News @ M-Media

Blog

  • အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုဗစ်ကူးနေကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက မီဒီယာကို ဖွင့်ချ

    အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုဗစ်ကူးနေကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက မီဒီယာကို ဖွင့်ချ

    ဩဂုတ် ၁၃၊ ၂၀၂၁
    M-Media

    -စစ်အာဏာရှင်ဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူတို့ဟာ ကိုဗစ်ကူးစက်မှုကြောင့် နေပြည်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်တစ်ခုက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းရွှေဟာ အာဏာရှင်အဖြစ်နဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့ပြီး ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ညှင်းပမ်းခဲ့တာဖြစ်ပါတယ်။

    ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ ဆေးရုံတက်နေရတယ်ဆိုတဲ့သတင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး စစ်တပ်အသိုင်းအ၀ိုင်းက ဒူးနာတာကို ကုသနေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် နေပြည်တော်စစ်ဆေးရုံ သတင်းရင်းမြစ်တစ်ခုက ဦးသန်းရွှေနဲ့ ဇနီးတို့ဟာ ကိုဗစ်ဖြစ်နေကြောင်း ပြီးခဲ့တဲ့ ၃၊ ၄ ရက်က သိရှိခဲ့ရပြီး ဆေးရုံမှာ နောက်ထပ် ၂ ပတ် ရှိနေမှာဖြစ်ကြောင်း၊ VIP အခန်းမှာ လုံခြုံရေးအစောင့်အရှောက် တင်းတင်းကြပ်ကြပ်နဲ့ ထားထားကြောင်း AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရောဂါပြင်းထန်မှုအခြေအနေနဲ့ပတ်သက်ပြီး မသိရှိဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

    (ဓာတ်ပုံ – ၂၀၁၀ ခုနှစ် စက်တင်ဘာလ ဘေဂျင်းတွင် တရုတ်သမ္မတဟူကျင်တောင်းနှင့် တွေ့ဆုံမှုအတွင်း ဦးသန်းရွှေကို သူရဦးရွှေမန်း၊ လက်ရှိစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်အတူ တွေ့ရစဉ်)

  • အိန္ဒိယတွင်မြို့တော် နယူးဒေလီတွင် မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု တစ်ကျော့ပြန် ဖြစ်ပွား

    အိန္ဒိယတွင်မြို့တော် နယူးဒေလီတွင် မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု တစ်ကျော့ပြန် ဖြစ်ပွား

    ဩဂုတ် ၁၂၊ ၂၀၂၁

    M-Media 

    -အိန္ဒိယမှာ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အခုတစ်ပတ်အစောပိုင်းက စတင်ကာ တစ်ကျော့ပြန် ဖြစ်ပွားလာပြီး၊ အာဏာရပါတီက ခေါင်းဆောင်တစ်ဦးအပါအဝင် လူ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။ 

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ (BJP) ခေါင်းဆောင်ဟောင်းနဲ့ တရားရုံးချုပ်ရှေ့နေ တစ်ဦးတို့ ပူးပေါင်းပြီး ကိုလိုနီခေတ်ဥပဒေတွေ ဖျက်သိမ်းရေး တောင်းဆိုရာကနေ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ဒေလီက ဆန္ဒပြမှုတွေ ဖြစ်ပွားလေ့ရှိတဲ့ Jantar Mantar နေရာမှာ တနင်္ဂနွေနေ့က လူ ၁၀၀ ကျော်လောက် စုရုံးကာ မွတ်စလင်တွေကို အကြမ်းဖက်သတ်ဖြတ်ဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။ ဟိန္ဒူဘာသာကိုမပြောင်းရင် မွတ်စလင်တွေကို သတ်ပစ်ရမယ်၊ အိန္ဒိယမှာ ဆက်နေချင်ရင် မွတ်စလင်​တွေ ဟိန္ဒူဘာသာ ပြောင်းကိုပြောင်းရမယ် စတဲ့ ကြွေးကျော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။

    ဦးဆောင်သူ တရားရုံးချုပ် ရှေ့နေနဲ့ အခြား လူ ၄ ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီး၊ အင်္ဂါနေ့မှာတော့ ၆ ယောက်မြောက်လူကို ဖမ်းဆီးခဲ့တယ်လို့ ဒေလီရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အိန္ဒိယရဲ့မြို့တော် ဒေလီမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး မွတ်စလင်အများစုအပါအဝင် အနည်းဆုံး ၅၃ ဦး အသတ်ခံခဲ့ရပါတယ်။ 

