News @ M-Media

Blog

  • ရိုဟင်ဂျာအရေး၊ ဓာတုလက်နက် စက်ရုံကိစ္စများ ကုလတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်း

    ရိုဟင်ဂျာအရေး၊ ဓာတုလက်နက် စက်ရုံကိစ္စများ ကုလတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်း

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    4bb331db44257d24792a0a89aac31741_L
    – ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အကြမ်းဖက် တိုက်ခိုက်မှုများကို အဆုံးသတ်ရန် မိမိတို့အစိုးရမှ လုပ်ဆောင်နေပြီ ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်မြို့တွင် ပြုလုပ်နေသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားလိုက်သည်။

    ရာစုနှစ်ဝက်ကြာ အာဏာရှင်စနစ် ကျင့်သုံးလာခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စတင်လာခဲ့ပြီးကတည်းက လူ့အခွင့်အရေးနှင့် ဆက်စပ်နေသည့် အဓိကပြသနာများကို ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လုပ်ငန်းစဉ်များမှ အရှေ့တောင် အာရှနိုင်ငံများကို ထုတ်ပယ်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားသော မွတ်စလင်များအား ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို အခြေပျက်စေမည်လားဟူသော စိုးရိမ်ကြောင့်ကြမှုများလည်း ပေါ်ပေါက်ခဲ့သည်။

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများတွင် ရိုဟင်ဂျာမွတ်စလင် ၂၈၀ ခန့် အသတ်ခံခဲ့ရပြီး ၁ သိန်း ၄ သောင်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ လူများ ပြွတ်သိပ်နေသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။

    လူဦးရေ ၁.၃ သန်းခန့်ရှိသည့် ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ် သတ်မှတ်ခြင်းမခံရဘဲ၊ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာကြသူများဟု မြန်မာအစိုးရက ရှုမြင်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် နောက်ပိုင်း ရိုဟင်ဂျာများပေါ် ခွဲခြားဆက်ဆံမှုများမှာ မြင့်တက်လာခဲ့ပြီး အချို့သော အကြမ်းဖက်မှုများမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်နိုင်သည်အထိ စိုးရိမ်စရာကောင်းခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ အကြမ်းဖက် တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးရန် အတွက် အစိုးရအနေဖြင့် လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    “နောက်ဆုံး အဆုံးသတ်ကို မသွားခင်မှာ ဒီပြဿနာရဲ့ သမိုင်းဆိုင်ရာ၊ ကွဲပြားခြားနားမှု၊ ရှုပ်ထွေးမှုကို နားလည်ထားရပါမယ်။ ပြဿနာရဲ့ရင်းမြစ်ကို အဖြေရှာရင်း၊ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ သဟဇာတဖြစ်မှုနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူအားလုံး ဖွံဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်နေပါတယ်” ဟု ဦးဝဏ္ဏမောင်လွင်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယူနတီ ဂျာနယ်မှ ဖော်ပြခဲ့သည့် ဓာတုလက်နက်စက်ရုံနှင့် ပတ်သက်၍လည်း ၎င်းက ဓာတုလက်နက်များ တီထွင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ထားရှိခြင်းကို ပိတ်ပင်ထားသော ၁၉၇၂ ခုနှစ် ဇီဝလက်နက်များဆိုင်ရာ သဘောတူညီချက်ကို  မြန်မာနိုင်ငံက လက်မှတ်ထိုးထားမှုကို ဆက်လက်အသက်ဝင်စေရန် ပါလီမန်က အတည်ပြုထားသည်ဟုလည်း ဆိုသည်။

    Ref_ AP

    Photo: Amanda Voisard/UN

  • ကင်ဆာရောဂါသည် တစ်ဦးအား အသက်မသေဘဲ မြေမြုပ်ခဲ့မှု ဂရိတွင် ဖြစ်ပွားခဲ့

    ကင်ဆာရောဂါသည် တစ်ဦးအား အသက်မသေဘဲ မြေမြုပ်ခဲ့မှု ဂရိတွင် ဖြစ်ပွားခဲ့

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media

    – ကင်ဆာရောဂါသည် အမျိုးသမီးတစ်ဦးအား မသေသေးဘဲ မြေမြှုပ်တစ်ခု ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂရိနိုင်ငံ အေသင်မြို့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    Coffin

    အသက် ၄၅ နှစ်အရွယ် ကင်ဆာရောဂါသည် အမျိုးသမီးအား သေဆုံးသည်ဟု ယူဆကာ မြေမြှုပ်ပြီးနောက်ပိုင်း ၁ နာရီခန့်အကြာတွင် အုတ်ဂူအတွင်းမှ အော်သံများ၊ ထုရိုက်သံများကို သုသာန် ဝန်ထမ်းများက ကြားရသည့် အတွက်ကြောင့် ပစ္စည်း ကိရိယာများကို ယူကာ သွားရောက် တူးဖော်ခဲ့ကြသည်။

