News @ M-Media

Blog

  • ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် LED တီထွင်ခဲ့သော ဂျပန် သိပ္ပံပညာရှင် သုံးဦး ရရှိ

    ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် LED တီထွင်ခဲ့သော ဂျပန် သိပ္ပံပညာရှင် သုံးဦး ရရှိ

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media

    Physics Nobel prize goes to scientists who perfected LED light 2
    – နှစ်စဉ် ချီးမြှင့်လျက်ရှိသော ရူပဒေဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၇ ရက်နေ့တွင် ကြေညာခဲ့ရာ အပြာရောင် LED မီးကို ပူးပေါင်း တီထွင်ခဲ့သည့် ဂျပန်သိပ္ပံပညာရှင် ၃ ဦးက ရရှိသွားသည်ဟု သိရသည်။

    အီဆာမူ အာကာဆာကီ၊ ဟီရိုရှီ အာမာနိုနှင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင် ရှူဂျီ နာကာမူရာတို့ဖြစ်ကြပြီး အိမ်သုံး မီးအလှများမှ ဖုန်များအထိ အသုံးပြုနိုင်သော အလွန်အသုံးဝင်သည့် အပြာရောင် LED မီးကို တီထွင်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ဆုရွေးချယ်ရေးအဖွဲ့မူ LED မီးသီးများမှာ စွမ်းအင်ကိုချွေတာနိုင်ခြင်း၊ ကြာရှည်ခံခြင်း၊ မာကျူရီ မပါဝင်သောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပြီး ၎င်းတို့ ၃ ဦး၏ စွမ်းဆောင်မှုက နိုဘယ်ဆုကို တည်ထောင်ခဲ့သူ အဲလ်ဖရဒ်နိုဘယ်၏ ဆန္ဒနှင့် ကိုက်ညီသည်ဟု ပြောကြားခဲ့သည်။

    အနီရောင်နှင့် အစိမ်ရောင် LED များကို နှစ်ပေါင်းများစွာအရင်ကပင် သုံးစွဲခဲ့ကြသော်လည်း အပြာရောင် LED ကို ၁၉၉၀ ပြည့်နှစ်များက ၎င်းတို့ သုံးဦးမှ ဖန်တီးတီထွင်ခဲ့ပြီး၊ ထိုအချိန်မှစ၍ အဖြူရောင်မီးအိမ်များ ထုတ်လုပ်နိုင်ခဲ့ကာ ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့ကြသည်။  အပြာရောင် LED မီးကို တီထွင်ရန်အတွက် သိပ္ပံပညာရှင်များနှင့် နှစ်ပေါင်း ၃၀ ခန့် ကြိုးစားခဲ့ရသည်။

    ၎င်းတို့၏ တီထွင်မှုမှာ လျှပ်စစ်ဓာတ်အားမရရှိသော ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၁၅၀၀ ကျော်၏ လူနေမှုဘ၀ကို တိုးတက်စေခဲ့သည်ဟုလည်း ဆုရွေးချယ်ရေးကော်မတီက ထပ်လောင်းပြောကြားခဲ့သည်။

    နိုဘယ်ဆုရရှိသည့်အကြောင်းကို အဆိုပါ သိပ္ပံပညာရှင်သုံးဦးအား ကော်မတီက အကြောင်းကြားခဲ့ပြီး ၎င်းတို့မှာ ဆုကြေးငွေ ဆွီဒင်ကရိုနာ ၈ သန်း (ကန်ဒေါ်လာ ၁.၂ သန်း) ကို ခံစားရမည်ဖြစ်သည်။

    ref_ CNN

  • Ebola : အီဘိုလာ ကူးစက်သူ သူနာပြု တစ်ဦးကို စပိန်တွင်တွေ့

    Ebola : အီဘိုလာ ကူးစက်သူ သူနာပြု တစ်ဦးကို စပိန်တွင်တွေ့

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    Spanish nurse tests positive for Ebola
    – ပြီးခဲသည့်လက အီဘိုလာကြောင့် သေဆုံးခဲ့ရသည့် စပိန်ဘုန်းတော်ကြီး မန်နျူယဲလ် ဂါစီယာအား ကုသပေးခဲ့သော ဆေးအဖွဲ့မှ စပိန်သူနာပြုတစ်ဦးမှာ အီဘိုလာရောဂါပိုး ရှိနေသည်ဟု သိရသည်။

    အသက် ၆၉ နှစ်အရွယ် ဘုန်းတော်ကြီး ဂါစီယာမှာ ဆီရာလီယိုနီနိုင်ငံတွင် အီဘိုလာ ရောဂါသည်များအား သွားရောက် ကူညီပေးခဲ့သူဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရပြီးနောက် စပိန်သို့ လာရောက်၍ ဆေးကုသမှု ခံယူခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