    Ref: Aljazeera

  • ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ကျူးလွန်မှုကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရန် အမေရိကန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ကျူးလွန်မှုကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရန် အမေရိကန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ဩဂုတ် ၁၁၊ ၂၀၂၁
    M-Media

    မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရိုဟင်ဂျာကျေးရွာတစ်ခု

    -ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုတွေကို လူမျိုးတုန်းသတ်ဖြတ်မှု(ဂျီနိုဆိုက်) အဖြစ် ကြေငြာပေးဖို့ လူ့အခွင့်အရေးအဖွဲ့ ၉၅ ခုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးစုတွေဟာ ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပမ်းမှုဒဏ်ကို ခံခဲ့ရပြီး၊ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ကမ္ဘာသိ သတ်ဖြတ်မောင်းထုတ်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း ရိုဟင်ဂျာ ထောင်သောင်းချီ အသတ်ခံရပြီး၊ ၈ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံကာအဖွဲ့အစည်းတွေက ပြောပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာအမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေပေါင်းပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို မ​နေ့က ပေးပို့တဲ့စာမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ ဆော်ဩထားပါတယ်။

    “ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စီမံကိန်း ၄ နှစ်နားကို ကပ်လာပြီး နောက်ထပ် ကြမ်းကြုတ်မှုတွေဖြစ်ဖို့ အန္တရာယ်ရှိနေတဲ့အချိန် ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးတို့ရဲ့ သဘောထားအတိအကျကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့၊ ဒီရာဇဝတ်မှုကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဂျီနိုဆိုက်အဖြစ် ရည်ညွှန်းခေါ်ဆိုဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”

    အရင် ထရမ့်အစိုးရနဲ့ လက်ရှိ ဘိုင်ဒန်အစိုးရပါ ရိုဟင်ဂျာကိစ္စကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် ဂျီနိုဆိုက်အဖြစ် တရားဝင် ထုတ်ပြန်ကြေငြာမျိုး မရှိသေးပါဘူး။

    ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အမေရိကန်အာဏာပိုင်တွေက ပြင်းပြင်းထန် ဆန့်ကျင်ရှုတ်ချတာမျိုး ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းမှု မြောက်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က တိုင်းရင်းသားတွေနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် သတ်ဖြတ်နှိပ်စက်နေတာကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက ဘလင်ကန်ကို ပေးပို့တဲ့စာမှာ ထောက်ပြထားပါတယ်။

    “ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ အဲဒီစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် အရင်က ကျူးလွန်ခဲ့တဲ့ စစ်တပ်ပါ။ လက်ရှိမှာလည်း ရိုဟင်ဂျာတွေ၊ အခြားတိုင်းရင်းသားလူမျိုးစုတွေနဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေပြီး၊ အရင်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ ဘယ်လိုစစ်တပ်မျိုးလဲဆိုတာ နားလည်သဘောပေါက်ဖို့ အရေးကြီးကြောင်း ဒီအခြေအနေက မီးမောင်းထိုးပြနေပါတယ်”

    အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့လုပ်ရပ်တွေ၊ လက်တလောဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်းတွေက မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးဝါးစေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စာမှာ ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုကို အမေရိကန်က လူမျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်လိုက်တာဟာ အာဏာသိမ်းအစိုးရနဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမိုစောင့်ကြည့်ရမယ့် လိုအပ်ချက်ကို မီးမောင်းထိုးပြလိုက်တာမျိုးဖြစ်ကြောင်း၊ ရိုဟင်ဂျာတွေတင်မကဘဲ ချင်း၊ ကရင်၊ ကချင်၊ ရခိုင်နဲ့ ရှမ်းလူမျိုးတွေလည်း စစ်တပ်ရဲ့ ရစ်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခံစားနေရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘလန်ကန်ကိုပေးပို့တဲ့ ဒီစာကို လက်မှတ်ရေးထိုးခဲ့တဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ NGO အဖွဲ့ ၉၅ ဖွဲ့ထဲမှာ ရခိုင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အင်စတီကျု၊ ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့၊ ဂျူး-ရိုဟင်ဂျာ တရားမျှတမှု ကွန်ယက်၊ မလေးရှားက Pusat KOMAS အဖွဲ့၊ မြောက်အမေရိက ရိုဟင်ဂျာအသင်း၊ ကမ္ဘာ့ရိုဟင်ဂျာအဖွဲ့တွေလည်း ပါဝင်ပါတယ်။

