News @ M-Media

Blog

  • ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်က ကိုဗစ်ကာကွယ်ဆေး စထိုးပေး

    ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်က ကိုဗစ်ကာကွယ်ဆေး စထိုးပေး

    ​ဩဂုတ် ၁၀၊ ၂၀၂၁

    M-Media 

    -ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အကူအညီပေးရေးအဖွဲ့တွေ ပူးပေါင်းပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီကနေ့ စတင်ကာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။ 

    ကော့ဆက်ဘဇားခရိုင်မှာ မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက် ရှိနေတာပါ။ 

    ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးရေး စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၃၄ ခုမှာ ကာကွယ်ဆေး ထိုးပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် လခြမ်းနီအဖွဲ့နဲ့ စေတနာ့ဝန်ထမ်း ၅၀၀ လောက် ပါဝင်ကူညီပေးနေကြပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ ကူးစက်ပြန့်နှံ့လွယ်တဲ့ ပုံပြောင်းကိုဗစ် Delta ဒဏ်ကို ခံနေရတာပါ။ 

    ရိုဟင်ဂျာခေါင်းဆောင်တွေ၊ ဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ အသက် ၅၅ နှစ်အထက်တွေ ပထမဦးစားပေးစာရင်းမှာ ပါဝင်ပါတယ်။ ပထမအသုတ်မှာ လူ ၆၅၀၀၀ လောက် ထိုးပေးဖို့ စီစဉ်ထားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အကူအညီပေးရေးအဖွဲ့ UNHCR က ပြောပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်လူဦးရေ စုစုပေါင်း သန်း ၁၆၀ ရှိရာမှာ ၅ ရာခိုင်နှုန်းအောက်သာ ကာကွယ်ဆေးထိုးထားနိုင်ပြီး ဝယ်ထားတဲ့ AstraZeneca ကာကွယ်ဆေးကို အိန္ဒိယက ပေးပို့ဖို့ နောက်ကျတာကြောင့် ဧပြီလကစတင်ကာ ဆေးထိုးမှုကို ခေတ္တ ရပ်ဆိုင်းခဲ့ရပါတယ်။

    လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်ဟာ ကာကွယ်ဆေးအများအပြား ရရှိအောင် ဆောင်ရွက်ထားနိုင်ပြီး ကာကွယ်ဆေးထိုးမှုကို စနေနေ့က ပြန်လည်စတင်ခဲ့ကာ ၂ ရက်အတွင်းမှာပဲ လူ ၂ သန်းကို ထိုးပေးနိုင်ခဲ့ပါတယ်။ 

    Ref: AP

  • အိန္ဒိယပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော၏ ပထမဆုံး ပင်လယ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

    အိန္ဒိယပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော၏ ပထမဆုံး ပင်လယ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

    ဩဂုတ် ၁၀၊ ၂၀၂၁

    M-Media 

    -အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော Vikrant ရဲ့ ပွဲဦးထွက် ၅ ရက်တာ ပင်လယ်ခရီးစဉ်ဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။ 

    ဒါဟာ အိန္ဒိယသမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့လွှမ်းမိုးမှုကို ယှဉ်နိုင်ဖို့ အိန္ဒိယရေတပ်ရဲ့ ကြိုးပမ်းမှုမှာ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ 

    Vikrant ဟာ တန်ချိန်ပေါင်း ၄ သောင်းရှိပြီး ရူပီး ကုဋေပေါင်း ၂ သောင်း ၃ ထောင် ကုန်ကျခဲ့ကာ လာမယ့်နှစ် ဩဂုတ်လမှာ တပ်တော်ဝင်ဖို့ စီစဉ်ထားပါတယ်။ ကီရာလာပြည်နယ်က သင်္ဘောကျင်းမှာ တည်ဆောက်ထားတဲ့ Vikrant မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့  လေယာဉ်တင်သင်္ဘော Vikramaditya ထက် ပိုပြီး အဆင့်မြင့်တဲ့ ဖွဲ့စည်းပုံတွေ ပါဝင်ပါတယ်။ တည်ဆောက်မှုမှာ အီတလီ သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီ Fincantieri က လိုအပ်တဲ့အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။

