News @ M-Media

Blog

  • မြန်မာ့အရေး အာဆီယံကတစ်ဆင့် ဖြေရှင်းရေးကိုသာ အိန္ဒိယ ထောက်ခံ

    မြန်မာ့အရေး အာဆီယံကတစ်ဆင့် ဖြေရှင်းရေးကိုသာ အိန္ဒိယ ထောက်ခံ

    ဩဂုတ် ၁၆၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို အာဆီယံလမ်းကြောင်းကနေတစ်ဆင့် ဖြေရှင်းဖို့ အပြည့်အ၀ ထောက်ခံတယ်လို့ အိန္ဒိယက ထပ်လောင်းပြောကြားလိုက်ပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာနဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို ဟာဂျီ အရီ၀မ်တို့ဟာ စနေနေ့က ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပြီး မြန်မာ့အရေးလည်း ပါဝင်ပါတယ်။ အရ်ဝမ်ဟာ မြန်မာနိုင်ငံကိစ္စမှာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားရသူပါ။

    ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက် ၅ ခု ရရှိခဲ့ပေမယ့် အကောင်အထည်ဖော်မှုအပိုင်းမှာ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အာဆီယံအဖွဲ့ဟာ ဝေဖန်ခံနေရပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ် အရီဝမ်ဟာ လတ်တလောမှာ ​ဒေသတွင်းခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြီး မြန်မာ့အရေးအတွက် အကြံပြုချက်တွေ ရယူနေတာဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက အရီဝမ်ရဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အမြင်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။

    “ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို ဟာဂျီ အရီဝမ်ရဲ့ ဖုန်းခေါ်ဆိုမှုအတွက် ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေအတွက် အမြင်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အာဆီယံရဲ့ ဆောင်ရွက်မှုကို အိန္ဒိယက အပြည့်အ၀ ထောက်ခံပါတယ်”

    အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိ​ပြီး၊ အာဏာသိမ်းပြီးနောက် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယအာဏာပိုင်တွေက စစ်တပ်လက်ထဲ ပြန်အပ်တာတွေလည်း ရှိနေပါတယ်။

    Ref: Times of India

  • တာလီဘန်ကို ကျောထောက်နောက်ခံပေးရန် တရုတ်ပြင်ဆင်

    တာလီဘန်ကို ကျောထောက်နောက်ခံပေးရန် တရုတ်ပြင်ဆင်

    ဩဂုတ် ၁၆၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်လိုက်တဲ့ တာလီဘန်အဖွဲ့နဲ့ မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်နဲ့ အာဖဂန်နစ္စတန်တို့ရဲ့ နယ်မြေထိပ်စပ်မှုဟာ ၇၆ ကီလိုမီတာ ရှည်လျားပါတယ်။ ရှင်ကျန်းပြည်နယ်မှာ ဖိနှိပ်ခံနေရတဲ့ ဝီဂါတွေအတွက် အာဖဂန်က လွတ်မြောက်နယ်မြေဖြစ်လာမှာကို တရုတ်က အရင်ကတည်းက စိုးရိမ်ခဲ့တာပါ။

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ စတင်ဆုတ်ခွာတဲ့အချိန်ကစပြီး တရုတ်က တာလီဘန်အဖွဲ့နဲ့ ဆက်ဆံရေးတည်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တာလီဘန်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအတွင်း တရုတ်ကထွက်ပြေးလာတဲ့ ဝီဂါတွေကို လက်ခံမှာမဟုတ်ဘူးလို့ တာလီဘန်အဖွဲ့က ကတိပြုခဲ့ပြီး အပြန်အလှန်အားဖြင့် အာဖဂန်ရဲ့ စီးပွားရေးနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို တရုတ်က ကူညီပေးရမှာ ဖြစ်ပါတယ်။

    ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဖဂန်နစ္စတန်နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် အခွင့်အလမ်းမျိုးကို ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်က ပြောကြားခဲ့ပါတယ်။

