News @ M-Media

Blog

  • သက်ရှိ ပင်လုံမှတ်တမ်း

    သက်ရှိ ပင်လုံမှတ်တမ်း

    7DayDaily မှ ကူးယူဖော်ပြသည်။

    3(P) a_0
    အသက် ၁၀၀ ၀န်းကျင်ရှိသော်လည်း သန်မာနေဆဲ ဦးခန်းက ဧည့်ခန်းတွင်းရှိ ဓာတ်ပုံများအား အားကြိုးမာန်တက်ရှင်းပြခဲ့သည် (ဓာတ်ပုံ−သီဟ)

    သေသပ်တိတ်ဆိတ်လှသော ခြံဝင်းထဲတွင် မီးခိုးရောင်နှစ်ထပ် တိုက်လေးက အေးချမ်းလှသည့် တောင်ပေါ်မြို့လေးနှင့် လိုက်ဖက်ညီစွာ ဣနြေ္ဒရလျက်။ အိမ်ဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရုပ်လုံးသွင်းထားသည့် ကျားရုပ်ကြီးကလည်း ခံ့ခံ့ထည်ထည်။ အိမ်၏မျက်နှာစာ ဧည့်ခန်းထဲတွင်တော့ ဗိုလ်ချုပ်အောင်ဆန်းကြိုးပမ်းခဲ့သည့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးပွဲ မှတ်တမ်းဓာတ်ပုံများ၊ ပါလီမန်ဒီမိုကရေစီခေတ်ခေါင်းဆောင်များ၏ အဖြူ၊ အမည်းဓာတ်ပုံများကို စီစီရီရီချိတ်ဆွဲထားသည်။

    မကြာမီပင် အနားယူသည့် အခန်းအတွင်းမှ အသက်ကိုးဆယ်ကျော် အဘိုးအိုတစ်ဦး တုတ်ကောက်အကူအညီမလို၊ လူတွဲစရာမလိုဘဲ ဖြေးဖြေးမှန်မှန် လမ်းလျှောက်ထွက်လာသည်။ အဘိုးအို၏အသက်ကို မှန်းဆလျှင် ကိုးဆယ်စွန်းစွန်းဟု ထင်ရသော်လည်း အမှန်က လာမည့် ၂၀၁၅ မတ်လတွင် အသက်တစ်ရာပြည့်မည် ဖြစ်သည်။

    ထိုအဘိုးအိုကား ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ ဦးဖရွတ်ခန်းခေါ် ဦးခန်းပင်။

    ထိုစဉ်က သူ့အသက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မတိမ်းမယိမ်း သုံးဆယ်ကျော်ကျော်လေးပင်။ ယခုတော့ သူ့အသက် တစ်ရာနားနီးခဲ့ပြီ ဖြစ်သည်။ ဇရာ၏ဖိစီးမှုကို အတော်အတန်ခံနေရသော်လည်း အဘိုးဦးခန်းက ထိုစဉ်က ပင်လုံမြင်ကွင်းကို ကောင်းစွာအမှတ်ရပြန်ပြောပြနိုင်သူ ဖြစ်သည်။

    ရှမ်းပြည်သို့ ရောက်လာသည့် ဗိုလ်ချုပ်ကို မည်သူ့တာဝန်ပေးချက်မှမဟုတ်ဘဲ ကိုယ့်အသိစိတ်နှင့် ကိုယ်ကားမောင်းပို့ခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။

    ထိုစဉ်က သူ၏ဂျစ်ကားလေးပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့် ဦးဖေခင်ဆိုသူတို့ ပါလာခဲ့ကြောင်း သူက အမှတ်ရစွာပြန်ပြောပြသည်။‘‘အဲဒီတုန်းက အန်ကယ်က ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှာ အမှုဆောင်လုပ်နေတာ။ ဗိုလ်ချုပ်ကို ကိုယ့်ရဲ့ အမျိုးသားခေါင်းဆောင်တစ်ဦးအနေနဲ့ ကြည်ညိုလေးစားလို့ ကိုယ်တိုင်ကားမောင်းပို့ခဲ့တာပဲ’’ဟု ဗိုလ်ချုပ်ကို ကားမောင်းပို့ခဲ့စဉ်က သူ၏စိတ်ခံစားမှုကို ပြန်ပြောင်းပြောပြသည်။

    ၁၉၁၅ ခုနှစ်ဖွား တောင်ကြီးသား စစ်စစ်ဖြစ်သူ ဦးခန်းသည် အင်းသားနှင့် လူမျိုးခြား သွေးရော စပ်ထားသူဖြစ်သော်လည်း ထိုစဉ်ကပင် အမျိုးသားရေးစိတ်ဓာတ် အပြည့်ရှိသူ ဖြစ်သည်။ တစ်ဖက်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ တစ်ဖက်ကလည်း ၀ါသနာပါရာ နိုင်ငံရေးအလုပ်ကို ထိုစဉ်ကပင် လုပ်ခဲ့သူဖြစ်သည်။

    ‘‘ပင်လုံရောက်ပြီးတော့ မြန်မာနိုင်ငံအနှံ့က နိုင်ငံရေးခေါင်းဆောင်တွေ အကုန်လာကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ဝင်တွေ လာတယ်။ ရှမ်းစော်ဘွားတွေ အစုံလာတယ်။ တခြားတိုင်းရင်းသားခေါင်းဆောင်တွေလည်း လာတယ်။ ဦးနုတို့၊ ဦးစောတို့လည်း ပါသေးတယ်’’ဟု ထိုစဉ်က ပင်လုံမြင်ကွင်းကို ဦးခန်းက မှတ်မိသရွေ့ပြန်ပြောပြသည်။

    3(P) b_3

    ပင်လုံအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ရှမ်းစော်ဘွားများနှင့် အခြား တိုင်းရင်းသားခေါင်းဆောင်များ ပြည်ထောင်စုအရေးဆွေးနွေးကြရာတွင် သဘောတူသည့် လူလည်းရှိသကဲ့သို့ မတူသည့် လူလည်းရှိကြောင်း ဦးခန်းက ပြန်ပြောသည်။

