News @ M-Media

Blog

  • အရှေ့အလယ်ပိုင်း၏ အကြီးဆုံး အဏ္ဏဝါပြတိုက်ကို အဘူဒါဘီတွင် ဖွင့်လှစ်မည်

    အရှေ့အလယ်ပိုင်း၏ အကြီးဆုံး အဏ္ဏဝါပြတိုက်ကို အဘူဒါဘီတွင် ဖွင့်လှစ်မည်

    ဩဂုတ် ၂၊ ၂၀၂၁
    M-Media

    -အရှေ့အလယ်ပိုင်းဒေသရဲ့ အကြီးဆုံး အဏ္ဏဝါပြတိုက် National Aquarium ကို အခုနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်သွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ပြောကြားလိုက်ပါတယ်။

    အဘူဒါဘီမြို့က အဲဒီပြတိုက်မှာ ပြသမယ့် ရေနေသတ္တဝါတွေထဲမှာ ငါးမန်းနဲ့ ငါးလိပ်ကျောက် မျိုးစိတ် ၂၅ မျိုးက အကောင်​ရေ ၂၀၀ ကျော်လည်း ပါဝင်မှာဖြစ်ပါတယ်။ ငါးမန်းမျိုးစိတ်တွေထဲမှာ အန္တရာယ်အပေးနိုင်ဆုံး အမျိုးစားဖြစ်တဲ့ Bull Shark ငါးမန်းတွေကို အရှေ့အလယ်ပိုင်းက ပြည်သူတွေ ဒီပြတိုက်မှာ ပထမဆုံး လေ့လာကြည့်ရှုနိုင်မှာပါ။

    အခြား ငါးမန်းအမျိုးအစားတွေဖြစ်တဲ့ Sand Tiger၊ Lemon၊၊ Zebra၊ Black Tip Reef၊ ငါးလိပ်ကျောက်တွေထဲမှာ Eagle၊ Shovelnose၊ Cownose၊ Freshwater စတာတွေ ပါဝင်မှာပါ။ ငါးမန်းအစာကျွေးပွဲလို ရေသတ္တဝါတွေကို ကိုယ်တိုင် ထိတွေ့ဆက်သွယ်နိုင်မယ့် စိတ်ဝင်စားဖွယ် အစီအစဉ်တွေကိုလည်း ပြတိုက်မှာ ကျင်းပပေးမှာဖြစ်ပါတယ်။

    ပြတိုက်ရဲ့ အထွေထွေမန်နေဂျာ ပေါလ်ဟမီလ်တန်က ထူးခြားဆန်းပြတဲ့ ရေသတ္တဝါတွေ၊ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို အခုနှစ်ကုန်ပိုင်းမှာ ခရီးသွားတွေကို မိတ်ဆက်ပေးနိုင်ဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောပါတယ်။

    “လူတွေဟာ ပုံမှန်အားဖြင့် ငါးမန်းကို ​ကြောက်ကြတယ်။ သမုဒ္ဒရာတွေ ရေရှည်တည်တံ့ရေးအတွက် အလွန်အင်မတန် အရေးပါတဲ့ ရင်သပ်ရှုမောစရာ ဒီသတ္တဝါကြီးကို ကြည့်ရှုခံစားစေချင်ပါတယ်။ ပြတိုက်မှာ ဒီသတ္တဝါတွေနဲ့ ထိတွေ့တာဟာ ကြောက်ရွံ့မှုတွေ၊ အမြင်မှားမှုတွေ ပြေပျောက်စေဖို့ အထောက်အကူဖြစ်မှာပါ”

    National Aquarium ပြတိုက်ဟာ ယူအေအီးနိုင်ငံအတွင်း ​တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးနဲ့ စောင့်ရှောက်ရေး စီမံကိန်းကြီးတစ်ခုကို ဖော်ဆောင်ဖို့တွက် အစိုးရ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ Environment Agency Abu Dhabi နဲ့ ၂၀၂၀ ခုနှစ်မှာ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

    Ref: Khaleej Times

  • အာဆီယံကိုယ်စားလှယ်တစ်ဦး အမြန်ဆုံးအတည်ပြုရေး စစ်ကောင်စီကို အင်ဒိုနီးရှားတိုက်တွန်း

