News @ M-Media

Blog

  • ဦးနှောက်ရှိ လမ်းပြစနစ်အား ဖော်ထုတ်ခဲ့သည့် သိပ္ပံပညာရှင် ၃ ဦး ၂၀၁၄  ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိ

    ဦးနှောက်ရှိ လမ်းပြစနစ်အား ဖော်ထုတ်ခဲ့သည့် သိပ္ပံပညာရှင် ၃ ဦး ၂၀၁၄ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိ

    အောက်တိုဘာ ၈ ၊ ၂၀၁၄
    M-Media
    _78036876_78036875
    – ၂၀၁၄ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုအား ဦးနှောက်၏ GPS လမ်းပြစနစ်ကို ရှာဖွေဖော်ထုတ်ခဲ့သည့် သိပ္ပံပညာရှင် ၃ ဦးက ပူးတွဲရရှိခဲ့သည်ဟု သိရသည်။

    ဆုရရှိသူများမှာ ဗြိတိန်-အမေရိကန် သိပ္ပံပညာရှင် အသက် ၇၅ နှစ်အရွယ် ဒေါက်တာ ဂျွန်အိုကီးဖီ၊ နော်ဝေနိုင်ငံမှ စူးစမ်းလေ့လာသူ ဇနီးမောင်နှံနှစ်ဦးဖြစ်သည့် အသက် ၅၁ နှစ်အရွယ် မေဘရစ် မိုဆာနှင့် ၅၂ နှစ်အရွယ် အက်ဗာ့ဒ် အိုင် မိုစာတို့ဖြစ်ကြသည်။

    ၎င်းတို့သုံးဦးမှာ ဒဿနပညာရှင်များနှင့် သိပ္ပံပညာရှင်များ ရာစုနှစ်ပေါင်းများစွာ စူးစမ်းမှုများပြုလုပ်နေသော “ဦးနှောက်မှ ပတ်ဝန်းကျင်ရှိ နေရာများအား မြေပုံအဖြစ် မည်ကဲ့သို့ မှတ်ထားသည်၊ ရှုပ်ထွေးသည့် ပတ်ဝန်းကျင်တွင် မိမိတို့သွားရမည့်လမ်းကို မည်ကဲ့သို့ လမ်းညွှန်ပေးသည်” ဆိုသည့် စနစ်အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ထိုစနစ်အရ လူသားများမှာ မိမိတို့ မည်သည့်နေရာတွင် ရောက်ရှိနေခြင်း၊ နေရာတစ်နေရာမှ တစ်နေရာသို့သွားရောက်ရန် လမ်းကြောင်းအား ရှာဖွေခြင်း၊ တွေ့ရှိသည့်အချက်အလက်မျာကို နောင်တစ်ချိန် ပြန်လည်အသုံးပြုနိုင်ရန်အတွက် သိမ်းဆည်းပေးထားခြင်း စသည်တို့ကို ဆောင်ရွက်ပေးပြီး ဦးနှောက်ရှိ ဆဲလ်တစ်ချို့က ထိုလမ်းပြစနစ်အား ထိန်းချုပ်ပေးသည်။

    ဒေါက်တာ အိုကီးဖီမှာ ၁၉၆၀ ပြည့်နှစ်များကပင် အာရုံကြောဆိုင်ရာ နည်းလမ်းဖြင့် ထိုစနစ်ကို စူးစမ်းလေ့လာခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ဦးနှောက်အတွင်း လမ်းညွှန်စနစ်၏ ပထမဆုံး အစိတ်အပိုင်းကို တွေ့ရှိခဲ့သည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် မိုဆာဇနီးမောင်နှံက ထိုစနစ်၏ အရေးပါသော ဒုတိယမြောက် အစိတ်အပိုင်းကို တွေ့ရှိခဲ့သည်။

    အဆိုပါ နိုဘယ်ဆု ချီးမြှင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    ref_ NY Times

