News @ M-Media

Blog

  • အောင်ဇေယျတု ဂျာနယ် ဘာသာရေး စော်ကားမှု အရေးယူဖို့ သမ္မတထံ စာပို့တိုင်ကြား

    အောင်ဇေယျတု ဂျာနယ် ဘာသာရေး စော်ကားမှု အရေးယူဖို့ သမ္မတထံ စာပို့တိုင်ကြား

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ဘာသာရေး စော်ကားရေးသားသည့် အောင်ဇေယျတုဂျာနယ်အား တည်ဆဲဥပဒေအရ အရေးယူတားမြစ်ပေးရန် သမ္မတထံ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ကန့်ကွက်တိုင်ကြား

    ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် အောင်ဇေယျတုဂျာနယ် အမှတ်(၄၄)တွင် အစ္စလာမ်ဘာသာနှင့် တမန်တော် မုဟမ္မဒ်(ဆွ) သခင်အား စော်ကားထားသည့် အတွက် ဘာသာရေးစော်ကားမှု၊ စိတ်နာကျည်းစေမှု၊ အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသားမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် အရေးအသားများကို အတင့်ရဲစွာ ဖြန့်ဝေနေမှုအား ဆောလျင် ထိရောက်စွာ တည်ဆဲ ဥပဒေများအရ အရေးယူတားမြစ်ပေးရန် အတွက် ကန့်ကွက်တိုင်ကြားစာ တစ်စောင်ကို အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက သမ္မတထံသို့ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ပေးပို့ခဲ့ကြောင်း သိရသည်။

    အဆိုပါ ကန့်ကွက်တိုင်ကြားစာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ – ၃၆၂)အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သောဘာသာတို့အား အသိအမှတ်ပြုထားပြီး အဆိုပါ ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်ဟူ၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ – ၃၆၃)တွင် အတိအလင်း ပြဌာန်းပြီးဖြစ်ကြောင်းဖော်ပြထားသည့်အတွက် လူမျိုးရေး၊ ဘာသာရေးအရ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အမျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော အပြုအမူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း (ပုဒ်မ – ၃၆၄)တွင် ဖော်ပြထားပြီး ဖြစ်ကြောင်းတို့ ပါရှိသည်။

    ၎င်းကန့်ကွက်တိုင်ကြားစာအရ အောင်ဇေယျတု ဂျာနယ်တွင် ဘာသာရေး စော်ကားရေးသားမှုများကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် နိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ရပ်လုံး စိတ်နာကျည်း ၀မ်းနည်းမှုများခံစားခဲ့ရကြောင်း၊ ၂၀၁၄-ခု ဇန်န၀ါရီလ ၃၁-ရက်နေ့ ၎င်းဂျာနယ် အမှတ်(၇)တွင်လည်း အစ္စလာမ်သာသနာအပေါ် စော်ကားရေးသားခဲ့သည့်အတွက် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် ဖေဖော်ဝါရီလ ၅-ရက်နေ့တွင် နိုင်ငံတော်အစိုးရထံ ကန့်ကွက်တိုင်ကြားမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

    ထိုကဲ့သို့ ဘာသာတစ်ခုအပေါ် အခြားဘာသာတစ်ခုမှ နားလည်မှုလွဲမှားအောင် ရေးသား ဖြန့်ချိမှုကြောင့် ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေကြောင်းနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသည့်အတွက် နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းရပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားထိခိုက်စေသည့်အတွက် ၎င်းကဲ့သို့ ရေးသားဖြန့်ချိမှုများအား နိုင်ငံတော် တည်ဆဲဥပဒေ ပြဌာန်းချက်များနှင့်အညီ အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆို တင်ပြလိုက်ကြောင်း ဖော်ပြထားပါသည်။

    တိုင်ကြားစာ အပြည့်အစုံကိုအောက်တွင် ဖတ်ရှုနိုင်ပါသည်။

    01 02 03 04

  • ဟောင်ကောင် အစိုးရနှင့် ကျောင်းသားများ တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် မရသေး

    ဟောင်ကောင် အစိုးရနှင့် ကျောင်းသားများ တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် မရသေး

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    201410225210991734_20
    – ဟောင်ကောင်တွင် ဆန္ဒပြမှုများကို အဆုံးသတ်ရေး အတွက် ကျောင်းသားခေါင်းဆောင်များနှင့် ဟောင်ကောင် အစိုးရတို့ ဆွေးနွေးမှုများတွင် တိုးတက်မှု မရရှိသေးဟု သိရသည်။

