News @ M-Media

Blog

  • နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ် Delta Plus တွေ့ရှိသည့်နိုင်ငံများတွင် တောင်ကိုရီးယား ပါဝင်လာ

    နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ် Delta Plus တွေ့ရှိသည့်နိုင်ငံများတွင် တောင်ကိုရီးယား ပါဝင်လာ

    ဩဂုတ် ၄၊ ၂၀၂၁
    M-Media

    -နောက်ဆုံးပေါ်ထွက်လာတဲ့ ပုံပြောင်းကိုဗစ် Delta Plus ကူးစက်မှုနှစ်ခု တွေ့ရှိရတယ်လို့ တောင်ကိုရီးယား ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အေဂျင်စီက မနေ့ကမှာ ထုတ်ပြန်ပါတယ်။

    တောင်ကိုရီးယားဟာ ကိုဗစ် စတုတ္ထလှိုင်းဒဏ်ကို ခံစားနေရတာပါ။ Delta Plus ကတော့ ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ကူးစက်ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Delta ရဲ့ ပထမဆုံး မျိုးကွဲဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိန်၊ ပေါ်တူဂီ၊ အိန္ဒိယအပါအဝင် Delta Plus ကူးစက်မှုတွေ့ရတဲ့နိုင်ငံ အနည်းငယ်သာ ရှိပါသေးတယ်။

    တောင်ကိုရီးယား ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အသက် ၄၀ အရွယ်အမျိုးသာမှာ Delta Plus ကို စတွေ့ခဲ့ရပြီး သူနဲ့ ထိတွေ့သူ ၂၈၀ လောက်ရှိရာမှာ သားဖြစ်သူတစ်ဦးသာ ကူးစက်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ ဘာ့ကြောင့် ဒီလိုကူးစက်ရလဲဆိုတာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    နောက်ထပ် ကူးစက်သူကတော့ အမေရိကန်ကနေ ပြန်လာတဲ့ ခရီးသွားတစ်ဦး ​ဖြစ်ပါတယ်။ သူဟာ AstraZeneca ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသားပါ။

    ကျွမ်းကျင်သူတွေက လက်ရှိ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ် Delta ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပေမယ့် အဲဒီကနေတစ်ဆင့် ပွားလာမယ့် နောက်ထပ် ပုံပြောင်းဗိုင်းရပ်စ်တွေအပေါ် သက်ရောက်မှုရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • မြန်မာ့အရေး အလျင်အမြန်ဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက အာဆီယံကို တောင်းဆို

    မြန်မာ့အရေး အလျင်အမြန်ဖြေရှင်းပေးရန် လူ့အခွင့်အရေးအဖွဲ့များက အာဆီယံကို တောင်းဆို

    ဩဂုတ် ၄၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ဆိုးရွားတဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကို အလျင်အမြန် ဖြေရှင်းဖို့နဲ့ စစ်အာဏာရှင်အစိုးရကို အသိအမှတ်ပြုတာမျိုး မလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

    ဧပြီလ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက် ၆ ခု ရရှိခဲ့ပေမယ့် အခုအချိန်အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

    လူ့အခွင့်အရေးအဖွဲ့နှစ်ခုဖြစ်တဲ့ FORUM-ASIA နဲ့ Progressive Voice တို့ရဲ့ မနေ့က ပူးတွဲကြေငြာချက်မှာတော့ အာဆီယံက ရရှိထားတဲ့ သဘောတူညီချက်တွေက ဘာတိုးတက်မှုမှ မရှိဘူးလို့ ထောက်ပြခဲ့ပြီး၊ မြန်မာ့အရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ အာဆီယံကို ဖြေရှင်းဖို့ တာဝန်လွှဲပေးလိုက်တာဟာ မှားယွင်းကြောင်း ဖော်ပြထားပါတယ်။

    အာဆီယံဟာ အာဏာသိမ်းစစ်အစိုးရနဲ့ ဆက်ဆံမယ့်အစား NUG အစိုးရ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့တွေ၊ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ၊ နယ်စပ်ဖြတ်ကျော်အဖွဲ့တွေနဲ့ ထိတွေ့ဆောင်ရွက်သင့်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အခုတစ်ပတ် တနင်္လာနေ့က စတင်ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်တစ်ဦးကို အပြီးသတ် ခန့်အပ်သွားဖို့ရှိနေပြီး၊ ကိုဗစ်ဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံအတွက် အာဆီယံလူသားချင်း စာနာထောက်ထားမှုစင်တာ AHA ကနေ ကူညီပေးဖို့လည်း စီစဉ်မှာပါ။

