News @ M-Media

Blog

  • အစ္စရေး၏ စစ်ရာဇဝတ်မှု  စုံစမ်းမည့် ကိစ္စ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို အနောက်ကမ္ဘာက ဖိအားပေးနေပြီလား

    အစ္စရေး၏ စစ်ရာဇဝတ်မှု စုံစမ်းမည့် ကိစ္စ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို အနောက်ကမ္ဘာက ဖိအားပေးနေပြီလား

    သြဂုတ် ၂၂၊ ၂၀၁၄
    M-Media
    .လေးမောင် မြန်မာမှုပြုသည်။

    international-criminal-court-2

    – အမေရိကန်နှင့် အနောက်နိုင်ငံများမှ ဖိအားပေးမှုကြောင့် ဂါဇာ ကမ်းမြှောင်အတွင်း စစ်ရာဇ၀တ်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က ရှောင်နေသည်ဟု ယခင် ICC ၀န်ထမ်းဟောင်းများနှင့် ရှေ့နေများက ဆိုသည်။

    မကြာသေးမီနေ့များကပင် ဂါဇာအတွင်း အစ္စရေးစစ်တပ်နှင့် ဟားမက်စ်တို့၏ လုပ်ရပ်များအတွက် ICC မှ ပြုလုပ်ဖွယ်ရှိသည့် စုံစမ်းစစ်ဆေးမှုမှာ ဗျာများသော နိုင်ငံရေးတိုက်ပွဲ ဖြစ်လာခဲ့ပြီး ကိုင်ရိုတွင် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက်မူ အဓိကအချက် ဖြစ်လာလေသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ရမည်လား၊ ပြုလုပ်သင့်လားဆိုသည်ကို ICC ကိုယ်တိုင်ကပင် ဝေခွဲ၍ မရသေး။

    ICC ၏ စုံစမ်းစစ်ဆေးမှုက တာသွားနိုင်သည်။ ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုမှာ ဂါဇာကမ်းမြှောင် အတွင်း အမျိုးသမီးများ၊ ကလေးများအပါအ၀င် အရပ်သား ၂၀၀၀ ကျော်သေဆုံးခဲ့ရမှု၌ အစ္စရေးစစ်တပ်၊ ဟားမက်စ်နှင့် အခြားသောသူများ ကျူးလွန်ခဲ့ဖွယ်ရှိသော စစ်ရာဇ၀တ်မှုအား စစ်ဆေးရုံမျှသာ မဟုတ်။ အစ္စရေးခေါင်းဆောင်ပိုင်းက တာဝန်ယူရမည့် ပါလက်စတိုင်း ပိုင်နက်များအတွင်း တရားမ၀င် အိမ်ရာ ဆောက်လုပ်မှုများကိုလည်း ဖြေရှင်းနိုင်ပေလိမ့်မည်။

    ICC ကို ဖန်တီးပေးခဲ့သည့် ၁၉၉၈ ရောမသဘောတူညီချက်တွင် စစ်ရာဇ၀တ်မှုအား ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

    “ဒေသတစ်ခုကို သိမ်းပိုက်ထားသည့် အဖွဲ့က ၎င်းတို့ လူဦးရေမှ တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ သိမ်းပိုက်ထားသည့် ပိုင်နက်အတွင်းသို့ တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်၍ ပြောင်းရွှေ့စေခြင်း”

    ထိုစုံစမ်းစစ်ဆေးမှုက နိုင်ငံတကာနှင့်ဆိုင်သည့် တရားမျှတမှုအတွက် အထိမခံသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး ICC ၏ အနာဂတ်လည်းဖြစ်သည်။ ICC မှာ စူပါ ပါဝါနိုင်ငံများ၏ ထောက်ခံမှုကို မရခဲ့။ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့က ရောမ သဘောတူညီချက်ကို လက်မှတ်မထိုးခဲ့ကြ။ ၂၀၀၀ ခုနှစ်တွင် အမေရိကန်နှင့် အစ္စရေးတို့က လက်မှတ်ရေးထိုး ခဲ့သော်လည်း နောက်ပိုင်းတွင် ထွက်သွားခဲ့ကြလေသည်။