    ရေတပ်သား ၁၇၀၀ လိုက်ပါမယ့် အဲဒီသင်္ဘောမှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေအတွက် သီးသန့် အဆောင်ထားပေးထားသလို၊ စက်ပိုင်းဆိုင်ရာ၊ ရေကြောင်းပြစနစ်နဲ့ ခံနိုင်ရည်စွမ်းမှာလည်း
    Vikramaditya ထက် ပိုမိုကောင်းမွန်ပါတယ်။ Vikramaditya ဟာ ဆိုဗီယက် Kiev အမျိုးအစား လေယာဉ်တင်သင်္ဘောကို အိန္ဒိယကဝယ်ယူပြီး အဆင့်မြင့်ကာ ၂၀၁၃ ခုနှစ်မှာ တပ်တော်ဝင်ခဲ့တာပါ။

    အိန္ဒိယရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး Vivek Madhwal က Vikrant ရဲ့ ပထမဆုံး ပင်လယ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး သင်္ဘောရဲ့ ကိုယ်ထည်ပိုင်း၊ အင်ဂျင်ပိုင်း၊ စက်ပစ္စည်းပိုင်း၊ လုပ်ဆောင်ချက်ပိုင်းအားလုံးမှာ ကျေနပ်လောက်စရာ ရလဒ်တွေကို ရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ အိန္ဒိယ လွတ်လပ်ရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

    ရေတပ် ဒုတိယဦးစီးချုပ် AK Chawla က ဒါဟာ တိုင်းပြည်ရဲ့ သမိုင်းဝင်ကာလဖြစ်တယ်လို့ ပြောပါတယ်။

    Vikrant မှာ လောလောဆယ် ရုရှားထုတ် MiG-29K တိုက်လေယာဉ်၊ ကင်းထောက်ရဟတ်ယာဉ် Kamov Ka-31 Helix၊ ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ် Ka-28 Helix၊ ဘက်စုံသုံး ရဟတ်ယာဉ် HAL Chetak တို့ကို ချထားမှာ ဖြစ်ပါတယ်။ အိန္ဒိယဟာ Vikrant မှာ ချထားဖို့အတွက် ဘက်စုံသုံး တိုက်လေယာဉ်သစ်တွေ ရရှိဖို့ ကြိုးပမ်းနေပါတယ်။

    သင်္ဘောရဲ့ ရေဒါပိုင်းနဲ့ လက်နက်ပိုင်းမှာ ရုရှားနဲ့ အစ္စရေးက စနစ်တွေ တပ်ဆင်ထားပြီး၊ မြေပြင်က ဝေဟင်ပစ် Rafael Barak 8 ဒုံးကျည်၊ အနီးပစ် AK-630 Gatling လက်နက်စနစ် တွေလည်း ပါဝင်ပါတယ်။ 

    Vikrant ကို ဒီထက်ပိုစောစော စမ်းသပ်မောင်းနှင်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရတာပါ။ 

    အိန္ဒိယရေတပ်မှာ လက်ရှိ လေယာဉ်တင်သင်္ဘော ၂ စီး ရှိထားပြီး သူတို့ထက်ပိုကြီးကာ ပိုအဆင့်မြင့်မယ့် ဒုတိယမြောက် ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော INS Vishal ကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ဒီသင်္ဘောအတွက် အိန္ဒိယဟာ အမေရိကန်၊ ယူကေတို့နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီသင်္ဘောသစ်ကို ၂၀၃၀ ပြည့်နှစ်တွေမှာ တပ်တော်ဝင်ဖို့ စီစဉ်ထားပါတယ်။