    အင်္ဂါနေ့က စတင်ခဲ့သည့် အဆိုပါဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ဆန္ဒပြပွဲများကို ဦးဆောင် ပြုလုပ်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ၃ ဦးထဲမှ တစ်ဦးဖြစ်သူ ဟောင်ကောင်ကျောင်းသား အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး အဲလ်လက်စ်ချောင်က ၂၀၁၇ ခုနှစ် ဟောင်ကောင်ရွေးကောက်ပွဲတွင် အုပ်ချုပ်ရေးမှူးအား ဒီမိုကရေစီနည်းကျ ရွေးချယ်ခွင့် မပေးခြင်းမှာ ဟောင်ကောင်အား သင်းကွပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစိုးရဘက်ကမူ ဟောင်ကောင်၏ အခြေခံဥပဒေကို ဆန္ဒပြသူများ တောင်းဆိုသကဲ့သို့ ပြင်ဆင်နိုင်မည် မဟုတ်ဟု ပြောကြားခဲ့ပြီး၊ ဟောင်ကောင်ပြည်သူအများစုမှာ ဆန္ဒပြသူများ၏ သဘောထားနှင့် မတူညီကြဟုလည်း ဆိုသည်။

    “ဆန္ဒြုပတဲ့နေရာတွေကို မလာကြတဲ့ ပြည်သူတွေအများကြီးရှိတယ်ဆိုတာကို နားလည်ဖို့လိုပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ပြည်သူက ခန့်အပ်ဖို့ မတောင်းဆိုကြတဲ့ သူတွေလည်း အများကြီးပါ” ဟု ဟောင်တရားရေးအဖွဲ့မှ အတွင်းရေးမှူး ရင်မ်စကီ ယွမ်က ပြောကြားခဲ့သည်။

    ဆန္ဒပြသူများကမူ ဟောင်ကောင်မြို့လည်ကောင်ရှိ အဓိက ဇုန်သုံးခုတွင် အဆိုပါ ဆွေးနွေးမှုကို စောင့်ကြည့်ခဲ့ကြပြီး ကျောင်းသားခေါင်းဆောင်များ၏ ပြောကြားမှုများအဆုံးတွင် အားပေးဟစ်အော်ခဲ့ကြသည်။

    ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အဖြေရရန် မသေချာသေးဘဲ ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြမှုများမှာလည်း ရပ်တန့်ဖွယ်မရှိဟု လေ့လာသူများက ဆိုသည်။

    ref_ aljazeera

  • ပြည်တွင်းရှိ ဗလီတွေ ဖောက်ခွဲဖို့  ကြံစည်ခဲ့သူ ရခိုင်လူမျိုး ၃ ဦး ထောင်(၄)နှစ်စီ ပြစ်ဒဏ်ချ

    ပြည်တွင်းရှိ ဗလီတွေ ဖောက်ခွဲဖို့ ကြံစည်ခဲ့သူ ရခိုင်လူမျိုး ၃ ဦး ထောင်(၄)နှစ်စီ ပြစ်ဒဏ်ချ

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    သီဟ
    Bomb-to-masjid
    ရန်ကုန်မြို့က ဗလီ ဝတ်ကျောင်းတော်တွေကို ဖောက်ခွဲဖို့ ကြံစည် လုပ်ဆောင်ခဲ့တဲ့ ရခိုင်လူမျိုး (၃) ဦးကို ထောင်ဒဏ်(၄) နှစ်ချမှတ်လိုက်ကြောင်း သိရပါတယ်။

    ကိုသိန်းညွှန့်(ခ) ဂျပန်ကြီး၊ ကိုတင်မောင် (ခ) ခိုင်နေမင်း၊ ကိုဘိုဘို(ခ) ဘိုဘိုထွန်းတို့ကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးကနေ စီရင်ချက်ချမှတ်လိုက်တာလို့  ၄င်းတို့ရဲ့ အမှုလိုက်ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို ပြောပါတယ်။

    တရားခံများကို  ဖမ်းဆီးခဲ့ပြိး ၁၁ လအကြာမှာ ပြစ်ဒဏ် ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

