ဩဂုတ် ၁၄၊ ၂၀၂၁
M-Media

-ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေက ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်မှုပေါင်း ၂၅၂ ကြိမ်ရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Safeguarding Health in Conflict Coalition ရဲ့ မနေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဘာပြစ်မှုမှ မရှိဘဲ ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၉၀ ရှိပြီး၊ ဆေးရုံ ၈၆ ရုံ စီးနင်းခံရကာ၊ စစ်တပ်က တပ်စွဲထားတဲ့ ဆေးရုံ ၅၅ ခု ရှိတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကပ်ရောဂါ တားဆီးကာကွယ်ရေး ဆောင်ရွက်မှုတွေကို ထိခိုက်စေတဲ့ စစ်ကောင်စီတပ်တွေရဲ့လုပ်ရပ် ၁၇ ခုရှိပြီး အဲဒီထဲမှာ ဆေးရုံကို လက်နက်ကြီးနဲ့ ထုတာလည်း ပါဝင်တယ်လို့ ဒီအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်း ၂၇ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူကနေ ၃၆ ဦး ရှိပါတယ်။
ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးပုန်းရှောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းများစွာ ရှိနေပြီး၊ ဖမ်းလိုသူ မရှိတဲ့အတွက် မိသားစုဝင်ကို ဖမ်းဆီးသွားတာတွေလည်း ရှိနေတယ်လို့ Safeguarding Health in Conflict Coalition ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုဟာ ရန်ကုန်နဲ့ မန္တလေးတို့မှာ အဓိကဖြစ်ပွားပြီး စစ်ကောင်စီတပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ကျန်းမာရေးဝန်ထမ်းတွေအပေါ် ကျူးလွန်မှု ၁၅ ခု ရှိတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ၊ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စောင့်ရှောက်မှုဥပဒေတွေကို လိုက်နာဖို့ Safeguarding Health in Conflict Coalition အဖွဲ့က တောင်းဆိုခဲ့ပြီး၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးကာ ကျူးလွန်သူတွေကို တရားစွဲဆိုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ဒီမိုကရေစီအစိုးရကို အာဏာပြန်လွှဲပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တောင်းဆိုနေပေမယ့် မြန်မာစစ်အာဏာရှင်တွေဟာ သူတို့ရဲ့အစီအစဉ်ကို နောက်ပြန်လှည့်မယ့် လက္ခဏာမျိုး မရှိဘူးလို့လည်း သုံးသပ်ထားပါတယ်။
Ref: Jurist