News @ M-Media

Blog

  • ၁၀ နှစ်အတွင်း ဟဂ်ျပြုသူ ၂၅ သန်း ကို ဆော်ဒီ ၀န်ဆောင်မှုပေးနိုင်ခဲ့

    ၁၀ နှစ်အတွင်း ဟဂ်ျပြုသူ ၂၅ သန်း ကို ဆော်ဒီ ၀န်ဆောင်မှုပေးနိုင်ခဲ့

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    Muslim pilgrims pray around the holy Kaaba at the Grand Mosque, during the annual hajj pilgrimage in Mecca
    – အစ္စလာမ်ဘာသာဝင်တို့၏ အဓိကမဏ္ဍိုင်များမှ တစ်ခုဖြစ်သည့် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီနိုင်ငံမှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၂၄.၈ သန်းအား ဟဂ်ျပြုနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု သိရသည်။

    ထို ၁၀ တာကာလ၌ တစ်နှစ်အတွင်း ဟဂ်ျပြုသူအရေအတွက် အများဆုံးနှစ်မှာ ၂၀၁၂ ခုနှစ်တွင်ဖြစ်ပြီး ၃.၁၆ သန်းရှိကာ၊ အနည်းဆုံးနှစ်မှာ ၂၀၁၃ ခုနှစ်ဖြစ်ကာ ၁.၉၈ သန်းရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဟဂ်ျပြုသူအရေအတွက် လျော့ကျရခြင်းမှာ မက္ကာနှင့် မဒီနာတို့တွင် အဆောက်အဦး တိုးချဲ့မှုများကြောင့်ဖြစ်ပြီး နိုင်ငံခြားမှ ဟဂ်ျပြုသူ ၂၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှ ဟဂ်ျပြုသူ ၅၀ ရာခိုင်နှုန်းကို ဆော်ဒီအစိုးရက လျှော့ချခဲ့သည်။

    ယခုနှစ်တွင် ဟဂ်ျပြုသူဦးရေမှာ ၂.၁ သန်းခန့်ရှိပြီး အမျိုးသား ၁.၃ သန်းခန့်နှင့် အမျိုးသမီး ၈၄၃၀၀၀ တို့ ဖြစ်ကြသည်။

    ယခုနှစ် ဟဂ်ျပြုသူဦးရေတွင် အင်ဒီုနီးရှားနိုင်ငံက ၂၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး၊ ပါကစ္စတန်က ဒုတိယနှင့် အိန္ဒိယတို့က တတိယနေရာတွင် ရှိကြသည်။

    ဆော်ဒီအစိုးရကမူ ဟဂ်ျကျင့်စဉ်များ အဆင်ပြေလွယ်ကူစေရေးအတွက် ကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၀၀၀ ကျော် သုံးစွဲကာ အဆင့်မြှင်တင်မှုများ ပြုလုပ်ခဲ့သည်။ တရားဝင်အချက်အလက်များအရ ဟဂ်ျပြုသူ ဦးရေမှာ ၂၀၀၅ ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ် တိုးတက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်အတွင် အနည်းငယ် လျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန် တိုးတက်လာခဲ့သည်။

    ၁၉၂၀ ခုနှစ်တွင် ဟဂ်ျပြုသူ နိုင်ငံခြားသား ၆၀၀၀၀ သာရှိခဲ့ရာမှ ဆော်ဒီအစိုးရ၏ ဆောင်ရွက်မှုဖြင့် သယ်ယူပို့ဆောင်ရေးစနစ်များ တိုးတက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားမှ ဟဂ်ျပြုရန် လာရောက်ကြသူများမှာ တဖြည်းဖြည်း တိုးလာခဲ့သည်။

    ref_ Saudi Gazette

  • ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်ဟောပြောမှု တားမြစ်မည်မဟုတ်၊ FRC နှင့် White Card ကိုင်သူများ မဲပေးခွင့်မရှိ

    ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်ဟောပြောမှု တားမြစ်မည်မဟုတ်၊ FRC နှင့် White Card ကိုင်သူများ မဲပေးခွင့်မရှိ

    အောက်တိုဘာ ၂၂၊ ၂၀၁၄
    M-Media

    ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်ဟောပြောမှု တားမြစ်မည်မဟုတ်၊ ဧည့်နိုင်ငံသားနှင့် ယာယီ သက်သေခံ ကတ်ကိုင်သူများ မဲပေးခွင့်မရှိဟုဆို

    WireAP_c8aaa803093448a9b76300dda4c4dd7d_16x9_992
    – ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းမည်ဆိုသည့် သတင်းများကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။

    အောက်တိုဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ် အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ ရွေးကောက်ပွဲအား လေ့လာရန် ပြည်တွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို ဖိတ်ကြားသွားမည်ဟု ၎င်းက ဆိုသည်။

    ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူများကို နိုင်ငံရေးပါတီထူထောင်ခွင်၊့ ပါတီဝင်ဖြစ်ခွင့် နှင့်မဲပေးခွင့်ပြုခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်မပြုသည့်အပြင် မဲပေးခွင့်လည်း မပြုတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ ရန်ကုန်မြို့ ၊ ပန်ဒါဟိုတယ်တွင် ကျင်းပသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့တယ်ဆိုတာကို ဧရာဝတီ သတင်းတပုဒ်မှာ ဖော်ပြထားပါသည်။

    ဒါအပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်းရုံး ခြင်းများကို တားမြစ်မည် မဟုတ်ဘဲ ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာများအတိုင်း အရေးယူသွားမည်ဟု ကော်မရှင်
    ဥက္ကဋ္ဌ ဦးတင်အေးက အောက်အတိုင်း ပြောကြားကြောင် မဇ္ဈိမ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါသည်။
    “လူမျိုးရေး ဘာမှမပြောဘူး။ ဘာသာရေးလည်း လုပ်ချင်လုပ် ဖွင့်ပေးမယ်၊ သိပ်ပေါ်တင်ကြီး ဖြစ်လာလို့ ရွေးကောက်ပွဲပြီး ကန့်ကွက်လွှာတင်တိုင်လာမှ ဥပဒေအရ အဆုံးဖြတ်ပေးမယ်။ ဒါကတော့ ကျွန်တော့် တို့ လက်ထဲရောက်လာပြီ။ ဥပဒေအတိုင်း လုပ်မှာပါ”ဟု ၎င်းက ပြောသည်။

    အဆိုပါ အထွေထွေရွေးကောက်ပွဲမှာ ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ကာ ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အရပ်သားအစိုးရအား အာဏာလွှဲပေးခဲ့ပြီး နောက်ပိုင်း ဒုတိယအကြိမ် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။

    ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပြုထားသော ကြံ့ခိုင်ရေးပါတီ အနိုင်ရရန် လှည့်ကွက်များရှိခဲ့သည်ဟု အများစုက ရှုမြင်နေကြသည်။

    ထို့ပြင် လက်ရှိအစိုးရ ခေါင်းဆောင်များမှာ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် မသေချာသောကြောင့် ၎င်းတို့ပြန်လည်ရွေးကောက်ခံနိုင်ရေး ပြင်ဆင်ချိန်ပိုရရန်အတွက် ၂၀၁၅ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်ရှိနေသည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။

    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လွတ်လပ်၍ တရားမျှတမှုရှိကာ သတ်မှတ်ထားသည့် အချိန်အတိုင်း ဆောင်ရွက်သင့်သည်ဟု ပြောကြားထားသည်။

    ကိုးကား- AP,ဧရာဝတီ,မဇ္ဈိမ

  • ဂိုးမြူးခဲ့ပြီး မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ အင်္ဂါည ချန်ပီယံလိဂ် ပွဲစဉ်များ

    ဂိုးမြူးခဲ့ပြီး မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ အင်္ဂါည ချန်ပီယံလိဂ် ပွဲစဉ်များ

