News @ M-Media

၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် LED တီထွင်ခဲ့သော ဂျပန် သိပ္ပံပညာရှင် သုံးဦး ရရှိ

အောက်တိုဘာ ၇ ၊ ၂၀၁၄
M-Media

Physics Nobel prize goes to scientists who perfected LED light 2
– နှစ်စဉ် ချီးမြှင့်လျက်ရှိသော ရူပဒေဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၇ ရက်နေ့တွင် ကြေညာခဲ့ရာ အပြာရောင် LED မီးကို ပူးပေါင်း တီထွင်ခဲ့သည့် ဂျပန်သိပ္ပံပညာရှင် ၃ ဦးက ရရှိသွားသည်ဟု သိရသည်။

အီဆာမူ အာကာဆာကီ၊ ဟီရိုရှီ အာမာနိုနှင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင် ရှူဂျီ နာကာမူရာတို့ဖြစ်ကြပြီး အိမ်သုံး မီးအလှများမှ ဖုန်များအထိ အသုံးပြုနိုင်သော အလွန်အသုံးဝင်သည့် အပြာရောင် LED မီးကို တီထွင်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ဆုရွေးချယ်ရေးအဖွဲ့မူ LED မီးသီးများမှာ စွမ်းအင်ကိုချွေတာနိုင်ခြင်း၊ ကြာရှည်ခံခြင်း၊ မာကျူရီ မပါဝင်သောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပြီး ၎င်းတို့ ၃ ဦး၏ စွမ်းဆောင်မှုက နိုဘယ်ဆုကို တည်ထောင်ခဲ့သူ အဲလ်ဖရဒ်နိုဘယ်၏ ဆန္ဒနှင့် ကိုက်ညီသည်ဟု ပြောကြားခဲ့သည်။

အနီရောင်နှင့် အစိမ်ရောင် LED များကို နှစ်ပေါင်းများစွာအရင်ကပင် သုံးစွဲခဲ့ကြသော်လည်း အပြာရောင် LED ကို ၁၉၉၀ ပြည့်နှစ်များက ၎င်းတို့ သုံးဦးမှ ဖန်တီးတီထွင်ခဲ့ပြီး၊ ထိုအချိန်မှစ၍ အဖြူရောင်မီးအိမ်များ ထုတ်လုပ်နိုင်ခဲ့ကာ ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့ကြသည်။  အပြာရောင် LED မီးကို တီထွင်ရန်အတွက် သိပ္ပံပညာရှင်များနှင့် နှစ်ပေါင်း ၃၀ ခန့် ကြိုးစားခဲ့ရသည်။

၎င်းတို့၏ တီထွင်မှုမှာ လျှပ်စစ်ဓာတ်အားမရရှိသော ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၁၅၀၀ ကျော်၏ လူနေမှုဘ၀ကို တိုးတက်စေခဲ့သည်ဟုလည်း ဆုရွေးချယ်ရေးကော်မတီက ထပ်လောင်းပြောကြားခဲ့သည်။

နိုဘယ်ဆုရရှိသည့်အကြောင်းကို အဆိုပါ သိပ္ပံပညာရှင်သုံးဦးအား ကော်မတီက အကြောင်းကြားခဲ့ပြီး ၎င်းတို့မှာ ဆုကြေးငွေ ဆွီဒင်ကရိုနာ ၈ သန်း (ကန်ဒေါ်လာ ၁.၂ သန်း) ကို ခံစားရမည်ဖြစ်သည်။

ref_ CNN

Comments

Leave a Reply