News @ M-Media

Blog

  • လန်ဒန်မှ ဆိပ်ကမ်းတွင် ကုန်သေတ္တာ တခုတွင်း လူမှောင်ခိုကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၅ ဦးတွေ့၊ ၁ ဦးသေဆုံး

    လန်ဒန်မှ ဆိပ်ကမ်းတွင် ကုန်သေတ္တာ တခုတွင်း လူမှောင်ခိုကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၅ ဦးတွေ့၊ ၁ ဦးသေဆုံး

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    1408228313759_wps_43_tilbury_grasphic_2_jpg
    – လန်ဒန်ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်မှ ကွန်တိန်နာတစ်လုံးထဲတွင် သေဆုံးသူတစ်ဦးအပါအ၀င် ပိတ်မိနေသူ ၃၆ ဦးကို ကယ်ဆယ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ကြေညာခဲ့သည်။

    အက်ဆက်ကောင်တီရှိ တီလ်ဘူရီ ဆိပ်ကမ်းတွင်ဖြစ်ပြီး ဘယ်လ်ဂျီယံမှ ဆိုက်ကပ်လာသော ကုန်တင်သင်္ဘောတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကွန်တိန်နာအတွင်းမှာ ခြေထောက်ဖြင့်ကန်ကျောက်မှုများ အော်ဟစ်မှုများ ကြားခဲ့ရပြီးနောက် ထိုသင်္ဘောပေါ်ရှိ သင်္ဘောသားများက အဆိုကွန်တိန်နာအား ဖွင့်ကြည့်ခဲ့ကြပြီး ပိတ်မိနေသူများတွင် ကလေးငယ်များလည်း ပါဝင်သည်။

    ၎င်းတို့မှာ အိန္ဒိယတိုက်ငယ်မှ ဖြစ်နိုင်ပြီး လူကုန်ကူးခံရခြင်းဖြစ်နိုင်ကြောင်း၊သေဆုံးသူအတွက် လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ကျန်ရှိသည့် ၃၅ ဦးမှာ ရေဓာတ်ခမ်းခြောက်မှု၊ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းမှုတို့ကြောင့် ဆေးရုံးသို့ ပို့ကာ ဆေးကုသထားကြောင်း၊ သင်္ဘောပေါ်ရှိ အခြားသော ကွန်တိန်နာ ၅၀ ကျော်ကိုလည်း ဖွင့်လှစ်ကာ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

  • အစ္စရေးကြောင့် မိဘမဲ့သွားသည့် ပါလက်စတိုင်း ကလေးများ ခေါ်ယူနေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားကြေညာ

    အစ္စရေးကြောင့် မိဘမဲ့သွားသည့် ပါလက်စတိုင်း ကလေးများ ခေါ်ယူနေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားကြေညာ

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media

    President Nicolas Maduro
    ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရို

    – ဂါဇာအား အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရသည့် ပါလက်စတိုင်း ကလေးငယ်များကို မိမိတို့နိုင်ငံ အတွင်းကိုခေါ်ယူကာ နေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားနိုင်ငံက ကြေညာလိုက်သည်။

    ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုနှင့် ပါလက်စတိုင်း နိုင်ငံခြားရေး ၀န်ကြီး ရီယဒ် အလ်-မာလီကီတို့ ကြာသာပတေးနေ့က တွေ့ဆုံစဉ်အတွင်း မာဒူရိုက ထိုကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ် မည်မျှခေါ်ယူမည်ဆိုသည့် ပမာဏ အတိအကျကို ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒေသတွင်း မီဒီယာများကမူ ပါလက်စတိုင်း လူငယ် ရာပေါင်း များစွာမှာ ဗင်နီဇွဲလားနိုင်ငံ အတွင်းသို့ ရောက်ရှိနေကြသည်ဟု ဖော်ပြခဲ့သည်။

