News @ M-Media

Blog

  • မွတ်စလင်ကမ္ဘာတွင် ISIS(ISIL) အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    မွတ်စလင်ကမ္ဘာတွင် ISIS(ISIL) အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    M-Media

    ဒုတိယမြောက် အမေရိကန်ဂျာနယ်လစ်အား သတ်ဖြတ်ခဲ့ပြီးနောက် မွတ်စလင်ကမ္ဘာတွင် IS အဖွဲ့အား ဆန့်ကျင်မှုများ များပြားလာ

    SunniRebels-Scholars-Reject-ISIL-Caliphate

    – ဆီးရီးယားတွင် ဖမ်းဆီးခြင်းခံထားရသည့် ဒုတိယမြောက် အမေရိကန် ဂျာနယ်လစ် စတီဗင် ဆော့တ်လုဖ်ကို IS အဖွဲ့က သတ်ဖြတ်မှုက မွတ်စလင် ကမ္ဘာအား ဒေါသထွက်စေ ခဲ့ပြီး အစ္စလာမ့် အဆုံးအမနှင့် ဆန့်ကျင်သည့် IS အဖွဲ့အား ရှုတ်ချ ဆန့်ကျင်မှုလည်း ပိုမိုတိုးပွားလာခဲ့သည်။

    “အစ္စလာမ့်မစ်နိုင်ငံတော်လို့ခေါ်တဲ့ IS က ဆီးရီးယားမှာ အမေရိကန် ဂျာနယ်လစ် စတီဗင်ဆော့လုဖ်ကို ခေါင်းဖြတ်သတ်တာဟာ ရိုင်းစိုင်းတဲ့လုပ်ရပ်၊ အစ္စလာမ်သာသနာရဲ့ မြင့်မြတ်တဲ့ သင်ကြားမှုနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်ပါပဲ။ အပြစ်မဲ့တဲ့လူကို သတ်ဖြတ်တာကို အစ္စလာမ်သာသနာနဲ့ တန်းညှိလို့မရပါဘူး” ဟု အီဂျစ်ရှိ အလ်-အဇ်ဟာရ် အစ္စလာမ့်တက္ကသိုလ် အစ္စလာမ့်လေ့လာမှုဌာနမှ ပါမောက္ခ ဒေါက်တာ ၀ါအိ ရှီဟဘ်က ယမန်နေ့တွင် OnIslam.net သို့ ပြောကြားခဲ့သည်။

    မိမိတို့တပ်ဖွဲ့များအား အမေရိကန်က လေကြာင်းမှတိုက်ခိုက်မှုများ ပြုလုပ်မှုကို လက်စားချေခြင်းဟုဆိုကာ စတီဗင်အား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို IS အဖွဲ့က အင်္ဂါနေ့တွင် လွှင်တင်ခဲ့ပြီး ဖမ်းဆီးထားသည့် အခြား ဗြိတိန်ဂျာယ်လစ်တစ်ဦးကိုလည်း သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ စတီဗင်မှာ ဂျိမ်းဖိုလေးပြီးနောက် IS အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဒုတိယမြောက် အမေရိကန် ဂျာနယ်လစ်ဖြစ်သည်။

    “ဂျာနယ်လစ်တွေကို အခြားသော အရပ်သားတွေလိုပဲ စစ်ဖြစ်နေချိန်မှာတောင်မှ အစ္စလာမ့်ဥပဒေက အကာကွယ်ပေးထားပြီး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တွေမှာလည်း ဒီလို အကာအကွယ်ပေးထားပါတယ်။ ဒ့ါကြောင့် တစ်ကမ္ဘာလုံးက မွတ်စလင်တွေ ရှုတ်ချနေတဲ့ ဒီရာဇ၀တ်မှုကို ကျူးလွန်တဲ့ IS ဟာ အစ္စလာမ့်ရဲ့ တန်ဖိုးတွေကို ဗြောင်ချိုးဖောက်တာပါပဲ” ဟု ရှီဟဘ်က ထည့်သွင်းပြောကြားခဲ့သည်။

    IS ၏ ထိုလုပ်ရပ်အတွက် အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့ CAIR ကလည်း ယမန်နေ့တွင် ကြေညာချက် ထုတ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်။