    ၂၀၁၃ ခုနှစ်  နိုဝင်ဘာလ ၁၃ ရက်နေ့ က လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ အသက် ၃၁ နှစ် အရွယ် ကိုခိုင်နေမင်းကို ဖောက်ခွဲရေး ပစ္စည်းများဖြစ်သည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်နေစဉ် ဖမ်းမိခဲ့တာဖြစ်ပြီး၊ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ၃၄ နှစ်အရွယ် ကိုသိန်းညွှန့်ကို နေ့လည် ၁၂ နာရီတွင် ဖမ်းမိခဲ့တာဖြစ်ပြီး၊ ယင်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းချက် အရ ရခိုင်ပြည်နယ် စစ်တွေမြို့ တရားသီးစုရပ်ကွက် ကျောင်းလမ်းတွင် အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

    ဖောက်ခွဲရန် ကြံစည်သူများ၏ ထွက်ဆိုချက်များအရ ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ၄င်းတို့ကို ဖမ်းဆီးခဲ့စဉ်က  ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများ ရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်း အချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကို တရားခံများအား ဖမ်းဆီးခဲ့သည့် အချိန်မှ စပြီး ၁၁ လ ကျော်ကြာသည့် အထိ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။

    ကိုးကား_ RFA

  • ၁၀ နှစ်အတွင်း ဟဂ်ျပြုသူ ၂၅ သန်း ကို ဆော်ဒီ ၀န်ဆောင်မှုပေးနိုင်ခဲ့

    ၁၀ နှစ်အတွင်း ဟဂ်ျပြုသူ ၂၅ သန်း ကို ဆော်ဒီ ၀န်ဆောင်မှုပေးနိုင်ခဲ့

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    Muslim pilgrims pray around the holy Kaaba at the Grand Mosque, during the annual hajj pilgrimage in Mecca
    – အစ္စလာမ်ဘာသာဝင်တို့၏ အဓိကမဏ္ဍိုင်များမှ တစ်ခုဖြစ်သည့် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီနိုင်ငံမှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၂၄.၈ သန်းအား ဟဂ်ျပြုနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု သိရသည်။

    ထို ၁၀ တာကာလ၌ တစ်နှစ်အတွင်း ဟဂ်ျပြုသူအရေအတွက် အများဆုံးနှစ်မှာ ၂၀၁၂ ခုနှစ်တွင်ဖြစ်ပြီး ၃.၁၆ သန်းရှိကာ၊ အနည်းဆုံးနှစ်မှာ ၂၀၁၃ ခုနှစ်ဖြစ်ကာ ၁.၉၈ သန်းရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဟဂ်ျပြုသူအရေအတွက် လျော့ကျရခြင်းမှာ မက္ကာနှင့် မဒီနာတို့တွင် အဆောက်အဦး တိုးချဲ့မှုများကြောင့်ဖြစ်ပြီး နိုင်ငံခြားမှ ဟဂ်ျပြုသူ ၂၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှ ဟဂ်ျပြုသူ ၅၀ ရာခိုင်နှုန်းကို ဆော်ဒီအစိုးရက လျှော့ချခဲ့သည်။

    ယခုနှစ်တွင် ဟဂ်ျပြုသူဦးရေမှာ ၂.၁ သန်းခန့်ရှိပြီး အမျိုးသား ၁.၃ သန်းခန့်နှင့် အမျိုးသမီး ၈၄၃၀၀၀ တို့ ဖြစ်ကြသည်။

    ယခုနှစ် ဟဂ်ျပြုသူဦးရေတွင် အင်ဒီုနီးရှားနိုင်ငံက ၂၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး၊ ပါကစ္စတန်က ဒုတိယနှင့် အိန္ဒိယတို့က တတိယနေရာတွင် ရှိကြသည်။

    ဆော်ဒီအစိုးရကမူ ဟဂ်ျကျင့်စဉ်များ အဆင်ပြေလွယ်ကူစေရေးအတွက် ကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၀၀၀ ကျော် သုံးစွဲကာ အဆင့်မြှင်တင်မှုများ ပြုလုပ်ခဲ့သည်။ တရားဝင်အချက်အလက်များအရ ဟဂ်ျပြုသူ ဦးရေမှာ ၂၀၀၅ ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ် တိုးတက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်အတွင် အနည်းငယ် လျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန် တိုးတက်လာခဲ့သည်။