    ယခုလအစောပိုင်းတွင် ဗင်နီဇွဲလား နိုင်ငံခြားရေး ၀န်ကြီး အီလီယက်စ်ဂျာအွာမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကိုယ်စားလှယ်များနှင့် ကိုင်ရိုမြို့တွင် တွေ့ဆုံခဲ့ပြီး၊ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ပါလက်စတိုင်းကလေးငယ်များအား ကြိုဆိုရန် အတွက် အရာအားလုံး အဆင်သင့်ဖြစ်နေကြောင်း ပါလက်စတိုင်း အာဏာပိုင်များအား အသိပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းကလေးငယ်များအား နေရာချထားပေးရန်အတွက် ယခင်သမ္မတဟောင်း ဟူဂိုချားဗက်ဇ်၏ အမည်ဖြင့် အိမ်ရာတစ်ခု စီစဉ်ပေးရန်ရှိသည်ဟု မာဒူရိုက ယခင်က ပြောကြားထားဖူးသည်။

    ဂါဇာကမ်းမြှောင်ကို အစ္စရေးက ကျူးကျော် တိုက်ခိုက်မှုများကြောင့် ဘရာဇီးလ် အပါအ၀င် တောင်အမေရိကနိုင်ငံအချို့မှာ အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်မှုများ ဗီဇာ ကင်းလွတ်ခွင့် ပယ်ဖျက်မှုများကို ပြုလုပ်ခဲ့ကြသည်။ ဗင်နီဇွဲလားနိုင်ငံမှာ ဂါဇာအား အစ္စရေးက ၂၀၀၉ ခုနှစ်တွင် ကျူးကျော် တိုက်ခိုက်စဉ်ကတည်းက အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ထို့ပြင် ဗင်နီဇွဲလားမှာ အီဂျစ်မှ တစ်ဆင့် ဂါဇာဒေသသို့ အကူအညီများကိုလည်း ပေးပို့လျက် ရှိနေသည်။

    မာဒူရိုကမူ အစ္စရေးအနေဖြင့် ပါလက်စတိုင်းပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ ပါလက်စတိုင်းပြည်သူများနှင့် အတူတကွရှိနေကြရန် နိုင်ငံတကာ လူ့အဖွဲ့အစည်းအား တိုက်တွန်းခဲ့သည်။

    ref_Middle East Monitor

  • တရုတ် အနုပညာ လက်ရာများဖြင့် ဗလီဝတ်ကျောင်း မလေးရှား ပီနန်မြို့တွင် ဆောက်လုပ်တော့မည်

    တရုတ် အနုပညာ လက်ရာများဖြင့် ဗလီဝတ်ကျောင်း မလေးရှား ပီနန်မြို့တွင် ဆောက်လုပ်တော့မည်

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media

    Titi_PapanChinese_Mosque_2_1308_840_559_100
    1893 ခုနှစ်က ဆောက်လုပ်ခဲ့သည့် နှစ် ၁၂၀ ကျော်ရှိပြီဖြစ်တဲ့ ပီနန်မြို့မှ ဗလီတလုံး

    – တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်များအတွက် မလေးရှားနိုင်ငံ ပီနန်မြို့တွင် တရုတ်ရှေးဟောင်း အနုပညာလက်ရာများ အသုံးပြုထားသည့် ဗလီဝတ်ကျောင်း တော်သစ်တစ်လုံးကို ဆောက်လုပ်ခွင့်ရခဲ့ပြီဟု သိရသည်။

    “တရုတ်ဗလီဝတ်ကျောင်းတော်ရဲ့ ရည်ရွယ်ချက်ကတော့ အစ္စလာမ်ရဲ့ လူမျိုးမခွဲခြားတဲ့ စကြ၀ဠာလုံးဆိုင်ရာ ဇစ်မြစ်ကို ပြသဖို့ပါပဲ” ဟု ပီနန်သာသနာရေးရာ ကော်မတီမှ ဥက္ကဌ အဘ်ဒူလ် မာလစ် အဘူလ် ကာစင်မ်က သြဂုတ် ၁၃ ရက်နေ့တွင် Malay Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ပီနန်ရှိ တရုတ်မွတ်စလင်လူနည်းစုများ ၀တ်ပြုစုတောင်းရန်နှင့် လူ့အဖွဲ့အစည်းနှင့် ပတ်သက်သော လှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် တရုတ်ရိုးရာကို အခြေခံသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖြစ်မြောက်ရေး လှုပ်ရှားမှုကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်မှာ ပြည်နယ်၏ ပထမဆုံးသော တရုတ်ရိုးရာအခြေပြု ဗလီဝတ်ကျောင်းတော် ဖြစ်လာမည်ဖြစ်ပြီး၊ ထိုဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ ခွသ်ဗဟ်(တရားဒေသနာတော်) ကိုလည်း တရုတ်လူမျိုးတို့၏ မန်ဒရင်း ဘာသာစကားဖြင့် ဟောကြားမည်ဖြစ်သည်။