    “အစ္စလာမ်ရဲ့သွန်သင်မှုနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်အဖွဲ့ IS ရဲ့လုပ်ရပ်အတွက် အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေရဲ့ တုန်လှုပ်မှု၊ ရွံရှာမှုနဲ့ ၀မ်းနည်းမှုတွေဟာ ပြောပြလို့ကို မရပါဘူး။ IS ရဲ့ ရာဇ၀တ်မှု ကျူးလွန်မှုတွေက အစ္စလာမ်သာသနာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်” ဟု CAIR မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ငြိမ်းချမ်းရေး၊ တရားမျှတမှုတို့အား မြှင့်တင်ရန်အတွက် ဘာာပေါင်းစုံမှ လူများ၏ ကြိုးစားအားထုတ်မှုကို ၂ ဆမြှင့်ကာ အဆိုပါ ရိုင်းစိုင်းကြမ်းကြုတ်သော လုပ်ရပ်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နှလုံးသားများမှာ စတီဗင်၏ မိသားစုများ၊ IS အဖွဲ့၏ သတ်ဖြတ်မှုကို ခံခဲ့ရသူများ၏ မိသားစုများနှင့်အတူ ကြေကွဲ ၀မ်းနည်း ရပါကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကလည်း IS ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

    အီဂျစ်ရှိ ဒုတိယအကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်သည့် Fatwa House ကလည်း စတီဗင် ဆော့တ်လုဖ်အား သတ်ဖြတ်ခဲ့သည့်လုပ်ရပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်သာသနာနှင့် မွတ်စလင်တို့၏ပုံရိပ်ကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ Fatwa House မှာ IS အားဆန့်ကျင်သည့် ကမ္ဘာ့လုံးဆိုင်ရာ အွန်လိုင်းလှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေသော အဖွဲ့လည်းဖြစ်သည်။

    IS အဖွဲ့ဝင်အများစုမှာ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်အား ဆန့်ကျင်တိုက်ခိုက်ရန် အမေရိကန်က လက်နက်တပ်ဆင်လေ့ကျင့်ပေးထားသည့် ဆီးရီးယားသူပုန်များ ဖြစ်ကြသည်ဟု မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

    အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူများကလည်း IS အဖွဲ့အား လက်နက်ထောက်ပံ့သည့်နိုင်ငံများမှာ အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သည့် အစ္စရေးနှင့် ဗြိတိန်တို့သာဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။

    IS အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ခလီဖာအဖြစ် ကြေညာထားသူ ဘဂ္ဂါဒီမှာ အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့မှ ထောက်လှမ်းရေးတစ်ဦးဖြစ်သည်ဟု ဆိုရှယ် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သော်လည်း တရားဝင်အထောက်များ ထွက်ပေါ်လာခြင်းမရှိသေးပေ။

    Ref=OnIslam & News Agencies

  • ISIS အဖွဲ့ နှင့် ၄င်းတို့ လုပ်ရပ်များ အပေါ် မြန်မာမွတ်စလင် အသိုင်းအဝိုင်းရဲ့ သဘောထား (၁)

    ISIS အဖွဲ့ နှင့် ၄င်းတို့ လုပ်ရပ်များ အပေါ် မြန်မာမွတ်စလင် အသိုင်းအဝိုင်းရဲ့ သဘောထား (၁)

    စက်တင်ဘာ ၄၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး တွေ့ဆုံမေးမြန်းသည်။

    ISIS နှင့် လုပ်ရပ်များအပေါ် အစ္စလာမ်သာသနာရေးရာ ကောင်စီ ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးညွန့်မောင်သျှိန်၏ အမြင်သဘောထား

    6e43b1069260eae7f996646c8b8abf4e8e29ec51250e7290b998b6b2adb1cd23

    “မြန်မာနိုင်ငံမှာရှိနေတဲ့ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေအနေနဲ့ အထူးသဖြင့် အစ္စလာမ် သာသနာရေးရာကောင်စီ အနေနဲ့ပြောမယ်ဆိုရင် ISIS ရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ လက်မခံဘူး။ ISIS ရဲ့ လုပ်ရပ်တွေဟာ အထူးသဖြင့် မြန်မာနိုင်ငံမှာနေတဲ့ အစ္စလာမ် သာသနာဝင်တွေရဲ့ အရှက်ရစေတဲ့ လုပ်ငန်းတစ်ခုလို့မြင်တယ်။ သူတို့လုပ်နေတဲ့ လုပ်ရပ်တွေ အားလုံးဟာ အစ္စလာမ့်တရားနဲ့ ဆန့်ကျင်တယ်။ အကြောင်းမဲ့ လူတွေသတ်နေတယ်၊ ငယ်ရွယ်သူတွေကို သတ်နေတယ်၊ အမျိုးသမီးတွေကို သတ်နေတယ်ဆိုတဲ့သတင်းတွေဟာ အတိုင်းအတာ တစ်ခုအထိ မီဒီယာတွေမှာ တွေ့နေရတယ်။

    အစ္စလာမ်သာသနာမှာ လူသတ်တာကို လက်မခံဘူး။ နောက်ပြီးတော့ ဒီကနေ့ ပြောပြောနေကြတဲ့ ဂျီဟာဒ်ဝါဒီ ဂျီဟာဒ် ၀ါဒဆိုတာမှာ ဂျီဟာဒ်ဟာ ၀ါဒလည်းမဟုတ်ဘူး ဂျီဟာဒ်မှာ ၀ါဒီလည်း မရှိဘူး။ ဒါတွေဟာ ဘာတွေကိုဖြစ်စေလဲဆိုတော့ ဒီဝေါဟာရ အသုံးအနှုန်းတွေကို သေသေချာချာ မသိတဲ့လူတွေက ဒါတွေကို သုံးနေတဲ့ အခါကျတော့ အဲ့ဒီဝေါဟာရတွေ သုံးစွဲခံရတဲ့ ဘာသာ သာသနာဝင်တွေရဲ့ ပုံရိပ်မှာ လာထိခိုက်တယ်။ အခု IS လုပ်နေတဲ့ ခေါင်းဖြတ် လူသတ်တယ်ဆိုတာတွေ အားလုံးက အစ္စလာမ်သာသနာရဲ့ ညွှန်ကြားချက်နဲ့ ဖီလာဆန့်ကျင်နေတယ်။ အကယ်၍ မလွဲသာ မရှောင်သာ စစ်ပွဲဖြစ်နေပြီဆိုရင်တောင် အစ္စလာမ့်တရားတော်က ဘယ်လို ညွှန်ကြားထားသလဲဆိုရင် အဲ့ဒီစစ်ပွဲနဲ့မပတ်သက်တဲ့ ရဟန်း သံဃာတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ သာဿနိကအဆောက်အအုံတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဒီပုဂ္ဂိုလ်တွေ၊ နောက် ဥယျာဉ်ခြံမြေတွေ အဲ့ဒါတွေကို မဖျက်ဆီးရဘူး၊ မသတ်ဖြတ်ရဘူး။ သူတို့ကို ဝေးဝေးကနေ ရှောင်ရမယ်လို့ ညွှန်ကြားထားတာတွေ ရှိတယ်။

    အစ္စလာမ်သာသနာဟာ အကြမ်းဖက်တဲ့ သာသနာမဟုတ်သလို အစ္စလာမ်သာသနာဟာ အကြမ်းဖက်ဝါဒကိုလည်း လက်မခံဘူး။ ခွင့်လည်းပြုမထားဘူး။ ဒီလို အကြမ်းဖက်တာဟာ သာသနာဝင်တွေနဲ့လည်း မသက်ဆိုင်သလို လုပ်တဲ့တစ်ဦးစီရဲ့ လုပ်ရပ်ပေါ်မှာပဲ တည်တယ်။ သာသနာရဲ့ အဆိုအဆုံးမနဲ့ သူလုပ်တယ်လို့ ပြောလို့ မရဘူး။ သာသနာက အဲ့ဒီလို အကြမ်းဖက်ဖို့ သင်ကြားမထားဘူး။ အစ္စလာမ်သာသနာမှမဟုတ်ဘူး မည်သည့် သာသနာကမှ အဲ့ဒီလို ညွှန်ကြားမထားဘူး။ လူသတ်ပါလို့ လက်ခံပြီး လူသတ်တဲ့ သာသနာမရှိဘူး။ အစ္စလာမ်သာသနာကလည်း လူသတ်ပါလို့ တိုက်တွန်းမထားဘူး။
        ဒါကြောင့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေလို့ ကင်ပွန်းတပ်ပြီး IS က လုပ်နေတာတွေအားလုံးဟာ ကျွန်တော်တို့ အစ္စလာမ် သာသနာရေးရာကောင်စီ အနေနဲ့ရော မွတ်စလင်တစ်ယောက်အနေနဲ့ရော လုံးဝ လက်ခံနိုင်ဖို့ အကြောင်းမရှိဘူးဆိုတာရယ်၊ စစ်မှန်တဲ့ ကမ္ဘာ့အစ္စလာမ်သာသနာဝင်များအနေနဲ့လည်း ဒီအတိုင်းပဲ ရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

    =====================
    ISIS နှင့် လုပ်ရပ်များအပေါ် ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေ၏ အမြင်သဘောထား

    c24e34c449af7c5c5d6edcf3bfa273fbc78962a4a1dda9ddc1adc75aad6581ee

    ISIS နှင့် လုပ်ရပ်များ အပေါ် သဘောထား အမြင်ကို ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်၏ မူဝါဒရေးရာကော်မတီဝင် တစ်ဦးဖြစ်သလို ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး ကော်မတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေက အခုလို ပြောကြားထားပါတယ်။

    “ISIS လို့သုံးထားတာက Islamic State ထူထောင်မှုလို့ သုံးထားတယ်။ အစ္စလာမ် သာသနာက ဟိုးကမ္ဘာဦးကတည်းက သာသနာ၊ ကျမ်းတော်မြတ်ကုရ်အာန်က အလ္လာဟ်အရှင်မြတ် ချမှတ်ပေးထားတာ။ တမန်တော်မုဟမ္မဒ်က အစ္စလာမ် သာသနာဝင်ဖြစ်လာမယ့် လူသားတွေအားလုံး အတွက် သယ်ဆောင်ပေးထားတဲ့ လမ်းညွှန်ကျမ်း။ ဒီကျမ်းထဲမှာ အကြမ်းဖက် သတ်ဖြတ်ဖို့ လုံးဝ မပါ။ သူတစ်ပါး အသက် သတ်ဖြတ်ဖို့ လုံးဝ မပါ၊ သူတစ်ပါး ပစ္စည်းမတရားယူဆောင်ဖို့ မပါ။ သူတစ်ပါး သားမယား မတရားပြုကျင့်ဖို့ မပါ။ အစ္စလာမ်သာသနာသည် ငြိမ်းချမ်းခြင်း သာသနာ။ ငြိမ်းချမ်းခြင်း သာသနာကို လက်ခံတဲ့ သူတွေကို မွတ်စလင်လို့ခေါ်ပါတယ်။ အစ္စလာမ်သာသနာမှာ လမ်းညွှန်မှုမရှိတဲ့ အကြမ်းဖက်မှု၊ လူသတ်မှုလုပ်ရပ်တွေကို လုပ်သူတွေဟာ အစ္စလာမ် မဟုတ်ဘူးလို့ သဘောပေါက်တယ်။ ဒီလုပ်ရပ်တွေဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ ဒီလုပ်ရပ်တွေကို လုပ်တဲ့သူမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်။

    ပြည်တွင်းက မွတ်စလင်တွေက အကြမ်းဖက်တဲ့ လုပ်ရပ်ကို ပြည်တွင်းမှာ မလုပ်ဘူးဆိုတာ ဘယ်က သက်သေပြသလဲဆိုရင် ပြီးခဲ့တဲ့ ကိစ္စရပ်တွေမှာ အစ္စလာမ်သာသနာဝင်တွေအပေါ် အကြမ်းဖက်တဲ့ကိစ္စရပ်တွေဟာ တဘက်သက်ကိစ္စရပ်တွေဖြစ်တယ်။ အစ္စလာမ် ဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ အစ္စလာမ်ဘာသာဝင်တွေက လက်နက်ကိုင် တိုက်ခိုက် သတ်ဖြတ်တယ်ဆိုတာ မရှိခဲ့ဘူး။

    ဘယ်နိုင်ငံမှာပဲ လုပ်လုပ်၊ ဘယ်လူမျိုးကိုပဲ လုပ်လုပ် လုံးဝ လက်မခံဘူး။ အခုလုပ်တဲ့ သူတွေဟာ အစ္စလာမ်သာသနာက သွန်သင်ညွှန်ပြခြင်းမရှိတဲ့ အလုပ်တွေကို လုပ်ခြင်း ဖြစ်တဲ့အတွက် ဒီလူတွေဟာ အစ္စလာမ်ဘာသာမဟုတ်ဘူးလို့ လက်ခံထားတယ်။ အစ္စလာမ်ဘာသာက မပြဋ္ဌာန်းထားတဲ့ လုပ်ရပ်ကို လုပ်ဆောင်တဲ့ သူတွေကို လူနဲ့ သာသနာနဲ့ ခွဲမြင်ဖို့လိုတယ်။ အကြမ်းဖက် လုပ်ရပ်တွေလုပ်လို့ အစ္စလာမ်သာသနာက ဒီလိုပါလို့ပြောတာကိုလည်း ကျွန်တော်တို့ လုံးဝ လက်မခံပါဘူး။ အစ္စလာမ်သာသနာကို အဲ့ဒီလူတွေရဲ့လုပ်ရပ်နဲ့ တွဲပြီး သုံးသပ်တာကိုလည်း လုံးဝ ဆန့်ကျင်တယ်။ သာသနာနဲ့ လုပ်ရပ်က တခြား၊ လူတစ်စုရဲ့ ကျူးလွန်တဲ့ပြစ်မှုက အဲ့ဒီလူတွေနဲ့ပဲဆိုင်တယ်။ တခြားသူတွေနဲ့ မဆိုင်ဘူး။ အဲ့ဒီ သာသနာကို လက်ခံကျင့်သုံးတဲ့ တခြားသူ၊ ငြိမ်းချမ်းရေး ယူဆောင်တဲ့ ဘယ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ မဆိုင်ဘူး။

    ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြင်ပ တစ်နေရာမှာ သာသနာက ခွင့်မပြုတဲ့လုပ်ရပ်တွေကို လုပ်တဲ့ ဒီလို ISIS ရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ လည်း လုံးဝ မဆိုင်ဘူး။ မြန်မာနိုင်ငံက အစ္စလာမ် ဘာသာဝင်တွေကလည်း ဒီလုပ်ရပ်ကို လုံးဝ လက်သင့်မခံဘူးလို့ ကျွန်တော်တို့ နားလည်ထားတယ်”လို့ ဦးအုန်းမောင်(ရန်ကင်း)က ဆိုပါတယ်။

    မြန်မာပြည်ပက ISIS လုပ်ဆောင်မှုတွေနဲ့ မြန်မာပြည်တွင်းက မွတ်စလင်တွေ ပတ်သက်မှုမရှိတာကို ချိတ်ဆွဲပြောဆိုမှုရှိနေတာတွေကိုတော့ ဦးအုန်းမောင်က အခုလို ထပ်မံ ပြောကြားခဲ့ပါတယ်။

    “ခုနကပြောသလို ပြည်ပမှာ ဖြစ်တဲ့ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံအတွင်းကို ဆွဲယူ မသွင်းလာသင့်ဘူး။ နောက်တစ်ခုက မြန်မာနိုင်ငံ အတွင်းမှာ ပြည်တွင်းက မွတ်စလင်တွေက ငြိမ်းချမ်းအောင် နေပါလျက် မငြိမ်းချမ်းအောင် ဒီကိစ္စရပ်တွေနဲ့ စွတ်စွဲမှုတွေ လုပ်လာခဲ့ရင် မငြိမ်းချမ်းအောင် ဖန်တီးခြင်းပဲဖြစ်တယ်။ နိုင်ငံတော် အစိုးရမှာ လည်း တပ်မတော်ရှိတယ်၊ ပြည်သူ့ ရဲတပ်ဖွဲ့ရှိတယ်၊ ထောက်လှမ်းရေး တပ်ဖွဲ့ရှိတယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရှိတယ်။ လ၀က အဖွဲ့အစည်းတွေ ရှိတယ်။ အားလုံးက သူ့ဥပဒေ သူ့လုပ်ထုံး လုပ်နည်းနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်နေတယ်။ ဒီလို အကြမ်းဖက်မှုတွေ ၀င်လာတယ် ထွက်လာတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ၀င်လာ ထွက်လာလို့ ရနိုင်တဲ့ကိစ္စမဟုတ်ဘူး။

    ဒါတွေကို နိုင်ငံတော်ဥပဒေနဲ့ အညီ စနစ်တကျ အုပ်ချုပ် ကွပ်ကဲနေတဲ့ အချိန်မှာ ပြည်တွင်းက မွတ်စလင်တွေက အကြမ်းဖက်တဲ့ လုပ်ရပ်ကို ပြည်တွင်းမှာ မလုပ်ဘူးဆိုတာ ဘယ်က သက်သေပြသလဲဆိုရင် ပြီးခဲ့တဲ့ ကိစ္စရပ်တွေမှာ အစ္စလာမ်သာသနာဝင်တွေအပေါ် အကြမ်းဖက်တဲ့ကိစ္စရပ်တွေဟာ တဘက်သက်ကိစ္စရပ်တွေဖြစ်တယ်။ အစ္စလာမ် ဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ အစ္စလာမ်ဘာသာဝင်တွေက လက်နက်ကိုင် တိုက်ခိုက် သတ်ဖြတ်တယ်ဆိုတာ မရှိခဲ့ဘူး။ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတဲ့ နေရာကနေ မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ ခုခံကြတာပဲရှိတယ်။

    အစ္စလာမ်ဘာသာဝင်တွေက စတင်ပြီး လက်နက်ကိုင် တိုက်ခိုက်ခဲ့တယ်ဆိုတာ မရှိဘူး။ ဒါကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှု လုံးဝ မရှိဘူးဆိုတာ လုံးဝ ထင်ရှားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ ဘာသာတိုင်း လူမျိုးတိုင်းအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ဟိုးအရင်ကလည်း ချစ်ခင်ရင်းနှီးစွာ နေထိုင်သွားနိုင်ဖို့အတွက် နည်းလမ်းတွေရှာကြံပြီး တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်းကြမယ် ဆိုရင် ပြည်ပမှာဖြစ်နေတဲ့ ကိစ္စကြီးက ကျွန်တော်တို့နိုင်ငံထဲ ရောက်လာစရာအကြောင်း မရှိပါဘူး။”

  • ဂါဇာဒေသခံ ၂၅၀၀ ယခုနှစ် ဟဂ်ျခရီးသွားမည်

    ဂါဇာဒေသခံ ၂၅၀၀ ယခုနှစ် ဟဂ်ျခရီးသွားမည်

    စက်တင်ဘာ ၄၊ ၂၀၁၄
    M-Media
    2,500 Gazans to perform Hajj pilgrimage this year
    ယခုနှစ် ဟဂ်ျခရီးစဉ်သွားရောက်မည့် ပါလက်စတိုင်းလူမျိုး စုစုပေါင်း (၆၂၈၀) ဦး ရှိမည်ဟု ဂါဇာမြို့တော် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပါလက်စတိုင်း သာသနာရေးရာ ဒုဝန်ကြီး ဟတ်စာန်း အလ် စိုင်ဖီမှ ပြောကြားသည်။

    ၎င်းတို့အနက် ဂါဇာဒေသခံ (၂၅၀၀)ဦး ပါဝင်မည်ဖြစ်ပြီး (၅၀၀)ဦးကို ဆော်ဒီအစိုးရမှ ခရီးစားရိတ်ထောက်ပံ့မည်ဖြစ်ကြောင်း အာဏာပိုင်တစ်ဦးက ဆိုသည်။

    သာသနာရေးရာ ဒုဝန်ကြီး၏အဆိုအရ ဂါဇာမှ ဟဂ်ျခရီးသည် ပထမအုပ်စုသည် စက်တင်ဘာ (၁၉)ရက်တွင် ပိတ်ဆို့ဝိုင်းရံခံထားရသည့် ကမ်းခြေမှ မက္ကဟ်နှင့် မဒီနဟ်သို့ တူရူ ခရီးနှင်ကြမည်ဖြစ်ကြောင်း၊ ခရီးသည်တစ်ထောင်အား ဆော်ဒီအစိုးရမှ ခရီးစားရိတ်စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ရာဖာဟ် နယ်စပ်လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ဆော်ဒီအာရေဗျသို့ ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

    ရွေးချယ်ခံသမ္မတ မုဟမ္မဒ် မူရ်စီအား စစ်တပ်မှဖြုတ်ချခဲ့သည့် ယမန်နှစ်ကတည်းက အီဂျစ်သည် နယ်စပ်ဖြတ်ကျော်မှုကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

    Ref : World Bulletin

  • နာမည်ကြီး တစ်ချို့ရဲ့ iCloud ကဓါတ်ပုံများ ခိုးယူခံရ

    နာမည်ကြီး တစ်ချို့ရဲ့ iCloud ကဓါတ်ပုံများ ခိုးယူခံရ

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix
    iCloud
    ဒီတစ်ပတ်ထဲ အင်တာနက်မှာ ပျံနှံ့နေတဲ့သတင်းကတော့ နာမည်ကြီးတစ်ချို့ရဲ့ iCloud ကဓါတ်ပုံများ ခိုးယူခံရတာပဲဖြစ်ပါတယ်။

    မင်းသမီး Jennifer Lawrence, မော်ဒယ်လ် Kate Upton, နဲ့ အဆိုတော်Ariana Grande, တို့ရဲ့ ကိုယ်တိုင် iPhone နဲ့ရိုက်ထားတဲ့ ဝတ်လစ်စလစ်ပုံတွေကို  hacker တစ်ဖွဲ့က iCloud စနစ်ကို ဖေါက်ထွင်း ရယူသွားပြီး 4Chan ဝဘ်ဆိုက်မှာ တင်လိုက်ပါတယ်။

    ပညာရှင်တွေရဲ့ အဆိုအရ iCloud Login မှာ brute force attack လုပ်လို့ ရတဲ့အခြေအနေရှိနေခဲ့တာကြောင့် အခုလို လုံခြုံရေး ကျိုးပေါက်ခဲ့တာလို့ သိရပါတယ်။

  • ဘရာဇီးလ်ရဲ့ ဂုဏ်သိက္ခာ ပြန်လည်ရယူရန် အဆင့်သင့်ဖြစ်နေပြီလို့ နောက်ခံလူးဝစ်ပြော

    ဘရာဇီးလ်ရဲ့ ဂုဏ်သိက္ခာ ပြန်လည်ရယူရန် အဆင့်သင့်ဖြစ်နေပြီလို့ နောက်ခံလူးဝစ်ပြော

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    379764_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကျဆင်းခဲ့သည့် မိမိတို့အသင်း၏ ဂုဏ်သိက္ခာအား ပြန်လည်ရယူရန် အဆင်သင့်ဖြစ်သည်ဟု ဘရာဇီးလ်နောက်ခံလူ ဖီးလစ်လူးဝစ်က ပြောကြားခဲ့သည်။

    ဘရာဇီးအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း ပြိုင်ပွဲတွင် ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဂျာမနီအသင်းအား ဆီမီးဖိုင်နယ်တွင် ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ်ခဲ့ရပြီးနောက် ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့သည်။

    “ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျွန်တော်တို့အတွက် အချိန်ကောင်းမဟုတ်ခဲ့ဘူးဆိုတာကို လက်ခံပြီး အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ခြေထောက်တွေကို မြဲမြံစွာရပ်တည်ရမှာပါ။ ဘရာဇီးဟာ ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံး လက်ရွေးစင်ဘောလုံးအသင်းပါပဲ။ အခြားအသင်းတွေထက် ကမ္ဘာ့ဖလားကို ပိုပြီး ရယူထားခဲ့ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားနဲ့ ၀န်ခံရမယ်ဆိုရင်တော့ အခုချိန်မှာ အချို့အသင်းတွေဟာ ကျွန်တော်တို့ထက် ပိုကောင်းပါတယ်” ဟု မိုင်ယာမီတွင် ကိုလံဘီယာအသင်းနှင့်ကစားမည့် ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲ၌ လူးဝစ်က ပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလားပွဲပြီးနောက် နည်းပြစကိုလာရီမှာ အသင်းနှင့် လမ်းခွဲခဲ့ပြီး ဒွန်ဂါက ဘရာဇီးလ်နည်းပြသစ် ဖြစ်လာခဲ့သည်။ ထို့နောက် ဘရာဇီးလ်၏ ကမ္ဘာအနှံ့ ခြေစွမ်းပွဲအတွက် ရွေးချယ်ခဲ့ရာ လူငယ်ကစားသမားအများအပြား ပါဝင်ခဲ့သည်။

    လူးဝစ်ကမူ ဘရာဇီးလ်အား ကမ္ဘာတစ်ဝှမ်းလုံးမှ လေးစားမှုကို တစ်ပွဲတည်းဖြင့် ဖျောက်ဖျက်၍ မရကြောင်း၊ အသင်း၏ ဂုဏ်သိက္ခာအား ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့က ကြိုးစားနေကြောင်း စသဖြင့် ထပ်လောင်းပြောကြားခဲ့သည်။