    အာဆီယံကိုယ်စားလှယ်တစ်ဦး အမြန်ဆုံးအတည်ပြုရေး စစ်ကောင်စီကို အင်ဒိုနီးရှားတိုက်တွန်း

    ဩဂုတ် ၂၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေး၊ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး စတာတွေအတွက် အာဆီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့မှာ ဆွေးနွေးခဲ့ပါတယ်။

    မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုမှာ ထိထိရောက်ရောက် မဖြေရှင်းနိုင်မှုအတွက် အာဆီယံဟာ ဝေဖန်မှုတွေခံနေရတာပါ။ ဧပြီလမှာ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး အချက် ၆ ချက်ကို သဘောတူညီခဲ့ပေမယ့် တိုးတက်မှု မရှိပါဘူး။

    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်နိုင်ငံတွေ အဆိုပြုထားတဲ့ လူ ၃ ဦးထဲက တစ်ဦးကို အမြန်ဆုံး အတည်ပြုရေး စစ်ကောင်စီကို ဒီကနေ့အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။ ဒီရာထူးအတွက် လက်ရှိမှာ လူ ၃ ဦးကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုထားတာပါ။

    အဲဒီသူတွေကတော့ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ သံတမန်​ဟောင်း ဗီရာဆက်ဒီ ဖူထရက်ဖူလ်၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါ၊ ၂၀၀၀ ပြည့်နှစ်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မလေးရှားက ရာဇာလီ အစ္စမာအီလ်တို့ ဖြစ်ပါတယ်။

    လက်ရှိမှာ ဗီရာဆက်ဒီ ဖူထရက်ဖူလ်က အထူးကိုယ်စားလှယ်ဖြစ်ဖို့ အခွင့်အလမ်းပိုများနေပေမယ့် အင်ဒိုနီးရှားက ဗီရာဆက်ဒီကို ကန့်ကွက်ထားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗီရာဆက်ဒီကို ပိုမိုလိုလားကြောင်း ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ်ကို မေလအလယ်ပိုင်းမှာ နောက်ဆုံးထားခန့်အပ်ဖို့အတွက် သတ်မှတ်ထားပေမယ့် မခန့်နိုင်ခဲ့ပါဘူး။ အမည်မဖော်လိုတဲ့ အာဆီယံ သံတမန်တစ်ဦးက အဖွဲ့ကခန့်ထားတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်က လက်ခံမလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမလားဆိုတဲ့ ကိစ္စတွေက မသေချာသေးဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကိုဗစ် တတိယလှိုင်းဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံကို အကူအညီပေးရေးကိစ္စလည်း ​ဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ရဲ့ သဘာ၀ဘေး တုန့်ပြန်ရေးအဖွဲ့ကနေ ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မြန်မာနိုင်ငံကို ပေးပို့ကူညီဖို့ အာဆီယံအဖွဲ့က စီစဉ်ထားတာပါ။

    ဝါရှင်တန်အခြေစိုက် နိုင်ငံရေးသုတေသနအဖွဲ့ဖြစ်တဲ့ Center for Strategic and International Studies က အရှေ့တောင်အာရှရေးရာ လေ့လာသူ ဂရက်ဂျ်ပိုလင်က မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ခွင့်ရရေးဟာ အာဆီယံအတွက် အရေးပါပေမယ့် ဒါကို အခြေခံပြီး အာဆီယံရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေကို စစ်ခေါင်းဆောင်တွေက လက်ခံဖို့ အနေအထားမရှိဘူးလို့ သုံးသပ်ပါတယ်။

    “စစ်အာဏာရှင်အပေါ်မှာ အာဆီယံက ဘာလွှမ်းမိုးမှုမှ မရှိပါဘူး”

    Ref: AP

  • ပုံပြောင်းကိုဗစ် Delta ကို ဆက်လက်သတိထားရမည်ဟု အမေရိကန်ထုတ်ပြန်

    ပုံပြောင်းကိုဗစ် Delta ကို ဆက်လက်သတိထားရမည်ဟု အမေရိကန်ထုတ်ပြန်


    ဇူလိုင် ၃၁၊ ၂၀၂၁

    M-Media 

    -ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ဖြစ်တဲ့ Delta ဟာ ကျောက်ရောဂါလို ကူးစက်ပြန့်နှံ့လွယ်ကာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်တဲ့အတွက် ရှေ့ဆက် သတိထားကြဖို့ အမေရိကန် ကူးစက်ရောဂါတားဆီးရေးဌာန (CDC) က သတိပေးလိုက်ပါတယ်။ 