    သို့သော်လည်း ထိုအမျိုးသမီး၏ အသက်အား မကယ်တင်နိုင်ခဲ့ဘဲ တူးဖော်ခဲ့ပြီးနောက် ထိုအမျိုးသမီးမှာ အသက်ရှူကြပ်သည့် ဝေဒနာကြောင့် သေဆုံး ခဲ့ကြောင်းကို တွေ့ရှိခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ဆရာဝန်များက မည်သည့် အတွက်ကြောင့် အဆိုပါ အမျိုးသမီးအား သေဆုံးကြောင်း အတည်ပြုခဲ့သည်ကို စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

    သို့သော်လည်း အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိကာ အဆိုပါ အမျိုးသမီးအား စစ်ဆေးခဲ့သည့် ဆရာဝန်ကမူ ထိုအမျိုးသမီးမှာ နာရီအနည်းငယ် အရင်က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်ကတော့ ဒါကိုမယုံပါဘူး။ နှလုံးအလုပ် မလုပ်တာကို စမ်းသပ်တာ အပါအ၀င် စမ်းသပ်မှု အများအပြားကို ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ သေပြီးတောင့်လာတဲ့ အခြေအနေမျိုးမှာ လူတစ်ယောက်ဟာ အော်တာ၊ ဒီလိုမျိုး အခေါင်းကို ထုတာမျိုး လုပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဒေါက်တ ခရစ်စီ မတ်စီကိုဒီက Greek TV သို့ ပြောကြားခဲ့သည်။

    အုတ်ဂူအတွင်းမှ အဆိုပါအမျိုးသမီး၏ အော်သံကို သုဿာန်နားတွင် နေထိုင်သူများနှင့် ထိုအနီးအနားတွင် ကစားသူ ကလေးငယ်များကလည်း ကြားခဲ့ကြသည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်အတွက် သေမှုသေခင်းအရာရှိများက အလောင်းအား စစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။

    မိသားစုဝင်များကမူ ထိုအမျိုးသမီးအား ကုသပေးသည့် ဆေးရုံကို တရားစွဲဆိုရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

    ref_mirror

  • ဖိအားများ ရှိနေသော်လည်း ဆက်လက် တိုက်ပွဲ ၀င်သွားမည်ဟု နယူးကာဆယ် နည်းပြဆို

    ဖိအားများ ရှိနေသော်လည်း ဆက်လက် တိုက်ပွဲ ၀င်သွားမည်ဟု နယူးကာဆယ် နည်းပြဆို

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    1412029538301_wps_14_STOKE_ON_TRENT_ENGLAND_SE
    – အသင်းမှနှုတ်ထွက်ရန် ပရိတ်သတ်များက ဖိအားပေးနေသော်လည်း မိမိအနေဖြင့် အသင်းအခြေအနေကောင်းရန် တိုက်ပွဲဝင်သွားမည်ဟု နယူးကာဆယ်နည်းပြ အလန် ပါဂျူးက ပြောဆိုလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် စတုတ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် နယူးကာဆယ်မှာ ၆ ပွဲကစားပြီးချိန်တွင် ၃ ပွဲသရေ၊ ၃ ပွဲရှုံးဖြင့် နိုင်ပွဲမရသေးဘဲ ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။

    ထိုပွဲတွင် နယူးကာဆယ်ပရိတ်သတ်များမှာ ပါဂျူး အသင်းမှ နှုတ်ထွက်ပေးရန် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ သို့သော်လည်း ပါဂျူးကမူ ပရိတ်သတ်များ၏ အမြင်အား လေးစားကြောင်း မိမိမှာအသင်းတွင် ဆက်လက်ရှိနေ၍ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “(နည်းပြအလုပ် ဘယ်လောက်သေချာသလဲဆိုတာ) ကျွန်တော် မသိပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက် နောက်ထပ်ရှုံးပွဲတစ်ပွဲဖြစ်ပြီး အရှုံးသံသရာကနေ ကျွန်တော်တို့ မထွက်နိုင်သေးပါဘူး။ ဒါကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းရတော့မှာပါ။ ကျွန်တော်တို့ တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့ အခြေအနေ ပြန်ကောင်းတဲ့အထိ ဒါကို ဆက်လုပ်ရမှာပါ” ဟု ပါဂျူးက ဆိုသည်။

    စတုတ်နှင့်ပွဲမတိုင်ခင် နာရီအနည်းငယ်အလိုကပင် နယူးကာဆယ် အသင်းပိုင်ရှင် မိုက်အရှက်လေက ထိုပွဲတွင် စတုတ်အား မနိုင်ပါက ပါဂျူးအား ထုတ်ပစ်မည်ဟု သတင်းထောက်များအား ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုပြောဆိုမှုမှာ နောက်ပြောင်ခြင်းသာဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

    ပါဂျူးကမူ လာမည့်စနေနေ့ ဆွမ်ဆီးအသင်းနှင့် ပွဲမတိုင်ခင် မိုက်အရှက်လေနှင့် တွေ့ဆုံစကားပြောသွားမည်ဟု ဆိုသည်။