    “ပြောင်မြောက်တဲ့ တရုတ်အနုပညာလက်ရာတွေနဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ဖို့ အစိုးရက စီစဉ်ထားပြီး ဒါဟာ နိုင်ငံအတွင်းမှာရှိတဲ့ မလေးလူမျိုး၊ တရုတ်လူမျိုးနဲ့ အိန္ဒိယလူမျိုးတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ရောင်ပြန်ဟပ်စေမှာပါ” ဟု အဘူကာစင်မ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် မလေးရှားရှိ ကလန်တန်းပြည်နယ်နှင့် အီပိုးပြည်နယ်တို့တွင် ရှေးဟောင်း တရုတ်အနုပညာများဖြင့် ဆောက်လုပ်ထားသော သမိုင်းဝင် ဗလီဝတ်ကျောင်းတော်နှစ်လုံး ရှိနေသည်။

    “လူမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာကို ဖော်ပြတဲ့ ဗလီဝတ်ကျောင်းတော်တွေ ပီနန်မှာ အများကြီးရှိပါတယ်။ အာရဗ်ဗလီ၊ အာချေးဗလီ၊ ကီလင်းဗလီနဲ့ နောက်ထပ်အများကြီး ရှိနေပါတယ်။ အစ္စလာမ်ဆိုတာ သဘောထားကြီးပြီး စကြ၀ဠာလုံးဆိုင်ရာ ဘာသာတရားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ပြချင်ပါတယ်။ ဗလီဝတ်ကျောင်းထဲကိုဝင်ဖို့ ဘယ်သူ့ကိုမှ ကန့်သတ်မထားပါဘူး။ အစ္စလာမ်ဆိုတာ မလေးလူမျိုးပိုင်မဟုတ်ပါဘူး” ဟု အဘူကာစင်မ်က ဆိုသည်။

    မလေးရှားနိုင်ငံတွင် လူဦးရေ ၂၆ သန်းရှိပြီး မလေးလူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြကာ အစ္စလာမ်ဘာသာဝင် ၆၅ ရာခိုင်နှုန်းရှိနေသည်။ တရုတ်နှင့် အိန္ဒိယလူမျိုးအများစုမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ တရုတ်လူမျိုး အစ္စလာမ်ဘာသာဝင်မှာ ခန့်မှန်းခြေအားဖြင့် ၅၇၀၀၀ ခန့်ရှိနေသည်။