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄

    M-Media
    – ချန်ပီယံလိဂ်အုပ်စု ၄ ခုရဲ့ အုပ်စုပွဲစဉ် ၃ ကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး မထင်မှတ်ထားတဲ့ ရလဒ်တွေထွက်ပေါ်ခဲ့ကာ နှစ်သင်းပေါင်း ၆ လုံးနဲ့အထက် ဂိုးသွင်းခဲ့တဲ့ ပွဲ ၄ ပွဲတောင် ရှိခဲ့ပါတယ်။

    အုပ်စု E

    ရိုးမား ၁-၇ ဘိုင်ယန်ုမြူးနစ်
    စီအက်စ်ကေအေ ၂-၂ မန်စီးတီး

    2169413_w2

    ရောမမှာကစားခဲ့တဲ့ ရိုးမားနဲ့ ဘိုင်ယန်တို့ပွဲမှာတော့ နှစ်သစ်စလုံး တိုက်စစ်အသားပေးပုံစံနဲ့ ကစားခဲ့ပြီး ဂွာဒီယိုလာရဲ့ဘိုင်ယန်က ဂိုးပြတ်သွင်းနိုင်ခဲ့ပါတယ်။ တစ်ပွဲလုံး ကစားကွက် အသာနဲ့ ကစားနိုင်ခဲ့တဲ့ ဘိုင်ယန်တို့ ရိုးမားနောက်တန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး ပထမပိုင်း နာရီဝက်အတွင်းမှာပဲ ၅ ဂိုး ပြတ် သွင်းနိုင်ခဲ့ပါတယ်။ ၆၆ မိနစ်မှာ ဂါဗင်ဟိုက အိမ်ရှင်အတွက် သိက္ခာဆယ်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် ဘိုင်ယန်တို့ နောက်ထပ် ၂ ဂိုး ပြန်သွင်းခဲ့တာကြောင့် ရောမမြေမှာ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဂိုးတွေကိုတော့ ရော်ဘင်က ၂ ဂိုး၊ ဂေါ့ဇီ၊ လီဝန်ဒေါ့စကီး၊ မူလာ၊ ရီဘာရီနဲ့ ရှာကီရီတို့က ၁ ဂိုးစီ သွင်းပေးခဲ့တာပါ။ ရိုးမားတို့ဟာ ၂၀၀၇ ခုနှစ် အဝေးကွင်းမှာ မန်ယူကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ရလဒ်ဆိုးနဲ့ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

    မန်စီးတီးတို့ကတော့ အဝေးကွင်းမှာ ပထမပိုင်းမိနစ် ၄၀ အတွင်း ဦးဆောင်ဂိုး ၂ ဂိုး အရင်သွင်းထားနိုင်ပေမယ့် ထိန်းမထားနိုင်ခဲ့တာကြောင့် အိမ်ရှင်ကို ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၃ ပွဲစားပြီးချိန်မှာ ဘိုင်ယန်က ၉ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး ရိုးမားက ၄ မှတ်၊ မန်စီးတီးက ၂ မှတ်၊ စီအက်စ်ကေအေက ၁ မှတ်နဲ့ အစဉ်လိုက် ရှိနေကြပါတယ်။

    အုပ်စု F

    ဘာစီလိုနာ ၃-၁ အေဂျက်
    APOEL ၀-၁ ပီအက်စ်ဂျီ

    ဘစီလိုနာကတော့ အိမ်ကွင်းမှာ သက်တောင့်သက်သာကစားပြီး မက်ဆီ၊ နေးမာ၊ ရာမီးရက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအနိုင်ဟာ ဘာစီလိုနာအသင်းရဲ့ ယခုနှစ် အိမ်ကွင်း ရာနှုန်းပြည့်အနိုင်ဖြစ်ပြီး၊ ဂိုးသွင်းနိုင်တဲ့ မက်ဆီဟာလည်း ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးဆိုတဲ့ စံချိန်ရဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

