News @ M-Media

Blog

  • ဆော်ဒီ-အီရန် ပြန်လည်သင့်မြတ်မှုကို လာမယ့်သီတင်းပတ်အတွင်း တွေ့ရဖွယ်ရှိ

    ဆော်ဒီ-အီရန် ပြန်လည်သင့်မြတ်မှုကို လာမယ့်သီတင်းပတ်အတွင်း တွေ့ရဖွယ်ရှိ

    ဇူလိုင် ၃၁၊ ၂၀၂၁

    M-Media 

    -အရှေ့အလယ်ပိုင်း ရန်ဘက်နိုင်ငံတွေဖြစ်ကြတဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်တို့အကြား ပြန်လည်သင့်မြတ်မယ့် အခင်းအကျင်းအသစ်တစ်ခုကို လာမယ့်တစ်ပတ်အတွင်း မြင်တွေ့ရဖွယ်ရှိတယ်လို့ ဒေသတွင်း မီဒီယာ​တွေက ဖော်ပြပါတယ်။ 

    ဆော်ဒီက ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်လိုက်တဲ့ကိစ္စ နောက်ဆက်တွဲ အီရန်မြို့တော် တီဟီရန်က ဆော်ဒီကောင်စစ်ဝန်ရုံးကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဆော်ဒီနဲ့ အီရန်တို့အကြား သံတမန်ဆက်ဆံရေး အဆုံးသတ်သွားတာပါ။

    ဒါပေမယ့် အခုနှစ် ဧပြီလကစလို့ နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပြီး ဒီကိစ္စမှာ အီရတ်က ကြားဝင်စေ့စပ်ပေးနေပါတယ်။ ဒီဆွေးနွေးမှုရဲ့ အသီးအပွင့်ကို ​လာမယ့်တစ်ပတ်အတွင်း တွေ့မြင်ရဖွယ် ရှိပါတယ်။

    အီရန်သမ္မတသစ် အီဘရာဟင် ရိုင်စီရဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် ကျမ်းကျိန်ပွဲ အခမ်းအနားကို ကိုစားလှယ်အဖွဲ့တစ်ခု စေလွှတ်ဖို့ ဆော်ဒီက သတင်စကားပါးထားကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။ ရိုင်စီဟာ ဇွန်လ ၂၁ ရက်နေ့မှာလုပ်တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အတိတ်က အဖြစ်အပျက်တွေကို သင်ပုန်းချေပြီး ဆော်ဒီနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ဆော်ဒီအာရဗျနဲ့ အီရန်တို့ဟာ ဒေသတွင်း ပဋိပက္ခတွေမှာ ဆန့်ကျင်ဖက်အဖွဲ့တွေကို ထောက်ခံအားပေးနေကြပါတယ်။

    အရှေ့အလယ်ပိုင်းက ရန်ဖက်နှစ်နိုင်ငံ အခုလို ပြန်လည်သင့်မြတ်တာဟာ ဒေသတွင်းက ပြဿနာတွေအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိနိုင်ပြီး၊ အာရပ်နိုင်ငံတွေကို Abraham Accords နဲ့ သိမ်းသွင်းကာ အီရန်ကို ရင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အစ္စရေးအတွက် ထိုးနှက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref : Asia Times

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီက Crimes Against Humanity များစွာ ကျူးလွန်ခဲ့ဟု HRW ထုတ်ပြန်

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီက Crimes Against Humanity များစွာ ကျူးလွန်ခဲ့ဟု HRW ထုတ်ပြန်

    ဇူလိုင် ၃၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းပြီးနောက် ၆ လအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) များစွာ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၇၅ ဦး အပါအဝင် အရပ်သား ၉၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဖမ်းဆီးခံရသူ ထောင်ချီ ရှိနေပါတယ်။ စစ်ကောင်စီ တပ်တွေဟာ လုယက်ရမ်းကားတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းတွေလည်း အမြောက်အများ ထွက်ပေါ်လာပါတယ်။