  • တူညီစွာ ကွဲပြားခြင်း

    တူညီစွာ ကွဲပြားခြင်း

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    .ခေတ်လူရေးသည်။

    1383881_3438480897530_682888451_n
    Credit- လဂွန်းအိမ်

    ဘာသာတရားတွေတိုင်းမှာ ကွဲပြားမှုတွေ မုချ ရှိသလို တူညီမှုတွေလည်း အများကြီး ရှိပါတယ်။ သီတင်းကျွတ်လပြည့်နေ့ သတင်းလေးတွေ မြင်တော့ အတွေးလေးပေါ်လာလို့ပါ။ ဂေါတမဗုဒ္ဓကိုယ်တော်က တာဝိတိံသာမှာ မယ်တော် မိနတ်သားကို ကျေးဇူးဆပ်တဲ့အနေနဲ့ တရားဟောပြီး ပြန်အကြွမှာ လူနတ်ဗြဟ္မာတွေက ဆီမီးတွေနဲ့ ပူဇော်ကြတဲ့ အစဉ်အလာကနေလာတယ်လို့ လေ့လာမိဖူးပါတယ်။ နတ်ပြည်မှာ မယ်တော်နဲ့ နတ်သားအပေါင်းကို အဘိဓမ္မာတရားဟောခဲ့တာကြောင့် အဘိဓမ္မာ အခါတော်နေ့ လို့ လည်း ခေါ်တယ်လို့ မှတ်သားဘူးပါတယ်။ မိခင်ကျေးဇူးကြီးမြတ်ကြောင်းကို ဂေါတမဗုဒ္ဓကိုယ်တော်က သွန်သင်ပြခဲ့တာပါ။

    အဲ့ဒီအစဉ်အလာကောင်းနဲ့ လူကြီးမိဘဆရာသမားရဲ့ ကျေးဇူးကို သိနားလည်မှုပြတဲ့ ဂါရဝပြု ခြင်းဓလေ့ကောင်းဟာ သီတင်းကျွတ်လပြည့်နေ့ နဲ့ အတူ ဗုဒ္ဓဘာသာဝင်တွေဆီမှာ ရှင်သန်နေပါတယ်။

    အစ္စလာမ်မှာလည်း တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းပါစေကြောင်း မေတ္တာပို့သအပ်ပါသည်)ဟာ ဂျန္နသ် သုခဘုံဟာ မိခင်ရဲ့ ခြေဖဝါးအောက်မှာ ရှိတယ်လို့ ကို သွန်သင်ပြခဲ့ပြီး မိခင်ကျေးဇူးလေးနက်ကြောင်းကို ပေါ်လွင်စေခဲ့ပါတယ်။ တခါ ဗုဒ္ဓဘာသာမှာ သီတင်းကျွတ်ပွဲတော်ဟာ ဥပုသ်သီတင်းသီလဆောက်တည်ပြီး ဝါတွင်းကာလလွန် ကာလဖြစ်နေပါတယ်။ အလားတူပဲ မွတ်စလင်မ်တွေရဲ့ အီးဒ်ဒုလ် ဖသိရ်ပွဲတော်ဟာ အနှိုင်းမဲ့တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းချက် အတိုင်း ဥပုသ်သီလကို တစ်လဆောက်တည်အပြီးမှာ ကျရောက်ပါတယ်။ (အီးဒ်ဒုလ် ဖသိရ်ပွဲတော်ကို မြန်မာပြည်မှာတော့ မုန့်အီးဒ် (သို့) စမိုင်အီးဒ်လို့ အရပ်အခေါ် လူသိများပါတယ်။)

    သီတင်းကျွတ်ကာလမှာ ဗုဒ္ဓဘာသာဝင်တွေဟာ သက်ကြီးရွယ်အို၊ ဆရာသမား မိဘဆွေမျိုးတွေဆီကို သွားရောက်ပြီး ဂါရဝပြုပြီး မိမိတို့ ရဲ့ ကိုယ်နှုတ်သုံးပါးနဲ့  အမှားများ ကျူးလွန်ခဲ့မိသည်ရှိသော် ခွင့်လွှတ်ပေးပါရန် တောင်းပန် တောင်းခံကြပါတယ်။ ပြီးတော့ ဘုရားစေတီတွေဆီ ဘုရားသွားဖူးကြပါတယ်။ ငယ်ငယ်က သီတင်းကျွတ် လပြည့်ညတိုင်းနီးပါး အဖွား ဘုရားသွားဖူးတာ လိုက်သွားရင်း ရွှေတိဂုံစေတီ ပရဝဏ်မှာ လူတွေများလွန်း တိုးလွန်းတာကြောင့် လမ်းမလျှောက်ဘဲ ရွေ့ နေတဲ့ အဖြစ်ကို သွားသတိရမိရင်း အဖွားကို လွမ်းဆွတ်မိပါတယ်။

