News @ M-Media

Blog

  • ဝီဂါ မွတ်စလင်မ်များ အတွင်း သွေးနှော လက်ထပ်မှု များပြားလာအောင် တရုတ်အစိုးရ မက်လုံးပေး လုပ်ဆောင်

    ဝီဂါ မွတ်စလင်မ်များ အတွင်း သွေးနှော လက်ထပ်မှု များပြားလာအောင် တရုတ်အစိုးရ မက်လုံးပေး လုပ်ဆောင်

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media

    စတုရန်းကီလိုမီတာ လေးသိန်း ခြောက်သောင်းရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွန်ဂိုးလီယန်းနယ်ပယ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် Qiemo ခရိုင်တွင် ပြီးခဲ့သည့် သြဂုတ်လက မက်လုံးပေးသိမ်းသွင်းမှုအသစ်များကို ပထမဆုံး ကြေငြာလိုက်သည်။
    ChinaOffers-Cash-to-Erode-Uighur-Culture
    ဝီဂါ မွတ်စလင်မ် တယောက်နဲ့ ဟန်တရုတ်လူမျိုး တယောက် လက်ထပ်ခဲ့ရင် အဲဒီစုံတွဲကို တနှစ်ကို ယွမ် ၁ သောင်း( ဒေါ်လာ ၁၆၀၀ နီးပါး) ၅ နှစ် တိတိထောက်ပံ့မယ်လို့ ကြေညာချက် ထုတ်လိုက်တာပါ။

    တရုတ်အစိုးရရဲ့ ဒီ မက်လုံးပေး စီမံချက်ဟာ ဝီဂါ မွတ်စလင်မ် လူမှုအသိုင်းအဝန်း ရဲ့ ရာစုနှစ်ပေါင်းချီကြာ ယဉ်ကျေးမှု လက္ခဏာများကို ခေတ်နဲ့ အညီ လိုက်လျောညီထွေမှု လုပ်ပစ်ရန် အကြောင်းပြချက်ပေးပေမယ့် ဝီဂါ မွတ်စလင်မ်ကြားမှာ သွေးနှော စုံတွဲတွေ များလာအောင် လုပ်ဆောင်တာလို့ ဒေသခံ ဝီဂါ မွတ်စလင်မ် ကြားမှာ ဝေဖန် ကန့်ကွက်မှုတွေရှိနေပါတယ်။

    ရုပ်ဝတ္ထုမက်လုံးများက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြဿနာတို့ကို ဖြေရှင်းပေးနိုင်သည် တစ်နည်း ရင်ကြားစေ့ပေးနိုင်သည်ဟု ၎င်းတို့မှ ယူဆထားပုံရကြောင်း သြစတေးလျ၊ Griffith တက္ကသိုလ်မှ ရှင်းကျန်းအရေးကျွမ်းကျင်သူ မိုက်ကယ် ကလပ်မှ The Guardian သို့ စက်တင်ဘာ (၂) ရက် အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

    စတုရန်းကီလိုမီတာ လေးသိန်းခြောက်သောင်းရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွန်ဂိုးလီယန်းနယ်ပယ်၏ အစိပ်အပိုင်းတစ်ခုဖြစ်သည့် Qiemo ခရိုင်တွင် ပြီးခဲ့သည့် သြဂုတ်လက မက်လုံးပေးသိမ်းသွင်းမှုအသစ်များကို ပထမဆုံး ကြေငြာလိုက်တာပါ။

    Qiemo ခရိုင်၏ သွေးနှောထိမ်းမြားစေခြင်း မူဝါဒမှာ ဒေသတွင်းရှိ တရုတ်ပေါ်လစီ၏ ယေဘူယျ သဘောထား တစ်ပိုင်းတစ်စ ပေါ်လွင်နေပါတယ်။

    ယင်းမူဝါဒသစ်အရ ဇနီးမောင်နှံနှစ်ဦးအနက် တစ်ဦးသည် လူနည်းစုတိုင်းရင်းနွယ်ဖြစ်ပြီး နောက်တစ်ဦးသည် ဟန်တရုတ်ဖြစ်ပါလျှင် အထူးအခွင့်အရေးတစ်ရပ် စီစဉ်ပေးမည်ဟု တရုတ်အာဏာပိုင်များက အခိုင်အမာဆိုလိုက်သည်။

    အဆိုပါအစီအစဉ်၌ ၎င်းတို့ရည်ညွှန်းသည့် မျိုးရော စုံတွဲအတွက် အိမ်ထောင်ကျပြီး ပထမငါးနှစ် အတွင်း နှစ်စဉ် ယွမ်ငွေ တစ်သောင်း (ပေါင်စတာလင် ၉၈၀)၊ အိုးအိမ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးပံ့ပိုးငွေများ ထောက်ပံ့ပေးမည်ဟု Qiemo ခရိုင်အစိုးရ၏ ၀က်ဘ်ဆိုဒ်တွင် ကြေငြာထားတာပါ။