    “မြန်မာစစ်အာဏာရှင်ဟာ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို သတ်ဖြတ်မှု၊ ညှမ်းပမ်းနှိပ်စက်မှု၊ မြင်မြင်ရာဖမ်းဆီးမှုတွေနဲ့ တုန့်ပြန်ပါတယ်။ ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲရလဒ်၊ ပြည်သူ့ဆန္ဒနဲ့တက်လာတဲ့ အစိုးရကို လေးစားဖို့သာ အလိုရှိကြတာပါ။ ပြည်သူတွေအပေါ် ဒီလို တိုက်ခိုက်ကျူးလွန်မှုတွေဟာ Crimes Against Humanity မြောက်နေပြီး တာဝန်ရှိသူတွေက ဒီအတွက် တာဝန်ခံရပါလိမ့်မယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ်အဒမ်က ပြောပါတယ်။

    မြန်မာစစ်တပ်ဟာ အရင်ကလည်း နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုကို ခံခဲ့ရပါတယ်။ စစ်တပ်ကတော့ ဒါတွေကို ငြင်းပါတယ်။

    နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ ရောမကြေငြာစာတမ်းမှာ Crimes Against Humanity ကို အရပ်သားပြည်သူလုထုအပေါ် တမင်ပစ်မှတ်ထားပြီး စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်တွေက စနစ်တကျပစ်မှတ်ထားပြီး ရာဇဝတ်မှုတွေ အကြီးအကျယ်ကျူးလွန်​​နေတယ်လို့ HRW က ထည့်သွင်းပြောကြားခဲ့ပြီး ဒါဟာ စစ်သားနဲ့ ရဲတွေ တစ်ဦးချင်းတစ်ယောက်ချင်း စည်းကမ်းဖောက်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့ မူဝါဒကိုက ဒီလို ကျူးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာ ထင်ရှားနေတယ်လို့လည်း ဆိုပါတယ်။

    Ref: HRW

  • စစ်ကောင်စီက ကျန်းမာရေးစနစ် လုံး၀ပြိုလဲအောင် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာအဖွဲ့တစ်ခုပြော

    စစ်ကောင်စီက ကျန်းမာရေးစနစ် လုံး၀ပြိုလဲအောင် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာအဖွဲ့တစ်ခုပြော

    ဇူလိုင် ၃၀၊ ၂၀၂၁
    M-Media


    -ကိုဗစ် တတိယလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေအပေါ် ခြိမ်းခြောက်အကြပ်ကိုင်တာတွေ ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဇွန်လကစပြီး ပုံပြောင်းကိုဗစ်ပိုး Delta ဟာ မြန်မာနိုင်ငံတစ်ဝှမ်း အကြီးအကျယ် ပြန့်နှံ့လာခဲ့တာကြောင့် ကူးစက်မှု၊ သေဆုံးမှု အရေအတွက်ကလည်း အလွန်အမင်း တိုးလာပါတယ်။ ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံဆေးပေးခန်းနဲ့ အောက်ဆီဂျင်မလုံလောက်မှုတွေက အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

    Amnesty International ရဲ့ ဒေသဆိုင်ရာ လက်ထောက်ဒါရိုကတာဖြစ်သူ မင်ယူဟာက အရင်ကတည်းက လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေရှိနေတဲ့ မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့မှုကြောင့် အခြေအနေ ပိုဆိုးရွားသွားပြီး ဒါဟာ စစ်အာဏာရှင်ရဲ့ စီမံခန့်ခွဲမှု အလွန်အမင်း ညံ့ဖျင်းတာကို ပြသနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

    “ကျန်းမာရေးဝန်ထမ်းတွေကို သွေးဆောင်ဖျားယောင်းတာ၊ ခြိမ်းခြောက်အကြပ်ကိုင်တာ၊ ဖမ်းဆီးတာတွေကို စစ်ကောင်စီက အဆက်မပြတ် လုပ်ဆောင်နေတာဟာ တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကပ်ရောဂါကာလမှာ လုံး၀ ပြိုလဲသွားအောင် တွန်းပို့လိုက်တာ ဖြစ်ပါတယ်”