    ဂါဇာကမ်းမြှောင် စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးမှုကို ခေါင်းရှောင်ပါက ICC အနေဖြင့် “နိုင်ငံတကာ အသိုင်းအ၀ိုင်း တစ်ခုလုံးအတွက် စိုးရိမ်ဖွယ်ရာ အဆိုးရွားဆုံး ရာဇတ်မှုများကို အပြစ်မပေးဘဲ လစ်လျူရှု၍ မရ” ဆိုသည့် ရောမ သဘောတူညီချက်နှင့် ကိုက်ညီတော့မည် မဟုတ်ဟု နိုင်ငံတကာမှ ရှေ့နေ အချို့က စောဒကတက်ကြလေသည်။

    “ICC တရားသူကြီးက တရားစီရင်ရေးကို လွယ်လွယ်ကူကူပဲ ကျင့်သုံးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဥပဒေဆိုတာ ရွေးချယ်မှုတစ်ခုပါပဲ။ ဥပဒေရေးရာ ဆွေးနွေးငြင်းခုံမှုတွေ အပြိုင်အဆိုင် ရှိလာမှာဖြစ်ပေမယ့် ဒီတရားရုံးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ရာဇ၀တ်မှုတွေအတွက် အရေးယူမခံရဘဲ လွတ်မြောက်နေတာတွေကို တာဆီးဖို့ဆိုတဲ့ ICC စာတမ်းရဲ့ နိဒါန်းကို သူမ(တရားသူကြီး) အနေနဲ့ ပြန်ကြည့်ရပါလိမ့်မယ်”

    အစ္စရေး၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများကို နှစ်ပေါင်းများစွာ စောကြောမှုများ ပြုလုပ်နေသည့် ဟော်လန်နိုင်ငံ လီဒန်တက္ကသိုလ် နိုင်ငံတကာဥပဒေရေးရာ ပါမောက္ခ ဂျွန် ဒူဂတ်က ပြောခြင်းဖြစ်သည်။

    လွန်ခဲ့သည့် ရက်များအတွင်း အပြန်အလှန်ပေးပို့သောစာများတွင် ပါလက်စတိုင်းပြည်သူများ၏ ရှေ့နေများက စုံးစမ်းစစ်ဆေးမှုကို ပြုလုပ်ရန်အတွက် လိုအပ်သောအခွင့်အာဏာမှာ ၂၀၀၉ ခုနှစ် ပါလက်စတိုင်းတို့၏ မေတ္တာရပ်ခံမှုကို အခြေခံကာ ICC တရားသူကြီး ဖာတူ ဘန်ဆူဒါတွင် ရှိသည်ဟု ဖော်ပြ ထားလေသည်။ သို့သော်လည်း ဘန်ဆူဒါကမူ ဟားမက်စ်ကဲ့သို့သော နိုင်ငံရေး အဖွဲ့များအကြား တွေ့ရခဲသည့် အများသဘောတူမှုရှိသော ပါလက်စတိုင်းတို့၏ ကြေညချက်အသစ် ပေါ်ထွက်ရေးကိုပင် မလျှော့တမ်း ပြောနေလေ၏။ ပါလက်စတိုင်းပိုင်နက်များအတွင်း စစ်ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု မပြုလုပ်ရန်အတွက် ပါလက်စတိုင်း သမ္မတ မဟ်မူဒ် အဘတ်စ်အပေါ် အမေရိကန်နှင့် အစ္စရေးတို့ကလည်း ဖိအားပေးထား၏။

