စက်တင်ဘာ ၂ ၊ ၂၀၁၄
M-Media

– ရုရှားက ခွဲထွက်ရေးသမားများဘက်မှ ၀င်တိုက်ပေးနေသောကြောင့် နိုင်ငံအရှေ့ပိုင်းရှိ အရေးပါသည့် လေယာဉ်ကွင်းအား ထိန်းချုပ်ထားသည့် စစ်တပ်များကို ယူကရိန်းက ရုပ်သိမ်းလိုက်ပြီး၊ ရုရှားမှာ ယူကရိန်းအား တိုက်ရိုက်နှင့် ဗြောင်ကျကျ ကျူးကျော်နေသည်ဟု ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက စွပ်စွဲလိုက်သည်။
လူဟန့်စ်မြို့ပြင်ဘက်ရှိ အရပ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းဖြစ်ပြီး ယူကရိန်းစစ်တပ်က ထိန်းချုပ်ထားကာ ထိုလေယာဉ်ကွင်းရရှိရေးအတွက် ခွဲထွက်ရေးသမားများကလည်း တိုက်ခိုက်မှုများပြုလုပ်နေသည်။
ရုရှားလေထီတပ်သားများမှာ အဆိုပါတိုက်ပွဲအတွက် ခွဲထွက်ရေးသမားများနှင့် ပူးပေါင်းခဲ့ပြီး၊ တင့်ကားများနှင့် လက်နက်ကြီးများကိုလည်း ရုရှားက ထောက်ပံ့ထားသည်ဟု ယူကရိန်းစစ်တပ်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
ယူကရိန်းသမ္မတပိုရိုရှန်ကိုကမူ အဆိုပါတိုက်ပွဲတွင် ရုရှား၏ တိုက်ရိုက်ပါဝင်မှုက တစ်ဖက်စောင်း နင်းဖြစ်စေပြီး ယူကရိန်းစစ်တပ်များ ဆုတ်ခွာရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်ဟု ကိဗ်မြို့ရှိ စစ်တပ်အကယ်ဒမီတွင် ပြုလုပ်သော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
မကြာသေးမီရက်ပိုင်းအတွင်းကလည်း ရုရှားမှ တင့်ကားနှင့် အဝေးပစ်လက်နက် ရာပေါင်းများစွာတို့မှာ ယူကရိန်းနယ်မြေထဲသို့ ၀င်ရောက်လာသည်ဟု ယူကရိန်းအစိုးရက ပြောဆိုထားပြီး၊ နေတိုးအဖွဲ့ကလည်း ထိုသတင်းအား အတည်ပြုပြောကြားခဲ့သည်။
သို့သော်ရုရှားဘက်ကမူ ယူကရိန်းခွဲထွက်ရေးသမားများကို ထောက်ပံ့နေသည်ဆိုသည့် သတင်းကိုအား ငြင်းဆန်ခဲ့သည်။
ref_Agencies

Leave a Reply
You must be logged in to post a comment.