    ‘‘ဗိုလ်ချုပ်က စော်ဘွားတွေကို ခင်ဗျားတို့ ကျုပ်တို့နဲ့ ဆယ်နှစ်ပေါင်းကြည့်ပါ။ မကြိုက်ရင်လည်း ပြန်ခွဲပါလို့ပြောတော့ ညောင်ရွှေစော်ဘွားကြီးက ‘‘ဟယ်…ဗိုလ်ချုပ် ပေါင်းတောင် မပေါင်းရသေးဘူး။ ခွဲဖို့ မပြောနဲ့ ဘယ်တော့မှ မခွဲဘူး’’ ဟုပြောကြောင်း ဗိုလ်ချုပ်နှင့် စော်ဘွားများ အပြန်အလှန်ပြောခဲ့ကြသည့် ထိုစဉ်က ပင်လုံစိတ်ဓာတ်ကို ဦးခန်းက ပြန်ပြောပြသည်။

    ဇရာ၏ဖိစီးမှုကြောင့် နားအတော်အတန်ထိုင်းနေသော ဦးခန်းက ဗိုလ်ချုပ်ကို အမျိုးသားခေါင်းဆောင်တစ်ယောက်အနေဖြင့် လေးစားခြင်းအပြင် စကားပြောရာတွင် ဖြောင့်ဖြောင့်မတ်မတ်ပြောခြင်း၊ သတ္တိရှိရှိပြောခြင်း၊ ပရိယာယ်မပါဘဲ စိတ်ထဲရှိသည်ကို ရဲရဲတင်းတင်းပြောတတ်ခြင်းတို့ကြောင့် ပို၍ကြည်ညိုလေးစားရကြောင်း ပြောသည်။

    ဗိုလ်ချုပ်တို့ကို ကားမောင်းပို့ပေးခဲ့သူ ဦးခန်းသည် ထို့နောက်ပိုင်းတွင် လောကဓံ၏ ရိုက်ပုတ်မှုများကိုလည်း ခံခဲ့ရသူဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ဆယ်နှစ်နှစ် တိုင်တိုင် နှစ်ကြိမ်ဆက် တောင်ကြီးမြို့ မြူနီစပယ်အဖွဲ့ ဥက္ကဋ္ဌမြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။

    သူ မြို့တော်ဝန်တာဝန်ထမ်းဆောင်စဉ်က တောင်ကြီးမြို့တွင် လမ်းများဖောက်ပေးခြင်း၊ အဆောက်အအုံများ ဆောက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဘာသာလူမျိုးမခွဲခြားဘဲ အကူအညီပေးခဲ့သည်ဟု ဆိုသည်။

    ‘‘မြို့တော်ဝန် ဘ၀နဲ့တုန်းက ဘာသာစွဲ၊ လူမျိုးစွဲ ဘာမှမရှိဘဲ လုပ်သင့်တာ အကုန်လုပ်ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဆိုလည်း လုပ်ပေးလိုက်တာပဲ။ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် အကုန်လုပ်ပေးခဲ့တာပဲ။ ဒါကြောင့်လဲ အခုလို အေးအေးဆေးဆေးနေရတာထင်တယ်’’ဟု ဘာသာခြားတစ်ဦးဖြစ်သော်လည်း ကံကံ၏ အကျိုးပေးပုံ ဆန်ဆန် ဦးခန်းက သူ၏လက်ရှိဘ၀ကို ပြောပြသည်။

    တောင်ကြီးမြို့ ယခုမြို့မရပ်ကွက်၊ ယခင်လယ်ကျင်းရပ်ကွက်တွင် မွေးဖွားခဲ့သည့် ဦးခန်းသည် တောင်ကြီး ABM ကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်ဟု ဆိုသည်။ မြို့တော်ဝန်တာဝန် ဆယ်နှစ် ထမ်းဆောင်ပြီးနောက် ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာချိန်တွင် ဦးခန်းအား ရှမ်းစော်ဘွားများနှင့် အတူ ဖက်ဒရယ်အရေး ဆောင်ရွက်သည်ဟုဆိုကာ ၎င်းကို ဆယ်နှစ်ခန့် ထိန်းသိမ်းခဲ့သည်။

    ‘‘အဲဒီတုန်းက ခဏကြွပါဆိုပြီး ခေါ်သွားလိုက်တာ အင်းစိန်ထောင်မှာ ဆယ်နှစ်နေလိုက်ရတယ်။  ဟားဟားဟား’’ဟု အာဏာရှင်များ၏ အကောက်ကြံမှု၊ မရိုးသားမှုတို့ကို ယခုအချိန်တွင် ရယ်သံနှော၍ ပြောနိုင်လာပြီ ဖြစ်သည်။ထိုစဉ်က ဦးခန်းနှင့်အတူ ထောင် ကျဖက်များမှာ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက် (သမ္မတဟောင်း)၊ သီပေါစော်ဘွား စ၀်ကြာဆိုင် အပါအ၀င် ဖက်ဒရယ်အရေး လှုပ်ရှားသည်ဟု တော်လှန်ရေးကောင်စီအစိုးရက သံသယရှိသူ အားလုံးပါဝင်သည်ဟု ဆိုသည်။ ‘‘ညောင်ရွှေစော်ဘွားကတော့ ထောင်ထဲမှာ ငါးနှစ်လောက်နေပြီး သေ သွားတယ်။ အန်ကယ်တို့ မျက်စိရှေ့မှာတင်သေတာ။ သီပေါစော်ဘွားကိုတော့ ဘယ်ခေါ်သွားလဲ မသိဘူး။ ပြန်ကိုပေါ်မလာတော့ဘူး’’ဟု ထောင်တွင်းအတွေ့အကြုံများကို ဦးခန်းက ပြန်ပြောပြသည်။

    ထောင်မှလွတ်ပြီးသော်လည်း ဦးခန်းသည် ဇာတိတောင်ကြီးသို့ ချက်ချင်းပြန်ခွင့်မရသေးဘဲ ရန်ကုန်တွင် ခြောက်နှစ်ခန့် ခြေချုပ်နှင့်နေခဲ့ရပြီး သူ၏လှုပ်ရှား မှုများကို ထောက်လှမ်းရေးများက စောင့်ကြည့်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