    ထိုကိစ္စအတွက် ဝေးဝေးမှနေရန် အနောက်နိုင်ငံများက ICC အပေါ် ဖိအားပေးထားမှုကြောင့် ICC ရှိ တရားသူကြီးများအကြား သိသာသည့် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ပါလက်စတိုင်းတို့မှာ ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်ခဲ့သည့် အစ္စရေးတို့၏ Cast Lead စစ်ဆင်ရေးအပြီး ၂၀၀၉ ခုနှစ်တွင် ဂါဇာဒေသအတွင်း စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ရေးရန် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုကြောင့် ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ကုလ၏ အတည်ပြုချက်ကို နှောင့်နှေးစေခဲ့သည်။

    ပါလက်စတိုင်းတို့မှာ လှည့်ဖျားခြင်းခံလိုက်ရသည်ဟု ICC တရားသူကြီးဟောင်းများက ဆိုကြသည်။

    စစ်ရာဇ၀တ်မှုအတွက် စုံစမ်းရန် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုကို အကြောင်းပြု၍ ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ကုလ၏တည်ပြုချက်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာမှ ရရှိခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ UNGA က ပါလက်စတိုင်းအား အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံအဖြစ် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုကတော့ ဖြစ်မလာခဲ့ချေ။

    ဘန်ဆူဒါမှာ စောစောပိုင်းတွင် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုကို ပြန်လည် ဆန်းစစ်မည်ဟု ဆိုခဲ့သေးသည်။ သို့သော်လည်း နောက်တစ်နှစ်တွင် အငြင်းပွားဖွယ် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ကာ UNGA ၏ မဲပေးရွေးချယ်မှုမှာ ၂၀၀၉ ခုနှစ် ပါလက်စတိုင်းတို့၏ တောင်းဆိုအတွက် “ဥပဒေအရ မခိုင်လုံမှု” ကို မည်သို့မှ အထောက်အကူမပြုဟု ပြောကြားခဲ့လေသည်။

    ပါလက်စတိုင်းတို့ ၂၀၀၉ ခုနှစ် ကြေညာချက် ထုတ်ပြန်စဉ်က တရားသူကြီးဖြစ်ခဲ့သည့် လူးဝစ် မိုရီနို အိုကမ်ပိုကလည်း ဘန်ဆူဒါကို ထောက်ခံ၏။ ဂါးဒီးယန်း သတင်းစာသို့ ပေးပို့သော အီးမေးလ်တွင် “ပါလက်စတိုင်အနေဖြင့် တရားစီရင်မှုကို လက်ခံလိုပါက၊ ကြေညာချက်အသစ် ထပ်မံထုတ်ပြန်ရမည်” ဟု ရေးသားထားသည်။

    ICC တရားသူကြီးများရုံးမှ ပါလက်စတိုင်း၏ ကြေညာချက်နှင့် သက်ဆိုင်နေသည့် တရားသူကြီးတစ်ဦးကမူ အိုကမ်ပိုနှင့် သဘောထားခြင်း လုံးဝကွဲပြား၏။

    “နိုင်ငံရေဒဆုံးဖြတ်ချက်တစ်ခုကို ရုပ်ဖျက်ဖို့၊ လုပ်ပိုင်ခွင့်အဏာကို ငြင်းပယ်ဖို့နဲ့ ပါဝင်ဆောင်ရွက်ခြင်း မပြုဖို့ သူတို့ဟာ ဥပဒေစကားရပ်ဆိုတာကို အသုံးချပြီး နောက်ကွယ်မှာ ဖုံးကွယ်ဖို့ ကြိုးစားနေကြတာပါ” ဟု ဆိုလေသည်။

    ဘန်ဆူဒါမှာ အမေရိကန်နှင့် ဥရောပ မဟာမိတ်နိုင်ငံများ၏ ကြီးမားသော ဖိအားအောက်တွင် ရှိနေသည်ဟု ဒူဂတ်က ဆိုသည်။

    “သူမအတွက်တော့ ရွေးရခက်နေမှာပါ။ ပြီးတော့ သူဟာ မပြင်ဆင်ထားပါဘူး။ ဒါပေမယ့် ဒါဟာ ICC ရဲ့ ယုံကြည်စိတ်ချရမှုကိုတော့ ထိခိုက်ပါတယ်။ သူမအနေနဲ့ အာဖရိကမှာဆိုရင်တော့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ရှက်နေမှာမဟုတ်ဘူးလို့ အာဖရိကန်တွေက ပြောကြပါတယ်”

    စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုအတွက် ဆုံးဖြတ်ချက်ချရန် တရားသူကြီးဟောင်း အိုကမ်ပိုက သုံးနှစ် အချိန်ယူခဲ့သည်။ ထိုအချိန်အတွင်း အရေိကန်နှင့် အစ္စရေးတို့က ထိုကိစ္စဖြစ်မလာရန် လော်ဘီလုပ်လေသည်။ ယခုနှစ်အတွင်း ICC မှ ထုတ်ပြန်သော စာအုပ်၌ တရားရုံး၏ အနာဂတ်မှာ မသေမချာဖြစ်မည်ဟု အမေရိကန်အာဏာပိုင်များက တရားသူကြီးကို သတိပေးခဲ့သည်ဟု ဖော်ပြထားလေသည်။

    ဒေးဗစ်ဘို့စ်ကို ရေးသားသည့် Rough Justice: the International Criminal Court in a World of Power Politics စာအုပ်ဖြစ်ပြီး ပါလက်စတိုင်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုက ICC ထမ်းရမည့် အလွန်ကြီးလေးသော နိုင်ငံရေး ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်ကြောင်း၊ ထိုအမှုအတွက် အစီရင်ခံစာ ထုတ်ပြန်မှုကလည်း ICC အတွက် အဓိက ထိခိုက်မှုမျိုး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ICC အား ပြတ်ပြတ်သားသားပင် သတိပေးခဲ့သည်ဟု ဖော်ပြထားသည်။

    ICC ကို အမေရိကန်တို့က ရန်ပုံငွေ ထောက်ပံ့ထားခြင်း မရှိသော်လည်း “ICC ၏ လုပ်ဆောင်မှုများကို ရံဖန်ရံခါ အမေရိကန်က ထောက်ခံသည့်အခါ ၀ါရှင်တန်၏ ကြီးမားသည့် သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးပါဝါများကြောင့် ICC အတွက် တန်ဖိုးရှိသည့် အကူအညီဖြစ်လာလေသည်။ ” ဟု အမေရိကန် တက္ကသိုလ်တစ်ခုမှ နိုင်ငံတကာ နိုင်ငံရေးဆိုင်ရာ လက်ထောက် ပါမောက္ခဖြစ်သူ ဘို့စ်ကိုက ရေးသားထားသည်။

    ထို့ပြင် အစ္စရေး အာဏာပိုင်များအနေဖြင့် ICC တည်ရှိရာ ဟေ့ဂ်မြို့တွင် ထိုစဉ်က တရားသူကြီးဖြစ်ခဲ့သည် အိုကမ်ပိုနှင့် လျှို့ဝှက်တွေ့ဆုံမှုများစွာ ပြုလုပ်ခဲ့သည်ဟု ဘို့စ်ကိုက ၎င်း၏ စာအုပ်တွင် ဖော်ထုတ်ထား၏။ ထိုတွေ့ဆုံမှုများမှာ စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ လော်ဘီလုပ်ရန်ဖြစ်ပြီး အစ္စရေးသံအမတ်၏ အိမ်တွင် ညစာစားပွဲ ပြုလုပ်သည်အထိ အနီးကပ်ဆွေးနွေးခဲ့သည်ဟု ဆိုလေသည်။

    ပါလက်စတိုင်းတို့၏ အမှုတွဲအတွင်း ပါဝင်ဆောင်ရွက်ခဲ့သူ ICC တာဝန်ရှိသူဟောင်း တစ်ဦးကလည်း