    “တိုင်းရင်းသားတွေဟာ မတူညီတဲ့ ဘာသာစကားတွေ၊ ခြားနားတဲ့ ထုံးတမ်းဓလေ့တွေမှာသာ ကျွန်တော်တို့နဲ့ ကွဲပြားတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဦးခေါင်းအထက်မှာ တူညီသော ကောင်းကင်ပြာ၊ ကျွန်တော်တို့ခြေထောက်တွေအောက်မှာ  တူညီသော စိုက်ပျိုးမြေ၊ ကျွန်တော်တို့နှလုံးသားတွေထဲမှာ တူညီသော မေတ္တာ ရှိနေကြပါတယ်။ တိုင်းရင်းသားတွေအကြား သွေးနှောထိမ်းမြားခြင်းက တရုတ်ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒီအချက်က တိုင်းရင်းသားအားလုံးရဲ့ ဖလှယ်မှု၊ ပူးပေါင်းမှု၊ ပေါင်းစပ်မှုအတွက် ကျစ်လစ်တဲ့ဖော်ပြချက်ကို အားကောင်းသန်စွမ်းစေ ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Qiongkule မြို့နယ် ကွန်မြူနစ်ပါတီကော်မတီ၏ တွဲဖက်အတွင်းရေးမှူး Yasen Nasi’er မှ သြဂုတ်လ (၂၅)ရက် ကြေငြာချက်ထွက်စဉ် စာနယ်ဇင်းသမား တို့အား ပြောကြားပါတယ်။

    ထိုမူဝါဒနှင့်စပ်လျဉ်း၍ “ဒါက လူမျိုးရေးညီညွတ်မှု ဖော်ဆောင်ရေး နည်းလမ်းတစ်ရပ်ပါ။ အဓိကအကျဆုံး အရာပါ” ဟု ခရိုင် အာဏာပိုင်တစ်ဦးက တယ်လီဖုန်းဖြင့် အတည်ပြုခဲ့ပါတယ်။

    လက်တံရှည် မူဝါဒ
    ——————–
    အလားတူမက်လုံးပေးမူဝါဒတစ်ရပ်ကိုလည်း တိဗက်အပါအ၀င် အခြားဒေသများတွင် ကျင့်သုံးထားသည်ဟု ယခုနှစ်နွေရာသီမှာ တရုတ်နိုင်ငံပိုင် မီဒီယာသတင်း အသီးသီးမှ ဖော်ပြပါတယ်။

    “ဒါဟာ လူမှုကဏ္ဍတည်ဆောက်ရေးကျားကန်မှုနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ဘေဂျင်းဗဟိုပြု ပွင့်လင်းအမြင်ကိုအားပြုပြီး အစိုးရဖက်က ခြေလှမ်းကျယ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ဟန် ရှိပါတယ်။ ဒါမှမဟုတ်ရင် ဗဟိုအစိုးရမူဝါဒတွေအပေါ် ကန့်ကွက်မှုများကို လျှော့ချဖို့အတွက်ဆိုတာ

    အနိမ့်ဆုံးဖြစ်ပါလိမ့်မယ်။  အစိုးရမူဝါဒတွေက ဟန်တရုတ်တွေကို ကျားကန်ရပ်တည်ပေးသွားဖို့ ယူဆစရာရှိနေပါတယ်။ တကယ့်သရုပ်မှန်ကတော့ မမှန်ကန်သောမူဝါဒတွေပါ။ ဒီလိုထိမ်းမြားမှုပုံဟန်က နိုင်ငံရေးသြဇာခံ ဖြစ်စေမှာမို့လို့ မဖြစ်မနေလုပ်သွားဖို့ များပါတယ်” ဟု  လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ တရုတ်ပြည်ဒါရိုက်တာ ဆိုဖီ ရစ်ချတ်ဆင်က ပြောကြားခဲ့ပါတယ်။

    ဒေသတွင်း သွေးနှောထိမ်းမြားမှုသည် (၂၀၀၈)ခုနှစ်၌ (၇၀၀)၀န်းကျင်သာရှိရာမှ ယမန်နှစ်တွင် (၄၇၀၀)အထိ ကြီးထွားလာကြောင်း တိဗက်ရှိ ကွန်မြူနစ်ပါတီ သုတေသနရုံး အစီရင်ခံစာအရ သိရပါတယ်။