    ‘‘တောင်ကြီးပြန်သွားရင် တောထဲကလူတွေက ခေါင်းဆောင်လုပ်ဖို့ လာခေါ်သွားမှာစိုးလို့ဆိုပြီး အန်ကယ့်ကို ရန်ကုန်မှာ ခြောက်နှစ်လောက် ခြေချုပ်ထားသေးတာ။ နောက်ပိုင်း စိတ်ချရလောက်ပြီဆိုတော့မှ တောင်ကြီးပြန်လွှတ်တာ’’ဟု ဦးခန်းက ပြောသည်။

    ဖက်ဒရယ်အရေးကြောင့် ထောင်ကျခဲ့သူ ဦးခန်းသည် ယခု နိုင်ငံရေးအလှည့်ပြောင်းကာလတွင် တိုင်းရင်းသားများနှင့် အတိုက်အခံများထံမှ ဖက်ဒရယ်လေသံများ ကျယ်ကျယ်လောင်လောင် ပြန်ကြား လာရသည့် အတွက် အလွန်ကျေနပ်ကြောင်း ၀မ်းလည်း ၀မ်းသာကြောင်း ပြောသည်။

    ‘‘အခု ဖက်ဒရယ်အရေး ပြန်လှုပ်ရှားနေကြတယ်ကြားတော့ ဟိုးတုန်းက ဖက်ဒရယ်ကြောင့် ထောင် ကျခဲ့ရပေမယ့် ကျေနပ်တယ်။ အဲဒီတုန်းက ခံစားရတာကို အခု ဘာမှပြန်မဖြစ်တော့ သလို နေနိုင်သွားပြီ’’ဟု အသက်တစ်ရာ နားနီးသော်လည်း ခေတ်သစ်နိုင်ငံရေးကို မျက်ခြည်မပြတ်ကြောင်း ဦးခန်းက ယခုစကားဖြင့် သက်သေခံသည်။

    ထောင်မှလွတ်လာပြီးနောက် ဦးခန်းသည် စီးပွားရေးကိုသာ တစိုက်မတ်မတ်လုပ်ခဲ့သဖြင့် ပိုင်ဆိုင်မှု အတန်အသင့် ရှိလာခဲ့သည်။ သို့သော် သူ၏ပိုင်ဆိုင်မှုများမှာ တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင် သိမ်းခံရခြင်း၊ စစ်အစိုးရလက်ထက်တွင်လည်း မြေများအသိမ်းခံရခြင်းတို့ ရှိခဲ့သည်ဟု ပြောသည်။ သို့သော်လည်း ယခုအချိန်တွင်တော့ ဦးခန်းသည် လက်ကျန်အချိန်များကို အေးဆေးစွာပင် ဖြတ်သန်းနေပြီ ဖြစ်သည်။

    ‘‘နိုင်ငံရေးလည်း မလုပ်တော့ဘူး။ နိုင်ငံရေးလုပ်ရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ ထောင်ထဲမှာ ဆယ်နှစ်နေဖို့မပြောနဲ့ ကိုယ့်အိမ်ကိုယ့်ခြံထဲမှာပဲ တစ်နေ့လုံး အပြင်မသွားဘဲ မနေနိုင်ဘူး။ အဲဒီလိုဆို နေမကောင်းချင်သလို ဖြစ်လာရော’’ဟု ဦးခန်းကပြောသည်။ အသက်တစ်ရာအတွင်းသို့ ၀င်ရောက်ပြီဖြစ်သော်လည်း ဦးခန်းသည် နေ့စဉ်ပင် ကိုယ့်ကားကိုယ်မောင်း၍ မြို့ထဲသို့ အနည်းဆုံးတစ်ကြိမ်တော့ ထွက်လေ့ရှိသည်။

    ‘‘ရှေးဟောင်းနှောင်းဖြစ်ပြောစရာလူတွေလည်း မရှိတော့ဘူး။ သက်တူရွယ်တူတွေကလည်း အကုန်သေကုန်ကြပြီ။ တစ်နေ့တစ်နေ့ စကားပြောစရာလူလည်း မရှိတော့ဘူး’’ဟု ဦးခန်းက သူ၏လက်ရှိဘ၀ကို ပျင်းရိဖွယ်ဖြတ်သန်းနေရကြောင်း ဆိုသည်။

    နေ့စဉ်နံနက် ခုနှစ်နာရီခန့်တွင် အိပ်ရာမှထသူ ဦးခန်းသည် မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် နံနက်စာစားကာ ကိုးနာရီခန့်တွင် မြို့ထဲရှိ သူ၏ရုံးခန်းသို့ ကားကိုကိုယ်တိုင်မောင်း၍ သွားသည်။ နေ့လယ် ဆယ့်နှစ်နာရီခန့်တွင် အိမ်သို့ပြန်လာကာ နေ့လယ်စာစားပြီးနောက် တစ်ရေးတစ်မောအိပ်ပြီး ကျန်အချိန်များတွင် ဂျာနယ်များဖတ်ရှုခြင်းဖြင့်သာ အချိန်ကုန်လွန်စေသည်။

    သားသမီးလေးဦးရှိသူ ဦးခန်းသည် လက်ရှိတွင် သားအငယ်နှင့် တစ်အိမ်တည်းအတူနေပြီး မြေး ၁၁ ဦး၊ မြစ် ၇ ဦးတို့ ရှိသည်ဟု သိရသည်။

    ‘‘အခုအချိန်မှာတော့ ဘ၀ကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်ပါတော့တယ်။ စာအုပ်တွေပဲ ဖတ်နေတယ်။ ဘာသာရေးလည်း သိပ်မလုပ်ဖြစ်ပါဘူး။ ၀ါသနာ သိပ်မပါဘူးလေ။ ထောင်ကျမယ့် အလုပ်တွေလည်း မလုပ်ချင်တော့ပါဘူး’’ ဟု ဦးခန်းက သူ၏ လက်ရှိ ဘ၀ဖြတ်သန်းနေရပုံကို ဖြည်းဖြည်းနှင့် မှန်မှန် ပြောပြသည်။