    Ref: Asia Times

  • အာဖဂန်တွင် တာလီဘန်ကလက်ထဲကျသွားသည့် ပြည်နယ်မြို့တော် ၆ ခုအထိ ရှိလာ

    အာဖဂန်တွင် တာလီဘန်ကလက်ထဲကျသွားသည့် ပြည်နယ်မြို့တော် ၆ ခုအထိ ရှိလာ

    ဩဂုတ် ၁၀၊ ၂၀၂၁

    M-Media 

    – အာဖဂန်နစ္စတန်မြောက်ပိုင်း ဆာမန်ဂန်ပြည်နယ်မြို့တော် အိုင်ဘက်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တာလီဘန်အဖွဲ့က မနေ့မှာ ကြေငြာခဲ့ပြီး ဒါဟာ တစ်ပတ်အတွင်း ပြည်နယ်မြို့တော် ၅ ခုအထိ တာလီဘန်က သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဆာမန်ဂန် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးက အေဘက်မြို့ တာလီဘန်လက်ထဲကျသွားကြောင်း အတည်ပြုခဲ့ပါတယ်။ တာလီဘန်ပြောရေးဆိုခွင့်ရှိသူရဲ့ Twitter ပို့စ်မှာ သူတို့ အဖွဲ့ဝင်တွေဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးနေအိမ်၊ ထောက်လှမ်းရေးရုံး၊ ရဲဌာနချုပ်နဲ့ မြို့တွင်းက အခြား အစိုးရအဆောက်အဦးတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

    အေဘက်မြို့ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တာလီဘန်လက်ထဲကို ကျရောက်ခဲ့တဲ့ ၅ ခုမြောက် ပြည်နယ်မြို့တော်ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ ဆုတ်ခွာနေတာကို အခွင့်ကောင်းယူပြီး တာလီဘန်က ထိုးစစ်ဆင်ရာမှာ အစပိုင်းက အစွန်းအဖျားဒေသတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပြည်နယ်မြို့တော် ၆ ခုအထိ တာလီဘန်က သိမ်းထားနိုင်ပါတယ်။ 

    နိုင်မြောက်ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ မာဇာရ်-အီ-ရှရစ်ဖ်ကို သိမ်းနိုင်ဖို့ ကြိုးစားနေတယ်လို့ တာလီဘန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    အာဖဂန်နစ္စတန် အစိုးရက တာလီဘန်လက်ထဲကနေ မြို့တွေကို ပြန်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။ 

    Ref: Aljazeera

  • ဦးကျော်မိုးထွန်းကိစ္စ ကူညီရန်အသင့်ရှိဟု ထိုင်းပြော

    ဦးကျော်မိုးထွန်းကိစ္စ ကူညီရန်အသင့်ရှိဟု ထိုင်းပြော

    ဩဂုတ် ၁၀၊ ၂၀၂၁
    M-Media

    -ကုသမဂ္ဂ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တဲ့ကိစ္စမှာ ထိုင်းနိုင်ငံက လက်နက်ပွဲစား ပါဝင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ အဆင်သင့်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

    မြန်မာစစ်အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ နီးစပ်ပြီး နယူးယောက်မြို့မှာ နေထိုင်တဲ့ မြန်မာလူငယ်နှစ်ဦးဟာ ဦးကျော်မိုးထွန်းကို ထိခိုက်အောင် ဒါမှမဟုတ် သေဆုံးအောင် ပြုလုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်အာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးခဲ့ပါတယ်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ထိုင်းနိုင်ငံက လက်နက်ပွဲစားတစ်ဦးက ဒီလူငယ်နှစ်ဦး ဆက်သွယ်ပြီး ဒီလို ကြံစည်ခိုင်းတာပါ။

    ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Kissana Phathanacharoen က လက်ရှိအချိန်အထိ အမေရိကန်က မိမိတို့ကို ဆက်သွယ်လာခြင်းမရှိသေးဘဲ အကူအညီတောင်းခံလာရင်တော့ စုံစမ်းစစ်ဆေးပေးဖို့ အဆင်သင့်ရှိတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီက ဒီကိစ္စဟာ အမေရိကန်နိုင်ငံအတွင်းမှာဖြစ်တဲ့ ကိစ္စသာဖြစ်ပြီး မိမိတို့နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ နိုင်ငံပိုင်မီဒီယာကနေတစ်ဆင့် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုကို မထောက်ခံဘဲ ပြည်သူနဲ့ တစ်သားတည်းရှိမယ်လို့ ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီလအတွင်း ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောကြားခဲ့ပြီးတဲ့နောက် စစ်ကောင်စီက သူ့ကို ရာထူးက ဖယ်ရှားလိုက်တာပါ။ ဒါပေမယ့် ဦးကျော်မိုးထွန်းဟာ ရာထူးကနေ မဆင်းပေးဘဲ ကုလသမဂ္ဂကလည်း သူ့ကိုသာ တရားဝင် မြန်မာသံအမတ်အဖြစ် လက်ခံထားပါတယ်။