    အဝေးကွင်းမှာ သွားကစားရတဲ့ ပီအက်စ်ဂျီတို့ ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် ၆ ကြိမ်လောက်ရခဲ့ပေမယ့် လိုအပ်နေတဲ့အနိုင်ဂိုးကိုတော့ ၈၇ မိနစ်ကျမှ ကာဗာနီက သွင်းယူပေး နိုင်ခဲ့တာပါ။ APOEL ရဲ့ အပိုင်ကန်သွင်းမှု ၂ လုံးကို ဒေးဗစ်လူးဝစ်ဇ် ဂိုးစည်းပေါ်က ရှင်းထုတ်နိုင်ခဲ့တာကြောင့် ပီအက်ဂျီတို့ ကံကောင်းခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ပီအက်စ်ဂျီတို့ ၇ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပြီး ဘာစီလိုနာကတော့ ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

    အုပ်စု G

    ချယ်ဆီး ၆-၀ မာရီဘိုးရ်
    ရှော်လ်ကာ ၄-၃ စပို့တင်းလစ္စဘွန်း
    2169664_w2
    စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ ချယ်ဆီးနဲ့ မာရီဘိုးရ်တို့ရဲ့ပွဲမှာတော့ အိမ်ရှင်တို့ ဒရော့ဘာရဲ့ ၂၀၁၂ နောက်ပိုင်း ပထမဆုံးသွင်းဂိုးနဲ့အတူ ၆ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ရှင်တို့ သက်တောင့် သက်သာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်လည်း ၁၀ ကြိမ်လောက်ရခဲ့တာပါ။ ဒီပွဲအနိုင်ဟာ အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ပွဲလည်း ဖြစ်ပါတယ်။

    ဂျာမန်မြေက ပွဲမှာတော့ ရှော်လ်ကာနဲ့ စပို့တင်းတို့ ဂိုးတွေအပြန်အလှန်သွင်းပြီး ဒုတိယပိုင်း နာကျင်အချိန်ပို ပင်နယ်တီကြောင့် အိမ်ရှင်တို့ အဖိုးတန်အနိုင်သုံးမှတ် ရခဲ့ပါတယ်။ မန်ယူကစားသမားဟောင်း နာနီဦးဆောင်တဲ့ စပို့တင်းတို့ ၃ ဂိုး ၁ ဂိုး အရှုံးကနေ သရေရအောင် ကစားနိုင်ခဲ့ပေမယ့် ကံတရားရဲ့ ဖေးမှုမရခဲ့တာကြောင့် နောက်ဆုံးမိနစ်ရောက်မှ အရှုံးပေးခဲ့ရတာပါ။ ဒါ့ကြောင့် ချယ်ဆီးက ၇ မှတ်နဲ့ အုပ်စုကို ဦးဆောင်ပြီး ရှော်လ်ကာက ၅ မှတ်နဲ့ ဒုတိယနေရာရှိတဲ့ ဒီအုပ်စုမှာ ၁ မှတ်နဲ့ အောက်ဆုံးရောက်နေတဲ့ စပို့တင်းတို့ နောက်တစ်ဆင့်တက်ရေးအိပ်မက်ဟာ မသေမချာဖြစ်နေပါတယ်။

    အုပ်စု H

    BATE ၀-၇ ရှက်တာဒိုးနက်
    ပေါ်တို ၂-၁ ဘီဘာအို
    2169501_w2
    ဘရာဇီးလ်တိုက်စစ်မှူး လူးဝစ်ဇ် အက်ဒရီယာနိုရဲ့ စံချိန်တင် သွင်းဂိုး ၅ ဂိုးနဲ့အတူ ရှက်တာဒိုးနက်တို့ အဝေးကွင်းမှာ ၇ ဂိုး ပြတ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာပဲ ၆ ဂိုး ပြတ်ခဲ့ပြီး ချယ်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမပိုင်း ဂိုးအများဆုံးသွင်းတဲ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပွဲမှာ သွင်းတဲ့ဂိုးတွေအပါအ၀င် အက်ဒရီယာနို ရှက်တာဒိုးနက်အတွက် စုစုပေါင်းသွင်းဂိုးဟာ ၁၁၇ ဂိုး ရှိလာပြီဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး သွင်းသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။