     

    ပင်လုံ ညီလာခံ ဆက်စပ်သတင်း များဖတ်လိုလျှင်
    ————————————————
    ၁) ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း
    http://www.m-mediagroup.com/news/20365

    ၂) ပင်လုံ ဦးဖေခင်နှင့် ဘက်မလိုက်
    http://www.m-mediagroup.com/news/24791

    ၃) ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)
    http://www.m-mediagroup.com/news/10882

    ၄) “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’
    http://www.m-mediagroup.com/news/24187

  • ၂၀၂၂ ကမ္ဘာဖလား ကာတာမှာ မကျင်းပတော့ကြောင်း သတင်း ထွက်ပေါ်မှု ပြိုင်ပွဲ ကျင်းပရေး ကော်မတီငြင်းဆို

    ၂၀၂၂ ကမ္ဘာဖလား ကာတာမှာ မကျင်းပတော့ကြောင်း သတင်း ထွက်ပေါ်မှု ပြိုင်ပွဲ ကျင်းပရေး ကော်မတီငြင်းဆို

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄

    M-Media

    – ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကာတာတွင် ကျင်းပပြုလုပ်မည် မဟုတ်ဟု ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦး၏ ပြောကြားမှုအား ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ငြင်းဆို လိုက်သည်ဟု သိရသည်။

    ပြိုင်ပွဲကျင်းပမည့် အချိန်တွင် အလွန်မြင့်မားသော အပူချိန် ရှိနေမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာကို စိုးရိမ်ရသည့် အတွက်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကာတာတွင် ကျင်းပပြုလုပ်မည် မဟုတ် ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် သီယိုဇွမ်ဇီဂါက ယမန်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဆက်သွယ်ရေးနှင့် ဈေးကွက် ဒါရိုက်တာ နာဆာရ် အလ် ခတ္တာကမူ ထိုပြောဆိုချက်အား ငြင်းဆိုလိုက်ပြီး ပြိုင်ပွဲပြုလုပ်မည့်နေရာအား ပြောင်းလဲမည် မဟုတ်ဟု ဆိုသည်။

    “ကာတာဟာ ၂၀၂၂ မှာ ဖီဖာ ကမ္ဘာ့ဖလားကို ကျင်းပသွားမှာပါ။ ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဇွမ်ဇီဂါဟာ သူရဲ့ကိုယ်ပိုင် အမြင်ကို ပြောခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ တစ်ခုတည်းသော မေးခွန်းကတော့ “ဘယ်တော့ ကျင်းပမလဲ” ဆိုတာဖြစ်ပြီး “မကျင်းပဖြစ်လျှင်” ဆိုတာမျိုး မဟုတ်ပါဘူး။ နွေရာသီဖြစ်ဖြစ်၊ ဆောင်းရာသီဖြစ်ဖြစ် ကျွန်တော်တို့ အဆင်သင့်ပါပဲ” ဟု နာဆာရ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ခေတ်မီ အအေးပေးစနစ်များဖြင့် ကျင်းပနိုင်စွမ်းရှိသည်ကို သက်သေပြသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနှစ်ဇွန်လ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပစဉ်က ကာတာတွင် Brazil 2014 Fan Zone လေဟာပြင် တစ်ခုကို ဖန်တီးခဲ့ပြီး ခေတ်မီ အအေးပေးစနစ်များကို အသုံးပြုကာ အပူချိန်ကို ၂၂ ဒီဂရီ ဆဲလ်စီးယက်စ် အထိသာ ရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

  • ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့ ပိတ်ဆို့ထားလျှင် သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ NLD ထောက်ခံတော့မှာလား

    ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့ ပိတ်ဆို့ထားလျှင် သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ NLD ထောက်ခံတော့မှာလား

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media

    SHWE MANN AND DASSK
    ၂၀၁၃ ခုနှစ် ဇူလိုင် ၁၈ ရက်က လွှတ်တော် အတွင်းရှိ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမတွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းကို တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)

    – ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီ၏ သမ္မတလောင်း မပါဘဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စစ်တပ်ကျော ထောက်နောက်ခံပြု အာဏာရ ပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးအား သမ္မတ အဖြစ်  ထောက်ခံဖွယ်ရှိနေသည်ဟု NLD တာဝန်ရှိသူများက ဖွင့်ဟလိုက်သည်။

    မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက အသက် ၆၈ နှစ်အရွယ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ဟန့်တားထားသည်။ ထို့ပြင် သမ္မတလောင်း နေရာ အတွက် ပါတီအတွင်းမှ အခြားသူတစ်ဦးကို အစားထိုးရန် အတွက်လည်း သူမအနေဖြင့် ဆန္ဒရှိပုံမပေါ်။

    NLD  ပါတီမှ အကြီးတန်း အဖွဲ့ဝင် တစ်ဦးကတော့ ၎င်းတို့ပါတီမှာ သမ္မတလောင်းနေရာ အတွက် ယခင်စစ်တပ် အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP မှ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းကို ထောက်ခံနိုင်သည်ဟု ပြောကြားခဲ့၏။

    သို့သော်လည်း NLD ၏ ထိုသဘောထားက စစ်တပ်၏ အကျဉ်းချမှုကို ခံခဲ့ရသူများ အပါအ၀င် ပါတီဝင်များကို ဒေါသထွက်စေမည့် အန္တရာယ်ရှိနေလေသည်။ ထို့ပြင် နိုင်ငံ၏ လူကြိုက် အများဆုံးဖြစ်သည့် NLD နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား ထောက်ခံမှုမှာလည်းလျေားနည်းလာနိုင်လေသည်။

    “ကျွန်တော်တို့ပါတီမှာ နံပါတ် ၂ နေရာဆိုတာ မရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြီးတဲ့နောက် ဒုတိယဆိုတာ မရှိပါဘူး”