    “စကတည်းက ဆန့်ကျင်မှုကန့်ကွက်မှုတွေဖက် လမ်းကြောင်းထားတဲ့ တစ်ဖက်စောင်းနင်းမူဝါဒတွေကို ဖယ်ရှားရမယ့်အစား အကြွင်းမဲ့လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖော်ဆောင်ထားတဲ့ အစိုးရရဲ့ မလှိမ့်တပတ် အားထုတ်မှုတွေထဲက တစ်ခုဖြစ်ကြောင်း သိလိုက်ရလို့ ကျွန်တော့်ကို  တော်တော်တုန်လှုပ် သွားစေပါတယ်” ဟူ၍ ရစ်ချတ်မှ ထပ်မံဆိုလိုက်ပါတယ်။

    ဝီဂါ မွတ်စ်လင်မ်များမှာ တူရကီစကားပြော လူနည်းစုဝင်ဖြစ်ပြီး ရှင်းကျန်းနယ် အနောက်မြောက်ပိုင်းတွင် လူဦးရေ (၈)သန်း ရှိပါတယ်။

    လူမှုလှုပ်ရှားသူများက အရှေ့တာကစ္စတန်ဟု ခေါ်ဆိုသော ရှင်းကျန်းသည် (၁၉၉၅)ခုနှစ်ကပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ခဲ့သော်လည်း တရုတ် အာဏာပိုင်များ၏ အင်အားသုံးဖြိုခွဲမှုကို ဆက်လက်ခံစားနေရဆဲပါ။

    တရုတ်အာဏာပိုင်တို့သည် အကြမ်းဖက်တန်ပြန်ခြင်းဟူသော ခေါင်းစဉ်တပ်လျက် ဝီဂါ မွတ်စ်လင်မ်တို့အပေါ် ဘာသာရေးဖိနှိပ်မှုပြုလုပ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန် ပြစ်တင်မှုတွေ ရှိနေပါတယ်။

    Ref : OnIslam

  • ကမ္ဘာ့ဖလားအိမ်ရှင် ရွေးချယ်မှု အရှုပ်တော်ပုံ စုံစမ်းမှု အစီရင်ခံစာ  အပြည့်အစုံ ဖီဖာထုတ်ပြန်မည် မဟုတ်

    ကမ္ဘာ့ဖလားအိမ်ရှင် ရွေးချယ်မှု အရှုပ်တော်ပုံ စုံစမ်းမှု အစီရင်ခံစာ အပြည့်အစုံ ဖီဖာထုတ်ပြန်မည် မဟုတ်

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    299530_heroa
    – ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပွဲတွင် ပြုလုပ်ခဲ့ဖွယ်ရှိသည့် ချစားမှုနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို အမေရိကန် တရားသူကြီးချုပ် မိုက်ကယ် ဂါစီယာထံမှ ရရှိခဲ့သည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အတည်ပြုခဲ့သည်။

    ရုရှားနှင့် ကာတာတို့အား အိမ်ရှင်အဖြစ်ရွေးချယ်ရာတွင် ချစားမှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုကိစ္စအား စုံစမ်းရန်အတွက် ဖီဖာက ဂါစီယာအား အပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဂါစီယာက စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီးနောက် အစီရင်ခံစာကို ယမန်နေ့က ဖီဖာအား ပေးအပ်ခဲ့သည်။

    “၂၀၁၄ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့မှာ ဖီဖာကျင့်ဝတ်ရေးရာ ကော်မတီမှ ဥက္ကဌ မိုက်ကယ် ဂျေ ဂါစီယာနဲ့ ဒုတိယဥက္ကဌ ကော်နဲလ် ဘော်ဘလီတို့က စာမျက်နှာ ၃၅၀ ပါရှိတဲ့ အစီရင်ခံစာတစ်စောင်ကို ဖီဖာထံသို့ ပေးအပ်ခဲ့ပါတယ်။ အဲဒီ့အစီရင်ခံစာရဲ့ ခေါင်းစဉ်ကတော့ “၂၀၁၈/၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပွဲအတွက် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ” ဖြစ်ပါတယ်” ဟု ဖီဖာမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုအစီရင်ခံစာတွင် စုံစမ်စစ်ဆေးမှုမှ တွေ့ရှိရသည့်အချက်များကို အသေးစိတ် ဖော်ပြထားပြီး၊ အချို့သောသူများအား လေးစားမှုနှင့်အတူ အရေးယူဆောင်ရွက်ရမည့် ကိစ္စနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်များ၊ အခြားသော ဖီဖာကော်မတီများကို လွှဲပြောင်း ပေးအပ်ရမည့် ကိစ္စရပ်များ အနာဂတ် အိမ်ရှင်ရွေးချယ်မှုများအတွက် အကြံပြုချက်များ စသည်တို့ကိုဖော်ပြထားသည်။