  • ခမ်းနားကြီးကျယ်မှု အစဉ်အလာနဲ့ စိုးရိမ်စိတ်ပျက်ဖွယ် အခြေအနေကြားက အီရတ်နိုင်ငံ

    ခမ်းနားကြီးကျယ်မှု အစဉ်အလာနဲ့ စိုးရိမ်စိတ်ပျက်ဖွယ် အခြေအနေကြားက အီရတ်နိုင်ငံ

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    .မြတ်ဇော် ဘာသာပြန်ဆိုသည်။
    IraqIsisCrossingsWEB230614
    ကမ္ဘာ့သမိုင်းမှာ အီရတ်နိုင်ငံလို အဖြစ်အပျက်အနေအထားမျိုး ခပ်ရှားရှားပဲရှိတယ်။ အီရတ်ဟာ လက်ရှိ အခြေအနေမှာ ဒေသဆိုင်ရာ ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာမှာ မအောင်မြင် စိတ်ပျက်ဖွယ် နိုင်ငံရေး အခြေအနေမှာရှိနေတယ်။ ဒါပေမယ့် အတိတ်ကာလတွေမှာ အဲ့ဒီလို မဟုတ်ခဲ့ပါ။ လူ့သမိုင်း တိုးတက်ဖြစ်ထွန်းမှုတွေဖြစ်တဲ့ အနုပညာ၊ ယဉ်ကျေးမှု၊ ကဗျာစာပေ၊ သင်ကြားမှု၊ ဗိသုကာ၊ စက်မှုလက်မှု၊ ဆည်မြောင်း၊ ဘာသာရေးရာတို့နဲ့ အခြားနယ်ပယ်တွေမှာ အီရတ်နိုင်ငံသားတွေဟာ ထိပ်ဆုံးဆိုတဲ့ အထွတ်အထိတ်နေရာတွေကနေ ဦးဆောင်ခဲ့ကြတယ်။ အီရတ်နိုင်ငံပဲ ကျွန်တော်တို့ ဖြစ်စေချင်သလိုဖြစ်လာနိုင်သလို ကျွန်တော်တို့ကြောက်ရွံ့တဲ့ ပုံစံမျိုးလည်းဖြစ်လာနိုင်တယ်။ သမိုင်းပညာရှင်တွေနဲ့ လက်ရှိဝေဖန် အကဲခတ်သူတွေက လက်ရှိနိုင်ငံရေးရာ ကစင့်ကလျားဖြစ်နေမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ကျယ်ပြန့်တဲ့ခြစားမှုတွေ၊ လုံခြုံရေးအကြီးအကျယ် လျော့နည်းမှုတွေနဲ့ လွဲမှားတဲ့ အတွေးအခေါ်အပေါ် အခြေခံတဲ့ ပြန့်နှံ့နေတဲ့ “အစ္စလာမ့်နိုင်ငံတော်” (Islamic State -IS) ဆိုတဲ့ အကြောင်းအရာတွေ အပေါ် တစ်နည်းအားဖြင့် အီရတ်ရဲ့ ဆုတ်ယုတ် ကျဆင်းမှုရဲ့လက်သည် တရားခံကို ရှည်ကြာစွာဆွေးနွေးကြပါလိမ့်မယ်။

    ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာယူပြီး နောက်ဒါမျိုးမဖြစ်ပျက်အောင် အီရတ်ရဲ့ လက်ရှိဆိုးရွားတဲ့အနေအထားကို လမ်းခင်းပေးခဲ့တဲ့ အကြောင်းအရပ်တစ်ချို့ကို စဉ်းစားကြည့်ရအောင်ပါ။ အီရတ်ရဲ့ အနေအထားဖြစ်ပျက်ပုံဟာ မထင်မှတ်တဲ့ ထူးထူးခြားခြားဖြစ်ပျက်ပုံကြီးတော့လည်း မဟုတ်လှပါဘူး။ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ အလားတူအခြေအနေအဖြစ်အပျက်မျိုးတွေကို ပုံသွင်းတဲ့ အချက်အလက်တွေရှိနေပါသေးတယ်။ ဒီထဲမှာ တစ်ဦးတည်းလိုသလို ချုပ်ကိုင် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကြောင့် ခြစားမှုတွေဖြစ်ခဲ့တယ်။ နောက်ဖွဲ့စည်းအုပ်ချုပ်ပုံရဲ့ အရည်အသွေးမပြည့်မီမှု၊ အီရတ်ရဲ့အရေးကိစ္စတွေမှာ ဒေသတွင်းက စနစ်တကျဝင် စွက်ဖက်မှုတွေ၊နိုင်ငံခြားနဲ့ ပြင်ပစစ်တပ်က ဝင်ရောက် သိမ်းပိုက်တိုက်ခိုက်မှုတွေ၊ လူမှုရေးနဲ့ စီးပွားရေးရာမှာ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ၊ လူမျိုးစုနွယ်တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့်အရေးတန်း တူညီမျှမှုအတွက်ပဲ အာရုံစိုက်လွန်းမှုက ပြည်ထောင်စု ဗဟိုအစိုးရ စနစ်ကို ပျက်ယွင်းချိနဲ့စေတာတွေ၊ မျိုးနွယ်တစ်ခုတည်းက အင်အားကြီးသူ တစ်ဦးတည်း အုပ်ချုပ်ဖို့ကြိုးစားမှုတွေ၊ ခုမကြာသေးခင်ကပဲ ဘာသာရေးကို အသုံးချပြီး သူတို့ရည်ရွယ်ချက်ကို ရအောင်ဖန်တီးနေတဲ့ (ISIL) ရဲ့စစ်ရေး အကြမ်းဖက် သိမ်းပိုက်မှုတွေက အဓိက အချက်အလက်တွေဖြစ်ပါတယ်။