    ပါတီအနေဖြင့် ကိုယ်ပိုင် သမ္မတလောင်းကို မည်သည့်အတွက်ကြောင့် မရွေးချယ်သနည်း ဆိုသည့် အမေးအတွက် NLD အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဟန်သာမြင့်က ယခုကဲ့သို့ ဖြေကြားခဲ့၏။

    တိုင်းပြည်အတွင်း ဒီမိုကရေစီထွန်းကားရေး အတွက် ဆောင်ရွက်မှုကြောင့် ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရက ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့် မရှိ။ “သမ္မတလောင်း၏ အိမ်ထောင်ဖက် သို့မဟုတ် သားသမီးများမှာ နိုင်ငံခြားသား၊ သို့မဟုတ် နိုင်ငံခြား တိုင်းပြည်တစ်ခု၏ သစ္စာတော်ခံ မဖြစ်စေရ” ဟူသော ကန့်သတ်ချတ်ကြောင့်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သွားသော ခင်ပွန်းနှင့် သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများဖြစ်ခြင်းကြောင့် ထိုကန့်သတ်ချတ်နှင့် ညိစွန်းနေလေသည်။

    လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ ၁၉၆၂ ခုနှစ်က အာဏာသိမ်း၍ တိုင်းပြည်အား အုပ်စိုးခဲ့သည့် စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်၍ သမ္မတဦးသိန်းစိန် ဦးဆောင်ကာ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် အပြောင်းအလဲနောက်ပိုင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲဖြစ်၏။

    ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင် ရလဒ်အား စစ်တပ်မှ ပယ်ဖျက်ခြင်းခံခဲ့ရသည့် NLD ပါတီ အတွက် ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ လည်းဖြစ်လေသည်။ စစ်တပ်မှဦးစီးကာ ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အချိန်ဖြစ်ပြီး ထိုရွေးကောက်ပွဲကိုလည်း NLD က သပိတ်မှောက်ခဲ့လေသည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်အရ သမ္မတအား လွှတ်တော်မှ ရွေးကောက်တင်မြှောက်လေသည်။

    အောက်လွှတ်တော်နေရာ လေးပုံတစ်ပုံကို စစ်တပ်မှကိုယ်စားလှယ်များက ရယူထား၏။ NLD ပါတီက ရွေးကောက်ပွဲတွင် မည်မျှအခြေအနေကောင်းသည်ဖြစ်စေ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် USDP က စစ်တပ်ကိုယ်စားလှယ်များနှင့် ပူးပေါင်းမည်မှာ သေချာနေသည်။

    ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲ အခြား တစ်ယောက်အား သမ္မတလောင်း အဖြစ် သတ်မှတ်ကာ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ပါက USDP နှင့် စစ်တပ် ကိုယ်စားလှယ်များပေါင်း၍ ရသည့်မဲဖြင့် ရှုံးနိမ့် သွားနိုင်လေ၏။ထိုအန္တရာယ်ကြောင့် သမ္မတလောင်းကို မရွေးချယ်ဘဲ ပါတီ၏ မဲများကို အသုံးပြု၍ USDP နှင့် အပေးအယူလုပ်ရေး NLD က ဆုံးဖြတ်နိုင်သည်။

    ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ လွှတ်တော်တွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီး ကောင်းမွန်သည့် ဆက်ဆံရေးများ တည်ဆောက်ထားနိုင်ပုံရသည်။ ထို့ပြင် ဦးရွှေမန်းမှာ USDP မှ အခြားသော အကြီးတန်းအဖွဲ့ဝင်များထက် ပို၍ လက်တွေ့ဆန်သည်ဟု ထင်ကြ၏။

    ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်ခြင်းကို ထောက်ခံမည်ဟု ဦးရွှေမန်းက ဖွင့်ဟခဲ့ဖူးသည်။

    “သူမ(ဒေါ်အောင်ဆန်းစုကြည်)ဟာ ပါတီအတွင်းမှာ လူကြိုက်အများဆုံး ပုဂ္ဂိုလ်ပါပဲ။ သူမအနေနဲ့ ဦးရွှေမန်းကို မျက်နှာသာပေးလေ့ ရှိပါတယ်” ဟု NLD အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဥာဏ်ဝင်းကဆိုသည်။

    သဘောထားတူသည့် ဗိုလ်ချုပ်ဟောင်း

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ စစ်တပ်က ဗီတိုရယူထားမှု၊ နိုင်ငံ၏ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်းကို တားဆီး ထားသည့် အပိုဒ် စသည်တို့ကို ဖယ်ရှားရန်အပါအ၀င် အခြေခံဥဒေပြင်ဆင်ရေး အာဏာရပါတီကို ဖိအားပေးရန်အတွက် NLD က ပြည်သူလူထုထံမှ လက်မှတ် ၅ သန်း စုဆောင်းနိုင်ခဲ့သည်။

    သို့သော်လည်း စစ်တပ်မှထောက်ခံအားပေးထားသည့် အာဏာရပါတီက အခြေခံဥပဒေကို ပြင်ဆင်ခြင်းခွင့်ပြုမည့် မျှော်လင့်ချက်မှာ အနည်းငယ်သာရှိလေ၏။

    ထိုအကြောင်းအရင်းကြောင့် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်၌ အမတ်နေရာ တစ်နေရာရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးလည်း မရှိတော့။

    ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ အခြားတစ်ဦးကို သမ္မတလောင်းအဖြစ် ရွေးချယ်မည့်အစား ပါတီ၏သဘောထားကို လက်ခံနိုင်မည့် ပါတီဝင်မဟုတ်သော သမ္မတလောင်းကို NLD က အာပေးထောက်ခံလိ့မ်မည်ဟု ဟန်သာမြင့်က မှတ်ချက်ပြုခဲ့သည်။

    “အဲဒီသူဟာ NLD ဖြစ်စရာ မလိုပေမယ့် ကျွန်တော်တို့လို ခံယူချက်တော့ ရှိရပါမယ်။ အရေးကြီးတဲ့အရာတစ်ခုကတော့ သမ္မတ အဖြစ် ကျွန်တော်တို့ လက်ခံနိုင်တဲ့ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့အတွက် ဒါဟာလုံလောက်ပါတယ်”