    ဒါပေမယ့် AHA ရဲ့ ဒီကူညီမှုဟာ စစ်အစိုးရကို သွယ်၀ိုက်ကိုယ်စားပြုတာမျိုး ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အရင် ရိုဟင်ဂျာ ပြဿနာတုန်းကလည်း AHA ဟာ ဖြေရှင်းဆောင်ရွက်နိုင်မှု မရှိတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

    Progressive Voice အဖွဲ့က မခင်ဥမ္မာက စစ်အာဏာရှင်ကို နိုင်ငံရေးအရ၊ နည်းစနစ်ပိုင်းအရ အခွင့်အရေးရသွားစေမယ့် နည်းလမ်းမျိုးနဲ့ မြန်မာပြည်သူတွေအပေါ် အကူအညီပေးပိုင်ခွင့် AHA မှာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    Milk Tea Alliance အဖွဲ့က မမီးမီးခန့်ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ အကူညီပေးတဲ့အနေရာမှာ အဆီယံကို ကျော်ကြည့်ရမှာဖြစ်ပြီး ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကနေတစ်ဆင့် အကူအညီပေးလို့မရကြောင်း၊ စစ်တပ်သာ အာဏာမသိမ်းဘူးဆိုရင် လူထောင်ချီသေဆုံးတဲ့ လက်ရှိအခြေအနေမျိုး ဖြစ်လာမှာမဟုတ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အာဖဂန်တောင်ပိုင်းတွင် တာလီဘန်က အနည်းဆုံး လူ ၄၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်

    အာဖဂန်တောင်ပိုင်းတွင် တာလီဘန်က အနည်းဆုံး လူ ၄၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်

    ဩဂုတ် ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်က ခရိုင်တစ်ခုကို သိမ်းပိုက်စဉ်အတွင်း တာလီဘန်အဖွဲ့ဟာ အနည်းဆုံး လူ ၄၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ အာဖဂန် လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ အာဖဂန်က အပြီးသတ်ဆုတ်ခွာနေတဲ့ ပြီးခဲ့တဲ့လတွေကစလို့ တာလီဘန်အဖွဲ့ဟာ နိုင်ငံအတွင်းက နယ်မြေတွေကို တစ်စတစ်စ သိမ်းယူလာခဲ့တာပါ။

    ကန်ဒါဟာပြည်နယ်က စပင်ဘိုလ်ဒက်ခရိုင်ကို ပြီးခဲ့တဲ့လက သိမ်းပိုက်စဉ်အတွင်း အရင်က အစိုးရအဖွဲ့ဝင်ဟောင်းတွေ၊ လက်ရှိ အစိုးရတာဝန် ထမ်းဆောင်နေတဲ့သူတွေ အနည်းဆုံး လူ ၄၀ လောက်ကို တာလီဘန်က လက်စားချေ သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူတွေဟာ တိုက်ပွဲနဲ့ ဘာမှ မသက်ဆိုင်သူတွေဖြစ်တယ်လို့ အာဖဂန်လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

    ဒီထုတ်ပြန်ချက်အပြီးမှာ အမေရိကန်နဲ့ ယူကေတို့က တာလီဘန်အဖွဲ့ကို ရှုတ်ချခဲ့ပါတယ်။

    “တာလီဘန်တွေဟာ လက်စားချေတဲ့အနေနဲ့ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါသတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ သူတို့လက်အောက်က တိုက်ခိုက်ရေးသမားတွေရဲ့ လုပ်ရပ်အတွက် တာလီဘန်ခေါင်းဆောင်ပိုင်းက တာဝန်ခံရမှာဖြစ်ပါတယ်။ ကိုယ်လူ့တွေကို အခုတောင် မထိန်းနိုင်ဘူးဆိုရင် နောက်ပိုင်း အုပ်ချုပ်ရေးမှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” လို့ အမေရိကန်နဲ့ ယူကေသံရုံးတို့က မနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဒိုဟာခြေစိုက် တာလီဘန် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင် ဆူဟေးလ် ရှာဟင်က ဒီသတင်းဟာ အခြေအမြင်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ စတင်ထွက်ခဲ့တဲ့ မေလအလယ်ပိုင်းကတည်းက တာလီဘန်အဖွဲ့ဟာ အခွင့်ကောင်းယူကာ နယ်မြေတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ လက်ရှိမှာတော့ ပြည်နယ်မြို့တော် ၃ ခုကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