    “စစ်ဆေးမှုကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်စလုံး ရောဂါပိုးရှိကြောင်း တွေ့ခဲ့ရပါတယ်” ဟု အဆိုပါ စပိန်သူနာပြုတစ်ဦး ရောဂါကူးစက်နေမှုနှင့် ပတ်သက်၍ မက်ဒရစ်မြို့ ကျန်းမာရေးဌာနမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ရောဂါပိုး ပြန့်နှံ့မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောက်ရွံမှု မရှိစေရန် ရှင်းလင်းခြင်းဖြစ်သည်ဟု ဂျာနယ်လစ်တစ်ဦးက ဆိုသည်။

    အဆိုပါ သူနာပြုမှာ ရောဂါလက္ခဏာ မပြခင် လူနားပေါင်းများစွာအား ကုသခဲ့သည့်အတွက် အီဘိုလာကူးစက်သူများ နောက်ထပ် ထွက်ပေါ်လာမည်ကို စိုးရိမ်မှုများရှိနေသည်။

    သို့သော်လည်း ကျွမ်းကျင်သူများကမူ ရောဂါ လက္ခဏာများ ပြသမှပင် ရောဂါပိုးမှာ အခြားသူတစ်ဦးသို့ ကူစက်နိုင်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    အမေရိကန်ပြည်ထောင်စုတွင်လည်း ပြီးခဲ့သည့် တစ်ပတ်က အီဘိုလာဗိုင်းရပ်စ်ပိုးရှိသူ တစ်ဦးကို တွေ့ရှိခဲ့ရပြီး ၎င်း၏ အခြေအနေမှာ ဆိုးရွားလျက်ရှိနေသည်။

    အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာကြောင့် သေဆုံးသူဦးရေမှာ ၃၅၀၀ နီးပါး ရှိလာပြီဖြစ်ပြီး၊ လက်ရှိကူးစက်နေသူမှာ ၇၅၀၀ ခန့် ရှိနေသည်။ ကျွမ်းကျင်သူများကမူ အီဘိုလာမှာ အောက်တိုဘာလကုန်ပိုင်းတွင် ပြင်သစ်နှင့် ယူကေသို့ ရောက်ရှိနိုင်ခြေ ၇၅ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းရှိနေသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

  • ကမ္ဘောဒီးယား သစ်ခုတ်သမား ၂ ဦးအား ထိုင်းစစ်တပ် ပစ်သတ်မှု ကမ္ဘောဒီးယား အစိုးရ ရှုတ်ချ

    ကမ္ဘောဒီးယား သစ်ခုတ်သမား ၂ ဦးအား ထိုင်းစစ်တပ် ပစ်သတ်မှု ကမ္ဘောဒီးယား အစိုးရ ရှုတ်ချ

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    thai cambodia border map
    – ကမ္ဘောဒီယား သစ်ခုတ်သမားနှစ်ဦးအား ထိုင်းစစ်တပ်မှ ပစ်သတ်ခဲ့မှုအတွက် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချပြောဆိုလိုက်သည်။

    အသက် ၂၄ နှစ်အရွယ် ဆောန်ဆမ်နှင့် ၂၂ နှစ်အရွယ် ယင်မ် မာကရာတို့မှာ ကမ္ဘောဒီယားနိုင်ငံအရှေ့ပိုင်းနယ်စပ်မှ တရားမ၀င်သစ်ခုတ်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ စက်တင်ဘာ ၂၈ ရက်နေ့က ၀င်ရောက်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးအား ထိုင်းစစ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် စက်တင်ဘာ ၂၉ ရက်နေ့တွင် ကမ္ဘောဒီယားစစ်တပ်မှ နယ်စပ်တစ်လျှောက် ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်နေစဉ် ထိုင်းစစ်တပ်မှ ထိုကဲ့သို့ ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့သေးသည်။

    “(ကမ္ဘောဒီးယားစစ်သားတွေ) သူတို့ရဲ့ စစ်စခန်းကို အသီးသီးပြန်လာနေတဲ့အချိန် နယ်စပ်က Chamcar Kroch ဒေသအနားမှာ ထိုင်းစစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် ကမ္ဘောဒီယား တပ်ကြပ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးကို ထိုင်းစစ်တပ် ကျူးလွန်တဲ့ ဒီလို ကြမ်းကြုတ်မှုမျိုးကို ကမ္ဘောဒီးယားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထိုင်းသံရုံးသို့ ပြီးခဲ့သည့် သီတင်းပတ်က ပေးပို့ခဲ့သော သတိထောက်လွှာတွင် ရေးသားဖော်ပြထားသည်။