    ပေါ်တိုကတော့ ဘီဘာအိုကို အကြိတ်အနယ် ကစားခဲ့ရပြီး နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ပထမပိုင်း ပွဲပြီးကာနီးမှာ မန်ယူက စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ဟာရဲရားက ပေါ်တိုအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၅၈ မိနစ်မှာ ဂူလီယာမို ဖာနန်ဒက်ဇ်က ဧည့်သည်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် ဘီဘာအိုက အသာရခဲ့ပြီး ဂိုးသွင်းခွင့်လည်း ပိုရခဲ့တာပါ။ ဒါပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ကွာရက်စ်မာရဲ့ ၇၅ မိနစ်သွင်းဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီအုပ်စုမှာ ပေါ်တိုက ၇ မှတ်နဲ့ ဦးဆောင်နေပြီး ရှက်တာဒိုးနက်က ၅ မှတ်နဲ့ ဒုတိယ၊ BATE က ၃ မှတ်နဲ့ တတိယ အသီးသီး ရှိနေကြကာ ဘီဘာအိုကတော့ လေးပွဲကစား ၁ မှတ်သာ ရရှိထားတာကြောင့် အောက်ဆုံးမှာ ရှိနေပါတယ်။

  • အစိုးရ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသည့် ပုံနှိပ်ဂျာနယ်တွင် အစ္စလာမ် သာသနာနှင့် တမန်တော် မုဟမ္မဒ်အား စော်ကားရေးသား

    အစိုးရ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသည့် ပုံနှိပ်ဂျာနယ်တွင် အစ္စလာမ် သာသနာနှင့် တမန်တော် မုဟမ္မဒ်အား စော်ကားရေးသား

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    ဇာဏီ
    Journal
    မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေနှင့်မူပိုင်ခွင့်ရုံးမှ ထုတ်ဝေခွင့် အသိအမှတ်ပြုထားသည့် အောင်ဇေယျတု ဂျာနယ်တွင် အစ္စလာမ်သာသနာနှင့် တမန်တော် မုဟမ္မဒ်(ဆွ)အား စော်ကားရေးသားမှုများ ပြုလုပ်ခဲ့ပြီး အစိုးရ အာဏာပိုင်များမှလည်း ဘာသာတရားတစ်ခုအား စော်ကားရေးသားသည့် အဆိုပါ ဂျာနယ်အား မည်သည့် တားဆီး အရေးယူမှုမှ ပြုလုပ်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။

    အဆိုပါ အောင်ဇေယျတုဂျာနယ် အမှတ် ၄၄ တွင် သူရိယ ဦးအောင်(မောရိသျှ)အမည်ဖြင့် ရေးသားသည့် ‘အစွန်းရောက်ဝါဒ နိဒါန်း’ ဆောင်းပါးနှင့် အရှင်မုနိတ-ဓမ္မာစရိယ အမည်ဖြင့် ရေးသားသည့် “’ဗုဒ္ဓ၏သမိုင်း အမွေအနှစ်များ ဖျက်ဆီးခဲ့သော မိုဟာမက်၏ အစ္စလာမ်မစ် မွတ်ဆလင် ကျူးကျော်စစ်များ’ဟု ခေါင်းစဉ် ရှိသည့်ဆောင်းပါး ၂-ပုဒ်တွင် အစ္စလာမ် ဘာသာဝင်တို့၏ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)အား ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုန်းများဖြင့် မဟုတ်မမှန် စော်ကားရေးကား ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