  • အာဖဂန် သမ္မတသစ် အဖြစ် အရှ်ရက်ဖ်ဂနီ ကျမ်းကျိန်

    အာဖဂန် သမ္မတသစ် အဖြစ် အရှ်ရက်ဖ်ဂနီ ကျမ်းကျိန်

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Ashraf-Ghani_3054762b
    – ရွေးကောက်ပွဲနှင့် ပတ်သက်၍ လပေါင်း များစွာကြာ ငြင်းခုံမှုများဖြစ်ပွားခဲ့သည့် အာဖဂန်နစ္စတန်၏ သမ္မတသစ် အဖြစ် အရှ်ရက်ဖ် ဂနီက ယမန်နေ့တွင် ကျမ်းကျိန်ခဲ့သည်ဟု သိရသည်။

    ၂၀၀၁ ခုနှစ် တာလီဘန် အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ  အာဏာ လွှဲအပ်မှုဖြစ်သည့် သမ္မတ ကျမ်းကျိန်ပွဲကို ယမန်နေ့က မြို့တော် ကဘူးလ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ ခင်ဗျားတို့အားလုံးထက် ပိုကောင်းတဲ့သူ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်လုပ်တာမှန်ရင် ခင်ဗျားတို့ အားပေးကူညီကြပါ။ မှားနေတယ်ဆိုရင်တော့ ကျွန်တော့်ကို အမှန်ပြင်ပေးကြပါ” ဟု ဂနီက ကျမ်းကျိန်ပြီးနောက် ပြောကြားခဲ့သည်။

    ဂနီနှင့်ပြိုင်ဘက် အဗ္ဗဒူလ်လာကလည်း ၀န်ကြီးချုပ် အဆင့်နှင့်ညီသည့် အစိုးရ အမှုဆောင် အရာရှိအဖြစ် ကျန်းကျိန်ခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ရွေးကောက်ပွဲ ရလဒ်အတွက် အခြေအတင်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကမှ ညီညွတ်ရေး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

    ယခုဖွဲ့စည်းမည့် အာဖဂန် အစိုးရသစ်တွင် သမ္မတနှင့် အမှုဆောင် အရာရှိချုပ်တို့က တိုင်းပြည်အား ပူးတွဲအုပ်ချုပ်သွားမည်ဖြစ်သည်။ အာဖဂန် သမိုင်းပညာရှင် ဟီလီနာ မာလစ်ယာ ကမူ သမ္မသစ် ဂနီကျမ်းကျိန်ခဲ့သည့်နေ့မှာ အာဖဂန်ပြည်သူအများစုအတွက် ခါးသီဖွယ်ရာများကြားမှ ချိမြိန်စရာကောင်းသောနေ့ဖြစ်သည် ဟု ပြောကြားခဲ့သည်။

    ref_ Al Jazeera and agencies

  • ဘယ်လ်ဂျီယံ အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    ဘယ်လ်ဂျီယံ အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    belgian-beauty-queen-converts-to-islam-1411865524-9399
    – ၂၀၁၂ ခုနှစ် ဘယ်လ်ဂျီယံမယ် ပြိုင်ပွဲဝင် လင်ဆေးဗန်ဂီလီက မိမိအနေဖြင့် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး မိမိ၏ အမည်ကိုလည်း အာအေရှာဟု ပြောင်းလဲခဲ့ပြီဟု သိရသည်။

    လွန်ခဲ့သည့် ၄ နှစ်က မာလီနွယ်ဖွား ဘယ်လ်ဂျီယံဘောလုံးသမား မာမြူတို အန် ဒိုင်ယီနှင့် လက်ထပ်ခဲ့ပြီးနောက် အစ္စလာမ်သာသနာ သို့ပြောင်းလဲရန် ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း လင်ဆေး၏ ပြောကြားမှုကို  Morocco World News သတင်းစာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။
    “မာမြူတိုက ကျွန်မကို လက်ထပ်ခွင့်တောင်းတဲ့ အချိန်ကတည်း ကျွန်မဟာ မွတ်စလင် ဖြစ်လာခဲ့တာပါ။ လူမှုရေးအရ တရားရုံးတက် လက်မှတ်ထိုးတာဟာ ကျွန်မ အတွက်တော့ မလုံလောက်ပါဘူး။ နောက်ပြီး ကျွန်မရဲ့ အယူဝါဒပြောင်းလဲမှုကို ထောက်ခံတာမျိုးကိုလည်း လိုချင်ပါတယ်” ဟု လင်ဆေးက Het Laatste Nieuws သို့ ပြောကြားခဲ့သည်။

    လင်ဆေးမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်ကပင် အစ္စလာမ်သို့ ပြောင်းလဲ သက်ဝင်ခဲ့ခြင်း ဖြစ်သော်လည်း သူမ ပညာသင်ယူနေသည့် Ghent တက္ကသိုလ် ပြန်ကြားရေးဌာနက မကြာသေးမီကမှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ref_ World Bulletin