိုက် လုပ်ဆောင်ရမယ့် လပါပဲ” ဟု IHMC ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    စကာဘရော့ရှိ Clarkson စင်တာနှင့် Agincourt ရှော့ပင်းမောတို့တွင်လည်း Mississauga ခေါင်းစဉ်ဖြင့် အဆိုပါပြပွဲများကို ပြီးခဲ့သည့် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်။

    အောက်တိုဘာလအား အစ္စလာမ့်သမိုင်းဖော်ထုတ်ရေးလအဖြစ် ကနေဒါ ပါလီမန်က ကြောညာပြီးနောက်ပိုင်း အဆိုပါအခမ်းအနားကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရှစ်နှစ်တာကာလအတွင်  အခမ်းအနားကို ကနေဒါနိုင်ငံတစ်ဝှမ်းမြို့ ၁၀ မြို့နီးပါးတွင် နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည်။

     

    ref_ OnIslam

  • နယူးယောက်မှ ဆရာဝန်တစ်ဦးတွင် အီဘိုလာထပ်တွေ့

    နယူးယောက်မှ ဆရာဝန်တစ်ဦးတွင် အီဘိုလာထပ်တွေ့

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    201410240522863734_20
    – မကြာသေးမီက အနောက်အာဖရိကမှပြန်လာသည့် အမေရိကန် ဆရာဝန်တစ်ဦးတွင် အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရသောကြောင့် နယူးယောက်ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု နယူးယောက် မြို့တော်ဝန်က အတည်ပြု ပြောကြားခဲ့သည်။

    ခရေ့ဂ်ျစပန်ဆာဟု အမည်ရသည့် အဆိုပါဆရာဝန်မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့နှင့် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေသည့် အနောက်အာဖရိက နိုင်ငံများတွင် သွားရောက် တာန်ဝန်ထမ်းဆောင်ခဲ့သူ ဆရာဝန်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၂၁ ရက်အတွင်းက အမေရိကန်သို့ ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်သည်။

    စပန်ဆာတွင် အဖျားနှင့် အီဘိုလာကူးစက်သူကဲ့သို့ လက္ခဏာများ ပြနေသောကြောင့် စစ်ဆေးခဲ့ရာမှ အီဘိုလာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု နယူးယောက် ကျန်းမာရေး ဌာနမှ ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထိုကဲ့သို့ ရောဂါပိုး ကူးစက်ကြောင်း တွေ့ရှိခဲ့ရသော်လည်း နယူးယောက်ရှိ ဆေးရုံများတွင် အီဘိုလာ ကုသရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် နယူးယောက်တွင် နေထိုင်သူများ အနေဖြင့် စိုးရိမ်မှုလွန်ကဲရန် မလိုအပ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး မာရီယိုကျူယိုမိုကမူ အခြေအနေအား ထိန်းချုပ်ထားနိုင်ပြီး ရောဂါပိုးကူးစက်နေသူကိုလည်း သင့်လျော်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည်ဟု ပြောကြားခဲ့သည်။

    အောက်တိုဘာလအစောပိုင်းက အီဘိုလာကူးစက်သူ လိုက်ဘေးရီးယားနိုင်ငံသားတစ်ဦးကို အမေရိကန်တွင် ပထမဆုံးတွေ့ရှိခဲ့ရပြီး၊ ၎င်းအားကုသပေးခဲ့သော သူနာပြုနှစ်ဦးမှာလည်း ရောဂါပိုးကူးစက်နေကြောင်း ၎င်းသေဆုံးပြီး နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။ ယခုကဲ့သို့ တွေ့ရှိမှုမှာ အမေရိကန်တွင် အီဘိုလာရောဂါပိုး ကူးစက်ခံရသည့် စတုတ္ထမြောက်လည်း ဖြစ်သည်။

    ref_ Agencies

  • ဖြူစင်ဖို့ထက် သန့်စင်ဖို့လိုပါသည်

    ဖြူစင်ဖို့ထက် သန့်စင်ဖို့လိုပါသည်

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    mellor-belle-clean_mind
    စကြ၀ဠာ၊ ကမ္ဘာ၊ လူနှင့် လူတို့နေထိုင်ရာ ပတ်ဝန်းကျင် သက်ရှိသက်မဲ့တို့ ကျင်လည်ရာလောက၊ သဘာဝတရားများနှင့် တီထွင်ဖန်တီးမှု နယ်ပယ်စသည် စသည်တို့သည် ဆက်စပ်တည်ရှိနေသော ဂေဟနယ်ပယ်များပင် ဖြစ်၏။