    မောင်သွေးချွန်ဟု ကလောင်အမည်ရှိသူက က အောင်ဇေယျတု၊ သာကီသွေး အစရှိသည့် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် ဘာသာရေး စာစောင်အဖြစ် ထုတ်ဝေခြင်းဖြစ်ပါတယ်။ ယင်းဂျာနယ်များ စတင်ထုတ်ဝေစဉ် အခါကတည်းကပင် အစ္စလာမ် မုန်းတီးရေး သတင်းနှင့် ဆောင်းပါးများ ထည့်သွင်းရေးသား ထုတ်ဝေနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    ယခုလပိုင်းများအတွင် ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များ ကို အကြမ်းဖက် အဖွဲ့များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ မတရား ဖမ်းဆီးမှုများရှိနေပြီး အဆိုပါရေးသားမှုများကြောင့် အစ္စလာမ်ဘာသာဝင်များအကြား အုံကြွမှုတွေဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပြီး မွတ်စလင်များအား အစွန်းရောက် အကြမ်းဖက်သမား များ အသွင်ပြောင်းလဲနိုင်စေရန် တမင်ဖန်တီးနေခြင်း ဖြစ်သည်ဟုလည်း မွတ်စလင်အများစုက ထင်မြင်နေကြပြီး ဥပဒေဘောင်အတွင်းက ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းမှုများကိုသာ လိုလားကြောင်းလည်း သိရပါတယ်။

    မြန်မာနိုင်ငံမှာ စာပေ လွတ်လပ်ခွင့်ရှိပြီဟု ဆိုသော်လည်း အပတ်စဉ်၊ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများကို ပုံနှိပ်နှင့် မူပိုင်ခွင့်ဌာန (ယခင် စာပေစိစစ်ရေး)က တင်းကြပ်တဲ့ စည်းကမ်းများနဲ့ ချုပ်ကိုင်မှုများထားရှိကာ အပတ်စဉ် ဂျာနယ် ထွက်သည့်နေ့၌ ဂျာနယ်ကို စာပေနှင့်မူပိုင်ခွင့်ရုံးသို့ ပေးပို့ရကြောင်း၊ ဘာသာရေးနှင့် ပတ်သက်သည့် အငြင်းပွားဖွယ်၊ ပဋိပက္ခဖြစ်ဖွယ် ဆောင်းပါးများကို ဂျာနယ်များတွင် မထည့်ရန် ဂျာနယ်ထုတ်ဝေနေသည့် ဘာသာပေါင်းစုံအား ခေါ်ယူအသိပေးမှုများရှိခဲ့ကြောင်း သိရပါတယ်။

    ထိုကဲ့သို့ ဆောင်ရွက်သော်လည်း ယခုကဲ့သို့ ဘာသာတရားတစ်ခုမှ အခြားတစ်ခုအား ပေါ်ပေါ်ထင်ထင် စော်ကားရေးသားနေသည့် ဂျာနယ်မျိုးအား ဆက်လက် ထုတ်ဝေခွင့်ပြုထားခြင်း၊ မသိကျိုးကျွံပြုနေခြင်းကို ထောက်ရှုခြင်းအားဖြင့် ဘာသာရေး မုန်းတီးမှုများ ဖြစ်ပေါ်လာစေရန် တမင်ဖန်တီး လှုံ့ဆော်နေမှုများကို တရားဝင် ခွင့်ပြုထားပေးတယ်လို့ ထင်မြင်မိကြောင်း၊ ယခုကဲ့သို့ ဘာသာရေး စော်ကားနေမှုများကို ထိရောက်စွာ မတားမြစ်ပါက မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့အလယ်မှာ ပိုမိုအရှက်ရဖွယ်ရာသာ ဆက်လက်ဖြစ်နေမှာဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေပါတယ်။

    Image Credit- MMM

  • VOA: ဘာသာရေးပြဿနာဖြေရှင်းရေး မြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း

    VOA: ဘာသာရေးပြဿနာဖြေရှင်းရေး မြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    10419982_694744927241771_4708238786814110237_n
    မြန်မာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး သမ္မတဦးသိန်းစိန်အစိုးရကို ကမ္ဘာ့ခေါင်းဆောင်တွေက ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