    ကိုဗစ်ကုသရေး၊ ကာကွယ်ရေးနဲ့ သေဆုံးသွားသူတွေကို မြှုပ်နှံ့ရေးကိစ္စတွေမှာ စေတနာ့ဝန်ထမ်းတွေက အသက်နဲ့ရင်း ဆောင်ရွက်နေပေမယ့် စစ်ကောင်စီကတော့ ဓာတ်ပုံရိုက် ဝါဒဖြန့်တာပဲ လုပ်နေတယ်လို့လည်း သူမက ဆိုပါတယ်။

    “စစ်ကောင်စီရဲ့ တုန့်ပြန်မှုကတော့ ဟန်ပြဓာတ်ပုံရိုက်တာ၊ အမှန်တကယ် မထိန်းချုပ်နိုင်ဘဲနဲ့ ထိန်းချုပ်နိုင်တယ်ဆိုတယ်ပြီး ကြေငြာချက်တွေ ထုတ်တာပဲ ရှိပါတယ်”

    အာဏာသိမ်းမှုဆန့်ကျင်သူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထောင်ချထားတာကို မင်ယူဟာက ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံက ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပြဿနာ၊ ဆေးကုသခွင့်ပိတ်ပင်တာ၊ အသက်ကယ်ဆေးဝါး ရယူခွင့် ပိတ်ပင်တာတွေ အရင်ကတည်းက ရှိနေတယ်လို့လည်း သူမက ဆိုပါတယ်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းက စုစုစည်းစည်းနဲ့ မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရာက် တုန့်ပြန်တာမျိုး မရှိဘူးဆိုရင် မြန်မာနိုင်ငံက အခြေအနေဟာ ပိုပိုပြီး ဆိုးရွားလာပါလိမ့်မယ်”

    Ref: Amnesty International

  • လာမည့် နှစ်ပတ်အတွင်း မြန်မာလူဦးရေ၏ ထက်ဝက် ကိုဗစ်ကူးနိုင်ဟု ဗြိတိန်သံအမတ် သတိပေး

    လာမည့် နှစ်ပတ်အတွင်း မြန်မာလူဦးရေ၏ ထက်ဝက် ကိုဗစ်ကူးနိုင်ဟု ဗြိတိန်သံအမတ် သတိပေး

    ဇူလိုင် ၃၀၊ ၂၀၂၁
    M-Media

    -လာမယ့်နှစ်ပတ်အတွင်း မြန်မာလူဦးရေရဲ့ ထက်ဝက်လောက် ကိုဗစ်ကူးစက်မယ့်အန္တရာယ် ရှိနေတယ်လို့ ကုလဆိုင်ရာ ဗြိတိန်သံအမတ်က သတိပေးလိုက်ပြီး ကာကွယ်ဆေးပေးပို့ရေးကို စောင့်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ စစ်အာဏာရှင်အသစ်ရဲ့ အကြမ်းဖက်မှုဒဏ်ကို ခါးစီးခံခဲ့ရပြီး ဇွန်လမှာတော့ ကိုဗစ် တတိယလှိုင်းကို ထပ်မံကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    “စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုံး၀ ပြိုလဲလုနီးပါး ဖြစ်သွားတယ်။ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ဟာ နိုင်ငံတစ်ဝှမ်းလုံးကို ပြန့်နှံ့နေပြီး တော်တော်လေးကို မြန်ပါတယ်။ တစ်ချို့တွက်ချက်မှုတွေမှာဆိုရင် လာမယ့်နှစ်ပတ်အတွင်း လူဦးရေရဲ့ ထက်ဝင်လောက်ကို ပြန့်နှံ့နိုင်တယ်လို့ ဆိုပါတယ်” လို့ မနေ့က မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ အလွတ်သဘောဆွေးနွေးမှုမှာ ဗြိတိန်သံအမတ် ဘာဘရာ၀ုဒ်ဝါ့ဒ်က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ကာကွယ်ဆေး ထိုးနှံနိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒါ့ကြောင့် ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီ အနေနဲ့ ကုလဦးဆောင်တဲ့ စောင့်ကြည့်ရေး စနစ်တစ်ခု အလျင်အမြန်ဖန်တီးပြီး ကိုဗစ်ကာကွယ်ဆေး ထိထိရောက်ရောက် ထိုးပေးနိုင်ရေးနဲ့ လူသားချင်းစာထောက်ထားမှုဆိုင်ရာ အကူအညီ မြန်မြန်ဆန်ဆန်ပေးနိုင်ရေး ဆောင်ရွက်ဖို့ မေတ္တာရပ်ခံလိုပါတယ်”