    အလားတူပါပဲ မွတ်စလင်မ်တွေကတော့ မနက်ပိုင်းမှ ရေချိုးသန့် စင်ပြီး ဝတ်ကောင်းစားလှဝတ်ကာ လမ်းတလျှောက် အနှိုင်းမဲ့အရှင်ရဲ့ ကြီးမြတ်မှုနဲ့ ကျေးဇူးတော်ကို အောက်မေ့ရင်း ဗလီဝတ်ကျောင်းတော်ကိုသွား အီးဒ်ဝတ်ပြုပါတယ်။ ပြီးတာနဲ့ ဗလီဝတ်ကျောင်းတော်မှာ ဝတ်ပြုသူများအကြား လှိုက်လှိုက်လှဲလှဲ ပွေ့ ဖက်နှုတ်ဆက်ကြပြီး ကိုယ်နှုတ်သုံးပါးနဲ့ အမှားတွေ ကျူးလွန်ခဲ့သည်ရှိသော် တစ်ဦးနဲ့ တစ်ဦး အကြား ခွင့်လွှတ်ကြဖို့ တောင်းပန်(မဖ်)စကားဆိုရင်း တောင်းခံကြပါတယ်။ ပြီးတာနဲ့ လူကြီးမိဘဆွေမျိုးတွေဆီကို သွားရောက်ပြီး ဂါဝါရပြု အီးဒ်စလာမ်ဆိုကာ မိမိတို့ အမှားများရှိခဲ့သော် ခွင့်လွှတ်ဖို့ (မဖ်) တောင်းခံကြပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေက လူကြီးမိဘတွေကို သွားရောက် ဂါရဝပြု တဲ့အခါမှာ မုန့် အဝတ်အစားစသည်တို့ ဖြင့် မိမိတို့ တနိုင်လေး ဝယ်ချမ်းသွားတတ်ကြပါတယ်။ ကျေးဇူးတရားသိခြင်းကို ပြသခြင်း ချစ်စရာဓလေ့ပါ။ လူကြီးမိဘတွေကလည်း ဆုံးမသြဝါဒပေး ဆုမွန်တောင်းပေးကာ ကလေးသူငယ်တွေပါရင် ပျော်ရွှင်အောင် မုန့် ဖိုးပေးကြပါတယ်။ ဒီလိုပဲ မွတ်စလင်မ်တွေကလည်း မိမိတို့ အိမ်လုပ်မုန့် လေးတွေကို ထည့်ကာ လူကြီးမိဘများဆီသွား ဂါရဝပြု သွားရောက် သူတို့ ကလည်း သူတို့ ရဲ့ အိမ်မုန့်တွေနဲ့ ပြန်ကျွေးမွေး။ တော်တော်ကို စိတ်ကြည်နူးစရာကောင်းလှပါတယ်။ ပြီးရင် လူကြီးသူမတွေက ဆုံးမသြဝါဒပေး အလ္လာဟ်အရှင်မြတ်ဆီမှာ ဆုမွန်(ဒိုအာ)ကောင်းတောင်းပေး၊ ကလေးသူငယ်လေးတွေပါလာရင် အီးဒ်မုန့် ဖိုးပေးကြပါတယ်။