    စုံစမ်းစစ်ဆေးမှုများပြုလုပ်ချိန်တွင် သက်သေပေါင်း ၇၅ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး၊ စာရွက်စာတမ်းပေါင်း ၂ သိန်းကျော်ကို လေ့လာဆန်းစစ်ခဲ့ကာ ယခုအစီရင်ခံစာကို ရေးသားခဲ့ခြင်းဖြစ်သည်။

    အစီရင်ခံစာတွင်ပါဝင်သော အစိတ်အပိုင်းအားလုံးကို မထုတ်ပြန်ရန် ဖီဖာက ဆုံးဖြတ်ခဲ့ပြီး မည်သည့် အစိတ်အပိုင်းအား အများပြည်သူများကို ထုတ်ပြန်သွားမည်ဆိုသည်နှင့် ပတ်သက်၍ ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနှင့် အခြာသော အကြီးတန်းအရာရှိများက ဆုံးဖြတ်သွားမည်ဖြစ်သည်။

  • ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ၏  ကြေငြာချက် အပေါ် မြန်မာ မွတ်စလင် အသိုင်းအဝို်င်းရဲ့ တုံ့ပြန်မှု (၂)

    ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ၏ ကြေငြာချက် အပေါ် မြန်မာ မွတ်စလင် အသိုင်းအဝို်င်းရဲ့ တုံ့ပြန်မှု (၂)

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး၊ လမင်း တွေ့ဆုံမေးမြန်းသည်။

    ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ၏  ကြေငြာချက်အပေါ် KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်၏ အမြင်သဘောထား
    U Thein win aungISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါအဖွဲ့၏ ကြေငြာချက်အား KAFTG ဃရာနာ အစ္စလာမ်သာသနာ ပရမတ္ထမိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော် ခလီဖွှဟ် ဦးသိန်းဝင်းအောင်က သူ၏အမြင်ကို အခုလို ပြောကြားခဲ့ပါတယ်။

    “ဒီကနေ့ ISIS အဖွဲ့ဆိုပြီးတော့ ကမ္ဘာမှာ လူတွေကိုအပြစ်မဲ့ သတ်ဖြတ်မှုတွေကို ကလိမာဟ် စာတန်းတွေရဲ့ရှေ့ ဗလီဝတ်ကျောင်းတော်တွေရဲ့ရှေ့တွေမှာ သတ်နေတာတွေကို ရုပ်သံတွေနဲ့ကမ္ဘာကိုလွှင့်နေကြတာဟာ အစ္စလာမ်သာသနာကို အကြမ်းဖက် သာသနာလို့ ကမ္ဘာကစွပ်စွဲအောင် လုပ်နေကြတာပါ။ အစ္စလာမ်ဘာသာက ဒီလိုခိုင်းထားတာမဟုတ်ပါဘူး။ သူ့တို့တစ်တွေလုပ်နေတဲ့ လုပ်ရပ်တွေက အစ္စလာမ်ဘာသာဝင်တွေ လုပ်ရမယ့်အလုပ်တွေနဲ့ လုံးဝကိုဆန့်ကျင်နေပါတယ်။ တမန်တော်မိုဟမ္မဒ် လက်ထက်ကတည်းက အပြစ်မဲ့လူတွေကို သတ်ဖြတ်တယ်ဆိုတာ လုံးဝကိုမရှိခဲ့ပါဘူး။ သူတို့တွေအခုလုပ်နေတဲ့ လုပ်ရပ်တွေဟာ အစ္စလာမ်နဲ့ ဘာမှမဆိုင်ပါဘူး။

    ကျမ်းတော်မြတ်ကုရ်အာန်မှာ လူတစ်ယောက်ကို ကူညီတာသည် လူတစ်ယောက်ရဲ့အသက်ကို ကယ်လိုက်တာသည် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားကိုကယ်တဲ့အကျိုးကို အလ္လာဟ်အရှင်မြတ်ကပေးမယ်။ အပြစ်မရှိတဲ့ လူတစ်ယောက်ရဲ့အသက်ကို သတ်တာသည် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားမျိုးနွယ်တွေကို သတ်ခြင်းနဲ့တူတယ်လို့ မိန့်တော်မူထားတယ်။ ကျမ်းမြတ်ကုရ်အာန်ဆိုတာ တစ်ကမ္ဘာလုံးက အစ္စလာမ်ဝင် လူသားတိုင်း လိုက်နာရမယ့်အရာဖြစ်တယ်။ ကုရ်အာန်က ဒီလို မိန့်တော်မူထားတဲ့အတွက် ဒီကနေ့ဖြစ်နေတဲ့ အကြမ်းဖက်တယ်တို့ အပြစ်မရှိတဲ့လူတွေကို သတ်တယ်တို့ဆိုတာ အစ္စလာမ်ဘာသာနဲ့ မဆိုင်သလို ကျွန်တော်တို့အနေနဲ့ အားလည်းမပေးပါဘူး။”