    ဒီလိုထိလွယ်ရှလွယ်အဖြစ်အပျက်မျိုးတွေ အာရဗ်နိုင်ငံအများစုမှာ ကြုံတွေ့နေရတုန်းပါပဲ။ ဥပမာ ဆီးရီးယား ၊လစ်ဗျား၊ ယီမင်၊ ဆူဒန် တို့မှာ ဒါ့အအပြင် တမူထူးခြားတဲ့ပုံစံနဲ့ လက်ဘနွန် နဲ့ အယ်လ်ဂျီးရီးယားမှာ နောက် အီဂျစ်မှာတောင် ဒီလိုကြုံနေရတယ်။ ဒီအန္တရာယ်ရှိတဲ့အခြေအနေကို အီရတ် ဘယ်လိုရောက်လာသလဲဆိုတဲ့ အချက်အလက်တွေ ထုတ်ပြရတယ် လွယ်ပေမယ့် ဒီအကျပ်အတည်း၊ ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး ပုံမှန် တိုးတက်မှုနဲ့ အေးချမ်းတည်ငြိမ်တဲ့ လမ်းပေါ်ပြန်ရောက်ဖို့ကတော့ ခက်ခဲလှပါတယ်။

    ဘယ်ကစကြမလဲပေါ့ ? အစက လုပ်ခဲ့သလို သမ္မတ အသစ် ၊ ဝန်ကြီးချုပ် အသစ်ပြန်ရွေးတာက စမလား ? IS ရဲ့ ကျယ်ပြန့်မှုတွေကို ရပ်တံ့အောင် အမေရိကန်က လေကြောင်းကူပစ်ပေးတာနဲ့ ကာဒ့် စစ်တပ်ကို လက်နက်တပ်ပေးတာတွေကကော ? IS အန္တရာယ်ကို တွန်းလှန်ဖို့အတွက် ရှိရင်းစွဲ အီရတ်စစ်တပ်ကိုပဲ အားဖြည့်ပေးမလား ? အီရတ်နိုင်ငံသားတွေကိုယ်တိုင်ပဲ နိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ လက်နက်ကိုင်တပ်တွေ၊ ပညာရေး ၊ ကျန်းမာရေး နဲ့ ရေနံစက်ရုံတွေကို ပြန်လည် အားဖြည့်တည်ဆောက်မလား ? ကွဲပြားတဲ့ မျိုးနွယ်စု တစ်ခုတည်းအပေါ် အခြေမခံဘဲ အားလုံးပါဝင်ပြီး ညီမျှတဲ့ အုပ်ချုပ်မှု စနစ်ကိုပြန်အကောင်အထည်ဖော်မလား? ခြစားမှုတွေကို တိုက်ဖျက်မလား ?

