News @ M-Media

Blog

  • မြန်မာ့နည်း မြန်မာ့ဟန် ဘောလုံးဥပဒေ

    မြန်မာ့နည်း မြန်မာ့ဟန် ဘောလုံးဥပဒေ

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Patrick Tan ရေးသည်။

    ca-nov-07-10
    ကာတွန်းသရုပ်ဖော်ပုံ – ဟန်လေး

    ၂၀၁၅ မှာ ကျင်းပမယ့် ဘောလုံးပွဲမှာ လူချကစားခြင်းကို ပြစ်ဒဏ်ဘောပေးမှာ မဟုတ်ပါဘူး။

    နာသွားသူကိုလည်း လူစားလဲခွင့်မပြုပါဘူး။

    ဂိုးစည်းအတွင်း လက်ဖြင့်ထိခြင်း အတွက်လည်း အလွတ်တည်ကန် ပြစ်ဒဏ်ဘောပေးမှာ မဟုတ်ပါဘူး။

    ကျနော်တို့ဒိုင်အဖွဲ့ အနေနဲ့လည်း ကွင်း အတွင်းဝင်ပြီးကြီးကြပ်မှာ မဟုတ်ဘဲ၊ ကွင်းအပြင်မှာ ဒိုင်လူကြီးများအတွက် သီးသန့်စာပွဲများ ချပြီး စောင့်ကြည့်ကြီးကြပ်မှာဖြစ်ပါတယ်။

    မကျေနပ်ချက်ရှိရင် ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ အုပ်စုလိုက် လာရောက် တိုင်ကြားနိုင်ပါတယ်။

    ဒါပေမယ့်သတိပြုရမယ့် အချက်ကတော့ အဲ့ဒီအချိန်မှာ ဘောလုံးပွဲကို ရပ်ထားမှာ မဟုတ်တဲ့အတွက်၊ တစ်ဖက် အသင်းက ဂိုးသွင်းသွားရင် ခွင့်ပြုမှာပါ။

    ဒါ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်စည်းကမ်းတွေ လာပြောရမယ့်နေရာမဟုတ်ပါဘူး။

    ကျနော်တို့မြန်မာနိုင်ငံရဲ့ စိတ်ဓာတ်နဲ့ကိုက်ညီအောင် ကျနော်တို့နှစ်ပေါင်းများစွာ အချိန်ယူရေးဆွဲထားတဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဘောလုံးဥပဒေပါ။

    ဒါကို ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ ဘောလုံး အသင်းတိုင်း လေးစား လိုက်နာပါ့မယ်လို့ ကျမ်းကျိန် လိုက်နာပြီးဖြစ်ရပါမယ်။

    ပုံ
    မောင်တန်
    ငှက္ကထ
    ဘောလုံးပွဲကြီးကြပ်ရေးကော်မီတီ

  • လူရာနှင့်ချီ ပါဝင်ခဲ့တဲ့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှု တောင်ကုတ် ဒေသခံ ၇ ဦးကို ထောင်ဒဏ် ၇ နှစ်ချ

    လူရာနှင့်ချီ ပါဝင်ခဲ့တဲ့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှု တောင်ကုတ် ဒေသခံ ၇ ဦးကို ထောင်ဒဏ် ၇ နှစ်ချ

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    သီဟ

    10731006_730998266949972_5247703223752861860_n
    တရားခံ ၇ ဦး (Photo-FB)

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်က ဒေသခံ ၇ ဦးကို အပြင်းအထန်နာကျင်စေမှုနဲ့ သံတွဲခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။

    အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ်းက ပြည်နယ်တရားလွှတ်တော်ထံ အယူခံတင်သွားမယ် လို့ ပြောပါတယ်။

    အမှုမှာ ပါဝင်ခဲ့သူလို့ ယူဆရတဲ့ တောင်ကုတ်မြို့ ဒေသခံ ၇ ဦးကို အခင်းဖြစ်ပွားပြီး တနှစ်ကျော် အကြာ ၂၀၁၃ ခုနှစ်  ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု ပုဒ်မ ၃ဝ၂၊ လူသတ်ရန် လူစုလူဝေးနဲ့ ကြိုတင်ကြံစည်မှု ပုဒ်မ ၃၄ တို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် စွဲချက်တင်တဲ့အခါ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ နဲ့ တင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အမိန့်ချမှတ်ခဲ့တာပါ။

    ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ရိုးမသစ္စာ ခရီးသည်တင်ကားမှာ လိုက်ပါခဲ့တဲ့ အစ္စလာမ် ဘာသာဝင် ၁ဝ ဦး ဟာ အကြမ်းဖက်သမား ရာနှင့်ချီပါဝင်တဲ့ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် ၇က်စက်စွာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
    10-myanmar-muslim-pepole-copy

    ကိုးကား- RFA(မြန်မာပိုင်း)

  • မဟာပညာရှိ ဂျာရစ်(၂)- နိုင်ငံ့တာဝန် မကျေသေးတာ ယူ-၇၀ ယူ-၆၀ တွေလား?

    မဟာပညာရှိ ဂျာရစ်(၂)- နိုင်ငံ့တာဝန် မကျေသေးတာ ယူ-၇၀ ယူ-၆၀ တွေလား?

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    ProfessorWhatnot

    * ဦးဂျာရစ်ရေ။      ။ မြန်မာယူ- ၁၉ ဘောလုံးအသင်းကတော့ မိုက်တယ်ဗျာ။ အာရှယူ- ၁၉မှာ ဆီမီးတက်ရုံတင်မကဘူး။ ၂၀၁၅ နယးဇီလန်မှာ ကျင်းပမယ့် ယူ- ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့်ရတဲ့အထိ နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်လိုက်နိုင်ပြီ။ အရမ်းကျေနပ်တယ်ဗျာ။

                        ကိုတင်ဝင်း၊ မန္တလေး။

        ယူ- ၁၉ မြန်မာဘောလုံးအသင်းအတွက် ဂုဏ်ယူကျေနပ်စရာကောင်းတဲ့ အောင်မြင်မှုပါ။ နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို မြှင့်တင်ပေးလိုက်တဲ့ (၁၉) နှစ်နဲ့ (၁၉) နှစ်အောက် လူငယ်လေးတွေကိုကြည့်ပြီး လူကြီးတွေ အတုယူလိုက်ကြပါလို့ ဦးဂျာရစ်ပြောပါရစေ။ ယူအေအီးလို ကိုယ့်ထက် နည်းပညာတွေရော၊ တစ်ဦးချင်းစွမ်းဆောင်ရည်ရော ကိုယ်ကာယချင်းမှာပါ အများကြီးသာတဲ့အသင်းကို မြန်မာအသင်း ဘာလို့နိုင်တာလဲ။ ဦးဂျာရစ် တွေးမိလိုက်တာက တစ်သင်းလုံး စည်းလုံးညီညတ်မှု ရှိတာရယ်၊ ရှေ့လယ် နောက် အားလုံး ကိုယ့်တာဝန် ကိုယ်ကျေတာရယ်၊ ရှေ့လယ် နောက် အားလုံး ကိုယ့်တာဝန်ကိုယ်ကျေတာရယ်၊ အနိုင်ရလိုတဲ့ စိတ်ဓာတ်ရယ်၊ ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ပိုင်ပိုင်နိုင်နိုင် အသုံးချလိုက်နိုင်တာကြောင့် အခုလို အနိုင်ရပြီး နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်လိုက်နိုင်တာပါပဲ။ လူငယ်တွေရဲ့ အဲဒီလုပ်ရပ်တွေကို အတုယူပြီး ဦးဂျာရစ်တို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသမျှ တိုင်းရင်းသား အားလုံး ညီညွတ်ကြမယ်၊ ကိုယ့်တာဝန်ကိုယ်ကျေကြမယ်၊ လိုချင်တဲ့ပန်းတိုင် ရောက်ကိုရောက်ရမယ်ဆိုတဲ့ သံမဏိစိတ်ဓာတ်ရယ် ရလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံဘဲ ပိုင်ပိုင်နိုင်နိုင် အရယူနိုင်မယ်ဆိုရင် ဟိုးတစ်ချိန်က အာရှမှာ အထင်ကြီးခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ပြန်လည် ၀င့်ထည်ပြီး နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ် မြင့်မားလာပါလိမ့်မယ်။ ဦးဂျာရစ်တွေး မိတဲ့အတိုင်း ပြောလိုက်ပြီနော်။