    နိုဝင်ဘာလအတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိတဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းဝေးမတိုင်ခင် အခုလို တိုက်တွန်းလိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

    နောက်လမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှနဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အင်ဒိုနီးရှားသမ္မတသစ် ဂျိုကို ၀ီဒိုဒို၊ မလေးရှား ၀န်ကြီးချုပ် နာဂျစ်ပ် ရာဇက် တို့ တက်ရောက်ဖို့ ရှိပါတယ်။ ဒီခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေး မြန်မာသမ္မတကို တိုက်တွန်းဖို့ အရေးကြီးကြောင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

    ကနဦးအစမှာပဲ ရှိနေသေးတဲ့ မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာရဲ့ဖိအားတွေကို ဂရုစိုက်နေချိန် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေဟာ ထိရောက်မှုရှိတယ်လို့ အရှေ့အာရှရေးရာတာဝန်ခံ Brad Adam က ပြောပါတယ်။

    “မြန်မာ့ပြုပြင်ပြောင်းလဲရေး အစကာလမှာ နိုင်ငံတကာရဲ့ထောက်ခံမှု၊ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံတာတွေကို လိုနေတာပါ။ တကယ်လို့ ဆိုးဆိုးရွားရွားတွေ ပြန်ပြီး ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံကို ၀ိုင်းဝန်း ဒဏ်ခတ်ကြပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကို မြန်မာခေါင်းဆောင်တွေက အဖြစ်မခံနိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တိုက်တွန်းချက်တွေကို ဂရုတစိုက် နေထိုင်နေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာအများစုဟာ လူမျိုးရေးခွဲခြားတယ်လို့လည်း ကျနော်မမြင်ပါဘူး။ အဓိကအချက်က  ဘာသာရေးပဋိပက္ခ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်းဖို့ လိုနေတာပါ။”
    10440843_1478295505745599_8520056488649882664_n
    မြန်မာနိုင်ငံမှာ မူဆလင်ဆန့်ကျင်ရေးတွေ ဟောပြောနေတာ အထူးသဖြင့် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေကို အစိုးရဘက်က ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိခဲ့ဘူးလို့ HRW က တနင်္လာနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် ‘မဘသ’ လို့ခေါ်တဲ့ ၉၆၉ အဖွဲ့ကနေ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကို အခြေခံပြီး အကြမ်းဖက်မှုတွေနဲ့ အခြားရာဇ၀တ် ကျူးလွန်မှုတွေဖြစ်အောင် အမုန်းစကားတွေနဲ့ စည်းရုံးဟောပြောနေတာတွေကို မြန်မာအစိုးရက ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်းလည်း HRW က ရေးသားထားတာပါ။ ဒါနဲ့ပတ်သက်လို့ Brad Adam က –

    “အဒေါ့ဟစ်တလာဦးဆောင်တဲ့ နာဇီတွေဟာ ဂျူးတွေဆီက ပစ္စည်းတွေမ၀ယ်ဖို့ တားမြစ်ခဲ့ပြီး ဂျူးတွေကို ခွဲခြားတဲ့ အမှတ်တံဆိပ်တွေ တပ်ခိုင်းခဲ့ပြီးနောက် လူမျိုးတုန်းသတ်ဖြတ်မှုထိ ဖြစ်ခဲ့ပြီး အကျိုးဆက်အဖြစ် ဒုတိယကမ္ဘာစစ်ကို ဦးတည်ခဲ့တာပါ။ ဒီလိုအလားတူ ဖြစ်ရပ်မျိုးတွေဟာ ဒေသတွင်း နိုင်ငံတချို့မှာလည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းက ကမ္ဘောဒီးယားမှာဆိုရင် လူနည်းစု ဗီယက်နမ်တွေကို ခွဲခြားပြီး အကြမ်းဖက်တိုက်ခိုက်တာ၊ ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူတွေကို တိုက်ခိုက်တာမျိုးတွေပါ။ ဘာသာ၊ လူမျိုး မတူကွဲပြားတဲ့အပေါ်မှာ အများစုက အုပ်စုလိုက် အကြမ်းဖက်တဲ့ ဖြစ်ရပ်မျိုးတွေဟာ အစွန်းရောက်မှုကို ဦးတည်စေတာပါ။ ဒါတွေကို လူ့အဖွဲ့အစည်းတွေအနေနဲ့ လက်ခံလို့ မသင့်ပါဘူး။”

    မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာစေတဲ့ အမုန်းစကား ဟောပြောချက်တွေ၊ စည်းရုံးလှုပ်ရှားမှုတွေကို အစိုးရအာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူတာမျိုး မရှိတာကြောင့် အကြမ်းဖက်တာတွေ ပိုပြီးကြီးထွားလာမှာကို စိုးရိမ်နေကြောင်း ပြည်တွင်းအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်း ညီလာခံမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

    ဒါကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ထိခိုက်စေတာတွေ မြန်မာအစိုးရအနေနဲ့ အလေးထားဖြေရှင်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေးရလိမ့်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ ၀ါရှင်တန်ဒီစီကို ခေတ္တခဏ ရောက်ရှိနေတဲ့ မဇင်မာအောင်က ပြောပါတယ်။

    “အာဆီယံအစည်းအဝေးပွဲကြီးပေါ့နော် ဥက္ကဌအဖြစ်နဲ့ တာဝန်ခံပြီးတော့ ကျင်းပရတဲ့ အခွင့်အရေးဟာ ဘာမှမဟုတ်ဘူး။ ဒီလိုမျိုးပဲ နိုင်ငံတကာက ခေါင်းဆောင်တွေလာပြီးတော့ ပြောသွားဆိုသွားကြပြီးတော့ ကျမတို့သာမန် လူထုတွေ၊ နိုင်ငံသားတွေအတွက်ကတော့ ဒုံရင်းဒုံရင်းပဲ ဖြစ်နေမယ်ဆိုရင် ဒီအစည်းအဝေးပွဲကြီး လုပ်ရတာဟာ ကျမတို့ပြည်သူလူထုတွေ အတွက်ကတော့ ထူးမခြားနားပဲ။ ဘာမှမထူးဘူး။ ဒီအုပ်ချုပ်နေတဲ့ လူတန်းစားအတွက်ပဲ ခရက်ဒစ်တွေရသွားတဲ့ ကိစ္စလို့ပဲ ပြောစရာဖြစ်မယ်။ ဒါကြောင့်မို့လို့ ကမ္ဘာအနှံ့ကနေ လာကြမယ့် ခေါင်းဆောင်တွေ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံကပါလို့ ပြောနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာက ဗမာပြည်မှာဖြစ်နေတဲ့ လက်ရှိ အခက်အခဲ၊ အကျပ်အတည်း၊ ပြဿနာတွေကို အသိအမှတ်ပြုပြီးတော့ လက်ရှိ တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသိန်းစိန်အစိုးရကို ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ပြုမူမှုတွေ၊ နောက်ပြီးတော့ စီမံခန့်ခွဲမှုတွေ၊ အရေးယူမှုတွေ လုပ်ဖို့လို့ ကျမတို့က တိုက်တွန်းချင်ပါတယ်။”

    မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကြား ဂိုဏ်းဂဏကွဲပြားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာလည်း မိတ္ထီလာ၊ လားရှိုး၊ မန္တလေး မြို့ကြီးတွေ အပါအ၀င် အခြားဒေသတချို့မှာလည်း ဖြစ်ခဲ့တာပါ။ အခုလို ပြည်တွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ပိုပြီး ဆိုးရွားမလာအောင်၊ ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို ကုလသမဂ္ဂကလည်း တိုက်တွန်းထားပါတယ်။

    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်သည့် လူအုပ်

    http://burmese.voanews.com/content/hrw-thein-sein-burma/2491808.html