    တကယ်တော့ဒါတွေအားလုံးဆက်တိုက်ဆိုသလို လုပ်သွားရမှာပါပဲ။ အီရတ်ထဲက လူသိများ ထင်ရှားသူတွေကတော့ ရဲရဲ့ဝံ့ဝံ့ ဒါတွေကို လုပ်နေသူတွေတော့ ရှိပါရဲ့။ ဒါပေမယ့် IS အဖွဲ့ရဲ့ ကျယ်ပြန့်မှုတွေ ရပ်သွားအောင်နဲ့ နောက်ပြန် ဆုတ်သွားအောင်လုပ်ဖို့က ပိုအရေးကြီးနေတယ်။ အကြောင်းက IS အဖွဲ့ ကျယ်ပြန့်လာတာနဲ့အမျှ အီရတ်အစိုးရရဲ့ အားနည်မှုနဲ့ ယိုင်နဲ့မှုတို့ဟာ တိုက်ရိုက်အချိုးကျတဲ့ အကျိုးဆက်တွေဖြစ်နေလို့ပါပဲ။ သူတို့နိုင်ငံကို ပြန်ထူထောင်မယ့် အီရတ်နိုင်ငံသားတွေ အတွက်တော့ ထိထိရောက်ရောက်နဲ့ အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာစေဖို့၊ အီရတ်နိုင်ငံသား အားလုံးအတွက် ကာကွယ်ရမယ်ဆိုတဲ့ နိုင်ငံသား တစ်ယောက်ချင်းရဲ့ အဓိပ္ပာယ်ပြည့်ဝစွာ နားလည်မှုတို့အတွက် နိုင်ငံသားအားလုံး ညီညွတ်စွာ IS ကိုတိုက်ထုတ်နိုင်ရမယ်။

    ဒီလိုတိုက်ထုတ်နိုင်ဖို့အတွက်တော့ ရေတို စီမံချက်အရ အီရတ်ကို ပြန်လည် အင်အားစုနိုင်အောင် နိုင်ငံခြား စစ်တပ်အကူအညီတော့ မလွဲမသွေလိုအပ်တယ်။ ခုချိန်မှာ တကယ့်ကိုပဲ အီရတ်နိုင်ငံသားတွေ၊ အီရန်၊ ဆော်ဒီ၊ တူရီကီ ၊ ဂျော်ဒန် အမေရိကန် စတဲ့ နိုင်ငံတွေနဲ့ အခြား IS ကို ဆန့်ကျင်တဲ့နိုင်ငံတွေက အမှန်တကယ် လိုလိုလားလားနဲ့ ပူးပေါင်းဖို့လိုတယ်။ တကယ်တော့ အဲ့ဒီအကူအညီပေးသင့်တဲ့ နိုင်ငံတွေ ကိုယ်တိုင်လည်း IS နဲ့ အလားတူ အဖွဲ့တွေရဲ့ခြိမ်းခြောက်မှုကို ခံနေရတာပဲဖြစ်တယ်။ သူတို့အားလုံးရဲ့ ပူးပေါင်းမှုနဲ့ အီရတ်မှာ မငြိမ်မသက်မှုတွေ၊ အကြမ်းဖက်မှုတွေဖြစ်ပျက်နေတဲ့ အဓိကတရားခံကို အလွယ်တကူပဲ ဖယ်ရှားပေးနိုင်တယ်။ ဒီအကြမ်းဖက်အဖွဲ့ကို ချုပ်ငြိမ်းသွားအောင်လုပ်နိုင်တယ်။ တကယ်လို့ IS ကို ဒီအတိုင်းလွှတ်ထားပေးလို့ လူထုထောက်ခံမှုနဲ့ တရားဝင်နယ်မြေ သိမ်းပိုက်ထားမှုတွေ ဖြစ်လာရင် ပိုပြီးဖယ်ရှားရခက်လာလိမ့်မယ်။

    IS အဖွဲ့ကကြွေးကြော်တဲ့ Islamic State ဟာ အာရဗ်တွေနှစ်ပေါင်းများစွာ ခံစားခံရတဲ့ ဗဟိုအာဏာရှင်တစ်ဦးတည်း ချူပ်ကိုင်အုပ်ချုပ်ခဲ့တဲ့ စနစ်ထက်ပိုကောင်းဖို့ မရှိသလို မြင်တွေ့နေရတဲ့ အတိုင်း ဆိုးရွားဖို့ပဲရှိတယ်။ အီရတ် ကိုယ်တိုင်ကတော့ ဒီအနေအထားတွေရဲ့ စမ်းသပ်မှုထဲရောက်နေခဲ့ပါပြီ ….။

  • ဒိုင်လူကြီး ကိုင်တွယ်မှု ညံ့ဖျင်း၍ စိတ်ထိခိုက်ရမှု လျော်ကြေး ပေါင် သန်း ၁၀၀၀ ရရန် ဖီဖာကို တရားစွဲ