    တူညီမှုတွေကြားက ကွဲပြားမှုကတော့ ဘာသာတရားက သွန်သင်တဲ့ ဂါရဝပြုခြင်းပုံစံပါ။ ဗုဒ္ဓဘာသာဝင်တွေက လူကြီးသူမတွေကို ဦးချကန့်တောခြင်းနဲ့ ဂါရဝြုပုကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေကတော့ ယောက်ျားချင်း မိန်းကလေးချင်း လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ ဖက်နှုတ်ဆက်ခြင်း၊ အားလုံးကို လက်ကို ရိုသေစွာမြှောက်က စလာမ်ဆိုခြင်းပုံစံများနှင့် ဂါရဝပြုကြပါတယ်။ အစ္စလာမ်မှာ ဦးချကန်တော့ခြင်းဟာ လူသားချင်းကြားလေးစားရိုသေမှုကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ အလ္လာဟ်ရှင်မြတ်ကို ကျိုးနွံမှုပြုခြင်းအတွက် သီးသန့် ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဘာသာတရားအရ ဂါရဝပြုရာမှာ ရုပ်ပိုင်းဆိုင်ရာ သရုပ်ကွဲပေမယ့် အနှစ်သာရဖြစ်တဲ့ ကျေးဇူးတရားသိတတ်ခြင်း၊ နှိမ့်ချခြင်း၊ လေးစားချစ်ခင်ခြင်း၊ ပျော်ရွှင်ခြင်းတွေကတော့ ထပ်တူပါပဲ။

    ဒီပွဲတော်တွေရဲ့ အနှစ်သာရကို မသိသေးခဲ့ပေမယ့် ငါးနှစ်ခွဲခြောက်နှစ်သားလောက်မှာ အီးဒ်မုန့် ဖိုး စုစုပေါင်း ကိုးဆယ်ကျပ်လောက်ရခဲ့ဖူးတဲ့…သီတင်းကျွတ်ညဆို လာကန့်တောထားတဲ့ ကိတ်မုန့် တွေကို အဖွားကို သူ့ သမီးလတ်က စတိဦးချကျွေးပြီးတာနဲ့ ဦးဆုံးစွဲခဲ့ဖူးတဲ့…ကျွန်တော် ဒီပွဲတော်တွေရဲ့ အပေါ်ယံဓလေ့တွေကကိုပင် တော်တော်ချစ်စရာကောင်းတယ်လို့ တပ်အပ်ဆိုမိပါတယ်။

    ညပိုင်းမှာ ဗုဒ္ဓဘာသာဝင် လူကြီးသူမတွေက ဘုရားသွားသူကကသွား၊ ဗုဒ္ဓကို ဆီမီးပူဇော်နေချိန် ကလေးငယ်တွေကတော့ မီးအိမ်လှည်းလေးတွေတွန်း လူရွယ်တွေ ကတော့ မီးရှူးမီးပန်းတို့ ငရဲမီးတို့ နဲ့ ပျော်ရွှင်နေကြချိန်မှာ၊ မွတ်စလင်မ်တွေကလည်း ပျော်ရွှင်မှုနဲ့ အတူ ဆုတောင်းဝတ်ပြုခြင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သရဇ္ဇယ်ခြင်းတွေကို ပြု လုပ်ကြပါတယ်။ ကျွန်တော်တို့ လို့ ဗုဒ္ဓဘာသာဝင်လူများစု မွတ်စလင်မ်လူနည်းစု ရပ်ကွက်တွေမှာ နေထိုင်သူတွေက မြန်မာပြည်ရဲ့ ဘာသာတရားတွေအကြား သဟဇာတဖြစ်မှုရဲ့ ချစ်စရာဓလေ့တစ်ခုကို ထပ်မံ ခံစားနိုင်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ဗုဒ္ဓဘာသာဝင်တွေက မုန့် အီးဒ်ဆိုပြီး ခေါ်ကြတဲ့ အီးဒ်ဒုလ်ဖသရ်မှာ ညနေစောင်းဆို ဗုဒ္ဓဘာသာဝင်အိမ်နီးချင်း အသိမိတ်ဆွေတွေက သူတို့ မိတ်ဆွေ၊ အိမ်နီးချင်း မွတ်စလင်မ်ရဲ့ မုန့် ချို ဆမိုင်လ်ကို စောင့်မျှော်နေပါပြီ။ မွတ်စလင်မ်တွေကလည်း အိမ်မှာ ကိုယ်တိုင်လုပ်ရင် လုပ် မလုပ်ရင်လည်း ဆွေမျိုး မိဘတွေက ထည့်ပေးလိုက်တဲ့ မုန့် ချိုကို သူတို့ရဲ့ အိမ်နီးချင်း မိတ်ဆွေရင်းတွေကို ပေးဖို့ အသင့်ဖြစ်နေပါပြီ။ တော်တော်ကို ချစ်စရာကောင်းပြီး ပီတိဖြစ်ဖွယ် မြင်ကွင်းပါ။