    “အစထဲက အိုကမ်ပိုဟာ ဒီကိစ္စမှာ မပါဝင်ချင်ဘူးဆိုတာ ရှင်းနေပါတယ်။ ပါလက်စတိုင်းတွေက စုံစမ်းစစ်ဆေးမှုကို အမှန်တကယ် မဆောင်ရွက်ချင်ဘူးလို့ သူကပြောပါတယ်။ ၂၀၁၀ သြဂုတ်လမှာ ပါလက်စတိုင်းတွေဟာ ၀န်ကြီးနှစ်ဦးနဲ့ ရှေ့နေတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ICC ကို ရောက်လာခဲ့ပါတယ်။ သူတို့ ၂ ရက်လောက်နေပြီး ဆွေးနွေးခဲ့ကြပေမယ့် ဒီကိစ္စမှာ ဘယ်လိုပါဝင်မှုမျိုးမဆို အမေရိကန်နဲ့ နီးနီးကပ်ကပ်ရှိနေတာကို ပျက်စီးစေလိမ့်မယ်ဆိုတာ အိုကမ်ပိုက သတိပြုမိပါတယ်” ဟု ပြေကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်၏ဖိအားက မိမိအားလွှမ်းမိုးနေသည်ဆိုသည့် သတင်းကို အိုကမ်ပိုက ငြင်းဆန်လေသည်။

    “ဒီကိစ္စကို ဘက်လိုက်မှုမရှိဘဲ ကျွန်တော် ရပ်တည်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဥပဒေအရ ကန့်သတ်မှုတွေကို လေးစားခဲ့ပါတယ်” ဟု တနင်္ဂနွေနေ့က ပေးပို့သော အီးမေးလ်တွင် ၎င်းက ရေးသားခဲ့သည်။

    “ငြင်းခုံမှုတွေအားလုံးကို ကျွန်တော်ကြားပါတယ်။ မတူညီမှုတွေကို ရှင်းပြတဲ့ အောက်စဖို့ဒ်က ပါမောက္ခတွေနဲ့ ကျွန်တော်တွေ့ခဲ့ပြီး အချိန်တော်တော် များများ ဆွေးနွေး ငြင်းခုံ ခဲ့ကြရပြီး ဒီဖြစ်စဉ်ကို ကုလကို အရင်ပို့ရမယ်လို့ ကျွန်တော် နောက်ဆုံးပြောခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံ သတ်မှတ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့က ဆုံးဖြတ်ရပါမယ်”

    “အစ္စရေးနဲ့ဆွေးနွေးရာမှာ တရားစီရင်ရေးကို လက်ခံဖို့ ပါလက်စတိုင်းတို့က ခြိမ်းခြောက်နေပါတယ်။ ရန်သူ ၉ ယောက်က ၀ိုင်းနေပြီး ကျည်ဆံ တစ်တောင့်ပဲရှိရင် မပစ်ဘဲ ဒီကျည်ဆံကို ပိုကောင်းအောင် အသုံးချလိမ့်မယ်လို့ တစ်ယောက်က ပြောခဲ့ပါတယ်” ဟု အိုကမ်ပိုက ၎င်း၏ အီးမေးလ်တွင် ထည့်သွင်းရေးသားခဲ့လေသည်။

    အိုကမ်ပို၏နေရာကို ဆက်ခံသည့် ဘန်ဆူဒါကလည်း စုံးစမ်းစစ်ဆေးမှုများအတွက် တရားသူကြီး၏ ရွေးချယ်မှုတွင် ဘက်လိုက်မှုရှိသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆန်ခဲ့သည်။

    “ICC ကို ရောမကြေညာစာတန်းက လမ်းညွှန်ပေးထားတာပါ။ တစ်ခြားဘာမှမရှိပါဘူး။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ICC ဟာ ဘယ်လိုနေရာမျိုးတွေ၊ ဘယ်လိုအချိန်မျိုးတွေမှာ ကြားဝင်နိုင်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ဥပဒေကို တမင်သက်သက် မှားယွင်းဖော်ပြထားတာမျိုးတော့ မဟုတ်ပါဘူး။ ပထ၀ီအနေအထားဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားရတာတွေက တရားရုံး ဆုံးဖြတ်ချက်အပေါ် တစ်စိတ်တစ်ပိုင်းတောင် သက်ရောက်လို့မရပါဘူး”