    Delta ပုံပြောင်းကိုဗစ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ မြန်မြန်ဆန်ဆန် ပြန့်နှံ့နေပြီး အာရှက တစ်ချို့နိုင်ငံတွေမှာဆိုရင် ကျန်းမာရေးစနစ် ပြိုလဲတဲ့အထိ ဆိုးရွားနေတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Delta ဗိုင်းရပ်စ် ပြန့်နှံ့မှုကို တားဆီးဖို့အတွက် တားမြစ်ကန့်သတ်ချက်တွေ ပိုမိုတင်းကြပ်သွားမယ်လို့ လတ်တလောမှာ ပြောကြားထားပါတယ်။

    ကိုဗစ်ဗိုင်းရပ်စ် စတင်ပေါက်ဖွားရာ တရုတ်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ပုံပြောင်းကိုဗစ် Delta ပြန့်နှံ့မှုကို ကြုံတွေ့နေရပါတယ်။ 

    အမေရိကန် ကူးစက်ရောဂါ တားဆီးထိန်းချုပ်ရေးဌာန (CDC) ရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ကိုဗစ်ကြောင့် ကျန်းမာရေး ဆိုးဆိုးရွားရွားထိခိုက်တာ၊ ဆေးရုံတင်ရတာ၊ သေဆုံးတာတွေကို ထိထိရောက်ရောက် တားဆီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် Delta ဟာ MERS၊ SARS၊ အီဘိုလာ၊ သာမန်အဖျား၊ ရာသီတုပ်ကွေးနဲ့ ကျောက်ရောဂါတို့ထက် ပိုမိုပြန့်နှံ့လွယ်ပြီး၊ ကူးစက်ရောစစ်ပွဲ တစ်မျိုးပြောင်းသွားတာကို လက်ခံကာ အရေးပေါ်အခြေအနေ နောက်တစ်ဆင့်ကို ပြင်ဆင်ထားဖို့လည်း ပညာရှင်တွေက အဲဒီထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

    Ref: Aljazeera

  • ဆော်ဒီ-အီရန် ပြန်လည်သင့်မြတ်မှုကို လာမယ့်သီတင်းပတ်အတွင်း တွေ့ရဖွယ်ရှိ

    ဆော်ဒီ-အီရန် ပြန်လည်သင့်မြတ်မှုကို လာမယ့်သီတင်းပတ်အတွင်း တွေ့ရဖွယ်ရှိ

    ဇူလိုင် ၃၁၊ ၂၀၂၁

    M-Media 

    -အရှေ့အလယ်ပိုင်း ရန်ဘက်နိုင်ငံတွေဖြစ်ကြတဲ့ ဆော်ဒီအာရေဗျနဲ့ အီရန်တို့အကြား ပြန်လည်သင့်မြတ်မယ့် အခင်းအကျင်းအသစ်တစ်ခုကို လာမယ့်တစ်ပတ်အတွင်း မြင်တွေ့ရဖွယ်ရှိတယ်လို့ ဒေသတွင်း မီဒီယာ​တွေက ဖော်ပြပါတယ်။ 

    ဆော်ဒီက ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်လိုက်တဲ့ကိစ္စ နောက်ဆက်တွဲ အီရန်မြို့တော် တီဟီရန်က ဆော်ဒီကောင်စစ်ဝန်ရုံးကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဆော်ဒီနဲ့ အီရန်တို့အကြား သံတမန်ဆက်ဆံရေး အဆုံးသတ်သွားတာပါ။

    ဒါပေမယ့် အခုနှစ် ဧပြီလကစလို့ နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပြီး ဒီကိစ္စမှာ အီရတ်က ကြားဝင်စေ့စပ်ပေးနေပါတယ်။ ဒီဆွေးနွေးမှုရဲ့ အသီးအပွင့်ကို ​လာမယ့်တစ်ပတ်အတွင်း တွေ့မြင်ရဖွယ် ရှိပါတယ်။