    ဒီနေ့ မှာတော့…တိုင်းပြည်၊ ပြည်သူနဲ့ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားအပေါ်မှာ သစ္စာမရှိတဲ့ သင်္ကန်းစည်းနဲ့ လူဝတ်ကြောင်တစ်စု၊ နိုင်ငံရေး ငတ်ကြီးကျနေတဲ့သူ တစ်စုကြောင့် ဒီချစ်စရာကောင်းတဲ့ သဟဇတဖြစ်မှုတွေ ပျက်သုန်းသွားတော့မလားလို့ ကျွန်တော်တကယ်ကို စိုးရိမ်နေမိပါတယ်။

    ဒီပွဲတော်နှစ်ခု တနေ့ တချိန်မှာ တစ်ရက်တည်း ကျရောက်ဦးမှာပါ။ ဘာလို့ လဲဆိုတော့ အစ္စလာမ့်ပြက္ခဒိန်က လဗဟိုပြုထားတာဖြစ်တဲ့အတွက်ပါ။ ဆယ်ရက် ဆယ်ရက် စောစောသွားပါတယ်။ ဒါပေမယ့် တစ်ရက်တည်းကျဖို့တော့ တပတ်လည်အောင် နှစ်တော်တော်ကြာစောင့်ရဦးမှာပါ။ တစ်ရက်တည်းထပ်တူကျတာ မကျတာထက်…ကွဲပြားမှုတွေကြားက တန်ဖိုးလေးအချို့ ထပ်တူကြနေဖို့နဲ့ ချစ်စရာ သဟဇာတဖြစ်မှုလေးတွေကို ထိန်းသိမ်းထားဖို့က ပိုအရေးကြီးပါတယ်…။ ။

     

  • ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် LED တီထွင်ခဲ့သော ဂျပန် သိပ္ပံပညာရှင် သုံးဦး ရရှိ

    ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် LED တီထွင်ခဲ့သော ဂျပန် သိပ္ပံပညာရှင် သုံးဦး ရရှိ

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media

    Physics Nobel prize goes to scientists who perfected LED light 2
    – နှစ်စဉ် ချီးမြှင့်လျက်ရှိသော ရူပဒေဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၇ ရက်နေ့တွင် ကြေညာခဲ့ရာ အပြာရောင် LED မီးကို ပူးပေါင်း တီထွင်ခဲ့သည့် ဂျပန်သိပ္ပံပညာရှင် ၃ ဦးက ရရှိသွားသည်ဟု သိရသည်။

    အီဆာမူ အာကာဆာကီ၊ ဟီရိုရှီ အာမာနိုနှင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင် ရှူဂျီ နာကာမူရာတို့ဖြစ်ကြပြီး အိမ်သုံး မီးအလှများမှ ဖုန်များအထိ အသုံးပြုနိုင်သော အလွန်အသုံးဝင်သည့် အပြာရောင် LED မီးကို တီထွင်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ဆုရွေးချယ်ရေးအဖွဲ့မူ LED မီးသီးများမှာ စွမ်းအင်ကိုချွေတာနိုင်ခြင်း၊ ကြာရှည်ခံခြင်း၊ မာကျူရီ မပါဝင်သောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပြီး ၎င်းတို့ ၃ ဦး၏ စွမ်းဆောင်မှုက နိုဘယ်ဆုကို တည်ထောင်ခဲ့သူ အဲလ်ဖရဒ်နိုဘယ်၏ ဆန္ဒနှင့် ကိုက်ညီသည်ဟု ပြောကြားခဲ့သည်။