    ပါလက်စတိုင်းပြည်သူများကို ကိုယ်စားပြုသည့် ပြင်သစ်ရှေ့နေ ဂီလက်စ် ဒီဗာက ပါလက်စတိုင်း ပိုင်နက်များတွင် တရားရုံး၏ တရားစီရင်ခြင်းအပေါ် ဆုံးဖြတ်ရမည်မှာ ICC မှ တရားသူကြီးများမဟုတ်ဟု ဆုလေသည်။

    စုံစမ်းစစ်ဆေးရေးအတွက် တောင်းဆိုမှုအသစ် ပြုလုပ်ရမည်လားဆိုသည့် အချက်အပေါ် ပါလက်စတိုင်းရှိ ပါတီများအကြား ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေသည် ဟု ဒီဗာက ထည့်သွင်းပြောကြားခဲ့သည်။

    “စုံစမ်းစစ်ဆေးမှုကို မပြုလုပ်ဖို့ ဖိအား ကြီးကြီးမားမား ရှိနေပါတယ်။ ဒီဖိအားဟာ ဖာတာနဲ့ ဟားမက်စ်အဖွဲ့တွေမှာသာမက ICC က တရားသူကြီးမှာလည်း ရှိနေပါတယ်။ ဖြစ်စဉ် ဒီပြဿနာတွေမှာ ဘဏ္ဍာရေးထောက်ပံ့မှုတွေ၊ ပါလက်စတိုင်းနဲ့ ICC တို့အပေါ် ငြိမ်းခြောက်တဲ့ ပုံစံမျိုးတွေ ဖြစ်လာပါလိမ့်မယ်”

    ICC အား အကြီးဆုံးထောက်ပံ့နေသူများတွင် ယူကေနှင့် ပြင်သစ်တို့ပါဝင်ပြီး ထိုနှစ်နိုင်ငံစလုံးကလည်း စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးမှုကို စွန့်လွှတ်ရန် ပါလက်စတိုင်းအား ဖျောင်းဖြ ကြပေဦးမည်။

    ref_ The Guardian

  • MH 17 လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ ရုပ်ကြွင်း မလေးရှားသို့ ပထမအသုတ်  ရောက်ရှိ

    MH 17 လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ ရုပ်ကြွင်း မလေးရှားသို့ ပထမအသုတ် ရောက်ရှိ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    First_batch_of_remains_of_MH17_dead_arrive_in_Malaysia
    – ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် MH 17 လေယာဉ်တွင် လိုက်ပါသွားကြသူများ၏ အလောင်းများ ပထမအသုတ်အဖြစ် မလေးရှားနိုင်ငံသို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    သေဆုံးသူ ၂၀ ၏ ရုပ်ကလပ်များကို မလေးရှား အထူးလေကြောင်းလိုင်းဖြင့် သယ်ဆောင်ကာ အမ်စတာဒမ်မြို့မှာ ကွာလာလမ်ပူသို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

    ထိုအခမ်းအနားသို့ မလေးရှားဘုရင်ကြီး အဘ်ဒူလ် ဟာလင်မ် မူအဒ်ဇမ်ရှားနှင့် မိဖုရား ဟာဂျာဟာမီနာ၊ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်နှင် ဇနီးတို့အပါအ၀င် အစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သေဆုံးသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီး ယနေ့ကိုလည်း နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် မလေးအစိုးရက သတ်မှတ်ခဲ့သည်။