    ကမ္ဘာမြေပေါ်တွင် သက်ရှိများနေထိုင်ကြသည်။ သက်ရှိများဆိုရာတွင် လူ၊ တိရစ္ဆာန်နှင့် သစ်ပင်များသာဖြစ်ကြပြီး ကျန်သည့်အရာများအားလုံးသည် သက်ရှိ လူသားများမှ ဖန်တီးထားခဲ့ကြသော ရုပ်ဝတ္တုပစ္စည်းများပင် မဟုတ်ပါလား။

    ယနေ့ သတ္တကမ္ဘာမြေပြင်တွင် လူသားများသည် အသိဉာဏ်ပညာ အကြီးမားဆုံးဖြစ်သည်မို့ တစ်နေ့ထက်တစ်နေ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုများပြားလာခဲ့ပေပြီ။ ထို့အပြင် လူသားသည် ဖန်တီး တီထွင်နိုင်မှုစွမ်းအားမြင့်မားခြင်း၊ အမှားအမှန် အဆိုးအကောင်းတို့ကို ပိုင်းဖြတ်ခွဲခြားနိုင်ခြင်းစသည့် အသိများ သတိများရှိကြပေသည်။ လူသားများသည် အသက်ရှင်နေထိုင် ရပ်တည်ရာ ဤကမ္ဘာမြပြင်ကြီးကို လေ့လာကြည့်မည်ဆိုပါက လူသားတို့၏ မျက်စိဖြင့် တွေ့မြင်နေရသော အရာများဖြစ်သည်။ (လူတို့ဖန်တီးထားသော) သဘာဝအလျောက်တည်ရှိမှုများ သဘာဝအလျောက် ဖြစ်ရှိနေမှုများတွင် မည်သည့်အရာမှ ညီမျှနေခြင်း တစ်ညီထဲ တစ်တန်းတစ်စားတည်း ဖြစ်နေခြင်းများ မရှိသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် တောင်ကုန်းတောင်တန်းများသည် အနိမ့်အမြင့်များစွာဖြင့် ဖွဲ့စည်းတည်ရှိနေသကဲ့သို့ တောအုပ်တောတန်း၊ သစ်ပင်၊ ခြုံပုတ်၊ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာများသည်လည်း အထူ၊ အပါး၊ အကျဉ်းအကျယ်၊ အတိမ်အနက်တို့ မတူညီမှုများဖြင့် ဖွဲ့စည်းတည်ရှိနေကြပေသည်။ ဤသည်ကိုပင် သဘာဝတရားဟုခေါ်တွင်ခဲ့ကြသည် မဟုတ်ပါလား။ အရာရာသည် မတူညီမှုများ၊ ကွဲပြားခြားနားမှုများ၊ ဆန့်ကျင်ဘက်အနေအထားများဖြင့်သာ ထာဝရတည်ရှိနေပေသည်။

    အသားအရောင်ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ ဆင်းရဲချမ်းသာ မတူညီခြင်း၊ အနိမ့်အမြင့်ကွာခြားခြင်း စသည့် စသည့် ကွာခြားမှုများသည် ယခင့် ယခင်ကလည်း ရှိခဲ့သည်ဖြစ်သလို ယခု၊ နောင်တွင်လည်း ရှိနေဦးမှာပင်ဖြစ်၏။ ဤသို့ကွဲပြားခြားနားမှုများကြား၊ အဓိကကျစွာတည်ရှိနေရမည့် သဘောတရား တစ်ခုသည် နားလည်မှုပင်ဖြစ်၏။ ပိုင်းကန့်ခြားနားမှုများကို ပယ်ချလိုက်လျှင် “လူ” သည် “လူ” ပင်ဖြစ်၏ဟူသော သဘောသည် အလိုအလျောက်ပင်ရောက်ရှိလာပေလိမ့်မည်။