    အနီရောင်နှင့် အစိမ်ရောင် LED များကို နှစ်ပေါင်းများစွာအရင်ကပင် သုံးစွဲခဲ့ကြသော်လည်း အပြာရောင် LED ကို ၁၉၉၀ ပြည့်နှစ်များက ၎င်းတို့ သုံးဦးမှ ဖန်တီးတီထွင်ခဲ့ပြီး၊ ထိုအချိန်မှစ၍ အဖြူရောင်မီးအိမ်များ ထုတ်လုပ်နိုင်ခဲ့ကာ ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့ကြသည်။  အပြာရောင် LED မီးကို တီထွင်ရန်အတွက် သိပ္ပံပညာရှင်များနှင့် နှစ်ပေါင်း ၃၀ ခန့် ကြိုးစားခဲ့ရသည်။

    ၎င်းတို့၏ တီထွင်မှုမှာ လျှပ်စစ်ဓာတ်အားမရရှိသော ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၁၅၀၀ ကျော်၏ လူနေမှုဘ၀ကို တိုးတက်စေခဲ့သည်ဟုလည်း ဆုရွေးချယ်ရေးကော်မတီက ထပ်လောင်းပြောကြားခဲ့သည်။

    နိုဘယ်ဆုရရှိသည့်အကြောင်းကို အဆိုပါ သိပ္ပံပညာရှင်သုံးဦးအား ကော်မတီက အကြောင်းကြားခဲ့ပြီး ၎င်းတို့မှာ ဆုကြေးငွေ ဆွီဒင်ကရိုနာ ၈ သန်း (ကန်ဒေါ်လာ ၁.၂ သန်း) ကို ခံစားရမည်ဖြစ်သည်။

    ref_ CNN

  • Ebola : အီဘိုလာ ကူးစက်သူ သူနာပြု တစ်ဦးကို စပိန်တွင်တွေ့

    Ebola : အီဘိုလာ ကူးစက်သူ သူနာပြု တစ်ဦးကို စပိန်တွင်တွေ့

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    Spanish nurse tests positive for Ebola
    – ပြီးခဲသည့်လက အီဘိုလာကြောင့် သေဆုံးခဲ့ရသည့် စပိန်ဘုန်းတော်ကြီး မန်နျူယဲလ် ဂါစီယာအား ကုသပေးခဲ့သော ဆေးအဖွဲ့မှ စပိန်သူနာပြုတစ်ဦးမှာ အီဘိုလာရောဂါပိုး ရှိနေသည်ဟု သိရသည်။

    အသက် ၆၉ နှစ်အရွယ် ဘုန်းတော်ကြီး ဂါစီယာမှာ ဆီရာလီယိုနီနိုင်ငံတွင် အီဘိုလာ ရောဂါသည်များအား သွားရောက် ကူညီပေးခဲ့သူဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရပြီးနောက် စပိန်သို့ လာရောက်၍ ဆေးကုသမှု ခံယူခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

    “စစ်ဆေးမှုကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်စလုံး ရောဂါပိုးရှိကြောင်း တွေ့ခဲ့ရပါတယ်” ဟု အဆိုပါ စပိန်သူနာပြုတစ်ဦး ရောဂါကူးစက်နေမှုနှင့် ပတ်သက်၍ မက်ဒရစ်မြို့ ကျန်းမာရေးဌာနမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ရောဂါပိုး ပြန့်နှံ့မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောက်ရွံမှု မရှိစေရန် ရှင်းလင်းခြင်းဖြစ်သည်ဟု ဂျာနယ်လစ်တစ်ဦးက ဆိုသည်။

    အဆိုပါ သူနာပြုမှာ ရောဂါလက္ခဏာ မပြခင် လူနားပေါင်းများစွာအား ကုသခဲ့သည့်အတွက် အီဘိုလာကူးစက်သူများ နောက်ထပ် ထွက်ပေါ်လာမည်ကို စိုးရိမ်မှုများရှိနေသည်။