    ဒိုင်လူကြီး ကိုင်တွယ်မှု ညံ့ဖျင်း၍ စိတ်ထိခိုက်ရမှု လျော်ကြေး ပေါင် သန်း ၁၀၀၀ ရရန် ဖီဖာကို တရားစွဲ

    သြဂုတ် ၁၇ ၊ ၂၀၁၄

    M-Media
    435021_heroa
    – ကမ္ဘာဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် စံချိန်မမီသော ဒိုင်လူကြီး၏ ကိုင်တွယ်မှုကြောင့် စိတ်ထိခိုက်ရခြင်းအတွက် နစ်နာကြေး  စတာလင်ပေါင် ၁ ဘီလီယံ (ဒေါ်လာ သန်း ၁၆၇၀ ခန့်) ရရှိရန် ဖီဖာအား တရားစွဲဆိုသွားမည်ဟု ကိုလံဘီယာ ရှေ့နေတစ်ဦးက ပြောကြားလိုက်သည်။

    ကိုလံဘီယာအသင်းနှင့် ဘရာဇီးလ်အသင်းတို့ ကစားခဲ့ကြသည့် အဆိုပါပွဲစဉ်ကို စပိန်ဒိုင်လူကြီး ဗဲလက်စကို ကာရ်ဘဲလိုက ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ စွမ်းဆောင်ရည်အတွက် ဝေဖန်မှုများ ခံခဲ့ရသည်။ ထိုပွဲတွင် ဘရာဇီးလ်အသင်း တိုက်စစ်မှူး နေးမာမှာ ကြမ်းတမ်းစွာ ဖျက်ထုတ်ခံခဲ့ရပြီး ကျောရိုး ထိခိုက်သွားသည်အထိ ဖြစ်ခဲ့ရသည်။

    အသက် ၇၄ နှစ်အရွယ်ရှိ ကိုလံဘီယာရှေ့နေ အော်ရယ်လီယို ဂျီမန်နက်ဇ်က ဒိုင်လူကြီး၏ ညံ့ဖျင်းသော ဆုံးဖြတ်ချက်က မိမိအား ပူဆွေးသောက ရောက်စေကာ နှလုံးရောဂါရခဲ့ပြီး ဆေးရုံတင်ခဲ့ရသည်အထိ ဖြစ်စေခဲ့သောကြောင့် ယခုကဲ့သို့ တရားစွဲဆိုရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “ခံစားမှုတွေဆိုးရွားခဲ့ပြီး စိတ်ထိခိုက်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ သွေးလည်ပတ်နှုန်းဟာ မူမမှန်ဖြစ်ခဲ့ပြီး ဆွေမျိုးတွေက ကျွန်တော့်ကို ဆေးရုံ အရေးပေါ်ကို တင်ပို့ခဲ့ရပါတယ်။ ကိုလံဘီယာတရားစီရင်ရေးစနစ်မှာ ဖီဖာကို တရားစွဲဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဘရာဇီးလ်မှာ လုပ်ခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဒိုင်လူကြီးနဲ့ ဆက်စပ်နေတဲ့ မှားယွင်းမှုတွေရှိခဲ့ပြီး ဒါတွေက နိုင်ငံအများအပြားနဲ့ လက်ရွေးစင်အသင်းတွေကို နစ်နာစေခဲ့ပါတယ်။ အဲဒီအထဲမှာ ကိုလံဘီယာအသင်းလည်း ပါဝင်ပါတယ်” ဟု ဂျီမန်နက်ဇ်က ပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည့် ကိုလံဘီယာအသင်းမှာ ထိုပွဲတွင် ဘရာဇီးလ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ဂျီမန်နက်ဇ်ကမူ အဆိုပါ တရားစွဲဆိုမှုမှ နစ်နာကြေး မည်မျှပင် ရရှိစေကာမူ ကိုလံဘီယာအစိုးရမှ ဆောင်ရွက်နေသည့် ကလေးသူငယ်ထောက်ပံ့ရေး အစီအစဉ်အတွက် လှူဒါန်းသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။