    “တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ မျှော်လင့်ကြောင်း တာလီဘန်အဖွဲ့က အကြိမ်ကြိမ် ပြောကြားဖူးပါတယ်။ အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်နိုင်ငံက ပါဝင်ပေးဖို့ သူတို့မှာ အာသီသ ရှိပါတယ်။ ကျွန်မတို့လည်း ဒါကို ကြိုဆိုပါတယ်။ အာဖဂန်ပြည်သူတွေ သူတို့ရဲ့ကံကြမ္မာကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ကို ကျွန်မတို့ လေးစားတယ်။ အာဖဂန်နစ္စတန်နဲ့ ရင်းနှီးပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုး ဆက်လက်ထူထောင်ဖို့လည်း ဆန္ဒရှိပါတယ်”

    ချော့မွေ့တဲ့ အာဏာလွှဲပြောင်းမှုလုပ်ဆောင်ဖို့၊ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ အာဖဂန်ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေ ဘေးအန္တရာယ်ကင်းရေး ဆောင်ရွက်ပေးဖို့လည်း ဟွာချန်ယင်က တာလီဘန်ကို တိုက်တွန်းခဲ့ပါတယ်။

    Ref: France 24

  • အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီ တိုင်းပြည်မှ ထွက်ပြေး

    အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီ တိုင်းပြည်မှ ထွက်ပြေး

    ဩဂုတ် ၁၅၊ ၂၀၂၁
    M-Media

    Afghan President Ashraf Ghani speaks at the extraordinary meeting of the Parliament in Kabul, Afghanistan, Monday, Aug. 2, 2021. (AP Photo/Rahmat Gul)

    -သမ္မတ အက်ရှ်ရက်ဖ်ဂါနီဟာ တိုင်းပြည်ကနေ ထွက်ခွာသွားပြီလို့ အာဖဂန်နစ္စတန်အစိုးရ အကြီးတန်းတာဝန်ရှိသူ၊ သံတမန်တစ်ဦးက CNN သတင်းဌာနကို အတည်ပြု ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ်ပတ်အတွင်း နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေကို တာလီဘန်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော်ကဘူးလ်ကို ဝိုင်းထားခဲ့ပြီးတဲ့နောက် တာလီဘန်နဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေး ဆွေးနွေးနေတယ်လို့ အာဖဂန်အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

    အာဖဂန်အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးကောင်စီ ဥက္ကဌ အဘ်ဒူလာ အဘ်ဒူလာကလည်း သမ္မတဂါနီ တိုင်းပြည်ကနေထွက်ခွာသွားကြောင်း ဗီဒီယိုနဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဂါနီကို ‘သမ္မတဟောင်း’ လို့ သုံးနှုန်းသွားပါတယ်။

    စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂါနီဟာ ၂၀၁၄ ခုနှစ်ကစတင်ပြီး သမ္မတတာဝန် ရယူခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။

    Ref: CNN

  • ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း အာဖဂန်အစိုးရက တာလီဘန်နှင့် ဆွေးနွေးနေ

    ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း အာဖဂန်အစိုးရက တာလီဘန်နှင့် ဆွေးနွေးနေ

    ဩဂုတ် ၁၅၊ ၂၀၂၁
    M-Media

    -တာလီဘန်အဖွဲ့က မြို့တော်ကဘူးလ်ကို ဝန်းရံထားလိုက်ပြီးတဲ့​နောက် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဆွေးနွေးနေတယ်လို့ အာဖဂန်နစ္စတန် အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။

    တာလီဘန်အဖွဲ့ဟာ ​မြို့တော်ကဘူးလ်ရဲ့ ဆင်ခြေဖုံးတွေအထိ ရောက်ရှိလာပြီး အဖက်ဖက်က ဝန်ရံထားလိုက်တာဖြစ်ပါတယ်။ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ် ဆာဟင်က လက်ရှိမှာ သူတို့အဖွဲ့ဝင်တွေကို မြို့ထဲဝင်မတိုက်ဖို့ ညွှန်ကြားထားပြီး မြို့ကို ငြိမ်းချမ်းစွာ လွှဲပြောင်းနိုင်ရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီး အဘ်ဒူလ် ဆက်သားရ် မီရ်ဇက်ဝဲလ်က ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ဖြစ်နေပြီး အသွင်ကူးပြောင်းရေးအစိုးရ ပေါ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတဂါနီဟာ အခြေအနေ ဖြစ်ပေါ်တိုးတက်မှုနဲ့ပတ်သက်လို့ အာဖဂန်ဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်၊ နေတိုးအဖွဲ့ဝင် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    တာလီဘန်အဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ အဓိကမြို့ကြီး တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော်ကဘူးလ်ကိုသိမ်းပိုက်ဖို့ တစ်လလောက်ကြာမယ်လို့ အမေရိကန်က ခန့်မှန်းထားပေမယ့် ရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