    ထို့ပြင် ကမ္ဘောဒီးယား ပိုင်နက်အား ထိုင်းစစ်တပ်က သိသိသာသာ ကျူးကျော်မှုကို ရှုတ်ချပြီး၊ မိမိတို့၏ အချုပ်အခြာ အာဏာကိုလေးစားရန် အတွက်လည်း အဆိုပါ သတိထောက်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

    ref_ ဆင်ဟွာ

  • ဘောလုံးသမား ဘ၀မှ အနားယူရန် စဉ်းစားနေသည်ဟု အီဗရာဟီမိုဗစ် ဖွင့်ဟ

    ဘောလုံးသမား ဘ၀မှ အနားယူရန် စဉ်းစားနေသည်ဟု အီဗရာဟီမိုဗစ် ဖွင့်ဟ

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    457412_heroa
    – မိမိ၏ မိသားစုနှင့်အတူ အချိန်များကုန်ဆုံးရန် အတွက် ဘောလုံးလောကမှ အနားယူတော့မည်ဟု ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    ယခုလအတွင်း အသက် ၃၃ နှစ်ပြည့်တော့မည့် အီဗရာဟီမိုဗစ်မှာ ပြီးခဲ့သည့်ရာသီက ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်း ၄၁ ဂိုး သွင်းယူပေးခဲ့ပြီး၊ ယခုနှစ် ဘောလုံးရာသီတွင်လည်း ၅ ဂိုး သွင်းယူပေးထားနိုင်သည်။

    ၎င်း၏ အသက်အရွယ်အရ ဘောလုံးလောကမှ အနားယူတော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး အီဗရာဟီမိုဗစ် ကိုယ်တိုင်ကလည်း မိမိအနေဖြင့် ကစားသမားဘ၀မှ အနားယူရန် စိတ်အားထက်သန်နေသည်ဟု ပြောကြားခဲ့သည်။

    “(အနားယူဖို့အတွက်) ကျွန်တော်စဉ်းစားနေပါတယ်။ ဘောလုံးကစားရတဲ့အခါ အချိန်အများကြီးကို ဟိုတယ်တွေမှာ ကုန်ဆုံးခဲ့ရပြီး သူများထက် တစ်ပန်းရှုံးခဲ့ရပါတယ်။ ကျွန်တော့်ရဲ့အကြီးဆုံးသားက ၈ နှစ်ရှိပြီး အငယ်ဆုံးသားက ၆ နှစ်ရှိပါပြီ။ သူတို့ဘ၀မှာ ကျွန်တော်ဟာ နေ့တိုင်း အတူမရှိခဲ့ရပါဘူး။ ကျွန်တော့်မိသားစုနဲ့အတူနေချင်ပြီး၊ ကစားသမားဘ၀ ထိပ်ဆုံးအချိန်မှာ အနားယူချင်ပါတယ်” ဟု အီဗရာဟီမိုဗစ်က The Guardian သတင်းစာသို့ ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ အေဂျက်၊ ဂျူဗင်တပ်စ်၊ အင်တာ၊ ဘာစီလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီတို့နှင့်အတူ လိဂ်ဖလား ၂၃ လုံးကို ဆွတ်ခူးရရှိခဲ့သည်။ သို့သော်လည်း ၎င်းက ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်ခြင်းမှာ မိမိဘ၀၏ အကြီးမားဆုံး ၀မ်းနည်းမှုဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

  • ဇီးကုန်းတွင် ကုရ်ဘာနီ အီးဒ် အဆင်ပြေချော့မွေ့စွာ ပြုလုပ်နိုင်ခဲ့ (နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်)

    ဇီးကုန်းတွင် ကုရ်ဘာနီ အီးဒ် အဆင်ပြေချော့မွေ့စွာ ပြုလုပ်နိုင်ခဲ့ (နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်)

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    ဇာဏီ
    ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့ရှိ မွတ်စလင်များ ဘက္ကဒီးရ် အီးဒ်နေ့မှာ ကုရ်ဘာနီ ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ပြန်လည် သိရပါတယ်။

    အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာ ၅ ရက် ညပိုင်း M-Media ရဲ့ ကနဦး စုံစမ်းသိရှိတဲ့သတင်းများအရ ဇီးကုန်းမှ မွတ်စလင်များ ကုရ်ဘာနီ မလုပ်တော့ ကြောင်း သတင်းတပုဒ်ကို တင်ဆက်ပေးခဲ့ပါတယ်။
    M-Media မှ ထုတ်ပြန်ခဲ့သော ဇီးကုန်းမြို့နယ်နဲ့ ပတ်သက်သည့် သတင်း အတိုင်းမဟုတ်ဘဲ ဗလီဂေါပကအဖွဲ့မှ အီးဒ်နေ့အေးချမ်းစွာ ကျင်းပခွင့်ရခဲ့ကြောင်း အတည်ပြု ရှင်းလင်းပါ၍ အဆိုပါသတင်းအား သတင်းကို ပြန်လည် အသိပေးအပ်တယ်။