    Ref : Bangkok Post

  • ဘာစီလိုနာနဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာ မက်ဆီဘာပြောခဲ့သလဲ

    ဘာစီလိုနာနဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာ မက်ဆီဘာပြောခဲ့သလဲ

    ဩဂုတ် ၈၊ ၂၀၂၁
    M-Media

    -ဘာစီလိုနာမှာ ၂၁ နှစ်ကြာ ကစားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဒီကနေ့ အသင်းနဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

    အသင်းမှာ ဆက်ရှိနေဖို့ ကစားသမားနဲ့ အသင်းတို့အကြား သဘောတူညီချက် ရခဲ့ပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် စာချုပ် ဆက်မချုပ်နိုင်တော့တာပါ။

    ဒီကနေ့ပြုလုပ်တဲ့ အသင်းနဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာ မက်ဆီက မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ပြီး သူ့ရဲ့ ဘ၀စာမျက်နှာသစ်တစ်ခု ထပ်စပြီလို့ ပြောကြားခဲ့ပါတယ်။

    “အိမ်လိုဖြစ်နေတဲ့ ဒီမှာပဲ ဆက်နေရမလိမ့်မယ်လို့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက ထင်မှတ်ယုံကြည်ခဲ့ကြတာပါ။ ဒီအသင်းနဲ့ အဆုံးသတ်သွားပြီး စာမျက်နှာသစ်တစ်ခု စတင်တော့မှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော့်အတွက် အခက်ခဲဆုံး အချိန်ကာလတွေပါပဲ”

    ပြီးခဲ့တဲ့နှစ်က အသင်းကနေ ထွက်ချင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဆက်နေချင်စိတ် ဖြစ်ပေါ်ခဲ့တယ်လို့လည်း မက်ဆီက ဆိုပါတယ်။

    “အသင်းကနေ ကျွန်တော် မထွက်ချင်ဘူး။ ဒီအသင်းဟာ ကျွန်တော်ချစ်တဲ့အသင်းပါ။ ဒီလိုအချိန်မျိုးကို ကျွန်တော် မျှော်လင့်မထားပါဘူး။ ပြီးခဲ့တဲ့နှစ်က အသင်းကနေ ထွက်ခဲ့ချင်ပေမယ့် ဒီနှစ်မှာတော့ ဆက်နေချင်တာပါ။ ဒါ့ကြောင့် ကျွန်တော် ဝမ်းနည်းကြေကွဲရတာ ဖြစ်ပါတယ်”

    “ကျွန်တော့်သွေးတွေ အေးခဲသွားသလိုပါပဲ။ ကျွန်တော် အရမ်းဝမ်းနည်းတယ်။ သိပ်ကိုခက်ခဲတဲ့အချိန်ကာလပါပဲ။ ကျွန်တော် ကျော်ဖြတ်ဖို့ ကြိုးစားနေရပါတယ်။ အိမ်ပြန်ရောက်တဲ့အချိန်မှာလည်း ကျွန်တော် အဆင်မပြေပါဘူး။ ပိုဆိုးတယ်လို့တောင် ခံစားရတယ်။ ဒီအခြေအနေအတွက် ကျွန်တော် အဆင်သင့် မဖြစ်သေးပါဘူး”

    အနာဂတ်အတွက် ဘာပြောလဲ

    ဇူလိုင်လ ၁ ရက်နေ့မှာ ဘာစီလိုနာနဲ့ သက်တမ်းပြည့်သွားတဲ့ မက်ဆီဟာ လက်ရှိမှာတော့ ပြင်သစ်လိဂ်ဝမ်းကလပ် PSG အသင်းနဲ့ ဆွေးနွေးနေပါတယ်။