    သို့သော်လည်း ကျွမ်းကျင်သူများကမူ ရောဂါ လက္ခဏာများ ပြသမှပင် ရောဂါပိုးမှာ အခြားသူတစ်ဦးသို့ ကူစက်နိုင်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    အမေရိကန်ပြည်ထောင်စုတွင်လည်း ပြီးခဲ့သည့် တစ်ပတ်က အီဘိုလာဗိုင်းရပ်စ်ပိုးရှိသူ တစ်ဦးကို တွေ့ရှိခဲ့ရပြီး ၎င်း၏ အခြေအနေမှာ ဆိုးရွားလျက်ရှိနေသည်။

    အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာကြောင့် သေဆုံးသူဦးရေမှာ ၃၅၀၀ နီးပါး ရှိလာပြီဖြစ်ပြီး၊ လက်ရှိကူးစက်နေသူမှာ ၇၅၀၀ ခန့် ရှိနေသည်။ ကျွမ်းကျင်သူများကမူ အီဘိုလာမှာ အောက်တိုဘာလကုန်ပိုင်းတွင် ပြင်သစ်နှင့် ယူကေသို့ ရောက်ရှိနိုင်ခြေ ၇၅ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းရှိနေသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

  • ကမ္ဘောဒီးယား သစ်ခုတ်သမား ၂ ဦးအား ထိုင်းစစ်တပ် ပစ်သတ်မှု ကမ္ဘောဒီးယား အစိုးရ ရှုတ်ချ

    ကမ္ဘောဒီးယား သစ်ခုတ်သမား ၂ ဦးအား ထိုင်းစစ်တပ် ပစ်သတ်မှု ကမ္ဘောဒီးယား အစိုးရ ရှုတ်ချ

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media
    thai cambodia border map
    – ကမ္ဘောဒီယား သစ်ခုတ်သမားနှစ်ဦးအား ထိုင်းစစ်တပ်မှ ပစ်သတ်ခဲ့မှုအတွက် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချပြောဆိုလိုက်သည်။

    အသက် ၂၄ နှစ်အရွယ် ဆောန်ဆမ်နှင့် ၂၂ နှစ်အရွယ် ယင်မ် မာကရာတို့မှာ ကမ္ဘောဒီယားနိုင်ငံအရှေ့ပိုင်းနယ်စပ်မှ တရားမ၀င်သစ်ခုတ်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ စက်တင်ဘာ ၂၈ ရက်နေ့က ၀င်ရောက်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးအား ထိုင်းစစ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် စက်တင်ဘာ ၂၉ ရက်နေ့တွင် ကမ္ဘောဒီယားစစ်တပ်မှ နယ်စပ်တစ်လျှောက် ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်နေစဉ် ထိုင်းစစ်တပ်မှ ထိုကဲ့သို့ ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့သေးသည်။

    “(ကမ္ဘောဒီးယားစစ်သားတွေ) သူတို့ရဲ့ စစ်စခန်းကို အသီးသီးပြန်လာနေတဲ့အချိန် နယ်စပ်က Chamcar Kroch ဒေသအနားမှာ ထိုင်းစစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် ကမ္ဘောဒီယား တပ်ကြပ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးကို ထိုင်းစစ်တပ် ကျူးလွန်တဲ့ ဒီလို ကြမ်းကြုတ်မှုမျိုးကို ကမ္ဘောဒီးယားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထိုင်းသံရုံးသို့ ပြီးခဲ့သည့် သီတင်းပတ်က ပေးပို့ခဲ့သော သတိထောက်လွှာတွင် ရေးသားဖော်ပြထားသည်။

    ထို့ပြင် ကမ္ဘောဒီးယား ပိုင်နက်အား ထိုင်းစစ်တပ်က သိသိသာသာ ကျူးကျော်မှုကို ရှုတ်ချပြီး၊ မိမိတို့၏ အချုပ်အခြာ အာဏာကိုလေးစားရန် အတွက်လည်း အဆိုပါ သတိထောက်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

    ref_ ဆင်ဟွာ