    အီရန်သမ္မတသစ် အီဘရာဟင် ရိုင်စီရဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် ကျမ်းကျိန်ပွဲ အခမ်းအနားကို ကိုစားလှယ်အဖွဲ့တစ်ခု စေလွှတ်ဖို့ ဆော်ဒီက သတင်စကားပါးထားကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။ ရိုင်စီဟာ ဇွန်လ ၂၁ ရက်နေ့မှာလုပ်တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အတိတ်က အဖြစ်အပျက်တွေကို သင်ပုန်းချေပြီး ဆော်ဒီနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ဆော်ဒီအာရဗျနဲ့ အီရန်တို့ဟာ ဒေသတွင်း ပဋိပက္ခတွေမှာ ဆန့်ကျင်ဖက်အဖွဲ့တွေကို ထောက်ခံအားပေးနေကြပါတယ်။

    အရှေ့အလယ်ပိုင်းက ရန်ဖက်နှစ်နိုင်ငံ အခုလို ပြန်လည်သင့်မြတ်တာဟာ ဒေသတွင်းက ပြဿနာတွေအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိနိုင်ပြီး၊ အာရပ်နိုင်ငံတွေကို Abraham Accords နဲ့ သိမ်းသွင်းကာ အီရန်ကို ရင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အစ္စရေးအတွက် ထိုးနှက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref : Asia Times

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီက Crimes Against Humanity များစွာ ကျူးလွန်ခဲ့ဟု HRW ထုတ်ပြန်

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီက Crimes Against Humanity များစွာ ကျူးလွန်ခဲ့ဟု HRW ထုတ်ပြန်

    ဇူလိုင် ၃၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းပြီးနောက် ၆ လအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) များစွာ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၇၅ ဦး အပါအဝင် အရပ်သား ၉၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဖမ်းဆီးခံရသူ ထောင်ချီ ရှိနေပါတယ်။ စစ်ကောင်စီ တပ်တွေဟာ လုယက်ရမ်းကားတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းတွေလည်း အမြောက်အများ ထွက်ပေါ်လာပါတယ်။

    “မြန်မာစစ်အာဏာရှင်ဟာ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို သတ်ဖြတ်မှု၊ ညှမ်းပမ်းနှိပ်စက်မှု၊ မြင်မြင်ရာဖမ်းဆီးမှုတွေနဲ့ တုန့်ပြန်ပါတယ်။ ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲရလဒ်၊ ပြည်သူ့ဆန္ဒနဲ့တက်လာတဲ့ အစိုးရကို လေးစားဖို့သာ အလိုရှိကြတာပါ။ ပြည်သူတွေအပေါ် ဒီလို တိုက်ခိုက်ကျူးလွန်မှုတွေဟာ Crimes Against Humanity မြောက်နေပြီး တာဝန်ရှိသူတွေက ဒီအတွက် တာဝန်ခံရပါလိမ့်မယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ်အဒမ်က ပြောပါတယ်။

    မြန်မာစစ်တပ်ဟာ အရင်ကလည်း နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုကို ခံခဲ့ရပါတယ်။ စစ်တပ်ကတော့ ဒါတွေကို ငြင်းပါတယ်။

    နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ ရောမကြေငြာစာတမ်းမှာ Crimes Against Humanity ကို အရပ်သားပြည်သူလုထုအပေါ် တမင်ပစ်မှတ်ထားပြီး စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်တွေက စနစ်တကျပစ်မှတ်ထားပြီး ရာဇဝတ်မှုတွေ အကြီးအကျယ်ကျူးလွန်​​နေတယ်လို့ HRW က ထည့်သွင်းပြောကြားခဲ့ပြီး ဒါဟာ စစ်သားနဲ့ ရဲတွေ တစ်ဦးချင်းတစ်ယောက်ချင်း စည်းကမ်းဖောက်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့ မူဝါဒကိုက ဒီလို ကျူးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာ ထင်ရှားနေတယ်လို့လည်း ဆိုပါတယ်။

    Ref: HRW