    သမ္မတလောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နေရာကို အစား မထိုးရန် ဆုံးဖြတ်ခြင်းက NLD အတွင်း ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ အခြား သင့်လျော်သည့် ခေါင်းဆောင် မရှိကြောင်း ပြသခြင်းလည်းဖြစ်လေ၏။

    ဗိုလ်ချုပ်ဟောင်း ဦးရွှေမန်းအား ထောက်ခံခြင်းမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် NLD အတွက် အငြင်းပွားဖွယ် ကိစ္စရပ် တစ်ခု ဖြစ်လိမ့်မည်ဟု ဦးဥာဏ်ဝင်းက ၀န်ခံခဲ့သည်။

    ပါတီဝင်အများစုမှာ စစ်တပ်၏ အကျဉ်းချမှုကို ခံခဲ့ရပြီး စစ်တပ် အရာရှိဟောင်းများ တိုင်းပြည် အုပ်စိုးခြင်းကို ဆန့်ကျင်မှုမှာ NLD အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲဟု ၎င်းကဆိုသည်။

    “တကယ်လို့ ကျွန်တော်တို့ ဦးရွှေမန်းကို သမ္မတ လောင်းအဖြစ် ထောက်ခံမယ်ဆိုရင် ပါတီအတွင်းမှာ ပြဿနာတွေ အများကြီး တက်နိုင်ပါတယ်။ ကျွန်တော်တို့ပါတီက အဖွဲ့ဝင်အများစုနဲ့ နိုင်ငံသား အများစုဟာ စစ်သားတွေ တိုင်းပြည်ကို အုပ်ချုပ်တာ မကြိုက်ကြပါဘူး”

    သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ သမ္မတလောင်းကို ရွေးချယ်မှုပြုမည့် NLD မှ ထောက်ခံရန် အလားအလာအရှိဆုံးသူမှာ ဦးရွှေမန်းသာလျှင်ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ဆိုခဲ့လေသည်။

    XXXXXXXXXXXXXXX

    ရိုက်တာ သတင်းဌာနမှ  ဆောင်းပါးရှင် Paul Mooney ၏ “With Suu Kyi blocked, her Myanmar party eyes ex-general for president” သတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • မြေပုံ ဒုက္ခသည်စခန်းမှ မွတ်စလင်များအား နိုင်ငံသားဖြစ် ခွင့်ပြန်စစ်၊ ၂၀၉ ဦးသာ အသိအမှတ်ပြုသေး

    မြေပုံ ဒုက္ခသည်စခန်းမှ မွတ်စလင်များအား နိုင်ငံသားဖြစ် ခွင့်ပြန်စစ်၊ ၂၀၉ ဦးသာ အသိအမှတ်ပြုသေး

    စက်တင်ဘာ ၂၄ ၊ ၂၀၁၄
    M-Media
    Rohingya women are pictured at the Thae Chaung camp for internally displaced people in Sittwe, Rakhine state
    –  အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည် ၂၀၉ ဦးကို မြန်မာအစိုးရက စက်တင်ဘာ ၂၂ ရက် တနင်္လာနေ့တွင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သည်ဟု သိရသည်။

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ၃၂ မိုင်ဝေးသည့် မြေပုံ ဒုက္ခသည်စခန်းတွင် ပြုလုပ်သော အဆိုပါ ရှေ့ပြေးစစ်ဆေးမှုတွင် ရိုဟင်ဂျာမွတ်စလင် ၁၀၉၄ ဦးပါဝင်ခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အစိုးရ က နိုင်ငံသားအဖြစ် အရည်အချင်းပြည့်မီသူများဟု သတ်မှသူများတွင် ရိုဟင်ဂျာများအပြင်၊ မြန်မာအစိုးရမှ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် သတ်မှတ်ထားသည့် ကမန် မွတ်စလင်များလည်း ပါဝင်ခဲ့သည်။ တာဝန်ရှိသူများကမူ အဆိုပါ လူ ၂၀၀ ကျော်အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သည့် အကြောင်းအရင်းနှင့် ရိုဟင်ဂျာဦးရေ မည်မျှ ပါဝင်ကြောင်းကို ရှင်လင်းခဲ့ခြင်း မရှိချေ။

    စစ်တွေမှ ရိုဟင်ဂျာ မွတ်စလင်ခေါင်းဆောင် ဦးအောင်ဝင်းကမူ အစိုးရက ၎င်းတို့အား ဘင်္ဂါလီအဖြစ် စာရင်းသွင်းသည်ကို မလိုချင်သောကြောင့် နိုင်ငံသား ဖြစ်၊ မဖြစ် စစ်ဆေးမှုတွင် ရိုဟင်ဂျာအများစုမှာ ပါဝင်ခြင်းမရှိဟု ဆိုသည်။

    ရိုဟင်ဂျာ မွတ်စလင်များမှာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အလွန်ဆိုးရွားသော ဖိနှိပ် ချူပ်ချယ်သည့်  အခြေအနေမျိုးအောက်၌ နေထိုင်နေရပြီး ၎င်းတို့နေထိုင်သော ရွာများ၊ သို့မဟုတ် ဒုက္ခသည်စခန်းများမှ အခြားနေရာသို့ ခရီးသွားလာခွင့်အတွက် အစိုးရထံမှ ခွင့်ပြုချက်ရယူနေရသည်။

    ရိုဟင်ဂျာများမှာ ထိုဒေသတွင် မျိုးဆက်ပေါင်းများစွာ နေထိုင် ခဲ့သော်လည်း မြန်မာ အစိုးရနှင့် မြန်မာပြည်သူ အများစုကမူ ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသူများဟု သဘောသက်ရောက်သည့် ဘင်္ဂါလီဟူသော အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ကြသည်။

    ထို့ပြင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံစလုံးက နိုင်ငံသားအဖြစ် သတ်မှတ်ရန် ငြင်းဆိုမှုကြောင့် ရိုဟင်ဂျာများမှာ နိုင်ငံမဲ့များအဖြစ် နေထိုင်နေရသည်။