    ရုပ်ကြွင်းများကို သယ်ဆောင်ရာ လမ်းတစ်လျှောက်တွင်လည်း ပြည်သူများက သေဆုံးသူများကို ဂုဏ်ပြုခဲ့ကြပြီး မလေးရှားရုပ်သံများကလည်း သေဆုံးသွားသူများ၏ ဓာတ်ပုံများနှင့်အတူ ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်များကို ထုတ်လွှင့်ပြသခဲ့သည်။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၉၈ ဦး တင်ဆောင်လာသည့် အဆိုပါ MH 17 လေယာဉ်မှာ အမ်စတာဒမ်မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းစဉ် ယူကရိန်း အရှေ့ပိုင်း လေပိုင်နက်အတွင်း ပစ်ချခြင်းခံခဲ့ရပြီး လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ရသည်။ အဆိုပါလေယာဉ်ပေါ်တွင် မလေးရှားနိုင်ငံသား ၃၀ ဦး ပါဝင်သည်။

    သေဆုံးသူများ၏ ရုပ်ကလပ်များကို ၎င်းတို့နေထိုင်ရာ နေရပ်များသို့ ရဟတ်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ပြီး၊ သေဆုံးသူများ၏ အယူဝါဒအတိုင်း သင်္ဂြိုဟ်ခွင့်ရမည်ဖြစ်သည်။

    Agencies

  • ဂါဇာ ကလေးငယ် ၄ သိန်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေ

    ဂါဇာ ကလေးငယ် ၄ သိန်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    NYHQ2014-0901
    – အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံနေရသည့် ဂါဇာဒေသတွင် ပါလက်စတိုင်း ကလေးငယ် ၄ သိန်းနီးပါးမှာ ကနဦး စိတ်ပိုင်းဆိုင်ရာ အကူအညီများကို ချက်ခြင်း လိုအပ်နေသည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    “(အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှု၏) ဆိုးကျိုးတွေက ရုပ်ပိုင်းဆိုင်ရာမှာ တော်တော်လေးကို များပြားပြီး သေဆုံးဒဏ်ရာရသူတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်ဆီးတာတွေ ရှိနေပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဘယ်သူမှမသိတဲ့ ခံစားမှုပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်မှုတွေပါပဲ။ ဂါဇာမှာ ဘယ်နေရာမှ လုံခြုံမှုမရှိဘူးဆိုတဲ့ ခံစားမှုမျိုးက ကောင်းမွန်တဲ့ ဖီလင်မျိုးတော့ မဟုတ်ပါဘူး” ဟု
    ဂါဇာဒေသ ဆိုင်ရာ ယူနီဆက်ဖ် အကြီးအကဲ ပါနီလာ အိုင်းရင်းဆိုက်က ကုလသမဂ္ဂ ရုံးချုပ်တည်ရှိရာ နယူးယောက်တွင် ယမန်နေ့ကပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ဂါဇာတွင် ကလေးငယ် ၉ ဦး သေဆုံးခဲ့ပြီး ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့သည့် ဇူလိုင်လအစောပိုင်းမှစ၍ သေဆုံးခဲ့သည့် ကလေးငယ် အရေအတွက် ၄၉၆ ဦး ရှိလာခဲ့ပြီဖြစ်သည်။

    ယာယီအပစ်ရပ်ရေး ပျက်ပြယ်သွားခဲ့ပြီးနောက် အင်္ဂါနေ့မှ စတင်ကာ အစ္စရေးက ဂါဇာဒေသအား လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး ယမန်နေ့ တိုက်ခိုက်မှုအတွင်းမှာပင် ကလေငယ်များအပါအ၀င် ပါလက်စတိုင်း ၂၀ ကျော် သေဆုံးခဲ့ည်။

    ထို့ကြောင့် ၁ လကျော်ကြာ ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၂၀၉၀ ရှိလာပြီဖြစ်ပြီး၊ ဒဏ်ရာရသူ သောင်းနှင့်ချီ၍ ရှိနေကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သန်းချီရှိနေသည်။

  • အီတလီဘောလုံး မင်းသား ဘာလော့တယ်လီ လီဗာပူးလ်သို့ ရောက်ပြီ

    အီတလီဘောလုံး မင်းသား ဘာလော့တယ်လီ လီဗာပူးလ်သို့ ရောက်ပြီ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    443828_heroa
    – မိမိတို့အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား လီဗာပူးလ်အသင်းက ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု  အေစီမီလန်အသင်းက ကြေညာခဲ့သည်။

