News @ M-Media

ဖိလစ်ပိုင် မွတ်စ်လင်မ်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အတွက် ဖိလစ်ပိုင်လွှတ်တော် ဥပဒေပြဋ္ဌာန်းမည်

စက်တင်ဘာ ၁၁ ၊ ၂၀၁၄
M-Media

BDF73A37-D6D8-4A1B-B1BB-4C3B7501DE67_w640_r1_s
ဖိလစ်ပိုင်သမ္မတ အကွီနိုနှင့် Moro သူပုန်အဖွဲ့ ခေါင်းဆောင်တို့ တွေ့ဆုံပွဲတခုမှာ တွေ့ရစဉ် (Photo- VOA)

မင်ဒါနော၌ တည်ဆဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အစားထိုးမည့် အာဏာပိုင်တစ်ရပ် ဖန်တီးရေး ဥပဒေအား ပြဋ္ဌာန်းနိုင်ရန် ဥပဒေပြုသူများကို သမ္မတ အကွီနိုမှ တိုက်တွန်းလိုက်သည်။

ဖိလစ်ပိုင်သမ္မတ ဘီနစ်နို အကွီနိုက  တောင်ပိုင်းပြည်နယ်တွင် မွတ်စ်လင်မ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဖော်ဆောင်မည့် ဥပဒေတစ်ရပ်အား မတုန့်မဆိုင်းပြဋ္ဌာန်းပေးလိုက်ရန် နိုင်ငံ့လွှတ်တော်သို့ တိုက်တွန်းပြောကြားလိုက်ပြီဖြစ်သည်။

လူပေါင်း တစ်သိန်းနှစ်သောင်းကျော် အသက်ဆုံးရှုံးပြီး (၂)သန်းခန့် အိုးအိမ်မဲ့ခဲ့ရသော ပုန်ကန်မှုကြီး အဆုံးသတ်စေသည့် စာချုပ်လက်မှတ်ကို နှစ်ဖက်နှစ်ဝစလုံး သဘောတူလက်မှတ်ထိုးခြင်းကို မြင်တွေ့နိုင်ပြီဖြစ်ရာ နှစ်ပေါင်း(၅၀)နီးပါး ပဋိပက္ခဖြစ်ပွားနေမှု အဆုံးသတ်သွားစေရန် ရည်ရွယ်၍ ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။ ထိုပဋိပက္ခများကြောင့် သဘာဝသယံဇာတကြွယ်ဝသော်လည်း ထိုဒေသမှာ ဖွံ့ဖြိုးမှုဆုံးရှုံးနေရသည်။

သဘောတူညီချက်ရရှိပြီးနောက် အစိုးရဖက်မှ ပဋိညာဉ် ချိုးဖောက်သည်ဟု သူပုန်များက စွပ်စွဲခဲ့သဖြင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်များမှာ သံသယ၏ သားကောင် ဖြစ်သွားခဲ့ရသည်။

သို့သော် အဓိက သူပုန်အုပ်စု Moro Islamic Liberation Front (MILF) မှ တပ်ဖွဲ့ကို ဖျက်သိမ်း၍ လက်နက်ချမည်၊ အပြန်အလှန်အားဖြင့် ဘန်ဆာမိုရိုဒေသရှိ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ် အာဏာတည်စေရမည်ဟူသော သဘောတူညီချက်ဖြင့် အပြင်းအထန် စေ့စပ်ညှိနှိုင်းနိုင်သောကြောင့် ပဋိညာဉ်အား ပြန်လည်အဖတ်ဆယ်နိုင်ခဲ့သည်။

၎င်းနှင့်သက်ဆိုင်သောအခမ်းအနားတွင် အကွီနိုက “ဒီဥပဒေကြမ်းကို ကာလတစ်ရပ်အတွင်း အမြန်ဆုံးအတည်ပြုဖို့ ကျွန်တော်တို့က ကွန်ကရက်ကို တိုက်တွန်းထားပါတယ်။ တကယ်လို့ ဒီဥပဒေကိုပြဋ္ဌာန်းနိုင်ရင် ကျွန်တော်တို့ရဲ့ မိုရိုညီနောင်တွေ ပြင်ဆင်ဖို့ လုံလောက်သောအချိန်ကို ပေးနိုင်ရပါမယ်။ သို့အားဖြင့် ဘန်ဆာမိုရိုဒေသအတွက် အရေးပါအကျိုးရှိတဲ့ တည်ငြိမ်စိုးမိုးရေးမျိုးစေ့ချပေးရာ ရောက်ပါတယ်”ဟူ၍ သူ၏အစိုးရသက်တမ်းကုန်ဆုံးမည့် ၂၀၁၆၊ ဇွန်လမတိုင်မီ အကောင်အထည်ပေါ်လာစေရန် စိတ်အားထက်သန်ကြောင်း ပြောဆိုသွားသည်။

၂၀၁၆ ခုနှစ် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မှီ ယင်းအပြောင်းအလဲကာလအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဖြစ်ရေးအတွက် သူပုန်ခေါင်းဆောင်များက မျှော်လင့်ထားသလို MILF အဖွဲ့သည်လည်း လက်နက်ကိုင်အဖွဲ့အစည်းမှ နိုင်ငံရေးပါတီအသွင်သို့ ကူးပြောင်းမည်ဖြစ်သည်။

ပဋိညာဉ်စာချုပ်အရ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ကျယ်ပြန့်သောနယ်ပယ်ကို အခွန်၊ ပါမစ်၊ လိုင်စင် အစရှိသည့် ကြီးမားသည့်လုပ်ပိုင်ခွင့်များဖြင့် လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့် ရရှိစေမည်ဖြစ်သည်။

ref_Reuters

Comments

Leave a Reply