    အခုရက်ပိုင်းမှာ အလ်ကိုင်ဒါအဖွဲ့ရဲ့ အိန္ဒိယတို့ မြန်မာနိုင်ငံတို့ဘက် ၀င်ရောက်မယ်ဆိုတဲ့ ကြေငြာချက်အပေါ် သဘောထားခံယူချက်ကိုလည်း အခုလို ပြောပြပြန်ပါတယ်။

    “အလ်ကိုင်ဒါအဖွဲ့ဆိုတာ တကယ်တမ်းမှာ သူတို့ကိုယ်တိုင်က ပြေးရှောင်နေရသူတွေပါ။ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူ အိုစမာဘင်လာဒင် ကိုယ်တိုင်လည်း ပြေးရှောင်ရင်း သေဆုံးသွားခဲ့ရတာပါ။

    ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုလုပ်ရပ်တွေ လုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ကာကွယ်ရမှာပါ။ အစ္စလာမ် ဘာသာကို နှိပ်ကွပ်တဲ့အတွက် တိုက်ခိုက်မယ်ဆိုရင် အကြမ်းမဖက်နည်းနဲ့ တိုက်မယ်ဆိုရင် ကျွန်တော်တို့လည်း တိုက်ဖျက်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရ မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံး မှန်တယ်လို့ ကျွန်တော်မပြောဘူး။ ဒါပေမယ့် နှိပ်ကွပ်မှုတွေကို အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းနဲ့ တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့လည်း ပါဝင်မယ်။ ကျွန်တော်တို့က Pro မဟုတ်ဘူး anti ပဲ။ အကြမ်းဖက် နည်းလမ်းနဲ့ အပြစ်မရှိသူတွေ၊ ရဟန်းရှင်လူ ပြည်သူတွေကို တိုက်ခိုက်မယ်ဆိုရင်တော့ အကြမ်းဖက်ကို အားမပေးတဲ့ အပြင် အကြမ်းဖက်ကို ဆန့်ကျင်ပြီး ကျွန်တော်တို့က ကာကွယ်မယ့်သူတွေ ဖြစ်တယ်။

    မြန်မာနိုင်ငံမှာ ဖိနှိပ်နေတာ ချုပ်ချယ်နေတာရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့လည်း ဆန့်ကျင်တယ် ကန့်ကွက်တယ်။ သားစဉ်မြေးဆက်လည်း ဖိနှိပ်လာတယ်၊ ချုပ်ချယ်လာတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ဖိနှိပ်လာရင် တတ်နိုင်သလောက် ဆန့်ကျင်မယ် ကာကွယ်မယ် ကန့်ကွက်မယ်။ အခုလိုပြောတာက ကျွန်တော်တို့က အစိုးရက လော်ဘီလည်းမဟုတ်ဘူး၊ လက်ကိုင်တုတ်လည်းမဟုတ်ဘူး။ မတရားတာရှိရင် မတရားတာကိုပြောမယ်။ ဥပဒေရှိတယ်၊ ဥပဒေအတွင်းက ပြောမယ်။ ဥပဒေအတွင်းက ဆန့်ကျင်မယ်၊ နိုင်ငံရေးအရ တိုက်ဖျက်မယ်။ အသက်သေဆုံးသည့်တိုင် တိုက်ဖျက်သွားမယ်။ အဲ့ဒါ ကျွန်တော်တို့ရဲ့ ခံယူချက်။

    ဒါပေမယ့် အပြစ်မရှိတဲ့လူတွေကို အကြမ်းဖက်လုပ်လာရင် ပြည်သူလူထုနဲ့အတူ ကာကွယ်ပြီး အကြမ်းဖက်ကို ကျွန်တော်တို့ကိုယ်တိုင် တိုက်ခိုက်မှာဖြစ်တယ်။ ဒါက ကျွန်တော်တို့ရဲ့ သဘောထားပါပဲ။”
    ====================================
    ISIS လုပ်ရပ်များနှင့် အလ်ကိုင်ဒါ၏ အကြမ်းဖက်မှု ကြေငြာချက်အပေါ် သျှီအာအိုလမာ ဥက္ကဋ္ဌ ဦးခင်မောင်ဦး ၏ အမြင်သဘောထား
    ISIS အပေါ် သဘောထားအမြင်ကို သျှီအာအိုလမာ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အခုလို ပြောပြခဲ့ပါတယ်။

    999268_548869968488811_913555310_n“IS ရဲ့ လက်ရှိအခြေအနေမှာ သူတို့က တစ်မြို့ကို သိမ်းထားတယ်လို့ သိရတယ်။ နောက်ပြီးတော့ ဆီးရီးယားနဲ့ ဂျရတ်နဲ့က ဘော်ဒါတွေ အဲ့ဒါတွေကို တဘက်က ပိတ်ပစ်လိုက်တယ်။ အဲ့လို ပိတ်ပစ်လိုက်တဲ့အခါ သူတို့မှာ ထွက်ပေါက်မရှိဘူးလိုဖြစ်နေတယ်။ လက်ရှိအနေထားမှာ IS က မြို့ကို သိမ်းထားပေမယ့် အများပြည်သူက လက်မခံဘူး။ အဲ့ဒီမှာက သျှီအာက minority စွန္နီက majority ပါ။ တိုက်တဲ့နေရာမှာ တော်တော်များများ စွန္နီတချို့ကလည်း သူတို့ကို လက်မခံဘူး။ သူတို့သိမ်းထားတဲ့နေရာတွေမှာ အခွန်ကောက်တာတို့ အဓမ္မအဖွဲ့ထဲကို ဆွဲသွင်းတာတို့လုပ်တာ သိရတဲ့အတွက် လက်မခံကြဘူး။ မီဒီယာဆိုတာကတော့ ကိုယ်လိုချင်တဲ့ဘက်ကို ဇောင်းပေးပြီး ဖော်ပြတာတွေရှိတတ်တယ်။

    မီဒီယာရဲ့သဘောကတော့ တစ်ဘက်ထဲကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ ကိုယ်ယူတဲ့ ရှုထောင့်ကနေ ဖော်ပြတတ်ကြတယ်။ Opposite ရှိတတ်တယ်။ ရှင်းရှင်းပြောရရင် သာမန်လူသားတွေ အနေနဲ့က အဲ့ဒီနေရာ ကိုယ်ရောက်တာမှ မဟုတ်တာ။ ကိုယ်က သွားပြီး မြင်တာ ကြည့်တာ မဟုတ်တဲ့အတွက် နှစ်ဖက် မီဒီယာကို သုံးသပ်လိုက်ရင် အနီးစပ်ဆုံး အဖြေတစ်ခုတော့ ထွက်လာတယ်။ အခု IS ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေ ဘယ်လိုပဲ ဖော်ပြဖော်ပြ ဒီ IS က သိမ်းမယ် ဆိုတာက ဖြစ်နိုင်မလား။ Possible ဆိုတာရှိတယ် impossible ဆိုတာရှိတယ်။ Nothing တော့ မဟုတ်ဘူး။ အခုလက်ရှိက ဇီယွန်ဝါဒီကို တိုက်ခိုက်ရမှာဖြစ်ပြီး ဘာလို့ အချင်းချင်း ပြဿနာရှာရမှာလဲ။ အချင်းချင်း ပြဿနာရှာမယ့်အစား တခြားမှာ ကလေးတွေသေနေတယ်၊ မိန်းမတွေ၊ အပြစ်မဲ့ပြည်သူတွေသေနေတာရှိပေမယ့် အဲ့ဒီမှာ မလုပ်ပဲ ဘာလို့ ဒီမှာမှ လာလုပ်နေလဲ။ ၀ါဒမတူတိုင်း ရန်သူမှ မဟုတ်တာပဲ။”

    အလ်ကိုင်ဒါ၏ အကြမ်းဖက်မှုလုပ်ရပ်များအား မြန်မာနိုင်ငံသို့ ၀င်ရောက်မည်ဆိုသည့် ကြေငြာချက်အပေါ် သူ၏ သဘောထားအမြင်ကိုလည်း အခုလို ထပ်မံ ပြောပြခဲ့ပါတယ်။

    အလ်ကိုင်ဒါက ၀င်မယ်ဆိုတာ သူတို့ကြေညာနေတာတွေရှိတယ်။ ဘယ်လိုဖြစ်ဖြစ် ၀င်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ အဲ့ဒီ ကြေငြာချက် ကတော့ မြန်မာပြည်မှာရှိတဲ့ မွတ်စလင်တွေ အတွက် မကောင်းဘူး။ ဒါက ရှင်းရှင်းပြောမယ်ဆိုရင် ကိုယ့်အရေးကို ကိုယ်ပဲ ဖြေရှင်းရမယ်။ ဟိုနိုင်ငံက ငါတို့ကို ကူညီမလား၊ ဒီနိုင်ငံက ငါတို့ကို ကူညီမလားဆိုတဲ့ ဒွေးတော်လွမ်းတဲ့ ကိစ္စတွေကို ဘေးဖယ်ထားပြီး လက်ရှိဖြစ်ပျက်နေတဲ့အရေးမှာ သိထားရမှာက ငါတို့သည် နိုင်ငံခြားသားတွေမဟုတ်ဘူး။ ငါတို့သည် ပုန်ကန်နေတဲ့သူတွေလည်း မဟုတ်ဘူး။

    ပုန်ကန်နေတဲ့သူမဟုတ်တဲ့အတွက် လက်ရှိအခြေခံဥပဒေမှာရော ယခင်အခြေခံဥပဒေမှာရော နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသလို နိုင်ငံသားတိုင်းဟာ တန်းတူညီမျှအကျိုးကို ခံစားခွင့် ရှိတယ်ဆိုတာ ဖော်ပြထားတယ်။ နောက်တစ်ခုက နိုင်ငံသားတိုင်းရဲ့ အသက်အိုးအိမ် စည်းစိမ်ကို နိုင်ငံတော်က အပြည့်အ၀ ကာကွယ်ပေး ရမယ်ဆိုတာ ရှိနေတယ်။ ဒီလို ရှိနေတဲ့အတွက် ဒါက သီးသန့် တောင်းဆိုနေတာ မဟုတ်ဘူး။ ဒီနေ့အထိ ဘယ်မွတ်စလင်ကမှ ငါတို့ကို ပြည်နယ်တစ်ခုပေးပါလို့ တောင်းဆိုထားတာ မရှိဘူး။ အခုလို တောင်းနေတာလည်း မဟုတ်တဲ့အတွက် ဒီကိစ္စက တစ်ဘက်စောင်းနင်းတွေ ရှိကောင်းရှိနိုင်တယ်၊ ရှိလည်း ရှိနေတယ်။ ဒါကြောင့် ကိုယ့် right အတွက်ကတော့ ကိုယ်ပဲ ရပ်တည်ရမယ်

    ကုရ်အာန်ကလည်း ဘာပြောထားလဲဆိုတော့ အကြင်လူမျိုးတို့သည် မိမိတို့ကိုယ်ကို မိမိတို့ မပြောင်းလဲသရွေ့ ကာလပတ်လုံး ငါအရှင်က ထိုသူတို့ကို ပြောင်းလဲပေးမည် မဟုတ်တဲ့။ မိမိအပြောင်းအလဲအတွက် မိမိ ပြောင်းလဲနိုင်ရမှာပါ။ အကြမ်းဖက်ဆိုတာကိုက အစ္စလာမ်မှာ အကြမ်းဖက်ဆိုတာ မရှိဘူး။ တစ်ခုကတော့ ကိုယ့်ရဲ့ right အတွက် အစ္စလာမ်မှာ ဂျီဟာဒ်ဆိုတာ Defense ကိုပြောတာ။ သူများကို အလကား တိုက်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအလ်ကိုင်ဒါရဲ့ ပြောကြားချက်ကတော့ ကျွန်တော့်အနေနဲ့ မထောက်ခံဘူး။”

    ISIS အဖွဲ့ နှင့် ၄င်းတို့ လုပ်ရပ်များ အပေါ် မြန်မာမွတ်စလင် အသိုင်းအဝိုင်းရဲ့ သဘောထား (၁) ဖတ်ရန်

  • တမန်တော် မုဟမ္မဒ် ရဲ့ အုတ်ဂူအား ဖယ်ရှားမည့် သတင်း မမှန်ကြောင်း ဆော်ဒီ အာဏာပိုင်များ သတင်းထုတ်

    တမန်တော် မုဟမ္မဒ် ရဲ့ အုတ်ဂူအား ဖယ်ရှားမည့် သတင်း မမှန်ကြောင်း ဆော်ဒီ အာဏာပိုင်များ သတင်းထုတ်

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media

    8a5135c9-8844-4a00-a709-ea1667d2f308_16x9_600x338
    ဗြိတိန် The Independent သတင်းစာမှာ ဖော်ပြခဲ့သည့် သတင်းအမှား

    – တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ၏ အုတ်ဂူအား ဖြိုချပစ်မည်ဟူသော သတင်းမှာ မဟုတ်မှန်ဟု မြင့်မြတ်သော ၀တ်ကျောင်းတော်နှစ်ခုအား စောင့်ရှောက်ရေးအဖွဲ့ The General Presidency of the Two Holy mosques က ငြင်းချက်ထုတ်ခဲ့သည်ဟု အလ်-ဂျာဇီးရား သတင်းဌာနက ကြာသာပတေးနေ့တွင် ဖော်ပြခဲ့သည်။

    မုဟမ္မဒ်သခင်၏ အုတ်ဂူအား ဖြိုချပြီး ရုပ်ကလပ်တော်ကိုလည်း ဖယ်ရှားသွားမည်ဆိုသည့် အဆိုပါသတင်းကို ဆော်ဒီပညာရှင်တစ်ဦးမှ မဂ္ဂဇင်တစ်စောင်တွင် အဆိုပြုထားခြင်းကို  ကိုးကား၍ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဗြိတိန် သတင်းစာတစ်စောင်ဖြစ်သည့် The Independent က ဖော်ပြခဲ့သည်။