    * မြန်မာအသင်းရဲ့နည်းပြဖြစ်ရတာ ဂုဏ်ယူတယ်လို့ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ကပြောတယ်။ မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ယူ- ၂၀ ကို ထိုက်ထိုက်တန်တန် ခြေစစ်ပွဲအောင်မြငတာလို့ ကာတာနည်းပြကလည်း ပြောတယ်။ ယူ- ၁၉ တွေကတော့ နိုင်ငံ့အတွက် တာဝန်ကျေလှချည်ရဲ့။

                        ကိုကိုမောင်၊ ဗဟန်း။

        ခင်ဗျားပြောပုံက ယူ- ၇၀ တွေ၊ ယူ- ၆၀ တွေက နိုင်ငံ့ဂုဏ်၊ နိုင်ငံ့တာဝန် မကျေတာကျနေတာပဲ။ အင်းနော်။

    * သမ္မတကြီးက အငြိမ်းစားယူပြီးရင် ခြံစိုက်မယ်၊ စိန်တစ်လုံးသရက်က တွက်ခြေမကိုက်ဘူး၊ နဂါးမောက်သီးပဲ စိုက်မလိုလိုပြောဖူးတယ်။ အခုတော့လည်း နို့စားမွေးမြူရေးလုပ်မလိုလို အသံထွက်လာပါကလား။

    ဦးကျော်အေး၊ ရမည်းသင်း။

    သူက ပြည်သူတွေ နွားနို့သောက်ဖို့ ပြောဖူးတာဆိုတော့ နောက်ဆုံးကြားတဲ့အသင်းက ယုတ္တိဗေဒနဲ့ တွက်မယ်ဆို ဖြစ်နိုင်ခြေပိုများသပေါ့ကွယ်။ အဲ..နေပါဦး။ အငြိမ်းစားယူပြီး သူ့ဘာသာဘာလုပ်လုပ် မောင်ရင့်အရေးလား။ ကိုယ့်ဘာသာ လက်ရှိအလုပ်က ပင်စင်ယူပြီးရင် ဘာလုပ်မလဲပဲ စဉ်းစား။

    * နိုင်ငံတော် အကြည်ညိုပျက်မှုနှင့် အစိုးရအပေါ် ဝေဖန်မှု ဘယ်လ်ုသုံးသပ်သလဲတဲ့။ အန်တီစုက မေးခွန်းထုတ်လိုက်ပြီ။ ဦးဂျာရစ်ရော ဘယ်လိုမြင်သလဲ။

                    ကိုသောင်း၊ ရေတာရှည်။

        ဦးဂျာရစ်အသက် (၅၀)    ရှိပြီ။ တစ်သက်လုံးမြင်လာရတာကတော့ နိုင်ငံတော်= အစိုး၊ အစိုးရ= နိုင်ငံတော် ပါပဲကွယ်။ အဲဒီတော့ အစိုးရကို အကြည်ညိုပျက်အောင်ပြောဆို၊ ရေးသားဝေဖန်သမျှပြုခြင်းသည်ကား နိုင်ငံတော် အကြည်ညိုပျက်မှု မြောက်လေသတည်း။ မှတ်လော့။

    * နိုင်ငံတော်အစိုးရက စာနယ်ဇင်းရှင်းလင်းပွဲ လုပ်နေတယ်ဆို။ ဘာတွေများ ပြည်သူကို တင်ပြစရာရှိနေလို့ပါလိမ့်။

                    မောင်အေးကို၊ တာမွေ။

        ဟဲ့…အကောင်။ ပြည်သူကို တင်ပြစရာရှိလို့ မဟုတ်ဘူးဟဲ့။ တင်ပြမှာစိုးလို့…စိုးလို့။ ယူနတီအဖွဲ့ထောင်ထဲ (၇) နှစ်၊ Bi မွန်းတည့်နေအဖွဲ့က (၂) နှစ်တို့ (၃) နှစ်တို့ ခံကြ။ အဲဒီလိုကို စာနယ်ဇင်းရှင်းလင်းပွဲ လုပ်နေတာ။