    “ပြင်သစ်ကိုပြောင်းဖို့က ဖြစ်နိုင်ချေတစ်ခုပါ။ ဒါပေမယ့် ဘယ်သူနဲ့ ဘာသဘောတူညီချက်မှ မရသေးပါဘူး။ တစ်ခြားအသင်းတွေကလည်း စိတ်ဝင်စားနေတာ ရှိပါတယ်။ ဘာမှ မသေချာသေးဘူး။ စကားပြောဆိုတာတွေတော့ ရှိပါတယ်”

    မက်ဆီဟာ ၁၃ နှစ်သားကတည်းက ဘာစီလိုနာကို ရောက်လာတာဖြစ်ပြီး ၂၀၀၄ ခုနှစ် အောက်တိုဘာလ အသက် ၁၇ နှစ်အရွယ်မှာပဲ ဘာစီလိုနာနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။

    အသင်းအတွက် ၇၇၈ ပွဲကစား ၆၇၂ ဂိုး သွင်းယူခဲ့ပြီး ဆုဖလားပေါင်း ၃၄ လုံး ရခဲ့ပါတယ်။

    “လူတိုင်းက ကျွန်တော့်ကို ချစ်ကြခင်ကြတဲ့အတွက် သိပ်ကို ကျေးဇူးတင်မိပါတယ်။ အသင်းဖော်တွေနဲ့ ကလပ်အသင်းကလည်း ကျွန်တော့်ဖက်မှာ ရှိကြပါတယ်။ ဒီကနေ့မှာတော့ အားလုံးကို နှုတ်ဆက်တယ်လို့ ပြောရပါပြီ”

    “တော်တော်ငယ်ငယ် ၁၃ နှစ်အရွယ်မှာ ကျွန်တော် ဒီကိုရောက်လာတယ်။ ၂၁ နှစ်တာ ကြာပြီးတဲ့နောက်မှာတော့ ဇနီး၊ သားသမီး ၃ ဦးနဲ့အတူ ကျွန်တော် ထွက်ခွာရပါပြီ။ ဒီမြို့မှာ နေထိုင်ဖြတ်ကျော်ခဲ့ရတာလောက် ဂုဏ်ယူစရာ မရှိတော့ပါဘူး။ ဒီနေရာဟာ ကျွန်တော့်အိမ်လို ဖြစ်နေတဲ့အတွက် နောက်နှစ်အနည်းငယ်အတွင်း ကျွန်တော်ပြန်လာကို လာမှာပါ”

    ဘာဖြစ်လို့ ဘာကာက ထွက်တာလဲ

    မက်ဆီဟာ ဇူလိုင်လက ဘာစီလိုနာနဲ့ ၅ နှစ်စာချုပ် ချုပ်ပြီး ဆက်နေဖို့ စီစဉ်ခဲ့တာပါ။ စာချုပ်သစ်မှာ လခတစ်ဝက်သာ ယူဖို့လည်း မက်ဆီက သဘောတူခဲ့ပါတယ်။

    ဒါပေမယ့် အကြွေး အမေရိကန်ဒေါ်လာ ၁.၁၈ ဘီလီယံရှိနေတဲ့ ဘာစီလိုနာဟာ လာလီဂါရဲ့ ဘဏ္ဍာရေး ညီမျှမှု စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့အနေအထားမျိုးနဲ့ မက်ဆီကို စာချုပ်ချုပ်နိုင်အောင် မစီစဉ်နိုင်ခဲ့ပါဘူး။

    မက်ဆီက အသင်းမှာဆက်ရှိဖို့ သူလုပ်နိုင်တာအားလုံး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဘာစီလိုနာ ဥက္ကဌ ဂျိုအန် လာပေါ်တာက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေဟာ သူထင်ထားတာထက် ဆိုးရွားနေကြောင်း စာရင်းစစ်ဆေးမှုအပြီးမှာ တွေ့ခဲ့ရပြီး မက်ဆီကို အသင်းမှာဆက်ရှိနေဖို့ ကြိုးစားခဲ့မယ်ဆိုရင် အသင်းဟာ နောက်ထပ်နှစ် ၅၀ လောက် အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC