News @ M-Media

Blog

  • ရန်ကုန်ဆေးရုံကြီးတွင် စက်တင်ဘာ ၁ ရက် မှ စပြီး Ultrasound၊ Digital X-Ray အခမဲ့ရိုက်ပေးတော့မည်။

    ရန်ကုန်ဆေးရုံကြီးတွင် စက်တင်ဘာ ၁ ရက် မှ စပြီး Ultrasound၊ Digital X-Ray အခမဲ့ရိုက်ပေးတော့မည်။

    သြဂုတ် ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။       ။ရန်ကုန်တိုင်းဆေးရုံကြီးတွင် အရေးပေါ်လူနာတွေနှင့် အတွင်းလူနာများအတွက် ကျန်းမာရေးအထောက်အပံ့ပစ္စည်းများကို ရရှိတော့မည်ဖြစ်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

    စက်တင်ဘာ ၁ရက်နေ့မှစတင်ကာ အရေးပေါ်လူနာများအတွက် အခြေခံဓာတ်ခွဲစမ်းသပ်မှုများ၊ Digital X-Ray ရိုက်ကူးမှုတွေနဲ့ Ultrasound ရိုက်ကူးမှုများကို အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ပြီး အတွင်းလူနာများအတွက် အချို့သော စမ်းသပ်မှုများကို အခမဲ့စစ်ဆေးမှုများ၊ အခြေခံဆေးဝါးများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို ထောက်ပံ့ပေး သွားမည်ဆိုပြီး ထုတ်ပြန်ကြေငြာထားပါသည်။

    ယခု သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ အတွင်းလူနာများအား သွေးသွင်းမှုများကို အခမဲ့ လုပ်ဆောင်ပေးနေသည်ဖြစ်ပြီး ပြင်ပ လူနာများအတွက် ဆေးမှတ်တမ်းစာ အုပ်များကိုလည်း အခမဲ့ပြုလုပ်ပေးလျက်ရှိသည်။

    “ယခင်က ဆေးရုံလာပြရင် ပိုက်ဆံကုန်တယ်။ မတတ်နိုင်လို့ ဆေးရုံကြီးမှာလာပြရတာလေ။ အခုတော့ နောက်လကနေစပြီး အခမဲ့တွေရတော့မယ် ဆိုတော့ တော်တော် အဆင်ပြေသွားမယ် ထင်ပါတယ်။ အခုလို သတ်မှတ်ပေးတဲ့ သက်ဆိုင်ရာက လူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ရန်ကုန်ဆေးရုံကြီးတွင် လာရောက်ပြသနေသူ  အဘွားအိုတစ်ဦးက ပြောသည်။

    ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် အသုံးစရိတ်ကို နှစ်ဆတိုးမြှင့်သုံးစွဲလာသည်ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသသော လူနာများအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူသုံးစွဲနိုင်ရေးအတွက်လည်း ရန်ပုံငွေအား တိုးမြှင့်ချထားပေးဖြစ်ပါတယ်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။

  • အမေရိကန်သမ္မတ အိုဘားမား ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့  လာရောက်မည်

    အမေရိကန်သမ္မတ အိုဘားမား ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်မည်

    သြဂုတ် ၂၉၊ ၂၀၁၄
    M-Media
    barack-obama-to-travel-to-china-myanmar-and-australia-in-november
    – အာရှပစိဖိတ် ချိန်ခွင်လျှာညီမျှရေး မဟာဗျူဟာအား အကောင်အထည်ဖော်ရန်နှင့် အရေးပါသည့် အစည်းအဝေးပွဲများသို့ ရောက်ရန် အတွက် အမေရိကန် သမ္မတဘာရက် အိုဘားမားမှာ ယခုနှစ်နိုဝင်ဘာလတွင် တရုတ်၊ သြစတေးလျနှင့် မြန်မာနိုင်ငံများသို့ လာရောက်မည်ဟု သိရသည်။

    အိုဘားမားမှာ နိုဝင်ဘာ ၁၀၊ ၁၁ ရက်နေ့တွင် ဘေဂျင်း၌ ပြုလုပ်မည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေးသို့ တက်ရောက် မည်ဖြစ်ပြီး၊ နိုဝင်ဘာ ၁၂ ရက်နေ့တွင် နေပြည်တော်တွင်ကျင်းပမည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

    ထို့နောက် သြစတေးလျနိုင်ငံ ဘရစ္စဘိန်းတွင် ပြုလုပ်မည့် G-20 ထိပ်သီး အစည်းအဝေးအား တက်ရောက်ရန်အတွက် နိုဝင်ဘာ ၁၅ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကာ ၁၆ ရက်နေ့အထိ နေထိုင်မည်ဖြစ်သည်။

    တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အစည်းဝေးမှာ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု အာရှပစိဖိတ် စီးပွာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူ ရောဘတ်ဝမ်က ပြေကြားခဲ့သည်။

    သမ္မတအိုဘားမားမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။

    ထို့ပြင် ရန်ကုန်တက္ကသိုလ်တွင် အိုဘားမားက ဒီမိုကရေစီ၏ အခြေခံ အချက်အလက်များနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများကို မိန့်ခွန်းပြောကြားခဲ့သည်။

    ref_The Economic Times

  • အလာစကာပြည်နယ်၏ ပထမဆုံး ဗလီဝတ်ကျောင်း ဖွင့်လှစ်နိုင်တော့မည်

    အလာစကာပြည်နယ်၏ ပထမဆုံး ဗလီဝတ်ကျောင်း ဖွင့်လှစ်နိုင်တော့မည်

    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    AlaskaSet-to-Open-First-Mosque
    အမေရိကန်ပြည်ထောင်စုအနောက်မြောက်ပိုင်း အလာစကာပြည်နယ်ရှိ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းငယ်လေးမှ ၎င်းတို့၏ ပထမဆုံးဗလီဝတ်ကျောင်းတော်အား တည်ဆောက်မှုနောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း သိရသည်။

    အလာစကာပြည်နယ်၊ Anchorage ရှိ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် စုပေါင်းဝတ်ပြုရေးအတွက် ကုန်တိုက်တစ်ခု၏နေရာတစ်ခုကို ငှားရမ်းအသုံးပြုခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း များပြားလာသော မွတ်စ်လင်မ်ပမာဏကြောင့် ကျယ်ဝန်းသောနေရာတစ်ခု လိုအပ်လာရာ ဗလီတစ်လုံး တည်ဆောက်ရေးအတွက် ရံပုံငွေထူထောင်ကြပြီး (၂၀၁၀)ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ကြသည်။

    ဗလီဝတ်ကျောင်း၏ပထမထပ်တည်ဆောက်ပြီးစီး၍ ဆက်လက်တည်ဆောက်နေသည့် ဒုတိယထပ်တွင် စာသင်ခန်း၊ ရုံးခန်းများနှင့် စာကြည့်တိုက်တို့ ပါဝင်မည်ဖြစ်သည်။

    Anchorage ၌ မတူကွဲပြားသော လူ့အဖွဲ့အစည်းများ အတူယှဉ်တွဲနေထိုင်ခြင်းကို အထူး အားပေးကြသည်။

    Anchorage ဒေသခံမွတ်စ်လင်မ်တစ်ဦးဖြစ်သူ Heather Robertson Barbour မှ သြဂုတ် (၂၆)ရက်၊ အင်္ဂါနေ့တွင် PRI သို့ အောက်ပါအတိုင်း ပြောပြခဲ့သည်။

    “ဗလီဝတ်ကျောင်းဟာ နှစ်ထပ်ဆောင်အဆောက်အဦ ဖြစ်ပါလိမ့်မယ်။ ပထမထပ်မှာ အမျိုးသားတွေ ၀တ်ပြုပြီး ဒုတိယထပ်က အမျိုးသမီးအတွက် ၀တ်ပြုဆောင်ပါ။ ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အရှေ့အလယ်ပိုင်း၊ ဥရောပ စတဲ့ ကမ္ဘာအနှံ့က လူပေါင်းစုံပါဝင်ပါတယ်။ ဆိုပါစို့။ အာရဗ်လူမျိုးတစ်ဦးက သူတို့ရဲ့ယဉ်ကျေးမှုကို သွတ်သွင်းဖို့ကြိုးစားလာမယ်ဆိုရင် ပါကစ္စတန်တစ်ဦးက – ဒါဟာ အစ္စလာမ့်နည်းလမ်းမကျဘူး၊ ကျမ်းဂန်တွေကို ခင်ဗျား လေ့လာဖို့ သုံးသပ်ဆန်းစစ်ဖို့ လိုနေပြီဆိုပြီး ပြောဆိုမှာဖြစ်တယ်။ ယခင်ဝတ်ပြုနေရာက သေးငယ်ကျဉ်းမြောင်းတယ်။ လက်ရှိနေရာကတော့ လိုအပ်ချက်နဲ့ အံဝင်ပြည့်စုံမှု ရလာပါလိမ့်မယ်။ တကွဲတပြားပုံစံမျိုး မဖြစ်နိုင်တော့ပါဘူးရှင်။ ၀တ်ကျောင်းတော်သစ် ဖွင့်လှစ်တဲ့အခါ မွတ်စ်လင်မ်တွေ ပိုစည်းလုံးလာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”။

    Ref : OnIslam & News Agencies

  • ISIL(ISIS) လုပ်ရပ်များအား မလေးရှား အစိုးရ ရှုတ်ချ

    ISIL(ISIS) လုပ်ရပ်များအား မလေးရှား အစိုးရ ရှုတ်ချ

    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    najibrazak24062013_840_592_100
    – ဆီးရီးယားနှင့် အီရတ်နိုင်ငံများ၏ နယ်မြေအချို့ကို သိမ်းပိုက်ထားပြီး အကြမ်းဖက် လုပ်ရပ်များကို လုပ်နေသည့် IS အဖွဲ့အား မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က ယမန်နေ့တွင် ရှုတ်ချခဲ့ပြီး အစ္စလာမ် အမည်ခံကာ ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် အတွက် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

    “ဆီးရီးယားနဲ့ အီရတ်က IS စစ်သွေးကြွတွေရဲ့ လုပ်ရပ်ကို မလေးရှားက ပြတ်ပြတ်သားသား ရှုတ်ချပါတယ်။ ငြိမ်းချမ်းရေး သာသနာဖြစ်တဲ့ အစ္စလာမ်ရဲ့ အမည်အောက်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေကြတဲ့ အတွက်လည်း ကျွန်တော်တို့ အလွန့်အလွန် ၀မ်းနည်းမိပါတယ်။ ဒီလုပ်ရပ် အတွက် တာဝန်ရှိသူတွေကို ကန့်ကွက်ပြီး ဒီလိုအကြမ်းဖက်မှုတွေ ပြန့်နှံ့တာကို တားဆီးဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အတူတကွ အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်” ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော လေးမျက်နှာရှိသည့် ကြေညာချက်တွင် နာဂျစ်ရာဇတ်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ စစ်သွေးကြွများ၏ လုပ်ရပ်များမှာ အစ္စလာမ်သာသနာ၏ ယုံကြည်ချက်၊ ယဉ်ကျေးမှုနှင့် လူသားဆန်မှုများကို ပြောင်းပြန် ဆောင်ရွက်နေခြင်း သာဖြစ်သည်ဟု ၎င်းက ထည့်သွင်းဖော်ပြခဲ့သည်။

    “ငြိမ်းချမ်းရေးနဲ့ အလယ်အလတ်ဝါဒီကြီးဖြစ်တဲ့ တမန်တော်မြတ်ကြီးရဲ့လမ်းစဉ်နဲ့၊ အစ္စလာမ့် ရှရီအသ် ဥပဒေက ပြောထားတဲ့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ဖို့ ဆိုတာတွေနဲ့ သူတို့ရဲ့လုပ်ရပ်တွေက ကွဲလွဲနေပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ မွတ်စလင် လူများစုကြီးဟာ သူတို့ရဲ့ အသက်တွေကို အကြမ်းဖက်မှုတွေကနေ လွတ်ကင်းစွာ ရှင်သန်ဖို့ ကြိုစားကြပါတယ်။ စွန်နီ၊ ရှီအာ၊ ခရစ်ယာန် ဘယ်သူပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့ အရပ်သားတွေ အပေါ် သေနတ်ပြောင်းထောက် အတင်း အဓမ္မ အနိုင်ကျင့် နေတဲ့ သာသနာ အဖြစ် ရှုမြင်လာကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု ၎င်းက ထည့်သွင်း ရေးသားခဲ့သည်။

    မလေးရှားအစိုးရလည်း အဆိုပါ IS အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့၏ လုပ်ရပ်များကို လက်မခံဟု ပြောဆိုထားသည်။

    မလေးရှားနိုင်ငံသားများမှာ IS အဖွဲ့သို့သွားရောက်ပူးပေါင်းများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး၊ ရဲတပ်ဖွဲ့မူ နိုင်ငံ အတွင်း အစွန်းရောက် အတွေးအခေါ်များ လွှမ်းမိုးလာမှုများ မရှိစေရန် ဆောင်ရွက်နေသည်။

    နာဂျစ်ကမူ အစွန်းရောက် ၀ါဒအား အလယ်အလတ် လမ်းစဉ်ဖြင့် တိုက်ဖြတ်ရန်နှင့် စစ်ပွဲကြောင့် ပြန့်ကြဲသွားသော လူ့အဖွဲ့အစည်းများအား ပြန်လည်စုစည်း တည်ဆောက်ရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

    ref_The Malaysian Insider

  • ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း မှန်ကန်ခဲ့သည့်ဟု ဂါရက်ဘေးလ်ဆို

    ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း မှန်ကန်ခဲ့သည့်ဟု ဂါရက်ဘေးလ်ဆို

    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    449337_heroa
    – ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ဘိုင်ယန်ကွင်း၌ ၄ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲမှာလည်း ပြီးခဲ့သည့်နှစ် အကောင်းဆုံးပွဲဖြစ်သည်ဟု ရီးယဲလ်ကစားသမား ဂါရက်ဘေးလ်က ပြောကြားခဲ့သည်။

    “ပြီးခဲ့သည့်တဲ့နှစ်က ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်။ ဖလားနှစ်လုံးနဲ့ ဥရောပ စူပါဖလားတစ်လုံး ရခဲ့တာက အဲဒီအတွက် သက်သေပါပဲ။ အခုအချိန်မှာ ထိုင်ပြီး အပြောင်းအရွှေ့ဈေးကွက်ကို ကြည့်နေရတာ ကောင်းပါတယ်။ တစ်နေရာမှာ အခြေကျပြီဆိုရင် ပျော်ရွှင်ရနိုင်ပေမယ့် လွန်ခဲ့တဲ့ ၁၂ လတုန်းကတော့ ပြောင်းပြန်ပါပဲ။ ကျွန်တော်အိမ်မှာထိုင်ပြီး ဒီကိုလာဖို့ စောင့်နေရတာပါ” ဟု ဘေးလ်က Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ဘေးလ်မှ ယမန်နှစ်နွေရာသီက စပါးအသင်းမှ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အစပိုင်းတွင် ကစားကွက်နှင့် အံမ၀င်ခဲ့သော်လည်း နောက်ပိုင်း ခြေစွမ်းပြ ဂိုးများသွင်းယူနိုင်ခဲ့ကာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်ပွဲတွင်လည်း အသင်းအတွက် အရေးပါသည့် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သော်လည်း ယခုနှစ်တွင် ရီးယဲလ်အနေဖြင့် ချန်ပီယံလိဂ်ဖလားကို ကာကွယ်ကာ သမိုင်းသစ်ရေးထိုးနိုင်မည်ဟု ဘေးလ်က ထပ်လောင်းပြောကြားခဲ့သည်။