    Ref: VOA

  • လေထုမှ ရေထုတ်သည့် အစ္စရေးနည်းပညာကို ယူအေအီးတွင် စတင်သုံးစွဲ

    လေထုမှ ရေထုတ်သည့် အစ္စရေးနည်းပညာကို ယူအေအီးတွင် စတင်သုံးစွဲ

    ဩဂုတ် ၁၁၊ ၂၀၂၁

    M-Media 

    – လေထုကနေ သန့်ရှင်းတဲ့ သောက်သုံးရေပြောင်းတဲ့ စက်တွေကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ မြို့ကြီးတစ်ချို့က ပန်းခြံတွေနဲ့ ကမ်းခြေတွေမှာ စတင် စမ်းသပ်သုံးစွဲနေပါတယ်။ 

    အစ္စရေးနဲ့ ယူအေအီးတို့ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က သံတမန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီခဲ့ပြီးတဲ့နောက် အဘူဒါဘီအခြေစိုက် ကုမ္ပဏီ Al Dahra Holding က အောက်တိုဘာလမှာ ကိုယ်စားလှယ်အဖွဲ့တစ်ခု အစ္စရေးကို စေလွှတ်ခဲ့ပြီး စိုက်ပျိုးရေး၊ ရေပေးဝေရေးနဲ့ နည်းပညာပိုင်းမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လေ့လာ ဆန်းစစ်ခဲ့ကြပါတယ်။

    အဲဒီခရီးစဉ်အတွင်း အစ္စရေး နည်းပညာကုမ္ပဏီ Watergen နဲ့ သဘောတူစာချုပ် ချုပ်ဆိုကာ လေထုကနေ သန့်ရှင်းတဲ့ သောက်သုံးရေထုတ်တဲ့ စက်တွေကို ယူအေအီးမှာ စတင်သုံးစွဲလာတာ ဖြစ်ပါတယ်။ ယူအေအီး စည်ပင်ဌာနကလည်း Watergen စက်တွေကထုတ်ပေးတဲ့ ရေဟာ သန့်ရှင်းကောင်းမွန်တယ်ဆိုတာ တွေ့ရကြောင်း ထောက်ခံချက် ပေးခဲ့ပါတယ်။

    ရှေ့ပြေးစီမံကိန်းအနေနဲ့ အလတ်စား Watergen စက် ၁၅ လုံးကို အဘူဒါဘီ၊ အလ်အိန်းတို့အပါအဝင် မြို့ကြီးတစ်ချို့က ပန်းခြံတွေ၊ ကမ်းခြေတွေမှာ စတင်ထားရှိ သုံးစွဲခဲ့ကြပါတယ်။

    Al Dahra Holding ကုမ္ပဏီက Watergen စက် အလုံး ၇၀၀ ကို မှာထားပြီး အဲဒီအထဲက အလုံး ၅၀၀ ဟာ နောက်ဆုံးထုတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ 

    နိုင်ငံအတွင်း သောက်သုံးရေဖူလှုံရေး မဟာဗျူဟာ ( Water Security Strategy 2036) ကို ယူအေအီးက ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမဟာဗျူဟာမှာ သောက်သုံးရေ ရရှိဖို့အတွက် ပြည့်ဖြိုးမြဲရင်းမြစ်တွေကို ပိုမိုသုံးစွဲရေး၊ နိုင်ငံရဲ့ အရန်သောက်သုံးရေ သိုလှောင်မှုပမာဏကို တိုးမြှင့်ရေးတွေ ပါဝင်ပါတယ်။

    အစ္စရေးကုမ္ပဏီ Watergen ဟာ သူတို့ရဲ့ ဒီနည်းပညာကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေအထိ ရောင်းချနိုင်အောင် ရည်ရွယ်ထားပါတယ်။