    ကဘူးလ်က နိုင်ငံခြားသံတမန်တွေနဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ အမေရိကန်က တပ်ဖွဲ့ဝင် ၅ ထောင်လောက် စေလွှတ်ထားပြီး ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • စစ်ကောင်စီတပ်က ကျန်းမာရေးဝန်ထမ်းများအပေါ် သတ်ဖြတ်တိုက်ခိုက်မှုပေါင်း ၆ လအတွင်း ၂၅၀ ကျော်ရှိ

    စစ်ကောင်စီတပ်က ကျန်းမာရေးဝန်ထမ်းများအပေါ် သတ်ဖြတ်တိုက်ခိုက်မှုပေါင်း ၆ လအတွင်း ၂၅၀ ကျော်ရှိ

    ဩဂုတ် ၁၄၊ ၂၀၂၁
    M-Media

    စစ်ကောင်စီတပ်များက လူနာတင်ယာဉ်မောင်းသူများကို အကြမ်းဖက် ရိုက်နှက်နေစဉ်

    -ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေက ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်မှုပေါင်း ၂၅၂ ကြိမ်ရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Safeguarding Health in Conflict Coalition ရဲ့ မနေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဘာပြစ်မှုမှ မရှိဘဲ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၉၀ ရှိပြီး၊ ဆေးရုံ ၈၆ ရုံ စီးနင်းခံရကာ၊ စစ်တပ်က တပ်စွဲထားတဲ့ ဆေးရုံ ၅၅ ခု ရှိတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကပ်ရောဂါ တားဆီးကာကွယ်ရေး ဆောင်ရွက်မှုတွေကို ထိခိုက်စေတဲ့ စစ်ကောင်စီတပ်တွေရဲ့လုပ်ရပ် ၁၇ ခုရှိပြီး အဲဒီထဲမှာ ဆေးရုံကို လက်နက်ကြီးနဲ့ ထုတာလည်း ပါဝင်တယ်လို့ ဒီအဖွဲ့က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်း ၂၇ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူကနေ ၃၆ ဦး ရှိပါတယ်။

    ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးပုန်းရှောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းများစွာ ရှိနေပြီး၊ ဖမ်းလိုသူ မရှိတဲ့အတွက် မိသားစုဝင်ကို ဖမ်းဆီးသွားတာတွေလည်း ရှိနေတယ်လို့ Safeguarding Health in Conflict Coalition ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီတပ်​တွေရဲ့ အကြမ်းဖက်မှုဟာ ရန်ကုန်နဲ့ မန္တလေးတို့မှာ အဓိကဖြစ်ပွားပြီး စစ်ကောင်စီတပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ကျန်းမာရေးဝန်ထမ်းတွေအပေါ် ကျူးလွန်မှု ၁၅ ခု ရှိတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ၊ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စောင့်ရှောက်မှုဥပဒေတွေကို လိုက်နာဖို့ Safeguarding Health in Conflict Coalition အဖွဲ့က တောင်းဆိုခဲ့ပြီး၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးကာ ကျူးလွန်သူတွေကို တရားစွဲဆိုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

    ဒီမိုကရေစီအစိုးရကို အာဏာပြန်လွှဲပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တောင်းဆိုနေပေမယ့် မြန်မာစစ်အာဏာရှင်တွေဟာ သူတို့ရဲ့အစီအစဉ်ကို နောက်ပြန်လှည့်မယ့် လက္ခဏာမျိုး မရှိဘူးလို့လည်း သုံးသပ်ထားပါတယ်။

    Ref: Jurist