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးရေးကို အစပြုနိုင်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အခုအချိန်အထိ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃.၂ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးထားနိုင်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

    Ref: Reuters

  • ပါကစ္စတန်လူငယ်တစ်ဦး ကမ္ဘာအမြင့်ဆုံးတောင်နှစ်ခုကို တက်နိုင်သည့် အငယ်ဆုံးလူသားအဖြစ် မှတ်တမ်းဝင်

    ပါကစ္စတန်လူငယ်တစ်ဦး ကမ္ဘာအမြင့်ဆုံးတောင်နှစ်ခုကို တက်နိုင်သည့် အငယ်ဆုံးလူသားအဖြစ် မှတ်တမ်းဝင်

    ဇူလိုင် ၂၈၊ ၂၀၂၁
    M-Media

    -ပါကစ္စတန်က အသက် ၁၉ နှစ်အရွယ် အမျိုးသား ရှဟ်ရိုဇ် ကာရှစ်ဖ်ဟာ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင် K2 ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

    အမြင့် ၈၆၁၁ မီတာရှိတဲ့ အဲဒီ K2 တောင်ထိပ်ကို အင်္ဂါနေ့ ​ဒေသစံတော်ချိန် မနက် ၈ နာရီ ၁ မိနစ်မှာ ရောက်ခဲ့တာပါ။

    ကာရှစ်ဖ်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက တောင်တွေကို စတင်တက်ရောက်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာပဲ ၈၀၄၇ မီတာမြင့်တဲ့ ကမ္ဘာ့ ၁၂ ခုမြောက် အမြင့်ဆုံးတောင် Broad Peak ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    မေလအတွင်းက ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ဧ၀ရက်တောင်နဲ့ K2 နှစ်ခုစလုံးကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးသူလည်း ဖြစ်ပါတယ်။

    ပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင် K2 ဟာ အလွန်ကြမ်းတမ်းတဲ့ ရာသီဥတုရှိပြီး လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၂၀၀ ကျော် တိုက်လေ့ရှိပြီး၊ အပူချိန်ကလည်း အနှုတ် ၆၀ ဒီဂရီအထိ ရှိတတ်ပါတယ်။ ဆောင်းတွင်းကာလ တောင်ထိပ်ကို ရောက်အောင်တက်ဖို့ဟာ တောင်တက်သမားတွေအတွက် စိန်ခေါ်မှုအများဆုံး ဖြစ်ပါတယ်။

    ဧ၀ရက်တောင်ကို တောင်တက်သမား အများအပြား တက်ဖို့ ကြိုးစားကြပေမယ့် K2 တောင်ကိုတော့ အန္တရာယ်များလွန်းတဲ့အတွက် တက်ဖို့ကြိုးစားသူဟာ ဧ၀ရက်တောင်နဲ့ယှဉ်ရင် နည်းပါးပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွက် ပါကစ္စတန်က လူငယ်တစ်ချို့ K2 တောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

    Ref: Aljazeera