    ယမန်နေ့က အေစီမီလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့သည့် ဘာလော့တယ်လီမှာ အေစီမီလန်ဂျာစီကို နောက်ဆုံးဝတ်ဆင်ခြင်းဖြစ်သည်ဟု Sky Sports Italia က ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အေစီမီလန်အသင်း ၀ဘ်ဆိုက်ကလည်း ဘာလော့တယ်လီ ထွက်ခွာမှုနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြခဲ့သည်။

    “အသင်းဖော်တွေကို နှုတ်ဆက်ပြီးတဲ့နောက် ဘာလော့တယ်လီဟာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲမှာ Milanello အားကစားစင်တာ (လေ့ကျင့်ရေးကွင်း) ကနေ ထွက်ခွာသွားခဲ့ပါတယ်။ မထွက်ခွာခင်မှာ မီလန် သတင်းအဖွဲ့ရုံးခန်းကိုလည်း လာရောက် နှုတ်ဆက်သွားပါတယ်” ဟု အေစီမီလန်အသင်းက ရေးသားဖော်ပြခဲ့သည်။

    ဘာလော့တယ်လီမှာ အေစီမီအသင်းသို့ ပြီးခဲ့သည့်နှစ်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ၄၃ ပွဲကစားကာ ၂၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းအား ယူရို သန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့သည်ဟု သတင်းများက ဖော်ပြနေကြသည်။

    လီဗာပူးလ်အသင်းမှာ ချယ်ဆီးတိုက်စစ်မှူးဟောင်း အီတူးကိုလည်း တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူရန် ချဉ်းကပ်နေသည်။

  • တိုက်စစ်မှူး ဇက်ကိုအား မန်စီးတီး သက်တမ်းတိုး

    သြဂုတ် ၂၂၊ ၂၀၁၄

    M-Media

    439874_heroa
    – အသင်းရှိ ဘော့စနီးယာတိုက်စစ်မှူး ဇက်ကိုအား လေးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်စီးတီးအသင်းက ကြေညာခဲ့သည်။

    အဓိက ကစားသမားများကို ကာလရှည် စာချုပ်ချုပ်ဆိုနေသည့် မန်စီးတီးအသင်းမှာ တိုက်စ.စ်မှူး ဇက်ကိုနှင့် ဂိုးသမားဂျိုးဟတ်တို့ကို သက်တမ်းတိုးသွားမည်ဟု တနင်္ဂနွေနေ့ကတည်းက ပြောကြားခဲ့သည်။

    “မန်စီးတီးမှာရှိနေရတာကို ကျွန်တော် သိပ်ပျော်ပါတယ်။ ဒီနေရာဟာ ကျွန်တော့်အတွက် ဒုတိယအိမ်ပါပဲ။ ဒါ့ကြောင့် ရေရှည်ရှိနေဖို့ဆိုတာ ကျွန်တော့်အတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါ။ ဒီထက်ပိုကောင်းတဲ့နေရာကို ကျွန်တော် မမြင်မိပါဘူး” ဟု ဇက်ကိုက သက်တမ်းတိုးမှုနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းမှာ သြဂုတ်လအတွင်းမှာပင် အသင်း၏ အဓိက ကစားသမားများ ဖြစ်ကြသည့် ဗင်းဆင့် ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားနှင့် အဂူရိုတို့ကိုလည်း ကာလရှည် သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့သည်။

    ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်း၏ အဓိက တိုက်စစ်မှူးများ ဒဏ်ရာရရှိနေချိန်တွင် ဇက်ကိုမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီပိတ်နောက်ဆုံးသုံးပွဲတွင် ၎င်းသွင်းယူခဲ့သောဂိုးများက မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို သေချာစေခဲ့သည်။