    သို့သော် မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်နှစ်ခုအား စောင့်ရှောက်ရေးအဖွဲ့ကမူ အဆိုပါ ပညာရှင်၏ အဆိုပါပြုချက်မှာ မြင့်မြတ်သောဗလီဝတ်ကျောင်းတော်ကို တစိုက်မတ်မတ် စောင့်ရှောက်မည့် ဆော်ဒီအစိုးရနှင့် ပတ်သက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ထို့ပြင် စောင့်ရှောက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် မိုဟာမက် အလ်-မန်စူရီကလည်း အဆိုပါသတင်းမှာ ထိုပညာရှင်၏ သဘောထားသည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗျရှိ Makkah သတင်းစာမှ လက်ထောက်အယ်ဒီတာချုပ် မိုဝါဖက် အလ်-နိုဝေစာကမူ The Independent သတင်းစာမှာ သြဂုတ်လ ၂၅ ရက်နေ့က Saudi Daily သတင်းစာတွင် ဖော်ပြခဲ့သော အာရဗီ ဆောင်းပါးတစ်ခုကို ခိုးယူ၍ တလွဲဘာသာပြန်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    The Independent  သတင်းစာမှ လက်ထောက် အယ်ဒီတာ ၀ီလ် ဂိုရီကမူ ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက Makkah သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းအား သိရှိခြင်းမရှိဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့ဖော်ပြခဲ့သည်သတင်းမှာ မှန်ကန်သည်ဟု ပြောကြားခဲ့ပြီး အခြားသာ ဗြိတိန်ဝဘ်ဆိုက်များကလည်း ထိုသတင်းကို ထပ်ဆင့် မျှဝေခဲ့ကြသည်။

    The Independent မှ ဖော်ပြသည့် အဆိုပါသတင်းတွင် ဆော်ဒီအာဏာပိုင်များ၏ အတည်ပြုချက် သို့မဟုတ် မှတ်ချက်များ ပါဝင်ခဲ့ခြင်းမရှိပေ။ Al Arabiya သတင်းဌာနက စုံစမ်းရာ ထိုကိစ္စမှာ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ပညာရှင်တစ်ဦး၏ အဆိုပြုချက်ထက် မပိုဘဲ အစိုးရ၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ဆော်ဒီအစိုးရက ပြန်လည်ဖြေကြားခဲ့သည်။

    ref_Al Arabiya English

  • အီတလီအသင်းမှာ အနာဂတ်တွင် အောင်မြင်မှုရမည်ဟု နည်းပြသစ် ကွန်တီဆို

    အီတလီအသင်းမှာ အနာဂတ်တွင် အောင်မြင်မှုရမည်ဟု နည်းပြသစ် ကွန်တီဆို

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    452467_heroa
    – ထူးခြားသည့် ကစားသမားများရှိနေသည့် မိမိတို့အသင်းမှာ အနာဂတ်တွင် အောင်မြင်မှု အသီးအပွင့်ကို ခံစားရလိမ့်မည်ဟု အီတလီနည်းပြသစ် ကွန်တီက ပြောကြားလိုက်သည်။

    နည်းပြအဖြစ်တာဝန်ယူပြီးနောက် ပထမဆုံးကစားခဲ့သည့် ယမန်နေ့ ခြေစမ်းပွဲတွင် အီတလီအသင်းမှာ ဟော်လန်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး၊ ကွန်တီကမူ ကစားသမားများ၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ကာ၊ အနိုင်ရလိုသည့် စိတ်ဓာတ် ပိုမိုပြသနိုင်ပါက အောင်မြင်နိုင်မည်ဟု မှတ်ချက်ပေးခဲ့သည်။

    “ရလဒ်ထက် အသင်းကစားသားမားတွေရဲ့ တုံ့ပြန့်မှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ကြိုးစားအားထုတ်မှုပိုင်း၊ အနိုင်ရလိုမှုနဲ့ ရှေ့ဆက်သွားချင်တဲ့ အယူအဆပိုင်းတွေမှာ တကယ့်ကို တိုးတက်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေက ကျွန်တော်တို့ကို ယုံကြည်မှု၊ စိတ်အားထက်သန်မှုနဲ့  အများက ယုံကြည်လက်ခံနိုင်မှုတွေကို ပေးပါတယ်” ဟု ကွန်တီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ထူးခြားသည့်ကစားသမားများ ပါဝင်သော ထူးခြားသည့်အသင်းဖြစ်ပြီး ရှေ့ဆက်ကြိုစားသွားပါက အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အီတလီအသင်းမှာ လာမည့်အင်္ဂါနေ့တွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် နော်ဝေအသင်းနှင့် ကစားရမည်ဖြစ်သည်။