    လူ့အခွင့်အရေးလှုပ်ရှားသူများကမူ ရိုဟင်ဂျာများ ၎င်းတို့အမည်ကို ၎င်းတို့ ဆန္ဒရှိသည့်အလျောက် ဖော်ပြခြင်းကို ခွင့်ပြုသင့်သည်ဟုဆိုပြီး အချို့ကမူ ရိုဟင်ဂျာများ၏ နိုင်ငံမဲ့ဖြစ်နေမှုကို ဖြေရှင်းရန် အတွက် နိုင်ငံသား ဖြစ်၊ မဖြစ် စစ်ဆေးခြင်းမှာ အရေးကြီးသည်ဟု ပြောကြားခဲ့ကြသည်။

    အစိုးရက နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံခဲ့ရသည့် ရိုဟင်ဂျာ တစ်သန်းကျော် ရခိုင်ပြည်နယ်တွင် ရှိကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများမှ ခန့်မှန်းကြသည်။
    ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သည့်  ရိုဟင်ဂျာ ၊ ကမန်၊ ရခိုင် လူမျိုးစုများရှိကြပြိး ၄င်းတို့အနက် ရိုဟင်ဂျာ လူမျိုးစုမှာ ပါလီမန်ဒီမိုကရေစီ အစိုးရခေတ်တွင် တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးချင်း ခံရသော်လည်း ဗိုလ်ချူပ်နေဝင်း စစ်အာဏာ သိမ်းပြိးနောက်ပိုင်း နှိပ်စက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့မှုကြောင့် တဖက်နိုင်ငံသို့ အလုံးအရင်းနှင့် ထွက်ပြေးခဲ့သူများ ရှိသလို စစ်အာဏာသိမ်း အစိုးရ၏ ၁၉၈၂ နှစ် နိုင်ငံသား ဥပဒေဖြင့် ကန့်သတ်မှုကြောင့် မွေးရာပါ  နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါသည်။

    ကမန်လူမျိုးမှာ လက်၇ှိ တိုင်းရင်းသား ၁၃၅  ပါဝင်သော်လည်း ၂၀၁၂ အကြမ်းဖက်မှုများ ဖြစ်ပွားအပြီး အစိုးရမှာ နိုင်ငံသား စိစစ်မှုများ ပြန်လည် လုပ်ဆောင်နေ၍ တိုင်းရင်းသား/ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက်ရှိပါသည်။

    ကိုးကား_ ရိုက်တာ

  • ပဋိပက္ခလား၊ အကြမ်းဖက်မှုလား?

    ပဋိပက္ခလား၊ အကြမ်းဖက်မှုလား?

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    -ကေအမ် ရေးသည်။
    New folder7
    ကချင်၊ချင်း၊ကရင် (သို့) မွတ်စ်လင်တို့က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခုအား ယခုကဲ့သို့ ဖျက်ဆီးခဲ့လျှင် ဗမာအတိုက်အခံ ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပ ဗမာသတင်းဌာနများ၊ ဗမာဘာသာရေးခေါင်းဆောင်များ ယခုကဲ့သို့ နှုတ်ဆိတ်နေမည်လား။ မည်သို့တုံ့ပြန်မည်လဲ။

    ဗမာ သတင်းဌာနများ၊ အုပ်ချုပ်သူများ၊အတိုက်အခံများသည် ဗမာ လူမျိုးများမှ အခြားဘာသာဝင်များ၏ အသက်၊အိုးအိမ်၊စည်းစိမ်များကို ဖျက်စီးချင်းသည် တိုင်းပြည် ဘာသာ၊လူမျိုး၊ကိုကာကွယ်ချင်းဖြစ်သည်၊ အပြစ်မရှိဟု မှတ်ယူလေ့ရှိ၏။

    အခြားလူမျိုး၊ဘာသာများမှ ခုခံလျှင်၊ လက်တုံ့ပြန်လျှင် အကြမ်းဖက်သမား၊ သူပုန်၊ တိုင်းပြည်ဖြိုခွဲ၊ဖျက်ဆီးသူ ဟု ပြောဆိုကြ၏။ ဥပမာ ကရင်သူပုန်၊ ကချင်သူပုန်၊ ရှမ်းသူပုန်၊ မွတ်စ်လင် အကြမ်းဖက်သမား စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိပါသည်။

    မွန်နေပြည်တော်အား လုယက် ဖျက်ဆီး ခဲ့သော ဗမာဘုရင်အနော်ရထာအား ပထမ နိုင်ငံတော် တည်ထောင်သူအဖြစ် အလေးပြုလေ့ရှိ၏။

    အမှန်မှာ ဗမာ…ဗမာချင်း အာဏာလုချင်းမျှသာဖြစ်သည်။ မယုံလျှင် ပင်လုံစာချုပ်တို့၊ တောင်တန်းဒေသ ကော်မရှင်အတွက် တိုင်းရင်းသားတို့၏ ထွက်ဆိုချက်များကို ဖြည့်ဆည်းပေးမည်လားဟု အနှီအတိုက်အခံ ခေါင်းဆောင်များအား မေးကြည့်လျှင် ဗမာတို့၏ စိတ်ဓာတ်ကိုပြပါလိမ့်မည်။

    ရဟန်းသံဃာသတ်သော ရှမ်း သိုဟန်ဘွားကို သမိုင်းတွင် မင်းဆိုးမင်းယုတ်အဖြစ် သင်ကြားပေမယ့် မွန်ရဟန်းများအား သတ်သော ဦးအောင်ဇေယျအား အတုယူဖွယ်၊အားကျဖွယ် ဂုဏ်ပေးလေ့ရှိကြသည်။ (သတ်တာကို ပြောလိုရင်း၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ထိုနည်း၎င်း)

    ရခိုင်တို့၏ အသဲနှလုံး မဟာမြတ်မုနိ ဘုရားအား အတင်းအဓမ္မသိမ်းယူခဲ့သော်လည်း မိမိ တို့၏ ပတ္တမြားငမောက်အတွက် ရင်ပတ်စည်တီးလေ့ရှိ၏။