    သို့ဆိုပါလျှင် လူသားများ၌လည်း မတူညီမှုများ ကွဲပြားခြားနားမှုများ ဆန့်ကျင်ဘက်များနှင့်ပင် ပေါင်းစည်း၍ ရပ်တည်ရှင်သန်နေကြသည်ကို လူသားတိုင်းသည် သိရှိနားလည်နေကြရပေမည်။ လူ့အသိဉာဏ်နှင့် အသိတရားတို့သည် မြင့်မားကြ၏။ ထိုနည်းတူခွဲခြားမှုများ ပြုလုပ်ကြသည်မှာလဲ လူသားများပင်ဖြစ်ကြ၏။ မြေ အနိမ့်အမြင့်၊ ခြုံ အထူအပါးစသည့် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် မတူညီမျှမှုများကို လူသားတို့၏ အသိဉာဏ်ဖြင့် ညှိပြင်ပြောင်းလဲယူ၍ ရသလောက် ညှိပြင်ပြောင်းလာနေထိုင် အသက်ဆက်ကြသကဲ့သို့ ညှိ၊ ပြင်၊ ပြောင်းလဲ၍မရသောအရာများကိုကား သူ့သဘာဝအလျောက် ထားကြရသည် မဟုတ်ပါလား။ သို့ဆိုလျှင် မညီမမျှဖြစ်နေသော အရာများ မတူ ကွဲပြားခြားနားနေသော အရာများအား မိမိတို့၏အသိ၊ မိမိတို့၏သတိ၊ မိမိတို့၏ပညာ ညဏ်၊ မိမိတို့၏စိတ်ဓာတ်များဖြင့် ညှို၊ ပြင်၊ ပြောင်းလဲ၍ ရနိုင်သလောက် ညှိ၊ ပြင်၊ ပြောင်းလဲပြီး မရနိုင်သည့် အရာများအတွက် နားလည်မှုများထားကာ နေထိုင်ကြမည်ဆိုလျှင် “ပဋိပက္ခ”ဟူသည် ရှိလာနိုင်မည် မဟုတ်ပေ။ အသားအရောင်ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ ဆင်းရဲချမ်းသာ မတူညီခြင်း၊ အနိမ့်အမြင့်ကွာခြားခြင်း စသည့် စသည့် ကွာခြားမှုများသည် ယခင့် ယခင်ကလည်း ရှိခဲ့သည်ဖြစ်သလို ယခု၊ နောင်တွင်လည်း ရှိနေဦးမှာပင်ဖြစ်၏။ ဤသို့ကွဲပြားခြားနားမှုများကြား၊ အဓိကကျစွာတည်ရှိနေရမည့် သဘောတရား တစ်ခုသည် နားလည်မှုပင်ဖြစ်၏။ ပိုင်းကန့်ခြားနားမှုများကို ပယ်ချလိုက်လျှင် “လူ” သည် “လူ” ပင်ဖြစ်၏ဟူသော သဘောသည် အလိုအလျောက်ပင်ရောက်ရှိလာပေလိမ့်မည်။

    လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ဘာသာတရား တစ်ခုနှင့်တစ်ခု၊ လူသားတစ်ဦးနှင့် တစ်ဦးကြား ပတ်သက်ဆက်နွယ်မှုများ အပေါ်တွင် ကန့်သတ်မှု၊ ခွဲခြားမှု၊ မလိုမုန်းထားမှု၊ အမြင် ကျဉ်းမြောင်းမှုများ ထားရှိနေကြမည် ဆိုပါလျှင် လူသားများသည် ငြိမ်းချမ်းပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာလောကကြီးနှင့် အစဉ်အမြဲလွဲချော် နေကြလိမ့် ဦးမည်သာဖြစ်ပေသည်။ လူသားသည် အဘယ်ကလာသနည်း။ လူသားသည် အဘယ်သို့သွားမည်နည်း။ ကောင်းမြတ်သည့်နေရာမှ လာ၍ ကောင်းမြတ်သည့်နေရာသို့သွားရန် ကောင်းမြတ်သည့် စိတ်ထားများသည်သာ ၀င်ပေါက်၊ ထွက်ပေါက် တံခါးချပ်ပင်ဖြစ်ပေ၏။

    သို့ဆိုလျှင် ကျွန်ုပ်တို့လူသားများ အားလုံးကောင်းမြတ်ခြင်း အ၀င်၊ အထွက် လမ်းများဖြောင့်ဖြူးသာယာမှု ရရှိစေဖို့ ယနေ့မှစ၍ စိတ်များကို သန့်စင်အောင် ဆေးကြော လိုက်ကြပါစို့။