    ၁၉၂၀ ခုနှစ်တွင် ဟဂ်ျပြုသူ နိုင်ငံခြားသား ၆၀၀၀၀ သာရှိခဲ့ရာမှ ဆော်ဒီအစိုးရ၏ ဆောင်ရွက်မှုဖြင့် သယ်ယူပို့ဆောင်ရေးစနစ်များ တိုးတက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားမှ ဟဂ်ျပြုရန် လာရောက်ကြသူများမှာ တဖြည်းဖြည်း တိုးလာခဲ့သည်။

    ref_ Saudi Gazette

  • ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်ဟောပြောမှု တားမြစ်မည်မဟုတ်၊ FRC နှင့် White Card ကိုင်သူများ မဲပေးခွင့်မရှိ

    ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်ဟောပြောမှု တားမြစ်မည်မဟုတ်၊ FRC နှင့် White Card ကိုင်သူများ မဲပေးခွင့်မရှိ

    အောက်တိုဘာ ၂၂၊ ၂၀၁၄
    M-Media

    ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်ဟောပြောမှု တားမြစ်မည်မဟုတ်၊ ဧည့်နိုင်ငံသားနှင့် ယာယီ သက်သေခံ ကတ်ကိုင်သူများ မဲပေးခွင့်မရှိဟုဆို

    WireAP_c8aaa803093448a9b76300dda4c4dd7d_16x9_992
    – ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းမည်ဆိုသည့် သတင်းများကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။

    အောက်တိုဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ် အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ ရွေးကောက်ပွဲအား လေ့လာရန် ပြည်တွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို ဖိတ်ကြားသွားမည်ဟု ၎င်းက ဆိုသည်။

    ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူများကို နိုင်ငံရေးပါတီထူထောင်ခွင်၊့ ပါတီဝင်ဖြစ်ခွင့် နှင့်မဲပေးခွင့်ပြုခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်မပြုသည့်အပြင် မဲပေးခွင့်လည်း မပြုတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ ရန်ကုန်မြို့ ၊ ပန်ဒါဟိုတယ်တွင် ကျင်းပသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့တယ်ဆိုတာကို ဧရာဝတီ သတင်းတပုဒ်မှာ ဖော်ပြထားပါသည်။

    ဒါအပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်းရုံး ခြင်းများကို တားမြစ်မည် မဟုတ်ဘဲ ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာများအတိုင်း အရေးယူသွားမည်ဟု ကော်မရှင်
    ဥက္ကဋ္ဌ ဦးတင်အေးက အောက်အတိုင်း ပြောကြားကြောင် မဇ္ဈိမ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါသည်။
    “လူမျိုးရေး ဘာမှမပြောဘူး။ ဘာသာရေးလည်း လုပ်ချင်လုပ် ဖွင့်ပေးမယ်၊ သိပ်ပေါ်တင်ကြီး ဖြစ်လာလို့ ရွေးကောက်ပွဲပြီး ကန့်ကွက်လွှာတင်တိုင်လာမှ ဥပဒေအရ အဆုံးဖြတ်ပေးမယ်။ ဒါကတော့ ကျွန်တော့် တို့ လက်ထဲရောက်လာပြီ။ ဥပဒေအတိုင်း လုပ်မှာပါ”ဟု ၎င်းက ပြောသည်။

    အဆိုပါ အထွေထွေရွေးကောက်ပွဲမှာ ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ကာ ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အရပ်သားအစိုးရအား အာဏာလွှဲပေးခဲ့ပြီး နောက်ပိုင်း ဒုတိယအကြိမ် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။

    ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပြုထားသော ကြံ့ခိုင်ရေးပါတီ အနိုင်ရရန် လှည့်ကွက်များရှိခဲ့သည်ဟု အများစုက ရှုမြင်နေကြသည်။

    ထို့ပြင် လက်ရှိအစိုးရ ခေါင်းဆောင်များမှာ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် မသေချာသောကြောင့် ၎င်းတို့ပြန်လည်ရွေးကောက်ခံနိုင်ရေး ပြင်ဆင်ချိန်ပိုရရန်အတွက် ၂၀၁၅ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်ရှိနေသည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။

    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လွတ်လပ်၍ တရားမျှတမှုရှိကာ သတ်မှတ်ထားသည့် အချိန်အတိုင်း ဆောင်ရွက်သင့်သည်ဟု ပြောကြားထားသည်။

    ကိုးကား- AP,ဧရာဝတီ,မဇ္ဈိမ