    Ref: Aljazeera

  • တရုတ်နိုင်ငံ ၀ူဟန်မြို့ကို ကိုဗစ် ပြန်ရောက်လာ

    တရုတ်နိုင်ငံ ၀ူဟန်မြို့ကို ကိုဗစ် ပြန်ရောက်လာ

    ဩဂုတ် ၃၊ ၂၀၂၁
    M-Media

    -တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဒေသတွင်း ကိုဗစ်ကူးစက်မှု ပြန်ဖြစ်လာတာကြောင့် ၀ူဟန်မြို့ကလူတွေ အားလုံးကို စစ်ဆေးသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    လူဦးရေ ၁၁ သန်းရှိတဲ့ ၀ူဟန်မြို့ဟာ ကမ္ဘာတစ်ဝှမ်း လူ​သန်းချီ ကူးစက်သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ် သန္ဓေတည်ပေါက်ဖွားရာဒေသ ဖြစ်ပါတယ်။

    တနင်္လာနေ့က ရွှေ့ပြောင်းလုပ်သားတွေကြားထဲမှာ ဒေသတွင်းကူးစက်မှု ၇ ခုကို တွေ့ခဲ့ရပြီးတဲ့နောက် အာဏာပိုင်တွေက တစ်မြို့လုံးကို ကိုဗစ်စစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အနည်းဆုံး ပြည်နယ် ၁၅ ခုမှာလည်း ပုံပြောင်းကိုဗစ် Delta ကူးစက်မှုကို ပြီးခဲ့တဲ့လက စတင် ခံစားနေရပါတယ်။

    တရုတ်အာဏာပိုင်တွေဟာ ဘေဂျင်းအပါအဝင် မြို့ကြီးတစ်ချို့ကို လော့ဒေါင်းချတာ၊ အသွားအလာကန့်သတ်တာ၊ နှာခေါင်းတို့ဖတ် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

    Ref : CNA

  • မြန်မာစစ်ခေါင်းဆောင် ကိုယ်ကျိုးအတွက် အချိန်ဆွဲနေသည်ဟု အမေရိကန် ဝေဖန်

    မြန်မာစစ်ခေါင်းဆောင် ကိုယ်ကျိုးအတွက် အချိန်ဆွဲနေသည်ဟု အမေရိကန် ဝေဖန်

    ဩဂုတ် ၃၊ ၂၀၂၁
    M-Media

    -မြန်မာစစ်အာဏာရှင်ဟာ အချိန်ဆွဲနေတယ်လို့ အမေရိကန်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပြီး အာဆီယံအဖွဲ့အစည်းအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အခုတစ်ပတ်လုံး အွန်လိုင်းကနေ အစည်းအဝေးပြုလုပ်ကာ တရုတ်ရဲ့ ရန်အပါအဝင် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်လည်း တက်ရောက်ပါဝင်မှာဖြစ်ပါတယ်။

    ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာဖို့ ရှိနေပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက မြန်မာစစ်ခေါင်းဆောင်အနေနဲ့ မိမိတို့အဆိုပြုထားတဲ့ ကိုယ်စားလှယ် ၃ ဦးထဲက တစ်ဦးကို လက်ခံဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ် ဩဂုတ်လမတိုင်ခင် ရွေးကောက်ပွဲ လုပ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ခေါင်းဆောင်ရဲ့ ဒီပြောကြားမှုဟာ ကိုယ်ကျိုးအတွက် အချိန်ဆွဲလိုတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတယ်လို့ အမေရိကန်က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ မြန်မာ့အရေး သဘောတူညီချက် ၆ ချက်ကို အကောင်အထည်ဖော်ဖို့လည်း အမေရိကန်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

    Ref; Daily Mail