    ဂျာရစ်

  • မြောက်ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအန် စစ်ဆေး

    မြောက်ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအန် စစ်ဆေး

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media

    f8bc1269fd8315b428ab3a
    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်များ ပူပေါင်းပြုလုပ်သော စစ်ရေးလေ့ကျင့်မှုတစ်ခုကို ကြီးကြပ်ခဲ့သည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA က ယနေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ရဟတ်ယာဉ်များ၊ စိန်ပြောင်းများနှင့် မြောက်ကိုရီးယားနိုင်ငံလုပ် အဝေးပစ်လက်နက်များဖြင့် လေ့ကျင့်မှုများ ပါဝင်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားအလုပ်သမားပါတီ၏ စစ်ရေးနှင့် ဗဟာဗျူဟာပေါ်လစီ အကောင်အထည်ဖော်ရေး အရေးပါသည်ဟု ကင်ဂျုံအန်က ပြောကြားခဲ့သည်။

    ထို့ပြင် မြောက်ကိုရီးယားစစ်တပ်အနေဖြင့် ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများကို မကြာခဏပြုလုပ်ရန် ကင်ဂျုံအန်က ညွှန်ကြားခဲ့ကြောင်း KCNA က ထည့်သွင်း ဖော်ပြခဲ့သည်။

    တစ်လကျော်ကြာ ပျောက်နေခဲ့သည့် ကင်ဂျုံအန်အနေဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် လူမြင်ကွင်းသို့ ပြန်ထွက်လာခဲ့ပြီးနောက်ပိုင်း စစ်တပ်အား စစ်ဆေးခဲ့ခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ကင်ဂျုံအင်မှာ တိုက်လေယာဉ်မှူးများ စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

     

    ဆင်ဟွာ

  • စစ်ရာဇဝတ်မှုဖြင့် ထောင်နှစ် ၉၀ ကျနေသည့် ဘင်္ဂလားဒေရှ် ခေါင်းဆောင်ဟောင်း ကွယ်လွန်

    စစ်ရာဇဝတ်မှုဖြင့် ထောင်နှစ် ၉၀ ကျနေသည့် ဘင်္ဂလားဒေရှ် ခေါင်းဆောင်ဟောင်း ကွယ်လွန်

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    2014102461756907734_20

    – စစ်ရာဇ၀တ်မှုများဖြင့် ထောင်ဒဏ် နှစ် ၉၀ ကျခံနေရသည့် ဘင်္ဂလားဒေ့ရှ် ဂျမာအသ် အလ်-အစ္စလာမ်ပါတီမှ ခေါင်းဆောင်ဟောင်း ဂူလမ် အာဇမ်မှာ နှလုံးရောဂါဖြင့် အစိုးရဆေးရုံတွင် ကွယ်လွန် သွားခဲ့သည်ဟု သိရသည်။

    အသက် ၉၁ နှစ်အရွယ် ဂူလ်အာဇမ်မှာ မြို့တော်ဒါကာရှိ Bangabandhu Sehikh Mujib Medical University ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်မှာ ကြပြီဖြစ်ပြီး ယမန်နေ့က ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်ဟု ဆေးရုံပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    အာဇမ်မှာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါကစ္စတန်မှ ခွဲထွက်ရေး စစ်ပွဲတွင် စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု ဆိုကာ အမှု ၆၁ မှုဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရက တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့သည်။

    လန်ဒန်တွင်နေထိုင်သော အာဇမ်၏ သားဖြစ်သူ ဆလ်မန် အလ်-အာဇမ်ကမူ မိမိတို့မိသားစုအနေဖြင့် ဖခင်အပေါ် တရားစွဲဆိုမှုနှင့် ပြစ်ဒဏ် ချမှတ်မှုအတွက် မည်သည့်အခါမှ ကျေနပ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

    အာဇမ်အား တရားစွဲဆိုရန်အတွက် ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက ဦးဆောင်ကာ ခုံရုံးဖွဲ့ခဲ့ခြင်းဖြစ်ပြီး၊ ထိုခုံရုံးဖွဲ့မှုတွင် အငြင်းပွားဖွယ်များရှိခဲ့ကာ၊ အတိုက်အခံပါတီအား အားနည်းသွားစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။ အစိုးရ အတိုက်အခံ BNP ပါတီ၏ အဓိက မဟာမိတ်ပါတီဖြစ်သည့် ဂျမာအသ် အလ်-အစ္စလာမ်ပါတီမှ ခေါင်းဆောင်အများစုမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

    ref_ Al Jazeera and agencies