    အင်္ဂလိပ်တို့၏ ဘုရားပေါ်ဖိနပ်စီးတက်သည်ကို ရေးကြီးခွင်ကျယ်ပြောသလောက် မြေဒူးမင်း၏ အယုဒ္ဓယတခွင်မှ ဘုရား၊ကျောင်းကန်များကို ဖျက်ဆီး၊လု၊ ခိုးမှုများအား နုတ်ဆိတ်လေ့ရှိကြသည်။

    ခိုင်ခိုင်မာမာ သမိုင်းမှတ်တမ်း တင်သည့်အချိန်မှ စ၍ ဗမာတို့၏ အနိုင်ကျင့်နှိပ်စက်မှုမှ လွတ်ကင်းသော တိုင်းရင်းသား၊ နိုင်ငံသားများမရှိခဲ့ပါ။

    အရှေ့အနောက် နိုင်ငံများ တွင် ဒုက္ခရောက်နေကြသော ကချင်၊ချင်း၊ရှမ်း၊မွန်၊ကရင်၊ကယား တိုင်းရင်းသားဒုက္ခသည်များအတွက် အနှီ ဗမာ အတိုက်အခံ ခေါင်းဆောင်များသည် ဗမာစစ်တပ်ကို လက်ညိုးထိုးလေ့ရှိပြီး မိမိတို့အပေါ်လည်း ဗမာစစ်တပ်မှ နှိပ်စက်လေ့ရှိသည်ဟု ငြီးတွားလေ့ရှိသည်။

    အမှန်မှာ ဗမာ…ဗမာချင်း အာဏာလုချင်းမျှသာဖြစ်သည်။ မယုံလျှင် ပင်လုံစာချုပ်တို့၊ တောင်တန်းဒေသ ကော်မရှင်အတွက် တိုင်းရင်းသားတို့၏ ထွက်ဆိုချက်များကို ဖြည့်ဆည်းပေးမည်လားဟု အနှီအတိုက်အခံ ခေါင်းဆောင်များအား မေးကြည့်လျှင် ဗမာတို့၏ စိတ်ဓာတ်ကိုပြပါလိမ့်မည်။

    မိမိတို့၏ အပြစ်အနာ၊အဆာများအမြဲတမ်းဖုံးကွယ်လေ့ရှိခြင်း၊ တပါးသူများကို စော်ကား၊နှိပ်စက်သူများကို သူရဲကောင်းအဖြစ်ကိုးကွယ်လေ့ရှိခြင်း၊ အမှန်ဟုယူဆခြင်း ၊တာဝန်ယူလိုစိတ်မရှိခြင်း၊ အတိုက်အခံ၊ အုပ်ချုပ်သူ အားလုံး၏ အတွင်းစိတ် အရင်းခံသည် အတူတူပင်ဖြစ်သည်။

    ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ် ယုတ်မှာမူ့၊ မှားယွင်းမှု့များအား အမှန်တရားအဖြစ်လက်ကိုင်ပြု၍ လက်ဆင့်ကမ်းပေးခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။လက်ရှိ ဗမာခေါင်းဆောင်အားလုံးလည်း ထိုနည်းနှင်နှင်ပဲ တွေ့နေရ၏၊

    တိုင်းပြည်တကယ်ချစ်သူများ၊ ဒီမိုအမည်ခံ၊ အမည်မခံသူများ ခေတ်အဆက်ဆက် ဗမာတို့၏ အမှားများကို မြင်၍ ထပ်၍ မမှားရအောင် မိမိတို့၏ အရိုးစွဲနေသော တလွဲအယူအဆများအား ရဲရဲမြင်၍ ရဲရဲပြင်မှ ဗမာပြည်တိုးတက်မည်ဟုမြင်ပါသည်။

    (နဲနဲမြင်တတ်အောင်ထပ်ရေးပါမည်။ ၈၈ ငြိမ်း/ပွင့်အဖွဲ့မှ ဦးကိုကိုကြီး၏ အင်တာဗျူးတခုတွင်

    မီဒီယာများကြောင့် ဗမာတွေ နာမည်ပျက်ရသည်ဟု ဖြေထားတာတွေ့ရပါသည်။….အခု ဘာသာမတူလို့ ဗမာတို့၏ အကြမ်းဖက်မူ့ကို ပြည်ပက အတိုက်အခံသတင်းဌာန ဘီဘီစီမှ ပဋိပက္ခဟု ကာကွယ်ရေးပါသည်။ ထို့ကြောင့် ၎င်းအကြမ်းဖက်အုပ်စုသည် အခြားတိုင်းရင်းသားများကိုလည်း ထိုကဲ့သို့ တိုက်ခိုက်ဖို့ဝန်မလေးပါ။ ထို့ထက်ပို၍ ဗမာ/ဗမာချင်း အယူအဆမတူသူများကို တိုက်ခိုက်ဖို့ လက်မနှေးမှာ သေချာနေကြောင်း သက်သေများရှိခဲ့၏။ လက်ရှိအခင်းအကျင်းအားလုံးမှာ အတိုက်အခံများ သည် အုပ်ချုပ်သူနှင့်ပေါင်း၍ ဗမာလူငယ်များကို မှားယွင်းသော လမ်းကြောင်းပေါ်သို့ ပို့နေသကဲ့သို့ဖြစ်သည်။

    ကုလားကိုချစ်ဖို့မလိုပါ ဗမာ-ဗမာချင်း ချစ်ချင်းအားဖြင့် ဗမာလူငယ်များအား လမ်းမှားမှ ဝိုင်းဝန်းကာကွယ်ကြပါ။ ဆေးခါးကြီးသောက်မှာလား၊ အရိုးစွဲနေသော အကျင့်ဆိုးအတိုင်းသွားမှာလား အာဏာရှင်တို့နှပ်ကြောင်းပေးထားသော လမ်းကြောင်းအတိုင်း လျှောက်မည်လားဆိုတာ ဦးကိုကိုကြီးတို့
    အသိဆုံးဟုပြောချင်ပါသည်။ )

    * စာရေးသူ၏ အာဘော်သာ ဖြစ်သည်။