    Ref: Khaleej Times

  • စစ်ခေါင်းဆောင်များ နောက်ပြန်လှည့်ရန်မရှိ၊ ညှိနှိုင်းရန် မိမိတို့ ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ပြော

    စစ်ခေါင်းဆောင်များ နောက်ပြန်လှည့်ရန်မရှိ၊ ညှိနှိုင်းရန် မိမိတို့ ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ပြော

    ဩဂုတ် ၁၁၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာအသိုင်းအ၀ိုင်းက အရေးယူမှု မရှိတာကြောင့် မြန်မာစစ်အာဏာရှင်တွေဟာ အသိအမှတ်ပြုမှုရဖို့ တိုးမြင့်လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီပုံစံနဲ့ တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ်လ ၁ ရက်နေ့မှာတော့ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

    ဘာဂီနာက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကို ဖျက်သိမ်းတာ၊ အိမ်စောင့်အစိုးရ ဖွဲ့စည်းတာတွေဟာ အာဏာကို ပိုမိုခိုင်မြဲအောင် လုပ်ဆောင်မှုဖြစ်တယ်လို့ ရှုမြင်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီကို အဓမ္မ ဖျက်သိမ်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိကြောင်း သူမက ထပ်ပြောပါတယ်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းက အရေးယူမှု မရှိတာကြောင့် စစ်အာဏာရှင်က တရားဝင်မှုရအောင် ပိုမိုကြိုးစားလာတာပါ။ ကုလက ဒီအစိုးရကို အသိအမှတ်မပြုဘူးလို့ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပါရစေ။ အဖွဲ့ဝင်နိုင်ငံတွေကတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါပဲ”

    အဖွဲ့ဝင်နိုင်ငံတွေက တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချတာမျိုး မလုပ်သ၍ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်အဖြစ် ဆက်လက် အသိအမှတ်ပြုသွားမယ်လို့လည်း ဘာဂီနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဦးကျော်မိုးထွန်းကို လုပ်ကြံမယ့်အစီအစဉ်ကို သူမက ရှုတ်ချခဲ့ပါတယ်။

    လွတ်လပ်ခွင့် မရှိတော့

    စစ်ကောင်စီတပ်တွေက အကြမ်းဖက်တာ၊ ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့နေတာတွေကြောင့် မြန်မာနိုင်ငံက အခြေအနေဟာ အလွန်အမင်း ခက်ခဲဆိုးရွားနေပြီး အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရတယ်လို့ ဘာဂီနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “လွတ်လပ်စွာ ပြောဆိုခွင့် မရှိတော့ပါဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် အလွန် စိုးရိမ်ပူပန်မိပါတယ်။ စစ်တပ်နဲ့ ဆွေးနွေးမှုတိုင်းမှာ မီဒီယာသမားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အမြဲတမ်း ကျွန်မ တိုက်တွန်းပြောဆိုပါတယ်”

    ဆွေးနွေးမှုလုပ်နေ

    ဘာဂီနာက သူမဟာ မြန်မာစစ်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG အဖွဲ့ဝင်တွေအပါအ၀င် မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေ၊ NLD နဲ့ အခြားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးကာ ငြိမ်းချမ်းစွာအဖြေရှာရေး လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေးအပေါ် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေက တော်တော်လေး အပြုသဘောဆောင်တဲ့ပုံစံနဲ့ ရှုမြင်ပါတယ်။ ဒီအယူအဆကို NUG ကလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် ဒီလိုဆွေးနွေးမှုကိုစဖို့ ကြိုတင်တောင်းဆိုချက်တွေ ရှိမှာကတော့ သေချာပါတယ်”

    ဇူလိုင်လ ၁၆ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ပြီး မိမိရဲ့ ပြောဆိုချက်တွေကို လက်ခံခဲ့ပေမယ့် တိကျတဲ့ အဖြေမျိုး မပေးခဲ့ကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်မှုကနေ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ပေါ်ပေါက်လာမယ်လို့ မိမိတို့မျှော်လင့်ပြီး ဒီလိုမှမဟုတ်ရင် ပြည်တွင်းစစ်လမ်းကြောင်းကို ပိုမိုရောက်ရှိသွားမယ်လို့ သတိပေးခဲ့ကြောင်း ဘာဂီနာက သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: UN News